Monday, June 2, 2014

အာဏာရှင်ကောင်းမှု

ကာတွန်းဝင်းအောင်
(Cartoonist Win Aung ဖေ့စ်ဘွတ်ခ်ကနေ ကူးယူဖော်ပြပါသည်။)

ကျနော့်ကို အတွေးခေါင်တယ်ပြောပြော တယူသန်တယ်ပဲဆိုဆို အာဏာရှင် မင်းဆိုးမင်းညစ်တွေ တည်တဲ့ ဘုရားတွေကို ဖူးလေ့မရှိဘူး။

ပုဂံကို ရောက်ရင် သီဟသူတည်တဲ့ ဓမ္မရံကြီးကို ကျနော် မဖူးဘူး။ နောက်ပြီး ဦးနေဝင်း တည်တဲ့ မဟာဝိဇိယဆိုရင် ဖူးဖို့ နေနေသာသာ ပရဝုဏ်ထဲတောင် မရောက်ဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာသာသနာကို ကြည်ညိုသဒ္ဒါစိတ်နဲ့ ပြန့်ပွားအောင် တည်တံ့အောင် စိတ်ကောင်း နှလုံးကောင်းနဲ့ တည်ခဲ့တာမဟုတ်ဘူးလို့ ယုံကြည်လို့ပါ။ သူတို့ အာဏာတည်မြဲရေးအတွက် ယတြာချေတဲ့သဘော ဘုရားဒကာ ကျောင်းဒကာအဖြစ် နာမည်ကောင်းယူပြီး သမိုင်းမှာ သာသနာပြုမင်းအဖြစ် တွင်စေချင်တဲ့သဘော၊ အမှားတွေကို သာသာရေးနဲ့ ဖုံးကွယ်ချင်တဲ့ သဘောလို့ပဲ ကျနော်မြင်တယ်။

ကျနော် အဓိက ပြောချင်တာက မန္တလေးက ကျနော့်အမေ ရောက်နေတယ်။ အမေက မင်းဓမ္မကုန်းတော်မှာရှိတဲ့ လာဘမုနိကျောက်တော်ကြီးဘုရား ဖူးချင်လို့ ကျနော့်ကို လိုက်ပို့ခိုင်းတယ်။ (ဒီဘုရားက အားလုံးသိတဲ့အတိုင်း) အာဏာရှင်ကြီး ဦးသန်းရွှေ တည်ခဲ့တဲ့ဘုရားပါ။ ဒီတော့ ကျနော်က လိုက်မပို့ချင်ဘူး။ ဒါပေမယ့် အမေက ဒီဘုရားဆင်းတုကြီးကို မန္တလေးမှာ ထုနေတုန်းက စကျင်ကျောက် အကြမ်းထည်ကြီးပဲ တွေ့ဖူးတာ ဘုရားကြီး ပြီးသွားမှ မဖူးရသေးဘူး ဖူးချင်တယ် ဆိုတော့ ကျနော်လည်း မနေသာတော့ဘူး ဒါနဲ့ အမေ့ကို လိုက်ပို့ဖြစ်ပါတယ်။

လာဘမုနိကျောက်တော်ကြီးဘုရား ရောက်တော့ ဘုရားကို သေသေချာချာ မဖူးတွေ့ခဲ့ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ဆင်းထုရုပ်ပွားတော်ကြီးကို လေးဘက်လေးတန် မှန်သားထူထူကြီးတွေနဲ့ ပိတ်ကာထားလို့ပါပဲ။ မှန်တွေက အလင်းပြန်နေတော့ ဘုရားဖူးတွေ ရှင်းရှင်းလင်းလင်း ကြည်ညိုလို့မရတဲ့အပြင် လွတ်လွတ်လပ်လပ်လည်း ဖူးမြော်ခွင့်မရပါဘူး။ ဘာကြောင့် ဒီလိုလုပ်ထားသလဲဆိုတာ ကျနော် စဉ်းစားလို့မရဘူး။ ဒီဆင်းတုတော်ကြီးကို မချီပြီး ခိုးသွားလို့ရတာလည်းမဟုတ်၊ ရွှေပွတ်မှာ စိုးရအောင် ရွှေဆင်းတုလည်းမဟုတ်၊ ပြီတော့ ဘုရားလုံခြုံရေးတွေလည်း ရှိနေတာပဲ။

ဘုရားကြီးကို ကြည့်ပြီး ကာတွန်းဆရာပီပီ ကာတွန်းတွေး တွေးပြီး ပြုံးမိတယ်။ အာဏာရှင်တည်တဲ့ ဘုရားဖြစ်ရတာလည်း မစားသာပါလား။ ဘုရားဖြစ်တာတောင် အကျဉ်းချခံနေရတယ်လို့ ...။ ။

No comments: