Monday, June 23, 2014

အထူးသတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း

RFA - 2014-06-22

ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့ရဲ့ ငွေကြေးလည်ပတ်မှုတွေနဲ့ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတချို့ကို အထူးသတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။

မြန်မာပို့စ်ဂျာနယ်ရဲ့ ငွေကြေးလည်ပတ်မှုနဲ့ပတ်သက်ပြီး အစစ်ဆေးခံဖို့ အကြောင်းကြားခံထားရတဲ့အကြောင်း မြန်မာပို့စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇော်မင်းနိုင်က အခုလိုပြောပါတယ်။

"ငွေကြေးလည်ပတ်ပုံကို ခေါ်ယူပြီး မေးတယ်ဆိုတာ ဒါကျနော်တို့ တစ်ခါမှလည်း မကြားဖူးဘူးပေါ့နော်။ ဘာကြောင့်မေးတာလဲ ကျနော်တို့ ပြန်မေးလိုက်တယ်။ သူက အထက်အမိန့်အရလို့ သူက ပြောပါတယ်။ အထက်အမိန့်အရဆိုတော့ ဘယ်လိုအထက်အမိန့် အရလဲ ဆိုတာ ထပ်မေးတော့ သူတို့ ပြောပိုင်ခွင့်မရှိပါဘူး ဆိုပြီးတော့ အဲ့အတိုင်း ပြောသွားတယ်၊ သူတို့ လက်ရှိ Black Money အဲ့ဒီဟာမျိုးကိုပဲ သိချင်တာလား ဒါမှမဟုတ်လို့ရှိရင် ဆုံးဖြတ်သင့်ကိစ္စတွေလည်း ရှိနေတာအတွက်ကြောင့်မို့လို့ ဒါအများကြီးပဲ တွေးစရာတွေပါ"

မြန်မာပို့စ်ဂျာနယ်အပြင် မြန်မာသံတော်ဆင့်ဂျာနယ်က တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အစစ်ဆေးခံမယ့် အချိန်ကို အတိအကျ မသတ်မှတ်ထားဘဲ ဂျာနယ်တိုက် တာဝန်ရှိသူတွေ အဆင်ပြေမယ့်အချိန်ကို ပြန်လည်ဆက်သွယ်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ယူမေးမြန်းခံရတဲ့ ပေါ်ပြူလာဂျာနယ်က ကိုမျိုး(မြန်မာစာ) ကလည်း အခုလို ပြောပြပါတယ်။ "သူများဂျာနယ်အကြောင်းအရ ကျနော်တို့ဆီက အစ်အောက်ထုတ်တဲ့မျိုးဆန်တယ်လေ။ အဲ့လိုမျိုးတော့ ကျနော် သတိထားမိပြီးတော့ သူတို့ကိုပြောတယ်။ ကျနော်တို့ကို ဘာကြောင့်မေးတာလဲလို့ ကျနော် မေးခဲ့တယ်။ ကျနော်တို့ကို မေးတဲ့ဥစ္စာက အခုလတ်တလောဖြစ်နေတဲ့ သံတော်ဆင့်တို့ ဘာတို့နဲ့ပတ်သက်လား၊ မဟုတ်ပါဘူး ကျုပ်က သိချင်ရုံသက်သက်ပါတဲ့ နောက်ဆုံးအဆုံးသက်တော့ မိတ်ဆွေတယောက်အနေနဲ့ မေးတယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ညကျတော့မှ ဆရာဦးဖေမြင့်က အဲ့ညနေပေါ့နော် ဆရာဦးဖေမြင့်က ပြောတော့မှ ဂျာနယ်တိုက်တွေ ညကို ခေါ်တယ်ဆိုတာ ကျနော် သိရတာပေါ့"

ဒီလို ခေါ်ယူမေးမြန်းတာမှာ ဂျာနယ်တစောင်ထုတ်ဝေရင် လူအင်အား ငွေအင်အား ဘယ်လောက်သုံးရမယ် ဆိုတာမျိုးကို အလွတ်သဘောမျိုး မေးမြန်းတာဖြစ်ပြီး ဂျာနယ်တိုက်တချို့ရဲ့ ငွေထုတ်ပေးနေသူ အစိုးရအဖွဲ့ဝင်များနဲ့ ပတ်သက်သူ စသည်တို့ကို မေးမြန်းတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိ မေးမြန်းခံရပြီးတဲ့ ဂျာနယ်တိုက်များမှာ ပေါ်ပြူလာနဲ့ The Voice ဂျာနယ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ရဲသတင်းတပ်ဖွဲ့က သတင်းစာ၊ ဂျာနယ်တိုက်တွေ ငွေကြေး အရှုံးအမြတ် ခေါ်မေး
ရွှေအောင်
DVB - 22 June 2014

ရန်ကုန်တိုင်း ရဲသတင်းတပ်ဖွဲ့က ရန်ကုန်အခြေစိုက် သတင်းစာနဲ့ ဂျာနယ် အယ်ဒီတာတွေကို ခေါ်ယူပြီး ငွေကြေးနဲ့ ပတ်သက်လို့ မေးမြန်းမှတ်တမ်းယူနေတယ်လို့ သွားရောက်မေးမြန်းခံခဲ့တဲ့ သဗွိုင့်စ်နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ အတွင်းရေးမှူး ကိုအောင်စိုးက ပြောပါတယ်။

ဇွန်လ ၂၁ ရက် စနေနေ့က လာရောက်ခေါ်ဆောင် မေးမြန်းခဲ့တာဖြစ်ပြီး သတင်းနဲ့မဆိုင်ဘဲ သတင်းစာတွေရဲ့ အရှုံးအမြတ် ငွေကြေးကိစ္စတွေ အဓိကထားမေးမြန်းခဲ့တာလို့ ကိုအောင်စိုးက ပြောပါတယ်။

“သူတို့ အဓိကထား မေးတာက ငွေကြေးနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေရဲ့ အရှုံးအမြတ် အခြေအနေကို သိချင်နေတယ်။ သူတို့ ကြားရတဲ့ သတင်းတချို့ ဂျာနယ်တွေ ရှုံးနေတယ်ပေါ့။ အဓိက သူတို့ သိချင်တာက အရှုံးခံပြီး လုပ်နေတဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာ သူတို့ သိချင်ပုံရတယ်လို့ ကျနော် ထင်တယ်။ ဂျာနယ်တစောင်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ၊ ဈေးကွက် ဘယ်ဈေးနဲ့ ဖြန့်လဲ၊ တခြားဝင်ငွေရနိုင်တဲ့ဟာတွေ၊ ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်က ဘယ်လောက်သုံးရလဲ၊ ၀န်ထမ်းတွေရဲ့ လုပ်ခ၊ လစာ၊ စာမူခတွေ အပါအ၀င် အဲဒီတော့ ဂျာနယ်တွေအနေနဲ့ ရှုံးလား မြတ်လား၊ ရှုံးရဲ့သားနဲ့ ဘာလို့ ဆက်ထုတ်နေရလဲ ဥစ္စာကို သူတို့သိချင်နေပုံရတယ်။ အဓိကပြောချင်တာက မဟုတ်တာတွေ နောက်မှာ ဘာရှိမလဲပေါ့ အဲဒါတွေ သိချင်တာလို့ ထင်ပါတယ်။”

အဲ့ဒီနေ့က သူကြားသိခဲ့ရသလောက် ယူနတီဂျာနယ်၊ မြန်မာပို့စ်နဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာတွေကိုလည်း ခေါ်ယူမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

သတင်းတပ်ဖွဲ့က သတင်းစာဂျာနယ်တိုက်တွေကို သတင်းနဲ့ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာပဲ အရင် ရှိခဲ့ဖူးပေမယ့် အခုလို ငွေကြေးအရှုံးအမြတ်ကိစ္စ ခေါ်ယူမေးမြန်းတာကတော့ ဒါ ပထမဆုံး ဖြစ်ပါတယ်။

သတင်းစာဆရာ ကိုဇော်သက်ထွေးကတော့ သတင်းစာဂျာနယ်အယ်ဒီတာတွေကို ငွေကြေးကိစ္စ ခေါ်ယူမေးမြန်းပိုင်ခွင့် ရှိ မရှိ အရင်ဆုံး လေ့လာရမယ်လို့ သုံးသပ်ပြောပါတယ်။

“နံပတ် ၁ က သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးပြီးတော့ နေ့စဉ်သတင်းစာတွေနဲ့ ဂျာနယ်တွေ ထုတ်ဝေတယ်။ အဲဒီထုတ်ဝေတဲ့ မီဒီယာတွေကို ဒီလိုမျိုး ခေါ်ယူမေးမြန်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘယ်ပုဒ်မအရ မေးမြန်းစစ်ဆေးသလဲ။ နောက် ဒီလို မေးမြန်းစစ်ဆေးဖို့အတွက် အခွင့်ရှိလား မရှိလားဆိုတာ ကျနော်တို့ အရင်ဆုံးလေ့လာ ဆန်းစစ်ရမှာပေါ့။ နံပတ် ၂ က သူတို့ ဒီလိုမျိုး မီဒီယာတွေကို မေးတာဟာ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ အဓိက ဖြစ်တဲ့အတွက် သူတို့ဟာ ငွေကြေး ငွေဖြူ၊ ငွေမဲ ခ၀ါချမှုတွေကို တကယ်တိုက်ဖျက်ချင်တာလား ငွေအရင်းအမြစ်တွေ မီဒီယာလောကထဲ ဘယ်လို စီးဆင်းနေသလဲဆိုတာကိုပဲ သိချင်တာလား။ ဒါမှမဟုတ်ရင် အခွန်ကိစ္စနဲ့ မီဒီယာတွေကို ကိုင်တွယ်ချင်တာလား။ ဒီလိုမျိုး သို့လော သို့လော ဗားရှင်းတွေ အများကြီး ထွက်လာတယ်။ ဒီထဲက ဘယ်ဟာကြောင့် လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ သို့သော် ဒီလိုမျိုး လုပ်ဆောင်မှုကတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးပြီးတော့ ထုတ်ဝေနေတဲ့ သတင်းလောကအတွက်တော့ ဒါဟာ နှစ်မြို့စရာကောင်းတဲ့ အခြေအနေတရပ် မဟုတ်ဘူးဆိုတာ သုံးသပ်လို့ ရတယ်။”

အခုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ဘာလုပ်မလဲ ဆိုတာ လောလောဆယ် သတင်းထွက်ပေါ်လာတာ မရှိသေးပါဘူး။

အခုလို သတင်းစာ ဂျာနယ်တိုက်တွေရဲ့ ငွေရေးကြေးရေးပိုင်းတွေ မေးမြန်းစုံစမ်းမှုရဲ့ နောက်ကွယ်မှာ ဂျာနယ်တချို့ကို ပိုင်ဆိုင်မှုအကြောင်းပြပြီး ပစ်မှတ်ထား အရေးယူဖို့ လုပ်ဆောင်လာတာလည်း ဖြစ်နိုင်တယ်လို့ ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။

No comments: