Friday, May 9, 2014

စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ်ဇင်

(၂၀၁၄ မေလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

ကာလကြာရှည်စွာ ရပ်တည်ခဲ့တဲ့ စုံစမ်းထောက်လှမ်းမှု ဂျာနယ်လစ်ဇင်ကို ဟန့်တားနှောင့်ယှက်နေတဲ့ အရာကတော့ အကြောက်တရားပါပဲ။ တရားစွဲဆိုခံရမှာ၊ လူမကြိုက်မှာ၊ အင်အားကြီးမားတဲ့ အုပ်စုတွေရဲ့ ဝေဖန်ခံရမှာ ကြောက်နေရတာပါပဲ။

အဲရစ်ရှလော့ဆာ (၁၉၅၉ ဖွား) အမေရိကန် ဂျာနယ်လစ်

၁၉၇၂ ခုနှစ်တွင် တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ရသည့် ၀ါးတားဂိတ် အရှုပ်တော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ ၀ါးတားဂိတ် အရှုပ်တော်ပုံဟူသည် အမေရိကန်တွင် တိုင်းသူပြည်သားတို့၏ ရပိုင်ခွင့်ကို ရုပ်သိမ်းရန် ကြိုးပမ်းမိရာမှ ကြိုးပမ်းသူသမ္မတ၏ အခွင့်အာဏာများ ရုပ်သိမ်းခြင်းကို ခံလိုက်ရသည့် ဖြစ်ရပ်ဖြစ်သည်။ ၀ါးတားဂိတ် အရှုပ်တော်ပုံကို ဖော်ထုတ်ရာတွင် ၀ါရှင်တန်ပို့စ် သတင်းစာမှ သတင်းထောက် နှစ်ဦးဖြစ်သော ရောဘတ်ဝုဒ်ဝပ်နှင့် ကားလ်ဘန်းစတိန်းတို့သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူတို့သည် စုံစမ်းထောက်လှမ်းမှု ဂျာနယ်လစ် (Investigative Journalist) များဖြစ်ကြသည်။

စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ်ဇင်တွင် ဂျာနယ်လစ်သည် ကျင့်ဝတ်ဖောက်ပြန်မှု၊ စာရိတ္တပျက်ပြားမှုနှင့် တရားဥပဒေ ချိုးဖောက်မှုများကို ဖော်ထုတ်ရေးသားရပြီး လူပုဂ္ဂိုလ်တစ်ဦးချင်း သော်လည်းကောင်း၊ လုပ်ငန်းအဖွဲ့အစည်းအလိုက် သော်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းများက သော်လည်းကောင်း အထွန့်တက်ကာ ပြဿနာရှာနိုင်သည့် ကိစ္စဖြစ်သည်။ အချိန်ကုန်ပြီး ကုန်ကျစရိတ်လည်းများသော သတင်းများဖြစ်သည်။ ဂျာနယ်လစ်များ အဖွဲ့အလိုက် လုပ်ကိုင်ရန် လိုအပ်သည်။ လနှင့်ချီလျက် သုတေသနပြုလုပ်ရန် လိုအပ်နိုင်သည့်အပြင် လူပေါင်းများစွာတို့နှင့်လည်း အင်တာဗျူး အကြိမ်ကြိမ်ပြုလုပ်ရန် လိုအပ်သည်။

သတင်းသဘောသဘာဝအရ ထိပ်တိုက်ရင်ဆိုင်ရသည့်သဘော၊ ပြဿနာ ဖြစ်တတ်သည့်သဘော ရှိသောကြောင့် ဤဂျာနယ်လစ်ဇင် အမျိုးအစားသည် သတင်းဌာနတစ်ခု၌ ဘတ်ဂျက်ငွေ နည်းပါးမှုကြောင့် ပထမဆုံး ထိခိုက်နိုင်သည့် အမျိုးအစားဖြစ်ပြီး သတင်းဌာနကို ပြင်ပမှ အနှောင့်အယှက် ပြုလာနိုင်သည့် အမျိုးအစားလည်းဖြစ်သည်။ စုံစမ်းထောက်လှမ်းမှု ဂျာနယ်လစ်ဇင်ကို မှန်ကန်စွာ လုပ်ဆောင်နိုင်ပါက ဖြေရှင်းရန် လိုအပ်နေသည့် ပြဿနာရပ်များနှင့် အခြေအနေ ရပ်မှန်များကို အစိုးရနှင့်ပြည်သူများ စိတ်ဝင်တစား သဘောပေါက်နားလည် သတိပြုမိလာနိုင်သည်။

စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ်ဇင်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပြုခြင်းသည် ပြည်သူများအား အာဏာအပ်နှင်းမှု တစ်ရပ်ပင်ဖြစ်သည်။ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ်ဇင်ကို ဆောင်ရွက်သည့် မီဒီယာများသည် ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် စောင့်ကြည့်သော အဖွဲ့များအဖြစ် ထမ်းဆောင်သည်။ သို့သော် ယင်း၌ သတင်းအချက်အလက်များ ရယူပိုင်ခွင့်သည် လွန်စွာအရေးကြီးသည်။ ထို့ကြောင့် ပြည်သူလူထုနှင့်ဆိုင်သော သတင်းအချက်အလက်များကို ရယူရန်ခွင့်ပြုသည့် သတင်းအချက်အလက်ဆိုင်ရာ လွတ်လပ်ခွင့်ဥပဒေသည် မရှိမဖြစ် လိုအပ်သည်။ သက်တမ်းနုသည်ဖြစ်စေ ရင့်သည်ဖြစ်စေ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် လွတ်လပ်၍ အမှီအခိုကင်းပြီး ဘက်ပေါင်းစုံအမြင်ရှိသော စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ်ဇင်ကို ကျင့်သုံးသည့် မီဒီယာများက အချက်အချာကျသည်။

ထို့ကြောင့် စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ်ဇင်သည် ဥပဒေ၏ ပွင့်လင်းမြင်သာမှု၊ ကျင့်သုံးမှုနှင့် လုပ်ထုံးလုပ်နည်းများကို တည့်မတ်ပေးနိုင်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး တို့အတွက် လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments: