Wednesday, June 25, 2014

ထောက်လှမ်းရေး အရိပ်မည်းကြီး ပြန်ပေါ်လာပြီလား၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းတပ်ဖွဲ့ (ထောက်လှမ်းရေး) မှတစ်ဆင့် ပုဂ္ဂလိကသတင်းမီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိန်းချုပ်ရန် ကြိုးပမ်းသကဲ့သို့ ဖြစ်နေ

Eleven Media Group
June 23 at 8:10pm

သတင်းမီဒီယာများအား ခေါ်ယူမေးမြန်းသည့် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ရဲသတင်းတပ်ဖွဲ့(ရန်ကုန်တိုင်း)ရုံး (ယခင်ပတ်စ်ပို့ရုံး) အား တွေ့ရစဉ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ (ထောက်လှမ်းရေး) က ပုဂ္ဂလိကသတင်း မီဒီယာများမှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် ပုဂ္ဂလိက သတင်းမီဒီယာ အားလုံးကိုလည်း ခေါ်ယူမေးမြန်းမည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ လုပ်ဆောင်မှုသည် ပုဂ္ဂလိက သတင်းမီဒီယာများအား တိုက်ရိုက်ထိန်းချုပ်ရန် လုပ်ဆောင်သကဲ့သို့ ဖြစ်နေပြီး သမ္မတလက်မှတ်ဖြင့် မကြာခင်က အတည်ပြုပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေပါ အချက်အလက်များနှင့်လည်း ကွဲလွဲနေကြောင်း ဝေဖန်မှုများရှိနေသည်။

ယခုလက်ရှိအချိန်တွင် သတင်းရဲတပ်ဖွဲ့မှ မီဒီယာများအား ခေါ်ယူမေးမြန်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးသတင်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးကျော်ကျော်ဟန်က "လိုအပ်တဲ့ အကြောင်းအရာ အပိုင်းတွေရှိလို့ တွေ့ဆုံမေးမြန်းတာဖြစ်တယ်။ ဒီလို ခေါ်ယူမေးမြန်းတဲ့အခါမှာ ငွေကြေးကိစ္စတွေက သတင်းရဲတပ်ဖွဲ့နဲ့ဆိုင်လားလို့ ပြောနေကြတယ်။ ကျွန်တော်တို့က သတင်းရဲတပ်ဖွဲ့ဆိုတော့ သတင်းနဲ့ပတ်သက်တာတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် အဓိကတော့ သတင်းနဲ့ ပတ်သက်တာမှန်သမျှကို ခေါ်ယူ ဆွေးနွေးမေးမြန်းတာ ဖြစ်တယ်။ ကျွန်တော်တို့အလုပ်က လုံခြုံရေးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ငန်းရဲ့ လိုအပ်ချက်တွေအရ ခေါ်ယူမေးမြန်းတာပါ။ အခု မီဒီယာတွေအနေနဲ့ သတင်းရေးတဲ့အခါမှာ သတင်းအချက်အလက်တွေကို ရရှိဖို့ ဘယ်လိုလုပ်နေတယ် ဆိုတာကိုလည်း မေးမြန်းတယ်" ဟု ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မီဒီယာများအား ခေါ်ယူဆွေးနွေးမေးမြန်းရာတွင် သက်ဆိုင်ရာမီဒီယာများမှ တာဝန်ရှိသူများ၏ အချိန်ပေးနိုင်သည့်ရက်တွင်သာ တွေ့ဆုံမေးမြန်းနေကြောင်း၊ ယခုလက်ရှိအထိ မီဒီယာငါးခုအား မေးမြန်းထားပြီးဖြစ်ကြောင်းနှင့် မီဒီယာအားလုံးကို တွေ့ဆုံမေးမြန်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"သတင်းတပ်ဖွဲ့အနေနဲ့ သတင်းဂျာနယ် တိုက်တွေကိုခေါ်ပြီး မေးမြန်းနေတယ်လို့ ကြားရပါတယ်။ ဒီကိစ္စပတ်သက်လို့ ပြောရမယ်ဆိုရင် (၁) နိုင်ငံတော်သမ္မတ ကိုယ်တိုင် အသိအမှတ်ပြု ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီဆိုတာ ရှိတယ်။ (၂) အဲဒီစာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေဆိုတာရှိပြီ။ (၃) ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းတပ်ဖွဲ့က ဘာတွေသိချင်တယ်ဆိုတာ စာနယ်ဇင်းကောင်စီကို အကြောင်းကြားရပါမယ်။ (၄) အခုတော့ ဘာမှအသိမပေးဘူး။ ခေါ်စစ်တာလား၊ ဖိတ်ခေါ်တာလား ဘာမှမသိရဘူး။ ရဲထောက်လှမ်းရေးအနေနဲ့ စာနယ်ဇင်းတွေအပေါ် ဒီလိုဆက်ဆံတာ မကြိုက်ဘူး။ လိုအပ်ရင် စာနယ်ဇင်းကောင်စီကို အရင်မေးပါ။ အခု ဒီလိုလုပ်နေတာက စာနယ်ဇင်းကောင်စီကို အသိအမှတ်မပြုရာရောက်တယ်။ သက်ဆိုင်ရာအစိုးရကိုယ်တိုင် အသိအမှတ်မပြုရင် ဘယ်သူက အသိအမှတ်ပြုမှာလဲ။ အခု သတင်းတပ်ဖွဲ့က စာနယ်ဇင်းတွေရဲ့ သတင်း ဘယ်လိုရယူနေတယ်ဆိုတာကအစ မေးမြန်းစစ်ဆေးမယ်လို့ ဆိုတာဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့သဘောလားဆိုရင် ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့လုပ်ရပ်ပဲလို့ ပြောရမှာပဲ။ သတင်းစာဂျာနယ်တွေ ဘာလို့အရှုံးခံပြီး ထုတ်နေတာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်ကြားရတာဆိုရင် စာရွက်တစ်ရွက်ကို ၄၀ လောက်ကျတဲ့ သတင်းစာကို တစ်စောင် ၅၀ နဲ့ ရောင်းနေတဲ့ သတင်းစာတိုက်တောင် ရှိတယ်ပြောတော့ သူတို့က စိတ်ဆိုးသေးတယ်။ အစိုးရကိုယ်တိုင်က ကြားမနေဘဲ ဘက်လိုက်နေတော့ ဘယ်လိုလုပ်မလဲ"ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဌ ၀ါရင့်သတင်းစာဆရာကြီး ဖိုးသောကြာက ပြောကြားသည်။

လက်ရှိအချိန်တွင် The Voice Daily၊ မြန်မာ့ပို့စ်၊ သံတော်ဆင့်နှင့် The Unity အပါအ၀င် သတင်းမီဒီယာငါးခုအား ခေါ်ယူမေးမြန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

" SB ကခေါ်မေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ဖေ့ဘွတ်ခ်ပေါ်မှာလည်း ရေးတင်ထားပါတယ်။ အဲဒီထဲကအတိုင်းပါပဲ။ သီးခြားထပ်ပြီးပြောချင်တာကတော့ ဒီကိစ္စမှာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ပြီး ခြိမ်းခြောက်သလိုမျိုးဖြစ်သွားတယ်"ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှုးဖြစ်သူ The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ပြောပါသည်။

" SB လို့အများသိထားတဲ့ ရဲအထူးသတင်းတပ်ဖွဲ့က ကျွန်တော်တို့ အပါအ၀င် မီဒီယာအချို့ကို အရှုံးအမြတ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ခေါ်မေးတယ်။ ကျွန်တော် မသိလို့မေးချင်တာက အဲဒါ သတင်းတပ်ဖွဲ့ရဲ့ အလုပ်လား၊" စ"သုံးလုံးလို့ သိထားကြတဲ့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ရဲ့ အလုပ်လားလို့ အဲလိုခေါ်မေးခွင့်ကို ဘယ်သူက အပ်နှင်းတာလဲ။ ခေါ်မေးဖို့အတွက် ဘယ်သူက ဘယ်ဥပဒေကိုသုံးပြီး အမိန့်ညွှန်ကြားချက်ထုတ်တာလဲ။ ဘာအထောက်အထားမှ မပါဘဲ ဘာတရားဝင်စာမှမရှိဘဲ ဒီလိုလက်လွတ်စပယ်အပေါ်စီးကနေ ခေါ်မေးတာဘာ သဘောလဲဆိုတဲ့ မေးခွန်းတွေပေါ်လာတယ်။ ဥပဒေနဲ့အညီ၊ ဥပဒေနဲ့အညီ ပြောလွန်းတဲ့ အစိုးရက အခုကိစ္စကိုရော ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ၊ ဘယ်အပိုဒ်၊ ဘယ်စာကြောင်းက ပြဋ္ဌာန်းချက်ကို ကိုးကားပြီးလုပ်တာလဲ။ ဒီနေ့ ဒီကာလမျိုးမှာ အရင်စနစ်ဆိုးက အိမ်ကြီးပေါ် အိမ်ငယ်ဆောက်၊ အိမ်ငယ်ပေါ် ထပ်ခိုးဆောက်ထားတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ တရားလက်လွတ် လုပ်ပုံကိုင်ပုံအတိုင်း ဖြစ်မနေဘူးလား" ဟူ၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှုးဖြစ်သူ The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

"နေ့စဉ်သတင်းစာတွေ ကိုယ့်ချွေးနဲစာ (ကျွန်တော်တို့ဆို အပတ်စဉ်ထုတ်က ၀င်ငွေ) နဲ့ ရပ်တည်ပြီး အရှုံးခံထုတ်နေတာကို သိသိချည်းနဲ့ တမင်အဲလိုဖြစ်ပြီး ပုဂ္ဂလိက သတင်းစာတွေ တဖြည်းဖြည်း ရပ်သွားအောင် ရည်ရွယ်ချက်ရှိရှိ ဘယ်သူလုပ်နေတာလဲ။ အဲလိုရပ်သွားရင် အဆင်သင့် ၀င်ဖျာခင်းလို့ရအောင် ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိတဲ့ ဥပဒေတစ်ခုပြဋ္ဌာန်းပြီး အသင့်ပြင်ထားတာ ဘယ်သူတွေလဲ" ဟူ၍လည်းကောင်း "အစိုးရရဲ့ အရေးယူမှု၊ သံသယနဲ့ စောင့်ကြည့်မှုတွေ တောက်လျှောက်ခံလာရတဲ့ ကျွန်တော်တို့မီဒီယာကို အခုရဲသတင်းတပ်ဖွဲ့က ခေါ်မေးတာ ဒေါသမဖြစ်သင့်ဘူးလား။ ဒါ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ၊ အဆင့်အတန်းကို စော်ကားတယ်လို့ မြင်တယ်။ ဥပဒေကို မထေမဲ့မြင်လုပ်တယ်လို့ ယူဆတယ်။ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အိုးမဲသုတ်တယ်လို့ ပြောချင်တယ် " ဟူ၍ လည်းကောင်း ကိုကျော်မင်းဆွေ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

"အမှန်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသွားနေတဲ့ သွားနေတယ် ဆိုတဲ့နိုင်ငံမှာ လူတွေက ယုံကြည်တဲ့ ဥပဒေချိုးဖောက်တာ မဟုတ်ဘူးဆိုရင် ခေါ်ယူစစ်ဆေးလို့ မရဘူး။ အဲ့ဒီလို ခေါ်ယူစစ်ဆေးလို့ မှန်တယ်ထင်နေရင် သူတို့နားလည်ထားတဲ့ ယူဆချက်တွေ ဒီမိုကရေစီကို နားလည်ထားတာတွေက တော်တော်လေးကို လွဲနေတယ်။ သူတို့ သိချင်တဲ့ အချက်အလက်ရှိရင် လာမေးဖို့ လိုတယ်။ ခေါ်မေးမယ်ဆိုရင်တော့ သူတို့လက်ထဲမှာ ခိုင်မာတဲ့ အထောက်အထားရှိမှ ခေါ်မေးလို့ရမယ်။ နိုင်ငံတော်လုံခြုံရေးဆိုတာတော့ အရင်ခေတ်ကတည်းက တစ်လျှောက်လုံးပြောခဲ့တာပဲ။ အဲ့ဒီစကားလုံး သုံးလိုက်တဲ့အချိန်မှာ အရင်ခေတ်တုန်းက ဘာမှပြောလို့မရတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲ့ဒီစကားလုံးသုံးပြီး နှစ်ပေါင်းများစွာ ဖမ်းထားခဲ့တာပဲ။ ဘာမှလည်း အထောက်အထားမရှိဘူး။ အမှန်အတိုင်းပြောရင်တော့ ဒီမိုကရေစီလုပ်နည်းလုပ်ဟန် မဟုတ်ဘူး။ အရင် အာဏာရှင်ခေတ်တုန်းက လုပ်ခဲ့တာလို့ ပြောရမှာပါ။ ဒီအပေါ်မှာ ပြောရရင်တော့ မြန်မာဂျာနယ်လစ်ကွန်ရက် ဆိုတာထက် ပုံနှိပ်ထုတ်ဝေအသင်းတို့ စာနယ်ဇင်းကောင်စီတို့က ဦးဆောင်လုပ်တာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ကတော့ သတင်းသမား၊ သတင်းလွတ်လပ်ခွင့်ကို အဓိက ဦးစားပေးပြီး တက်တက်ကြွကြွ လုပ်ပါတယ်။ ကျွန်တော်တို့ကတော့ မီဒီယာတိုက်တွေကို ဒီလိုလုပ်တဲ့ ကိစ္စအပေါ်မှာ သဘောမတူပါဘူး" ဟု ဦးမြင့်ကျော် (အထွေထွေအတွင်းရေးမှုး မြန်မာဂျာနယ်လစ်ကွန်ရက်) က ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ လုပ်ဆောင်မှုများသည် သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။ သတင်းမီဒီယာဥပဒေတွင် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များ၊ သတင်းမီဒီယာလုပ်ငန်း ထူထောင်ခြင်း၊ အရေးယူခြင်း၊ ပြစ်မှုပြစ်ဒဏ်များကို ပြဋ္ဌာန်းထားပြီး သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။

၂၀၁၄ ခုနှစ် မတ် ၁၄ ရက် နေ့စွဲဖြင့် ပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေ အခန်း (၃) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ အခန်းတွင်
- သတင်းမီဒီယာသမားများသည်
(က) ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြ အကြံပြုရေးသားခွင့်ရှိသည်။
(ခ) နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့် ရှိသည်။ ဟူ၍ ဖော်ပြထားသည်။

ထို့ပြင် အခန်း (၈) ပါ အရေးယူခြင်းနှင့် ပတ်သက်၍လည်း
၂၁။ နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟူ၍ ဖော်ပြထားသည်။

"ဥပဒေရှုထောင့်က ပြောရမယ်ဆိုရင် စုံစမ်းစစ်ဆေးခြင်းဆိုတဲ့အဆင့်ကို ဘယ်အချိန်မှာ စရတယ်ဆိုတာ နှစ်ချက် ရှိပါတယ်။ ပြစ်မှုကျူးလွန်တယ်လို့ ရဲကိုယ်၌က စုံစမ်းသိရတာက တစ်ပိုင်း၊ ပြည်သူက တိုင်ကြားအမှုဖွင့်တာက တစ်ပိုင်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ စုံစမ်းမေးမြန်းခွင့် စတင်ပေါ်ပေါက်တယ်လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေက အတိအလင်းပြဌာန်းထားတယ်။ အခုလိုမျိုးသတင်းရတာလဲ မဟုတ်၊ ပြီးတော့ အမှုအဖြစ်ရှိနေတာလဲမဟုတ်၊ အမှုဖွင့်ထားခြင်းလဲ မရှိတဲ့ဟာကို စုံစမ်းစစ်ဆေးတယ်ဆိုတာက ဥပဒေနဲ့မညီပါဘူး။ အမှုအခင်းလဲမရှိ ပထမသတင်းပေးတိုင်ချက်လဲမရှိဘဲ အုပ်ချုပ်ရေးပိုင်းက ဥပဒေဘောင်ကျော်ပြီး ဆောင်ရွက်တယ်ဆိုရင် တရားစီရင်ရေးပိုင်းကနေ အပြန်အလှန်ထိန်းကျောင်းခွင့်ရှိပါတယ်။ ဒီ့အတွက် စုံစမ်းခံရသူတွေဘက်က ကျွန်တော်တို့လို လွတ်လပ်တဲ့ရှေ့နေတွေကို ဒီကိစ္စအပ်လာမယ်ဆိုရင် လက်ခံဆောင်ရွက်ပေးဖို့အသင့်ပါပဲ။ တရားစီရင်ရေးပိုင်းက အပြန်အလှန် ထိန်းကျောင်းခွင့်အာဏာကို ကျင့်သုံးခြင်းက ပြည်သူ့အခွင့်အရေးကို ကာကွယ်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဘယ်ဥပဒေမှာမှ အမှုအခင်းမဖြစ်၊ ပထမသတင်းပေးတိုင်ချက်မရှိ၊ အမှုဖွင့်ထားတာလဲမရှိဘဲနဲ့ အမှုစုံစမ်းမေးမြန်းခွင့်ကို ဘယ်သူ့အပေါ်မှ အပ်နှင်းထားတာမရှိပါဘူး" ဟု ကိုဖိုးဖြူ (ဥပဒေပညာရှင်) ကဆိုသည်။

ယခုကဲ့သို့ သတင်းတပ်ဖွဲ့မှ ပုဂ္ဂလိကသတင်းမီဒီယာများအား ခေါ်ယူမေးမြန်းနေ ခြင်းနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန် ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော် ကျော်ထွန်းက " ခေါ်ကတည်းကိုက မီဒီယာတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေလုပ်နေကြလဲ။ ဒါကို ဆွေးနွေးတဲ့သဘောပဲ။ အဆင်ပြေတဲ့အချိန်လာပါ။ ဘယ်နေ့လာနိုင်မလဲ။ လာနိုင်တဲ့နေ့ကို လာပါ ဘယ်သူလာမှာလဲ။ ဒီလိုပဲမေးပြီးတော့ ခေါ်ပြီးတော့ ဆွေးနွေးတာ။ စစ်ဆေးမေးမြန်းတယ်ဆိုတာက အဲဒီလို မဟုတ်ဘူးလေ။ ဟုတ်တယ်မဟုတ်လား။ အခုဟာက တစ်ယောက်နဲ့တစ်ယောက် ခေါ်ပြီးတော့ ဆွေးနွေးတာ။ သူတို့လည်း သိပါတယ်။ တချို့ဂျာနယ်တွေဆိုလို့ ရှိရင်လည်း တကယ့်အောင်မြင်နေတဲ့ ဂျာနယ်တွေ ရှိတယ်။ ဒီဂျာနယ်တွေနဲ့ပတ်သက် ပြီးတော့မှ ဘယ်လိုတွေ လုပ်နည်းလုပ်ဟန်ကြောင့် အောင်မြင်နေသလဲ။ တချို့ဟာတွေကျတော့လည်း မအောင်မြင်တာတွေ ရှိတယ်။ ဒါ အခြေခံအကြောင်းတရားလေးတွေသိချင် လို့ ခေါ်ပြီးဆွေးနွေးတာပါ။ စစ်ဆေးမေးမြန်းတဲ့သဘော မဟုတ်ပါဘူး။ ဟိုကိစ္စ (ဦးဆန်းဆင့်ကိစ္စ) နဲ့ပတ်သတ်လို့ ဘာမှတော့ မပြောချင်ပါဘူး။ မပြောသေးပါဘူး။ ဒီမီဒီယာကိစ္စကတော့ သူဟာနဲ့သူ လုပ်ငန်းလေးတွေ ဆောင်ရွက်မှုအခြေအနေတွေ သိချင်လို့ ခေါ်ပြီးတော့ မေးတဲ့သဘောပါ" ဟု ဇွန် ၂၃ ရက်က လွှတ်တော်၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

သတင်းတပ်ဖွဲ့၏ ခေါ်ယူမေးမြန်းခြင်းခံခဲ့ရသော မြန်မာသံတော်ဆင့်ဂျာနယ် တာဝန်ခံအယ်ဒီတာ (သတင်း) ဦးအောင်ထွန်းလင်းက "အဓိက ကတော့ ကျွန်တော်တို့ ဂျာနယ်စောင်ရေ ဘယ်လောက်ရှိသလဲ။ ဒီဂျာနယ်ကို ဘယ်လိုပုံစံမျိုးကနေ တည်ထောင်လာတာလဲ စတာတွေ မေးတယ်။ ကျွန်တော်တို့ဆီက ဒုတိယအယ်ဒီတာချုပ် သွားတွေ့ခဲ့ပြီး မေးမြန်းချိန် တစ်နာရီခွဲလောက် ကြာတယ်။ ကျွန်တော်တို့ဂျာနယ် ဘယ်လိုလည်ပတ်နေရသလဲ။ ဘယ်နေရာမှာ ဘယ်လိုဖြန့်နေလဲ ဆိုတာတွေကအစ ဖြေခဲ့ရ၊ ထုတ်ပြောခဲ့ရတာတွေ ရှိတယ်။ ဒါဟာ ဘာလဲဆိုရင် ဂျာနယ်တစ်စောင်ရဲ့ ထရေးဒင်းပိုင်းကို ချပြလိုက်ရတာတွေ ဖြစ်နေတယ်။ ဒီအချက်အလက်တွေက ဈေးကွက်လက်ဝါးကြီးအုပ်မှုအရဆိုရင် သုံးလို့ရတယ်။ အကျိုးသက်ရောက်မှုက မကောင်းဘူး။ နောက်တစ်ခုက ကျွန်တော်တို့ဂျာနယ်ရဲ့ ကလောင်နာမည်တွေကို မေးတာတွေရှိတယ်။ ဒီလိုအမေးခံရတဲ့အတွက် ဘယ်လိုမျိုးခံစားရသလဲဆိုရင် အရင်အစိုးရလက်ထက်မှာ စာပေစိစစ်ရေးက ကလောင်နာမည်တွေလိုက်ပြီး ဘယ်သူ ဘာလဲ၊ ဘယ်လဲဆိုပြီး လိုက်ပြီး စုံစမ်းတာတွေရှိတယ်။ သူတို့အဲ့လို မေးလိုက်တာဟာ အရင်အစိုးရလက်ထက်က ပုံစံမျိုးနဲ့တူနေတော့ ကျွန်တော်တို့အနေနဲ့ သဘောမကျဘူး။ အခုလို စုံစမ်းမေးမြန်းခံရတာဟာ လက်ရှိအစိုးရမှာ ၀န်ကြီးတွေ အဖမ်းခံရတာတွေ၊ အလုပ်ထုတ်ခံတာတွေကြောင့်လို့ ထင်မြင်ပါတယ်"ဟု ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ပြောကြားခဲ့သည်။

"ဇွန် ၂၁ ရက်က ကျွန်တော့်ရုံးကို သူတို့ဆီက ၀န်ထမ်းတစ်ယောက် လာပြောတယ်။ ကျွန်တော်က ဇွန် ၂၂ ရက်မှာ သွားတွေ့တယ်။ နေရာက ပန်းဆိုးတန်း အရင် ပတ်စ်ပို့ရုံးဟောင်းနေရာပါ။ ဟိုရောက်တော့ ရုံးခန်းထဲမှာ သုံးလေးယောက်လောက် ရှိတယ်။ ကျွန်တော့်ကို မေးတာကတော့ တစ်ယောက်တည်းပါ။ မေးတာက ကျွန်တော်တို့ ဂျာနယ်ရဲ့ ရပ်တည်မှုရယ် အရှုံးအမြတ်တွေရယ် ၀င်ငွေထွက်ငွေတွေကို မေးတယ်။ နောက်ပြီး အရင်ဂျာနယ်အစမှာလုပ်တဲ့ အယ်ဒီတာအဖွဲ့တွေနဲ့ သတင်းထောက်တွေကိုလဲ မေးတယ်။ ကျွန်တော်က ၂၀၁၃ ခုနှစ် ငါးလပိုင်းမှာ စအလုပ်ဝင်တာ။ အရင်စလုပ်တဲ့သူတွေကိုတော့ မသိဘူးဖြေတယ်။ ဂျာနယ်ရဲ့ ၀င်ငွေထွက်ငွေတွေကတော့ ကျွန်တော်တို့ရဲ့ စီအီးအိုနဲ့ အုပ်ချုပ်ရေးပိုင်းပဲ သိတာပါ။ ကျွန်တော် မသိပါဘူး။ ထုတ်ဝေသူကို မေးတယ်။ နောက်ပြီး လက်ရှိဂျာနယ်ရဲ့ ရပ်တည်မှုရယ်၊ လက်ရှိလူဦးရေတွေကို မေးတယ်။ ကျွန်တော်နဲ့ တွေ့တဲ့အချိန်က နာရီဝက်ကြာပါတယ်" ဟု ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းက သတင်းတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့မှုအပေါ် ပြန်ပြောကြားခဲ့သည်။

"ငွေကြေးခ၀ါချမှု ရှိ မရှိ သိချင်တယ်ဆိုရင် ဒါလည်း လွယ်တာပဲ။ မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတယ်။ နောက် အဲဒီဥပဒေအရ စစ်ဆေးဆောင်ရွက်ဖို့ အဖွဲ့တွေ ရှိပြီးသားပဲ။ အဲဒီအဖွဲ့တွေကပဲ စစ်ရမှာပေါ့။ နိုင်ငံအတွက် တကယ်အကျိုးရှိမယ့် ငွေကြေးခ၀ါချမှု စစ်ချင်တယ်ဆိုရင်တော့ အခုအစိုးရသစ်လက်ထက် သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် IMC ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကြီးတွေ မြှုပ်နှံထားတာ ကျပ်ဘီလျံပေါင်း ၃၀၀၀ ကျော်အထိ ရှိတယ်။ ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်ကနေ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြှုပ်နှံထားတဲ့ပမာဏ တစ်မျိုးတည်း ကျပ်ဘီလျံပေါင်း ၃၀၀၀ ကျော်ရှိတာ။ အဲ့ဒီငွေတွေကမှ ရလမ်းသေချာစစ်မထားတဲ့ ငွေတွေပဲ။ သေချာတယ် အဲဒီငွေတွေထဲမှာ အခွန်မဆောင်ထားတဲ့ ငွေတွေ ပါကိုပါတယ်။ ငွေကြေးခ၀ါချမှု ရှိမရှိစစ်ချင်ရင် ဒါတွေကို MIC ဆီက စာရင်းတောင်းပြီးစစ်ပေါ့။ နောက်တစ်ခု အရေးအကြီးဆုံးအချက် ကျန်သေးတယ်။ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်း ၄၁၀၀၀ ကျော်ရှိတယ်။ မနှစ်ကအထိ အခွန်ဦးစီးဌာနက စာရင်းမှာရှိနေတာ ကုမ္ပဏီပေါင်း ၂၀၀၀၀ တောင် မပြည့်ဘူး။ အဲဒီ ၂၀၀၀၀ မပြည့်တဲ့ ကုမ္ပဏီထဲမှာ ဟန်ပြအခွန်ဆောင်တဲ့ ကုမ္ပဏီက အများကြီးပါသေးတယ်။ အဲ့ဒါ တွေလိုက်စစ်လေ။ တစ်လက်စတည်း ပြောရဦးမယ်၊ ဘယ်ပြည်ထောင်စုဝန်ကြီးရဲ့သားက ဘယ်ရွှေတူးတဲ့လုပ်ငန်းမှာ ပတ်သက်နေတယ်၊ ဘယ်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ သားက ဘယ်လုပ်ငန်းတွေမှာ ပတ်သက်နေတယ်ဆိုတာ ဒီကိစ္စကို ခိုင်းတဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် သိကြပါတယ်" ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားသည်။

"ငွေကြေးခ၀ါချမှုနဲ့ပတ်သက်ပြီး မေးရလောက်အောင် လက်ရှိမီဒီယာတွေရဲ့ အနေအထားက MIC မှာရှိတဲ့ စာရင်းထဲက တကယ်မေးသင့်တဲ့ လုပ်ငန်းကြီးတွေနဲ့ ယှဉ်ရင် သေးသေးလေးပါ။ ရာနဲ့ချီတဲ့ ပုဂ္ဂလိကပုံနှိပ်မီဒီယာတွေအားလုံးရဲ့ ပိုင်ဆိုင်မှု၊ ၀င်ငွေအားလုံးပေါင်းရင်တောင် SkyNet ရဲ့ ပိုင်ဆိုင်မှုကို မမီဘူး။ ခရိုနီတွေ လာဘ်ပေးလာဘ်ယူလုပ်တဲ့ အစိုးရတာဝန်ရှိသူအချို့နဲ့ မိသားစုဝင်တွေရဲ့ပိုင်ဆိုင်မှုနဲ့ ယှဉ်လိုက်ပါဦး။ ငွေရေးကြေးရေးအချက်အလက်တွေ၊ အခွန်ကိစ္စရပ်တွေကို အခွန်ဦးစီးဌာနမေးရင် ရပါတယ်။ သတင်းတပ်ဖွဲ့နဲ့ မဆိုင်ဘူး။ သတင်းရဲတပ်ဖွဲ့မို့ သတင်းနဲ့ပတ်သက်တာတွေ အားလုံးဆိုင်တယ်၊ ခေါ်မေးလို့ရတယ်၊ လုံခြုံရေးအရ မေးလို့ရနိုင်တယ် ဆိုပေမယ့် မေးချင်ရင် ဘယ်လိုလုံခြုံရေးလဲ ကြည့်ရမယ်။ သတင်းဘယ်လိုရတယ်။ သတင်း Source က ဘယ်လိုဆိုတာမေးရင် သတင်းစာကျင့်ဝတ်အရ မဖြေနိုင်ဘူး။ ဒါဟာ အာဏာရှင်စနစ်ကို ပြန်သွားနေတာ၊ သတင်းတပ်ဖွဲ့လို့ခေါ်တဲ့ ထောက်လှမ်းရေးက လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာကိုသုံးပြီး လုပ်တာဟာ စာပေစိစစ်ရေး ရှိထားသလိုပဲ သတင်းမီဒီယာတွေအားလုံးရဲ့ အထက်က ချုပ်ကိုင်ဖို့ ကြိုးစားတာ၊ ခြိမ်းခြောက်တာပါပဲ။ စစ်အစိုးရလက်ထက်ထက်ဆိုးတဲ့ အခြေအနေပဲ။ သတင်းမီဒီယာဆိုတာ သူပုန်မဟုတ်ဘူး။ တရားမ၀င် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ဥပဒေနဲ့မညီဘူးလို့ ယူဆရသူတွေကို ခေါ်ယူမေးမြန်းနိုင်ပေမယ့် အားလုံးကို ခေါ်မေးတာ မလုပ်ရဘူး။ ဒါဟာ ဥပဒေနဲ့ မညီညွတ်ဘူး။ ဥပဒေနည်းလမ်းမကျတဲ့အတွက် ကျွန်တော်တို့ Eleven Media Group အနေနဲ့ မဖြေနိုင်ဘူး။ ဒီလိုလုပ်ရပ်တွေကို အစိုးရအနေနဲ့ ရပ်တန်းက ရပ်သင့်ပြီ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ပုဂ္ဂလိကသတင်းစာနှင့် ဂျာနယ်များကို ခေါ်ယူမေးမြန်းမှုသည် မည်သည့်ညွှန်ကြားချက်ကြောင့်(သို့) သမ္မတရုံး၏ ညွှန်ကြားချက်ကြောင့် ဟုတ်မဟုတ် သိရှိလိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ "ကျွန်တော် သိရသလောက် သမ္မတရုံးအနေနဲ့ စစ်ဆေးဖို့ သီးခြားညွှန်ကြားထားတာ မရှိပါဘူး။ သတင်းတပ်ဖွဲ့အနေနဲ့ သူတို့စုံစမ်းစစ်ဆေးဆဲ ကိစ္စများနှင့် ပတ်သက်ပြီး ပြည့်စုံတဲ့ သတင်းအချက်အလက်များ ရနိုင်ဖို့ စုံစမ်းလေ့လာတာ ဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို မေးရင် ပိုပြီး တိတိကျကျ သိနိုင်ပါတယ်။ ဘယ်သူတွေကို ခေါ်ယူမေးမြန်းနေတယ်ဆိုတာ ကျွန်တော်အသေးစိတ် မသိပါဘူး။ လိုအပ်တဲ့ ဆက်စပ်တဲ့သူတွေကို ဥပဒေနဲ့အညီခေါ်ယူ မေးမြန်းမှု ပြုလုပ်ဆဲ ဆိုတာပဲ သိပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရဲသတင်းတပ်ဖွဲ့(ထောက်လှမ်းရေး)က သတင်းမီဒီယာများအား ခေါ်ယူမေးမြန်းခဲ့သလို ထပ်မံ၍လည်း သတင်းမီဒီယာအားလုံးကို ခေါ်ယူမေးမြန်းဦးမည်ဟု တရားဝင် ပြောကြားလာခဲ့သည်။ ထို့ကြောင့် အာဏာရှင်များ၏ ခွေးသွားစိတ်သဖွယ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ထောက်လှမ်းရေးအရိပ်မည်းကြီး ပြန်ပေါ်လာပြီလားဟူသောမေးခွန်းများ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

No comments: