Tuesday, June 17, 2014

လူထုစိန်ဝင်း ပြောတဲ့ “သတင်းထောက်ဆိုတာ ...”

Aungmyo Tun's Facebook Status

တချို့ သတင်းထောက်များဟာ သတင်းတပုဒ်ကို ရေးတဲ့အခါမှာ ရိုးရိုးသားသား မရေးဘဲ 'ဆွဲချ' လုပ်ပြီး တဖက်သား ဒုက္ခရောက်အောင် စွပ်စွဲရေးသားတာမျိုး လုပ်တတ်ကြပါတယ်။

တချို့ သတင်းထောက်ကျတော့ သူ့ ကိုယ်သူ တရားသူကြီးနေရာမှာထားပြီး သတင်းထဲမှာ တခါတည်း စီရင်ချက်ချပြီး ရေးလိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ သတင်းထောက်ဆိုတာ သတင်းကို သတင်းလိုဘဲ ရေးရပါတယ်။ ဘာ အာဘော်မှ မထည့်ရပါဘူး။ ဘာ ဆုံးမစကားမှ မပြောရပါဘူး။ ဘာတရားမှ မဟောရပါဘူး။ ဆွဲချအလုပ်၊ တရားသူကြီးအလုပ် ဘယ်တော့မှ မလုပ်ရပါဘူး။ သတင်းထောက်ဆိုတာ သတင်းထောက်သာလျှင် ဖြစ်ပါတယ်။

သတင်းထောက်ဆိုတာ အယ်ဒီတာ မဟုတ်ပါဘူး။ ဆွဲချ မဟုတ်ပါဘူး။ တရားသူကြီး မဟုတ်ပါဘူး။ သတင်းထောက်အလုပ်ဟာ သတင်းရေးဖို့သာ ဖြစ်ပါတယ်။ အဲဒီသတင်း ထည့်သင့်၊ မထည့်သင့် အယ်ဒီတာက ဆုံးဖြတ်ပါလိမ့်မယ်။ သတင်းထောက်က သတင်းထည့်မယ်၊ မထည့်ဘူး ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ အဲဒါကြောင့် ဘယ်သူ့ ကိုမှ ၀န်ခံကတိ မပေးနိုင်ပါဘူး။ သတင်းထောက်ဟာ သတင်းပဲရေးရပါမယ်။ အာဘော်ပေးဖို့ လိုရင်၊ ဆုံးမဖို့ ဆိုရင်၊ တရားဟောဖို့ လိုရင် ခေါင်းကြီးရေးတဲ့ အယ်ဒီတာက ရေးပါလိမ့်မယ်။ ဒါမှမဟုတ် ပင်တိုင်ဆောင်းပါးရှင် (Staff Columnist) က ရေးပါလိမ့်မယ်။

သတင်းလိုက်တဲ့ အခါမှာလည်း "ဘယ်နည်းနဲ့ ရရ၊ သတင်းရဖို့ အဓိက"ဆိုတဲ့ မသမာစိတ်မျိုးနဲ့ မလိုက်ရပါဘူး။ သတင်းထောက်တယောက်ဟာ သတင်းကို လွတ်လပ်စွာရေးခွင့်ရှိသလို တခြား ပြည်သူပြည်သားတယောက်မှာလည်း လွတ်လပ်စွာ ပြောဆိုခွင့် ဒါမှမဟုတ် လွတ်လပ်စွာ မပြောဘဲနေခွင့် ရှိတယ်ဆိုတာ အမြဲ သတိချပ်သင့်ပါတယ်။

သတင်းစာသမားဆိုတာ နိုင်ငံသားတယောက်လည်း ဖြစ်ပါတယ်။ အခြား နိုင်ငံသားများထက် ဘာ အထူးအခွင့်အရေးမှ ပိုမရှိပါဘူး။ သတင်းထောက်ကတ်ပြားဟာ ထင်ရာလုပ်ခွင့်လိုင်စင် မဟုတ်ပါဘူး။

လူထုစိန်ဝင်း
(၁၇ ဇွန် ၂၀၁၄ - လူထုစိန်ဝင်း ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရ)

No comments: