Thursday, June 19, 2014

ပြင်ဦးလွင်၌ သိမ်းဆည်းခံလယ်မြေများနှင့် ပတ်သက်၍ ဆန္ဒပြပွဲဦးဆောင်သူ မစုစုနွေးအား ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၁၈ ဖြင့် တရားစွဲ

မင်းသန့်
June 18, 2014
http://news-eleven.com/

ပြင်ဦးလွင်မြို့တွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ဦးဆောင်ဆန္ဒပြနေသူ မစုစုနွေးအား တွေ့ရစဉ်
ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဧကသိန်းချီ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ ကျေးရွာ ၁၀၀ ခန့် စုပေါင်းဆန္ဒပြမှု ဦးဆောင်သူ မစုစုနွေးအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အမှုဖွင့်ထားကြောင်း သိရှိရသည်။

ဇွန် ၁၆ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သိမ်းဆည်းခံ လယ်မြေများအတွက် ကျေးရွာပေါင်း ၁၀၀ ခန့်မှ ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်သည့် မစုစုနွေးအား ယင်းညနေပိုင်းတွင် ထုံးဘိုကျေးရွာရှိ ညအိပ်တည်းခိုရာနေရာသို့ လာရောက်ခေါ်ယူခဲ့သည့်ဟု သိရသည်။

“ဆန္ဒပြပြီး ည ၈ နာရီလောက်မှာ ရဲကားငါးစီးနဲ့ ညှိနှိုင်းဖို့ဆိုပြီး လာခေါ်တယ်။ ပုဒ်မ ၁၈ နဲ့ငြိလို့ ဆွေးနွေးဖို့ ခေါ်တာပါပြောတယ်။ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုတဲ့ စာမပါလို့ မလိုက်နိုင်ဘူး ပြောလိုက်ပါတယ်။ ယနေ့ ညနေ ၃ နာရီလောက်မှာတော့ အသိပေး အကြောင်းကြားစာ လာပို့တယ်။ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတဲ့ပေါ် ဆွေးနွေးဖို့ လာတွေ့ပါလို့ ရေးထားတယ်။ ကျွန်မတို့အနေနဲ့ ဆန္ဒထုတ်ဖော်မှု အကြောင်းကြားစာ ပို့ထားပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြတာမို့ ပုဒ်မ ၁၈ နဲ့ မငြိဘူးဆိုတာ ဆွေးနွေးမေမြန်းသွားမယ်။ ကျွန်မတို့ အခုလို တောင်သူတွေနဲ့ သိမ်းဆည်းခံ လယ်မြေတွေအတွက် ဆန္ဒထုတ်ဖော်တာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ချက်ချင်းအမှုဖွင့် ဆောင်ရွက်ပါတယ်။ မေ ၂၆ ရက်က တောင်သူငါးဦးကို ဖုန်းဆက်ခေါ်ပြီး ကြိုးတုပ်ရိုက်နှက်တဲ့ ဖြစ်စဉ်ကိုကျတော့ အခုထိဘာကြောင့် အရေးမယူသေးတာလဲ” ဟု မစုစုနွေးက ပြောကြားသည်။

No comments: