Tuesday, June 24, 2014

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်မည်ဆိုပါက တိကျစွာ ဆောင်ရွက်ရန်လိုဟု လွှတ်တော်ကိုယ်စားလှယ်များ ပြော

အိဖြူလွင်၊ Sun, 2014-06-22
http://www.7daydaily.com

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုကို အမှန်တကယ် တိုက်ဖျက်မည်ဆိုပါက ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ရန်လိုပြီး ဥပဒေ၏ အထက်တွင် မည်သူမျှမရှိရန် လိုသည်ဟု ဥပဒေပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားလိုက်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေကျပ်ငွေ သိန်း ၁၀၀ အလွဲသုံးစားမှုဖြင့် အရေးယူခြင်းမှာ မဖြစ်သင့်ဘဲ ထိုသို့ဆိုပါက အခြားသော တစ်နိုင်ငံလုံးက သိရှိသည့် အဂတိလိုက်စားမှုများကို အရေးမယူခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အများစုက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးမဖြစ်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးဆန်းဆင့်သည် လွှတ်တော်၏ လုပ်ငန်းများကို အအောင်မြင်ဆုံး ဆောင်ရွက်နိုင်သူဖြစ်ပြီး အဂတိလိုက်စားမှု အနည်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

သို့သော် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် တိုင်ကြားမှုများအရ အဂတိလိုက်စားမှုဖြင့် ပထမဆုံး လူသိထင်ရှား အရေးယူခံရသည့် ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သည်။

‘‘ငွေရေး၊ ကြေးရေးအရလည်း သူ ဒီလိုမဖြစ်နိုင်ဘူး။ ဒါမသမာမှုတွေ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ သူ့ကို ဖယ်ရှားဖို့ ထိုးနှက်မှုတွေ ရှိနိုင်တယ်။ ဒီဖယ်ရှားတာနဲ့ ပတ်သက်ပြီး သေသေချာချာ ရှင်းပြဖို့လိုတယ်’’ ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။

ထိုမျှမကသော အုပ်ချုပ်ရေးပိုင်းမှ တာဝန်ပျက်ကွက်သူများ၊ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သူများကိုမူ အစိုးရအဖွဲ့က အရေးယူခြင်းမရှိခဲ့ကြောင်း ဦးခိုင်မောင်ရည်က ဆက်လက်ပြောသည်။

ဥပဒေပိုင်းအရ ၀န်ကြီးဦးဆန်းဆင့်ကို တရားရုံးမှ အမိန့်မချမချင်း အပြစ်ရှိသည်ဟု မပြောနိုင်ဘဲ ၀န်ကြီးအနေဖြင့် ဥပဒေအကာအကွယ်ကို အပြည့်အ၀ရရန် လိုသည်ဟု တရားလွှတ်တော်ရှေ့နေလည်းဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။

ဥပဒေအရဆိုလျှင် နိုင်ငံပိုင်ငွေ အလွဲသုံးစား ပြုလုပ်သည်ဆိုသည်မှာ ယာယီခေတ္တမျှဖြစ်လျှင်ပင် အရေးယူ၍ရပြီး ပြန်လည်ပေးသွင်းလျှင်လည်း အရေးယူနိုင်သည်ဟု သိရသည်။

နိုင်ငံတွင် ပြည်သူတိုင်းသိသည့်ကိစ္စဖြစ်သော အချို့သောသူများကိုမူ အရေးမယူဘဲ အချို့ အရေးယူခံရသည်မှာ ဥပဒေ၏အထက်တွင် ပုဂ္ဂိုလ်အချို့ ရှိနေသေးသည့် သဘောသာဖြစ်ပြီး ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးကို အရေးယူခြင်းသည် နိုင်ငံအတွက် ၀မ်းသာစရာကိစ္စမဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားခဲ့သည်။

‘‘သမ္မတကြီး တာဝန်ယူကတည်းက လာဘ်ပေးလာဘ်ယူမူကိစ္စက ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအနေနဲ့ အသိအမှတ်ပြုထားခဲ့တာပါ။ မကြာခဏလည်း ကျွန်တော်တို့ နာမည် ထုတ်မပြောပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ညွှန်ချုပ်တွေ၊ တချို့ဝန်ကြီးတွေကို အရေးယူခဲ့တာတွေ ရှိပါတယ်’’ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

အစိုးရသစ်လက်ထက် လွှတ်တော် စတင်အသက်ဝင်ပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာ လွှတ်တော် ငွေစာရင်းကော်မတီ၏ အစီရင်ခံစာများကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစိုးရ၀န်ကြီးဌာနအချို့၏ အလွဲသုံးစားလုပ်မှုများကို ပြည်သူများ တရားဝင်သိရှိခွင့်ရခဲ့သည်။

သို့သော် အဆိုပါအမှုများတွင် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ငွေများအဖြစ်သာ ထားရှိခဲ့ပြီး အချို့သောအမှုများတွင် ညွှန်မှူးအဆင့်ကဲ့သို့ အရာရှိများကိုသာ ထုတ်ပယ်အရေးယူခဲ့ပြီး ရာထူးမှ ရပ်စဲသည်ဟု တရားဝင် ကြေညာခြင်း လုံးဝမပြုလုပ်ခဲ့ပေ။

No comments: