Friday, May 16, 2014

နားလည်စေချင်သော တိုင်းရင်းသားနိုင်ငံရေးမည်သည့် Ethno-Politic

မင်းသွေးနီ (ရာမည)

တိုင်းရင်းသားနိုင်ငံရေးဟု ဆိုသော ထို “Ethno-Politic” ဝေါဟာရအား အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်ရေးအင်စတီကျု့စ် (USIP) မှ ပြီးခဲ့သည့် ၂၀၁၄ မတ်လဆန်း၌ ထုတ်ဝေခဲ့သော “Media and conflict in Myanmar” ဟူသည့် အစီရင်ခံစာ၌ “Ethno-Politic” ဟု စတင်သုံးနှုန်းခဲ့သည်ကို ဖတ်ရှုခဲ့ရသည်။

မြန်မာနိုင်ငံတွင်းရှိ “တိုင်းရင်းသားအရေးသည်” နိုင်ငံရေး ပြဿနာတစ်ရပ် ဖြစ်သည်ဟူသော တိုင်းရင်းသားခေါင်းဆောင် အစဉ်အဆက်၏ ထောက်ပြချက်ကိုကား ယနေ့အထိ အစိုးရမှ တိတိပပ လက်ခံသည် လက်မခံသည် ဟူသော ပြောကြားချက်မျိုး မရှိသေးပေ။

သို့သော်လည်း ပွင့်လင်းလာသည့် ၂၀၁၀ နိုင်ငံရေးပြုပြုင်ပြောင်းလဲရေး နောက်ပိုင်း၌မူ ယခင် အရိပ်တစ္ဆေမည်းကြီးကဲ့သို့ အစိုးရမှ သမုတ်ခဲ့သော “ဖက်ဒရယ်” မူကိုကား လက်ခံနိုင်ကြောင်း အစိုးရ ထိပ်တန်းခေါင်းဆောင်များ ပြောကြားချက်ကိုကား သတင်းမီဒီယာများ၌ မကြာခဏ တွေ့မြင်ရပေသည်။

သမိုင်းကြောင်း ဖြစ်တည်ပုံ ကွဲပြားခြင်း၊ ကွဲပြားသော ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာတွေကြောင့် တိုင်းရင်းသားလူမျိုးများသည် ထူးခြားသော အသွင်သဏ္ဍာန်များနှင့် သီးခြားဆန်သည့် လူမျိုးစုများအသွင်အဖြစ် မြန်မာ့နိုင်ငံတွင်း၌ တည်ရှိခဲ့ပေသည်။

ထိုမတူ ကွဲပြားမှုသည် မြန်မာနိုင်ငံအား ကွဲပြားသော အလှတရားများ စုစည်းရာအဖြစ် ရှုမြင်ရန်မှသည် အကွဲကွဲအပြားပြားဖြစ်ရေးဆီသို့ ဦးတည်သော တည်ရှိမှုအဖြစ် အစိုးရအဆက်ဆက်က သဘောထားခဲ့ကြပေသည်။

ခေတ်အဆက်ဆက် နိုင်ငံရေးတိုက်ပွဲများတွင် မြန်မာ့နိုင်ငံရေးသည် ဗမာ့နိုင်ငံရေးအသွင်အဖြစ်သာ လှုပ်ရှားခဲ့ပေသည်။ အလားတူ မြန်မာနိုင်ငံတွင်း၌ တည်ရှိနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးစုများသည်လည်း ဗမာ့နိုင်ငံရေးနည်းတူ တိုင်းရင်းသားနိုင်ငံရေးအတွက် ပုံဖော်ခဲ့ကြပေသည်။

ဤပုံဖော်မှုသည် မြန်မာ၌ သာမက ကမ္ဘာ၌ပါ ကျောကြားသွားခဲ့ရသည့် ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ် အနှစ် ၆၀ ကျော်ကြာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအစိုးရ လက်နက်ကိုင်အဖွဲ့တို့အကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် နှစ်ဖက်စလုံး ကြိုးပမ်းခဲ့ကြသည်။

ထိုသို့ ဖြေရှင်းခြင်းဖြင့် နှစ်ဦးနှစ်ဖက် ရရှိခဲ့သည့် အကျိုးအမြတ်ကား တိုင်းပြည် ချွတ်ခြုံကျခြင်းနှင့် စစ်ပြေး ဒုက္ခသည် တိုးပွားလာခြင်း၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စားရင်းဝင်ခဲ့ခြင်း၊ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှု ခံခဲ့ရခြင်းတို့ကား မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပို၍ အကျဉ်းတန်စေခဲ့သည်။

ထိုကာလသည် မြန်မာနိုင်ငံ၏ နိုင်ငံ၊ စီးပွား၊ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအား အမှောင်ရှိုက်ခဲ့သည့်ကာလ ဖြစ်ခဲ့သည်။ ပြည်တွင်းစစ်ကြောင့် အခြားယှဉ်ဘက်နိုင်ငံများထက် မြန်မာနိုင်ငံ များစွာ အောက်ကျနောက်ကျ ဖြစ်ခဲ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်၏ သမိုင်းတစ်လျှောက် အနှစ် ၆၀ ကျော် ဖြစ်ပွားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အစိုးရတပ်များအကြား လက်နက်ကိုင်ပဋိပက္ခအပေါ် သုံးသပ်ချက်မှာမူ …

“တိုင်းပြည်မှာ နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရခါစ ကနေ စပြီး အခုထိ ပြည်တွင်းစစ်ဖြစ်နေတယ်၊ မရပ်နိုင်ဘူး၊ အဲဒီလို မရပ်နိုင်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သဘောထားက လူမျိုးချင်း တန်းတူညီမျှမှု မရှိတာ၊ လုပ်ပိုင်ခွင့်တွေ မရှိတာ၊ ပင်လုံမူ ပင်လုံစိတ်ဓာတ် ၊ ပင်လုံသဘောထား မပြည့်ဝတာပဲဖြစ်တယ်” ဟု ဦးအောင်မြင့်က ဆိုပါသည်။

သို့သော် ထိုတိုင်းရင်းသားတို့၏ နိုင်ငံရေးအခွင့်အရေးအတွက် ကြိုးပမ်းမှုသည် မြန်မာအစိုးရအတွက် ခွဲထွက်ရေး အသွင်သဏ္ဍာန်ဆောင်သော လက်နက်ကိုင်လမ်းစဉ်ဟုသာ ခံယူ၍ ပြတ်ပြတ်သားသားပင် ချေမှုန်းခဲ့ပေသည်။

တိုင်းရင်းသားအဖွဲ့များမှလည်း ထိုအစိုးရအဆက်ဆက်များ၏ ကိုင်တွယ်မှုသည် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဥပက္ခောပြုသော ၊ တိုင်းရင်းသားများ အပါအဝင် မြန်မာ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပါဝင်သဘောတူ လက်မှတ်ရေးထိုးခဲ့သော ပင်လုံသဘောတူညီချက်ကို ဖောက်ဖျက်သော ကိုင်တွယ်မှုသာဖြစ်သည်ဟု မှတ်ယူကာ လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်း၍ ထိုကိုင်တွယ်မှုကို ခုခံခဲ့ကြသည်။

ထိုမြန်မာအစိုးရ နားလည်လေသော တိုင်းရင်းသားနိုင်ငံရေးနှင့် တိုင်းရင်းသားအဖွဲ့များ ခံယူလေသော တိုင်းရင်းသားနိုင်ငံရေးတို့အကြား ကွဲပြားသော ဝိဝါဒများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တို့သည်လည်း အစုံစုံ အဖုံဖုံ ရှိခဲ့ပေသည်။

ယခုကာလသည် ထိုနှစ်ဖက် (အစိုးရနှင့် တိုင်းရင်းသား) တို့အကြား လက်ခံလေသော တိုင်းရင်းသားနိုင်ငံရေး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ပို၍ နီးစပ်သည်ဟု ဆိုနိုင်ပေသော်လည်း တိုင်းရင်းသားနိုင်ငံရေးအား မြန်မာ့အစိုးရမှ အပြည့်အဝ နားလည်ပါရဲ့လားဟု ဆိုရန်မှာလည်း အခြေအနေ မရှိသေးပေ။

USIP အစီရင်ခံစာ၌ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ရေးသားထားသည်မှာ “ဗမာလူမျိုးတွေဟာ တိုင်းရင်းသားလူမျိုးတွေကို နားလည်ဖို့ မကြိုးစားဘူး၊ တိုင်းရင်းသားလူမျိုးတွေ ကွဲပြားစွာ တည်ရှိနေမှုကို သိရှိသလို၊ အကွဲကွဲအပြားပြား ဖြစ်မှာကို မလိုလားဘူး၊ ဒါပေမယ့် အဖြေရှာဖို့ကိုလည်း မကြိုးစားဘူး” ဟူ၍ သုံးသပ်ရေးသားထားပါသည်။

ထိုတိုင်းရင်းသားများအပေါ် လွဲမှားလျက်ရှိနေသော အမြင်များနှင့် သဘောထားသည် ဗမာလူမျိုး အများစုများအကြား ကျယ်ပြန့်စွာ တည်ရှိလျက်ရှိဆ ဖြစ်ကြောင်း အစီရင်ခံစာ၌ ဆက်လက် ရေးသားထားခဲ့လေသည်။

ထိုကြောင့်လည်း ကာလရှည်ကြာစွာ နှစ်ဖက်အကြား လက်နက်ကိုင်ပဋိပက္ခဖြင့် ထိုအခြင်းအရာအား နားလည်ရန် ကြိုးစားခဲ့ကြပေသည်။ တိုက်ခိုက်မှုဖြင့်သာ ကြာမြင့်ခဲ့ရပြီး ဆယ်စုနှစ် ၆ ခု ကြာလာသည့်တိုင် ထိုပြဿနာ မဖြေရှင်းနိုင်ခဲ့ပေ။

ထို့သို့နှစ်ဖက်အကြား ရှည်ကြာစွာဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့သဖြင့် နှစ်ဖက်အကြား ရှိခဲ့သော ယုံကြည်မှုတံတိုင်းမှာလည်း အပိုင်းပိုင်းပင် ကျိုးခဲ့လေသည်။

လက်ရှိ၌လည်း ဦးသိန်းစိန်အစိုးရမှ အမျိုးသားရင်ကြားစေ့ရေးအား ပြန်လည်တည်ဆောက်ကာ လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့သော်လည်း ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခတို့မှာ ထိုနှစ်ဖက်ယုံကြည်မှုများ၏ မှတ်ကျောက်တင်စရာ အခြေအနေများအဖြစ် တည်ရှိနေဆဲဖြစ်သည်။

အစိုးရလက်နက်ကိုင်များမှ တိုင်းရင်းသား ဒေသများတွင် အခြေစိုက်ထားသည့် တပ်ရင်းတပ်ဖွဲ့များ ရုပ်သိမ်းပေးရန် သဘောမတူနိုင်သေးဘဲ ဖြစ်နေ၍ အချို့ဒေသများတွင်မူ ရှိရင်းစွဲ တပ်အင်အားထက် ပိုမို တိုးချဲ့ချထားသည့် တပ်အင်အားများလည်း ရှိနေကြောင်းလည်း USIP အစီရင်ခံစာ၌ ထောက်ပြထားခဲ့သည်။

အစိုးရမှ အကောင်အထည်ဖော်လျက်ရှိနေသည် အပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသားနိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခြင်း၏ ပထမခြေလှမ်းသာဖြစ်၍ ရှေ့ဆက်၍လည်း ကာလအတန်ကြာ လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်အဖြစ် ဆက်လက် တည်ရှိသွားဦးမည်လည်းဖြစ်သည်။

Ethno-Politic ဟု မည်သော တိုင်းရင်းသားနိုင်ငံရေးသည်ကား ထိုထက် ကျယ်ပြန့်သည့် သဘောဆောင်ကြောင်း တင်ပြလိုပါသည်။ တိုင်းရင်းသားနိုင်ငံရေးဟု ဆိုရာ၌ အဓိကအားဖြင့်မူ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” ကို အာမခံသော နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ပေါက်စေရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။

ထိုနိုင်ငံရေးစနစ်သည် ဒီမိုကရေစီအုပ်ချုပ်မှုဖြင့် လည်ပတ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟု တိုင်းရင်းသားများမှ ကာလရှည်ကြာကတည်းကပင် အုပ်ချုပ်သူအစိုးရ အဆက်ဆက်အား အဆိုပြုခဲ့လေသည်။ သို့သော် ထိုအဆိုပြုမှုသည် လွဲမှားသော အဓိပ္ပာယ်ဖွင့်ဆိုမှုဖြင့်သာ မြန်မာ့နိုင်ငံရေး၏ အတိတ်ကာလများ၌ “ဖက်ဒရယ်မည်သည် ခွဲထွက်ရေးမူ” ဖြစ်သည်ဟူ၍ လွဲမှားစွာပင် ကင်ပွန်းတပ်ခဲ့ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာ၌ စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် အဖြေထွက်လာနိုင်မည့် နည်းလမ်းတစ်ခု မဟုတ်ကြောင်း သုံးသပ်သည်ဟုလည်း KNU ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး ရော်ဂျာခင်က သုံးသပ်ပြောကြားသွားခဲ့သည်။

“ကျွန်တော်တို့က ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ တစိုက်မတ်မတ် သွားမယ်၊ စစ်တိုက်လာတာ အနှစ်ပေါင်း ၆၀ ကျော်ပြီ၊ ဘယ်သူမှ အကျိုးမရှိဘူး၊ ဘာအဖြေမှ မထွက်ဘူး၊ အခု အစိုးရက ဖွင့်ပေးလာတဲ့ နိုင်ငံရေးအခွင့်အရေးကို ကျွန်တော်တို့ တွေ့ဆု ဆွေးနွေးပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဲဒီလမ်းကြောင်းကို ကျွန်တော်တို့ ယူတယ်၊ သဘောက ကျွန်တော်တို့ တောင်းဆိုချက် မပေးဘဲ စစ်ရေးကိုပဲ တစ်ဖက်သတ် တွန်းပို့မယ့် အနေအထား ရောက်ရင်တော့ ကျွန်တော်တို့ မတတ်နိုင်ဘူး” ဟု ဖဒိုရောဂျာခင်က ဆိုပါသည်။

တိုင်းရင်းသားနိုင်ငံရေး အခန်းကဏ္ဍသည် မြန်မာ့နိုင်ငံရေး၏ အခန်းကဏ္ဍ တစ်ထောင့်တစ်နေရာ၌သာ သမိုင်းတစ်လျှောက် နေရာရခဲ့ပြီး မြန်မာ့နိုင်ငံရေး၌ အသေးအဖွဲပြဿနာဟုသာ မြန်မာအစိုးရ အပါအဝင် အနောက်နိုင်ငံများက သဘောထားခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖွဲ့စည်းထားသည့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(NCCT) မူကြမ်းရေးဆွဲရေး ကိုယ်စားလှယ်များနှင့် အစိုးရ ဖွဲ့စည်းထားသည့် မူကြမ်းရေးဆွဲရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (Single Draft) ရရှိစေရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးဖြစ်သော်ငြား “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်” ထွက်ရှိလာနိုင်မည့် အနေအထားမှာ မည်သည့်အခြေအနေတွင် ရှိနေကြောင်းကို ခန့်မှန်းရခက်နေဆဲဖြစ်သည်။

ထို့ပြင် အပစ်ရပ်မူကြမ်း (Single Draft) အပေါ် အစိုးရ၏ သဘောထားမှာ တင်းမာနေဆဲ ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်ရေးမှူး နိုင်ဟံသာက ပြောသည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရပ်တည်ချက်မူ ၆ ချက်အရ ကျွန်တော်တို့ လက်နက်စွန့်ရမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ နိုင်ငံရေးဆွေးနွေးရမယ်၊ ဒါတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က လက်ခံဖို့ ခက်ခဲတဲ့ အချက်တွေပါ နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီရေး၊ နိုင်ငံရေးတို့ မည်သည်မှာ ဒင်္ဂါးတစ်ချပ်၏ ခေါင်းနှင့်ပန်းဖြစ်၍ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းမှ ရမည်ဖြစ်ကြောင်း နိုင်ဟံသာက သုံးသပ်ပြောဆိုပါသည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန်ကမူ ရှေ့ဆက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်နက်ကိုင်ပဋိပက္ခများကို တစ်နိုင်ငံလုံ အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက် မိမိ ကတိပြုထားသည့်အတိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်သာ အဖြေရှာနိုင်ရန် မျှော်မှန်းကြောင်း ယခုလဆန်း၌ ထုတ်လွှင့်ခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

သို့သော်လည်း တိုင်းရင်းသားနိုင်ငံရေးပြဿနာကို အစိုးရမှ နားလည်မှု လွဲနေသမျှ၊ ကိုင်တွယ်ပုံ လွဲနေသမျှ ကာလပတ်လုံး မြန်မာ့နိုင်ငံ၏ တိုင်းရင်းသားနိုင်ငံရေးပြဿနာ ချုပ်ငြိမ်းဖို့ရာ လမ်းမမြင်သေးပေ။

အထူးသဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ရရှိ ထားပြီးသော်ငြားလည်း ပတ်ခတ်မှု ပြည်လည်ဖြစ်ပွားနေသည့် သာဓကတို့အား အခြေခံ၍ အစိုးရ၏ ပိုမိုထိရောက်သော၊ ချဉ်းကပ်မှုမှန်သော လမ်းကြောင်းမှ တိုင်းရင်းသားပြဿနာကို ဖြေရှင်းပါက ပိုမို ထိရောက်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

(ရွှေဟင်္သာသတင်းဌာနမှ …)

No comments: