ကိုမွှေး
သစ်ပင်မြင့်ကြီးတွေပေါ် ငါ မော့ကြည့်တော့
တောသစ်ခွတွေက
ဝေနေအောင် ပွင့်ပြကြတယ် အချစ်ကလေး ...။
ငါ့တောစီးဖိနပ်က ချုပ်ရာ ဖာရာတွေဟာ
အိပ်ရာဝင်ပုံပြင်တွေကို မှတ်တမ်းတင်ထားတဲ့
သင်ပုန်းတစ်ချပ်လို ...။
စကားနည်းတဲ့ ငါ့သေနတ်ဟာ
သူ့ပါးစပ် ပူအောင် တရစပ် အသံထွက်ရတဲ့ ဘ၀ကို သူ မုန်းတယ်တဲ့ ...
အရေးဆိုလည်း
'ဥုံ' တစ်လုံးထဲကို အကြိမ်တစ်ထောင် ရွတ်တဲ့ ဂုရုလို ...။
င့ါပြောက်ကျားယူနီဖောင်းဟာ မွေးမြူရေးခြံကြီးပါ
ချုပ်ရိုးတွေကြားမှာ
မြို့ ပြထူထောင်ထားတဲ့ သန်းမိသားစုတွေက
ငါ့သွေးတွေကို ဗြောင်တမျိုး ခိုးကြောင်ခိုးဝှက်တမျိုး စုပ် ...။
ပဲပုတ်ထောင်းဟာ
ဖိုက်စတား ဟော်တယ်ကြီးတွေက
မကျက်တကျက် မီးပြထားတဲ့ အမဲသားပြားကြီးတွေထက်
ပရိုတိန်းက ပြည့်
ရိုးတိုးရိပ်တိတ် ငံကျိကျိနဲ့
ငါတို့ကြွယ်ဝမှုနဲ့ နေ့စဉ် အဟာရ
ရှမ်းရိုးမကို ငါချစ်တယ် ...။
ငါ့ရဲ့အချစ်တွေနဲ့
သူ့အပေါ် ပစ်ပစ်လှဲပြီး အိပ်ခဲ့ရတဲ့ ညတိုင်း
သူက လေပြည်ထင်းရှူးနံ့တွေနဲ့ အကြည်ဖြူမပျက် ...။
တိုက်ပွဲဆိုရင်လား
ဘယ့်နှယ်ကွယ် ကြောက်တတ်ပြီလား
မမေးနဲ့
သေးဖျန်းဖျန်းပါအောင်
သေမှာ ကြောက်တာပေါ့ ...
အမြှောက်နဲ့ ဆော်တာပဲ
ပဲကြီးလှော်လေး လေထဲမြှောက်ပစ်ကျွေးတာကို
ပါးစပ်နဲ့ ဖမ်းပြီး ၀ါးစားရတာမှ မဟုတ်တာရယ် ...။
ဒီလိုပါ အချစ်လေး
စစ်ပွဲတွေဆိုတာ
စိတ်ကူးတောင် ယဉ်ကောင်းတဲ့အရာမဟုတ်ဘူးကွယ် ...။
ယူနီဖောင်းအသစ်ကလေး
လှတာပေါ့ ...။
ခါးချိတ်ထားတဲ့ ပစ္စတို
လူကို လေထဲကြွသွားအောင် သူက မြှောက်ထားသလို ...။
ရင်ဘတ်ချိတ်ထားတဲ့ ဆက်သွယ်ရေးစက်
ပြိုင်ကားစတီရာရင်ပေါ် လက်တင်ထားလိုက်ရသလိုမျိုး ...။
ခုတော့
တရားတဲ့ ခုခံစစ်အတွက်
စစ်တွေ ရှိနေရဦးမယ်
ဒီစစ်အိုကြီးဟာ
တို့သွေးသား
တို့အားလုံးကို ပစ်ခြေခဲ့ပြီ
မွမွကိုကြေလို့ 
ငါတို့လည်း ဝေး ...။ ။
ကိုမွှေး
No comments:
Post a Comment