Tuesday, May 20, 2014

ဒီကလာ့ခ်၊ မင်ဒဲလားနဲ့ မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပြဿ နာ

ဝင်းနိုင်ဦး
May 20, 2014 at 3:57am

အများသိတဲ့အတိုင်း အခြေခံဥပဒေတစ်ရပ် ရေးဆွဲရာမှာ လူ့ဂုဏ်သိက္ခာ လူတစ်ဦးချင်း လွတ်လပ်ခွင့်နဲ့ နိုင်ငံတော်တစ်ခုလုံးရဲ့ စစ်မှန်တဲ့ အနာဂတ်အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုရည်မှန်း ဘယ်လိုအကောင်အထည်ဖော်သွားမယ် ဆိုတဲ့ အချက်တွေကို မိမိတို့နိုင်ငံရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ လူမျိုးပေါင်းစုံနေထိုင်မှု၊ ဒေသတွင်းအနေအထား၊ လက်ရှိ နိုင်ငံရေးအခြေအနေ စတာတွေကို ထည့်သွင်းတွက်ချက်ရေးဆွဲကြရတာမျိုး။ ဒါကြောင့် “ကမ္ဘာပေါ်မှာ အခြေခံဥပဒေတွေဟာ တစ်ထပ်တည်း မဖြစ်နိုင်ဘူး၊ ထပ်တူပြုရေးရှုဒေါင့်ကနေ ချဉ်းကပ်လို့မရဘူး” လို့ အခြေခံဥပဒေရေးဆွဲသူတွေ ပညာရှင်တွေက ပြောလေ့ရှိကြတယ်မဟုတ်လား။ မှန်ပါတယ်။ ဒါပေမယ့် အဲဒီပြောဆိုချက်တွေနောက်မှာ ဖုံးကွယ်ထားတဲ့ မြှုပ်ထားတဲ့ အားကောင်းတဲ့ အမှန်တရားတစ်ရပ်လည်း ရှိပါသေးတယ်။ အဲဒါကတော့ ‘အယူစွဲနဲ့ ကိုယ်ကျိုးစီးပွား’ပါပဲ။

မတူကွဲပြားသူတွေ စုပြီး အခြေခံဥပဒေ ရေးဆွဲတဲ့အခါမှာ၊ သို့မဟုတ် ခေတ်ပြောင်းခေတ်လွှဲကာလ အခြေခံဥပဒေတစ်ရပ် ရေးဆွဲတဲ့အခါမှာ..

၁။ မိမိ၊ မိမိပါတီ၊ မိမိအဖွဲ့အစည်း၊ မိမိလူမျိုးစုရဲ့ သီးခြားအမြင် ယုံကြည်ချက်တွေ (ဒါက နားသက်သာအောင် ပြောတာပါ။ လိုရင်းပြောရင် အယူစွဲတွေ၊ လူမျိုးစွဲတွေ၊ ဒေသစွဲတွေ)ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထင်ဟပ်ပါဝင်နိုင်အောင်၊

၂။ မိမိအကျိုးစီးပွား (လုံခြုံရေးနဲ့ အနာဂတ်အာမခံချက် အပါအဝင်) ကို အာမခံနိုင်အောင် အထိပါးမခံရအောင် ထည့်သွင်းရေးဆွဲလေ့ရှိကြ၊ ထည့်သွင်းရေးဆွဲနိုင်အောင် ကြိုးစားလေ့ရှိကြတာ ဓမ္မတာပါပဲ။

ကမ္ဘာ့ဘယ်နိုင်ငံ ဘယ်နိုင်ငံသား ဘယ်လူမျိုး ဘယ်ပညာရှင်က ဆွဲဆွဲ ဘယ်အခြေခံဥပဒေမှာမဆို အဲဒီအချက်ပါကို ပါပါတယ်။ အမြော်အမြင်တရားက ကိုယ့်အစွဲကို ကျော်လွန်နိုင်စွမ်းတဲ့ တချို့တချို့သော အချိန်အခါများက လွဲရင်ပေါ့။

အများသိတဲ့အတိုင်း နိုင်ငံတစ်နိုင်ရဲ့ နိုင်ငံရေးအကူးအပြောင်းတိုင်းမှာ ရှိပြီးသား အခြေခံဥပဒေကို ပြောင်းကြ၊ ဖျက်ကြ၊ ပြင်ကြ၊ အသစ်ရေးဆွဲကြတာပါပဲ။ တခြားအပြောင်းအလဲမျိုးတွေကိုတော့ ထားပါတော့။ မျက်မှောက်နိုင်ငံတကာသမိုင်းမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းချိန် အပြောင်းအလဲကာလ အခြေခံဥပဒေရေးဆွဲရာမှာတော့ ယေဘုယျအားဖြင့် သုံးမျိုး ဖြစ်ပေါ်လာလေ့ရှိတယ်လို့ ဆိုကြပါတယ်။

ပထမတစ်မျိုးက အာဏာရှင်တွေက ဦးဆောင်တဲ့ နိုင်ငံအပြောင်းအလဲမျိုးမှာ ရေးဆွဲလေ့ရှိကြတဲ့ အခြေခံဥပဒေမျိုး။ အာဏာချုပ်ကိုင်ထားသူတွေက ဒီမိုကရေစီစံနှုန်းတချို့နဲ့ နိုင်ငံ့အကျိုးစီးပွား (သူတို့နားလည်တဲ့ နိုင်ငံ့အကျိုးစီးပွား) ကို ရှေ့က တင်ပြီး၊ သူ့စိတ်ကြိုက် ဒါမှမဟုတ် သူ့စိတ်ကြိုက်နီးပါး လိုလားချက်တွေနဲ့ အဆုံးသတ်ထားတဲ့ အခြေခံဥပဒေမျိုး ဖြစ်ပါတယ်။ ဒါတောင်မှ သူ့လိုလားချက်တွေကို အခြေခံဥပဒေထဲ ဘယ်လောက်အထိ ထည့်သွင်းနိုင်တယ် မထည့်သွင်းနိုင်ဘူး ဆိုတာကတော့ အဲဒီအချိန်မှာရှိနေတဲ့ အတိုက်အခံတွေရဲ့ အင်အားအပေါ်မှာ မူတည်ပါတယ်။ ရိုးရိုးလေးပြောရရင် အတိုက်အခံ အားနည်းရင် အခြေခံဥပဒေမှာ သူ့လိုလားချက်တွေ များများထည့်နိုင်မယ်၊ အတိုက်အခံအားကောင်းရင် နည်းသွားမယ်။

ဒုတိယတစ်မျိုးက လူထုတိုက်ပွဲနည်းနဲ့ အလုံးစုံ အောင်ပွဲဆင်နိုင်တဲ့အခါမျိုးမှာ လူထုခေါင်းဆောင်တွေက ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေမျိုးပါ။ အဲဒီအခြေခံဥပဒေမျိုးကလည်း မူအားဖြင့်တော့ အထက်ပါသဘောအတိုင်းပါပဲ။ နေရာချင်းပြောင်း စဉ်းစားလိုက်ရုံပါပဲ။ လူထုဆန္ဒကို ထင်ဟပ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီမိုကရေစီစံနှုံးတွေကို ထည့်သွင်းအခြေခံတာ မှန်ပေမယ့် မိမိတို့အလိုကျ (ဆိုပါတော့ လူထုအလိုကျဆိုတဲ့ ခေါင်းစဉ်နဲ့) ရေးဆွဲဖို့ အားထုတ်ကြ၊ ရေးဆွဲကြတာပါပဲ။ အစိုးရဟောင်းအတွက် အင်မတန် အန္တရာယ်ကြီးမယ်လို့ မှတ်ယူရမယ့် အခြေခံဥပဒေမျိုး ဖြစ်လာဖို့ အလားအလာများပါတယ်။ ဖော်ပြခဲ့တဲ့ အနေအထားနှစ်ရပ်မျိုးမှာ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးဟာ ‘တစ်ဖက်သတ်ရေးဆွဲတဲ့ ဥပဒေတွေ’လို့ တစ်ဖက်နဲ့တစ်ဖက် သတ်မှတ်ယိုးစွပ်တတ်ကြပါတယ်။

တတိယအမျိုးအစားကတော့ အာဏာပိုင်နဲ့ အတိုက်အခံအင်အားစုတွေ တွေ့ဆုံညှိနှိုင်းပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးအနေအထားပေါ်မှာ နှစ်ဦးနှစ်ဘက်အတွက် မျှတနိုင်သမျှ အမျှတဆုံးဖြစ်အောင် ဘုံသဘောတူညီချက်တွေပါဝင်တဲ့ အခိုင်အမာ ကတိကဝတ်စာချုပ် (အခန့်ပြောချင်ရင် ပဋိညာဉ်) ကြိုတင်ချုပ်ဆိုပြီးမှ အခြေခံဥပဒေရေးဆွဲတာမျိုးပါ။(သို့မဟုတ် အခြေခံဥပဒေပြင်တာမျိုးပါ။ သြဇာအပြည့်အဝရှိတဲ့(ကိုယ့်ဘက်ကို အမိန့်ပေးနိုင်၊ ဖျောင်းဖျနားချနိုင်စွမ်း အနေအထားမှာရှိတဲ့) နှစ်ဘက်ခေါင်းဆောင်တွေချင်း တွေ့ဆုံဆွေးနွေးပွဲညှိနှိုင်းမှုမျိုးတွေကနေသာ ပေါ်ထွက်လာနိုင်တဲ့ ရလာဒ်မျိုး။ တစ်ဘက်သမာဓိကို တစ်ဘက်က ယုံကြည်စိတ်ချမှု၊ တစ်ဘက်အင်အားကို တစ်ဘက်က လေးစားအသိအမှတ်ပြုမှု၊ ကိုယ့်ဘက်က အကြပ်အတည်းကို ကိုယ်ကိုယ်တိုင် ခြေခြေမြစ်မြစ် သိမြင်မှုတွေကို အရင်းခံပြီးမှ ရလာတတ်တာမျိုးပါ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာပေါ့။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာမှာအကျော်ကြားဆုံး ဥပမာကတော့ အများသိတဲ့အတိုင်း တောင်အာဖရိကနိုင်ငံရေးဖြစ်စဉ်ပါပဲ။ လူဖြူအစိုးရသမ္မတ de Clark နဲ့ လူမည်းအတိုက်အခံခေါင်းဆောင် Mandella တို့ရဲ့ ပဋိညာဉ်ဖြစ်စဉ်ပါ။)

ဒါတောင်မှ တွေ့ဆုံညှိနှိုင်းရေးဖြစ်စဉ်အတွင်း အနာဂတ်အမျိုးသားအကျိုးစီးပွားဆိုတာအပြင် သူ့ဘက်ကိုယ့်ဘက် ကိုယ့်အမြင် ကိုယ့်အမှန်တရားနဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကြည့်ကြ ညှိကြ တင်းကြ လျှော့ကြ အပေးအယူလုပ်ကြရပါတယ်။ သူနာကိုယ်နာတာတွေ အများကြီး။ ကိုယ့်အင်အားစုတွေက ကိုယ့်ခေါင်းဆောင်တွေရဲ့ အလျှော့ပေးမှုတွေအပေါ် အားမလိုအားမရဖြစ်၊ မခံမရပ်နိုင်ဖြစ်၊ ငိုကြီးချက်မတွေ ဖြစ်၊ အစည်းအဝေးခန်းကို ကျောခိုင်းထွက်သွား၊ သေနတ်ထဆွဲ ဖြစ်ရတာတွေလည်း သူ့ဘက်ကိုယ့်ဘက်မှာ အများကြီး။

အများသိပြီးဖြစ်တဲ့အတိုင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပထမအမျိုးအစားဖြစ်ပါတယ်။ ဒီတော့ အဲဒီအမျိုးအစားရဲ့ သဘောသဘာဝကို လွန်ဆန်နိုင်စရာအကြောင်း မရှိပါဘူး။ တိုင်းပြည်အတွက် ကံမကောင်းဖြစ်ရတာကတော့ အဲဒီသဘောသဘာဝကို လွန်ဆန်နိုင်လောက်တဲ့၊ သို့မဟုတ် အမျိုးသားအကျိုးစီးပွားသက်သက်ကိုသာ ဦးတည်တဲ့ အတွေးအခေါ် ဦးဆောင်နိုင်စွမ်းမျိုး စစ်အစိုးရဘက်မှာ မရှိခဲ့တဲ့အတွက် တတိယအမျိုးအစားဘက်ဆီကို ဦးမလှည့်နိုင်ဖြစ်ခဲ့ရတာပါ။

ဒီတော့ ဒီလို ဘာလို့ ဦးမလှည့်နိုင်ဖြစ်ခဲ့ရပါသလဲ။ အဓိကကတော့ စစ်အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေ တစ်ဘက်နဲ့တစ်ဘက် အယုံအကြည်ကင်းမဲ့နေတဲ့ နိုင်ငံရေးရေခံမြေခံကြောင့်ပါပဲ။ ဒီအယုံအကြည်ကင်းမဲ့မှုဟာ လုံးဝသဘောဆောင်တဲ့၊ နိုင်ငံသစ်တစ်ခုဆီဦးတည်မယ့် အပြောင်းအလဲတွေကို အခြေခံက စ ပျက်ပြားစေမယ့် အယုံအကြည်ကင်းမဲ့မှုမျိုး ဖြစ်နေပါတယ်။

သိကြတဲ့အတိုင်း ၁၉၈၈ မှာ ဒီမိုကရေစီလှုပ်ရှားမှုဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းတယ်။ ‘လက်နက်ကိုင်တော်လှန်ရေးမှတပါး တခြားမရှိ’ ဆိုတဲ့ ယတိပြတ်သုံးသပ်ချက်နဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ အတော်များများ တောခိုသွားတယ်။ အဲဒီထဲမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှုကာလတုန်းက ဦးဆောင်ခဲ့တဲ့တဲ့(အဲဒီနည်းကျင့်သုံးရာမှာလည်း ကျွမ်းကျင်တဲ့) ထက်မြက်တဲ့ ခေါင်းဆောင်ပိုင်းအတော်များများ ပါသွားတယ်။ ဒီလိုနဲ့ မြေပေါ်လှုပ်ရှားမှု အားလျော့သွားတယ်။ ငုပ်သွားတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ ပြန်မော့လာတယ်။ မြေပေါ်မြေအောက်လှုပ်ရှားမှုတွေလည်း ပြန်ခေါင်းထောင် အင်အားကောင်းလာတယ်။ ဒီအချိန်မှာ အထင်ရှားဆုံး တိုင်းပြည်လက္ခဏာကတော့ စစ်တပ်နဲ့ ပြည်သူ စိတ်ဝမ်းကွဲတာပဲ။ ပြီးတော့ စစ်အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေကြား စေ့စပ်လို့မရအောင် စိတ်ဝမ်းကွဲတာပဲ။

နောက် ရွေးကောက်ပွဲလုပ်တယ်။ NLD နိုင်တယ်။ ဒါပေမယ့် စစ်တပ်က အာဏာမလွှဲဘူး။ ဟိုဘက်ဒီဘက်မှာလည်း ဟိုကြေညာချက် ဒီကြေညာချက်တွေ ထုတ်ပြီး ရာဇသံပေးကြ၊ ဟိန်းဟောက်ကြ၊ အင်အားပြကြ၊ ခြောက်လှန့်ကြတာတွေလည်း ရှိလာတယ်။ အဓိကက NLD နဲ့ အတိုက်အခံအင်အားစုတွေကို စစ်အစိုးရက လုံးဝမယုံတာပဲ။ ဒီတော့ အခြေခံဥပဒေရေးဆွဲရေးကို NLD လက်ထဲ ဝကွက်မအပ်နိုင်ဘူး။ NLD နဲ့ ဒီမိုကရေစီအင်အားစုတွေက ဦးဆောင်ပြီး အခြေခံဥပဒေရေးဆွဲတာကို လက်မခံနိုင်ဘူး။

အဲဒီအချိန် ဒီမိုကရေစီဘက်ကို ကြည့်ပြန်ရင်လည်း ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်တယ်။ အနိုင်မာန်တက်တယ်။ ‘ဗိုလ်ချုပ်ခင်ညွန့်လိုလူမျိုးကို နုရင်ဘာ့ဂ်စစ်ခုံရုံးလို ခုံရုံးမျိုးကို တင်ရမယ်’ ဆိုတဲ့ စကားသံမျိုးတွေအထိ ထွက်လာတယ်။ (ရော..ခုံရုံးကို ဘယ်လို တင်ကြမတုန်း။ သေနတ်ခါးကြားထိုးထားသူကရော ကြည်ကြည်သာသာ အတင်ခံပါမတဲ့လား။ လက်ရှိနဲ့လက်မဲ့။) ဒီမှာ စစ်အစိုးရက ဒီမိုကရေစီအင်အားစုတွေအပေါ် ပိုပြီး မယုံမကြည်ဖြစ်လာတယ်၊ ဒါမှမဟုတ် မူလ မယုံကြည်စိတ်က ပိုခိုင်မာလာတယ်။ ‘NLD က စစ်တပ် ဖြိုခွဲရေးလုပ်နေတယ်’လို့လည်း စစ်အစိုးရခေါင်းဆောင်ပိုင်းက တလျှောက်လုံး စွဲမြဲလာခဲ့၊ စွပ်စွဲလာခဲ့တယ် မဟုတ်လား။ (မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံဦးအောင်သောင်းက NLD ကို ရည်ရွယ်ပြီး ‘အာဃာတနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား..’ စသဖြင့် ထည့်သွင်းပြောဆိုသွားသေးတယ် မဟုတ်လား။ ဇန္နဝါရီ ၃၊ ၂၀၁၄ မြန်မာသံတော်ဆင့်ဂျာနယ်။) ဒီအခြေအနေမျိုးမှာ ရွေးကောက်ပွဲအနိုင်ရပါတီက ရေးဆွဲရင် ဘယ်လိုအခြေခံဥပဒေမျိုး ထွက်လာမယ်ဆိုတာ စစ်အစိုးရက အပိုင်တွက်ပြီးသား(မှားမှားမှန်မှန်။) သူ့ကို ချည်ပြီးတုပ်ပြီး ဥပဒေမျိုးပဲ ထွက်လာမယ်လို့ စစ်အစိုးရက ယုံတယ်။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူကပဲ ဦးဆောင်ရေးဆွဲမယ်ဖြစ်လာပြီး အာဏာလွှဲရေးကို လမ်းလွှဲလိုက်တယ်။ ပြီးတော့ အခြေခံဥပဒေ ဆွဲတယ်။

တပြိုင်တည်းမှာပဲ ဒီမိုကရေစီအင်အားစုတွေဘက်ကလည်း စစ်အစိုးရအတိုင်းပဲ။ စစ်အစိုးရအပေါ် ယုံကြည်မှုဆိုလို့ မြူမှုံတမှုံလောက်တောင် မရှိပါဘူး။ “စစ်အစိုးရဟာ ‘လွတ်လပ်ပြီး တရားမျှတပါတယ်’ဆိုတဲ့ ‘ရွေးကောက်ပွဲရလဒ်’ကို အသိအမှတ် မပြုဘူး။ ထုံးတမ်းစဉ်လာ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီကျင့်စဉ်အရ လွှတ်တော်ခေါ်မပေးဘူး။ ‘ဒီမိုကရေစီကို ဦးတည်နေပါတယ်’ လို့ စကြာဝဠာတံတိုင်းတိုင်အောင် ‘တတွင်တွင်’အော်နေပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို အသိအမှတ်မပြုဘူး။ မလေးစားဘူး။ ဥပဒေချိုးဖောက်သူတွေအဖြစ် သဘောထားတယ်။ ရှုမြင်တယ်။ တပ်နဲ့ ပြည်သူကြား သွေးခွဲတယ်။ ရန်တိုက်တယ်။ ဒီမိုကရေစီအင်အားစုတွေကို ထိန်းချုပ်နိုင်ဖို့ အင်အားချည့်နဲ့သွားဖို့ မတရားတဲ့ ဥပဒေအမျိုးမျိုး ထုတ်တယ်။ နိုင်ငံရေးသမားနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အဲဒီဥပဒေတွေနဲ့ ဖမ်းပြီးရင်ဖမ်း ထောင်ထဲ ထည့်ပြီးရင်းထည့် လုပ်လာတယ်။ အာဏာကို ဖက်တွယ်ထားနိုင်သမျှ ဖက်တွယ်ထားမယ်။ အာဏာလွှဲပြောင်းမယ်လို့ မှတ်ယူနိုင်တဲ့ လုပ်ရပ်နဲ့ ရည်ရွယ်ချက်မျိုးတွေ မတွေ့ရဘူး…” စသဖြင့် သတ်မှတ်ယူဆပြီး စစ်အစိုးရအပေါ် ယုံကြည်မှု လုံးဝမရှိဘူး။

ဒီလိုရေခံမြေခံပေါ်မှာ စစ်အစိုးရက လက်ရှိ နာဂစ်အခြေခံဥပဒေကို ဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီအခြေခံဥပဒေကိုလည်း သူ့လိုလားချက်တွေ ပြည့်ဝစေမယ့် အာမခံချက်ပေးနိုင်မယ့် နည်းလမ်းနဲ့ အခင်းအကျင်းတွေ ခင်းကျင်းပြီးတော့သာ ရေးဆွဲခဲ့တာဖြစ်တယ်။ ဒီတော့ နိုင်ငံအတွက် အန္တရာယ်ကြီးလောက်အောင် ဒီလိုနှစ်ဘက်ယုံကြည်မှု ဟင်းလင်းကင်းမဲ့နေချိန်မျိုးမှာ ဘယ်လို အခြေခံဥပဒေမျိုးကို စစ်အစိုးရဆွဲမလဲ။ ဘယ်လိုအသက်ကယ်ဆေးမျိုး ဖော်မလဲ။

တကယ်တော့ ၁၉၈၈ ခုနှစ် စက်တင်ဘာအာဏာသိမ်းမှုရဲ့ တကယ့်အဓိကက မဆလအစိုးရဟောင်းနဲ့ ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတွေရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ။ (နိုင်ငံ့သမိုင်းအပြောင်းအလဲကို ဘယ်သူ့လက်ထဲမှ လွှဲမပေးချင်ပဲ သူက ဦးဆောင်လုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းဖန်တီးရှင်အဖြစ် ကမ္ဗည်းအတင်ခံချင်တဲ့သဘောထား အဲဒီအာဏာသိမ်းကာစမှာ ရှိချင်လည်းရှိပေမပေါ။့)

ဒါပေမယ့် တကယ်စပြီး အခြေခံဥပဒေရေးဆွဲချိန်မှာတော့ အနေအထားက လုံးဝပြောင်းသွားပြီ။ ဒီကာလအတွင်း စစ်အစိုးရအနေနဲ့ အလွန်အကျွံတွေ အလုပ်အမှားအယွင်းတွေ လုပ်ရပ်တွေ ရှိလာပြီ။ သူ ဒါမှမဟုတ် သူ့မိသားစု ဒါမှမဟုတ် သူ၊ သူ့မိသားစုနဲ့ နီးစပ်သူတွေ ပိုင်ဆိုင်တဲ့ ကိုယ်ကျိုးစီးပွားတွေ ရှိလာပြီ။ အဲဒါတွေအပေါ် အခြေခံပြီး သူ့ရဲ့ကိုယ်ပိုင်အမြင်သစ် ကိုယ်ပိုင်အိုင်ဒီအိုလော်ဂျီတွေလည်း ဝင်လာပြီ။ ဒီတော့ သူ့ရဲ့ မူလအဓိကရည်ရွယ်ချက်က ပြောင်းသွားပြီ။ 'သူ့ရဲ့နောက်ပွား ကိုယ်ပိုင်လုံခြုံရေးနဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ အနာဂတ်မှာ အဲဒီအကျိုးစီးပွားတွေအတွက် အာမခံချက်ရှိဖို့’ ဖြစ်သွားပြီ။

ဒါတွေကို ဘယ်သူက အပြည့်အဝ အကာအကွယ်ပေးမလဲ၊ ဘယ်နည်းလမ်းက လုံလုံခြုံခြုံ အကာအကွယ်ပေးမလဲ၊ ဘယ်အရာက ဘယ်သူက အမှန်တကယ် စိတ်ချက်လက်ချ အာမခံချက်ပေးနိုင်မလဲ။ ဘယ်အရာမှ ဘယ်သူမှမရှိဘူးလို့ အဲဒီအချိန်အခါအနေအထားအရ သူက ပိုင်းဖြတ်တယ်။ (အာဏာကို လက်မလွှတ်တဲ့နည်း တိုက်ရိုက်ဆုပ်ထားတဲ့နည်းဟာ ရေရှည်မှာ ကိုယ့်အတွက် အန္တရာယ်ကြီးလာနိုင်တယ်၊ ဒါမှမဟုတ် ကိုယ့်ကိုကိုယ်သတ်သေတဲ့နည်း-Suiside Method-လို့ တွက်မိတယ်။ ဟာ..ဒါတော့မဖြစ်ဘူး။) ဒီမှာ အခြေခံဥပဒေနည်းလမ်းကို သွားတွေ့တယ်။ ရွေးတယ်။ ဒီတော့ ဘာလုပ်သလဲ။

တစ်ဘက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲရာမှာ ဘယ်တော့မှ မမှားနိုင်တဲ့ အမှန်တရားတွေ၊ ဘယ်အချိန်ထပြောပြော မလွဲနိုင်တဲ့ အချက်အလက်တွေ (ဥပမာ….ပြည်ထောင်စုမပြိုကွဲရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ နိုင်ငံတော်သည် အသိပညာရှင် အတတ်ပညာရှင်များ၏အကျိုးကို ကူညီဆောင်ရွက်မည်၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းသေးသိမ်စေမည့် ပြစ်ဒဏ်ပြဌာန်းခွင့် မရှိစေရ ဘာညာစတာတွေ…) ထည့်သွင်းတယ်။

နောက်တစ်ဘက်မှာကျတော့ သူ့လုံခြုံရေးနဲ့ သူ့အကျိုးစီးပွားကို ကျိန်းသေပေါက် အာမခံနိုင်မယ့်အချက်တွေ ထည့်လာတော့တာပဲ။ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းပါမယ်၊ ယင်းအဖွဲ့-နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့နှင့် အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ၊ မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ၊ သမ္မတ အရည်အချင်းက ဘယ်လို ဖြစ်ရမယ်၊ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ဘယ်လို ဖွဲ့စည်းရမယ်၊ ကူးပြောင်းရေးကာလ ပြဌာန်းချက်တို့၊ စစ်တပ်က အာဏာသိမ်းနိုင်ရေးတို့ကို ဦးတည်နေတဲ့ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တို့၊ အခြေခံဥပဒေကို ပြင်ရင် ၇၅ ရာခိုင်းနှုန်းကျော်က သဘောတူရမယ်တို့ ဆိုတာတွေ…။

ပွဲပြီးသွားပြီ။ ပွဲပြတ်သွားပြီ။ ဒါ ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီအပြောင်းအလဲကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတွေမှာ တွေ့ရတဲ့ ပုံစံတစ်မျိုးပဲ။ အနိုင်ရသူက ရေးဆွဲလေ့ရှိတဲ့ နိုင်သူအကုန်ယူ နိုင်သူအကုန်စား နိုင်သူအမှန်တရားပုံစံပဲ။ အဓိကကတော့ တစ်ဘက်နဲ့တစ်ဘက်၊ အာဏာရှင်အစိုးရနဲ့ ဒီမိုကရေစီအတိုက်အခံကြား ယုံကြည်မှု လုံးဝဥဿုံပျက်သုဉ်းချိန်မျိုးတွေမှာ ထွက်ပေါ်လာတဲ့ တစ်ဘက်သတ်ပုံစံပဲ။

ဒီတော့ ခြုံကြည့်ရင် ဒီအခြေခံဥပဒေဟာ နက်ရှိုင်းပြင်းထန်တဲ့ ရိုးတွင်းခြင်ဆီခိုက်နေတဲ့ နှစ်ဘက်မယုံကြည်မှု၊ မီးလိုပူပြင်းတဲ့ အမုန်းတရား အာဃာတတရားကို အဓိကအခြေခံတယ်။ အခြေခံဥပဒေရေးဆွဲနေချိန်မှာလည်း စစ်အစိုးရဟာ စိန်ခေါ်သူမရှိ အင်အားတောင့်တင်းတယ်။ အပေါ်စီး အနေအထားဖြစ်နေတယ်။ အတိုက်အခံ ဒါမှမဟုတ် ဒီမိုကရေစီရေးအင်အားစုတွေက အင်အားချိနဲ့နေတယ်။ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတယ်။ ဒါကြောင့် အဲဒီလိုမျိုးအခြေခံဥပဒေကို သူကိုယ်တိုင် ရေးဆွဲနိုင်ခွင့်ရသွားတာ။

ဒီတော့ ဒီလိုရေခံမြေခံမျိုးကနေ ထွက်ပေါ်လာတဲ့ အပင်ဟာ ထွားကျိုင်းသန်မာပါ့မလား၊ အပွင့်တဝေဝေ အခက်တဖားဖား ဖြစ်လာပါ့မလား၊ ကြုံလှီညှိုးခြောက်သွားမလားဆိုတာ ကမ္ဘာ့နိုင်ငံတွေရဲ့ အတွေ့အကြုံလောက်ထိတောင် လေ့လာစရာမလိုပါဘူး။ မိမိဖြတ်သန်းဖူး ရင်ဆိုင်ဖူး ရင်းနှီးဖူးတဲ့ ၈၈ သမိုင်းအတွေ့အကြုံအရကိုပဲ ‘တန်း’ ပြောနိုင်ကြမှာပါ။ (ကိုယ့်အိမ်တံစက်မြိတ်အောက်ကနေ လှမ်းကြည့်ရင်တောင် တန်းသိ တန်းမြင်နိုင်တာမျိုး။)

ဒီအခြေခံဥပဒေဟာ နိုင်ငံ့အနာဂတ်အကျိုးစီးပွားရှုဒေါင့်သက်သက်၊ ဒီမိုကရေစီစံနှုံးရှုဒေါင့်သက်သက်နဲ့ ရေးဆွဲခဲ့တာမဟုတ်ဘူး၊ ကိုယ့်ယုံကြည်မှုအစွဲ(‘ငါတို့သာအမှန်’ အစွဲ) နဲ့ကိုယ့်အကျိုးစီးပွားအတွက် ရေးဆွဲခဲ့တယ်ဆိုတာ ရေးဆွဲသူ ကာယကံရှင်တွေ သိပြီးသား။ အသိဆုံးကလည်း သူတို့ပဲ။ ဒီတော့ ဒီလိုနှစ်ဘက် (အစိုးရနဲ့ အတိုက်အခံ)ရော ပြည်သူတွေပါ သိသိကြီးဖြစ်နေတဲ့ အခြေခံဥပဒေအားနည်းချက်တွေ (အဓိကအားနည်းချက်တွေ)ကို ပြင်ဖို့လိုတယ်ဆိုတာ ဘယ်လိုမှ ငြင်းခုံစရာမရှိဘူး။

ဒါပေမယ့် အဲဒီလို ဖြစ်လာဖို့၊ အဲဒီလိုပြင်နိုင်ဖျက်နိုင်ဖို့ကတော့ လက်ရှိ နိုင်ငံရေးအနေအထား (အင်အားတောင့်တင်းတဲ့ လက်ရှိအာဏာရအစိုးရရယ်၊ အာဏာရပါတီရယ်၊ အခြေခံဥပဒေအရ အဆုံးအဖြတ်နေရာရထားတဲ့ တပ်မတော်အနေအထားရယ်၊ အင်အားနည်းနေတဲ့ အတိုက်အခံပါတီတွေရယ်၊ တပ်မတော်နဲ့ အင်အားချင်းမယှဉ်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရယ်နဲ့ ခင်းကျင်းထားတဲ့ လက်ရှိနိုင်ငံရေးအနေအထား)မှာ…

၁။ အစိုးရ၊ စစ်တပ်နဲ့ အတိုက်အခံအင်အားစုတွေကြား အရေးပါတဲ့အဆင့်အထိရောက်အောင် ယုံကြည်မှုတည်ဆောက်နိုင်ပြီ (ယုံကြည်မှုဆိုတာထက် ယုံကြည်စိတ်ချမှုဆိုတာ ဖြစ်မယ်ထင်ပါတယ်။ ‘စိတ်မချစရာတွေ’ကလည်း ‘သူ့ဘက်’ ‘ကိုယ့်ဘက်’ ပေါ်ပေါ်လာတတ်တာတွေ များများလွန်းတယ်မဟုတ်လား။)

၂။ အဲဒီယုံကြည်မှုအရ အမျိုးသားအကျိုးစီးပွားတစ်ခုတည်းသက်သက်ရည်ရွယ်ချက်နဲ့ သူ့ဘက်ကိုယ့်ဘက် အစွမ်းကုန် အလျှော့အတင်းလုပ်ဖို့ နှစ်ဘက်အရံသင့်ဖြစ်ကြပြီ

၃။ အဲဒီလိုဖြစ်လောက်အောင်လည်း အတိုက်အခံ (ကြီးကြီးငယ်ငယ်)တွေနဲ့ တိုင်းရင်းသားတွေကိုလည်း ဘယ်သူ့ကိုမှမချန်ပဲ တလုံးတစည်းထဲ စုစည်းနိုင်ပြီ။ ပြည်သူအများစုကြီးကလည်း တက်တက်ကြွကြွ တညီတညွတ်တည်း ဖော်ထုတ်တောင်းဆိုနေကြပြီ(သေနတ်နဲ့တည့်တည့်ပစ်ရင် တင့်ကားနဲ့တက်ကြိတ်ရင် ထွက်မပြေး၊ လူစုမခွဲတဲ့သတ္တိထူးမျိုးလည်း ရှိနေပြီ။ အဲဒီသတ္တိထူးပေါ်လာအောင်လည်း ခေါင်းဆောင်ဆိုသူများက မွေးပေးပြီးပြီဆိုပါတော့။)

၎။ အရင်အစိုးရတပ်မတော်ခေါင်းဆောင်ဟောင်းများအနေနဲ့လည်း သူတို့လုံခြုံရေးနဲ့ သူတို့အကျိုးစီးပွားအတွက် စိုးရိမ်စရာအလျှင်းမရှိတဲ့ အခိုင်အမာဘုံသဘောတူညီချက်၊ အခိုင်အမာကတိကဝတ်စာချုပ် ချုပ်ဆိုနိုင်ပြီ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ…။

အဲဒီလိုမျိုး မ‘ပြီ’၊ မ‘ပီ’လို့ကတော့ ၈၈ က ပြန်စမှာလား၊ ၉၀ ပြည့်က ပြန်စမှာလား၊ ၉၆ က ပြန်စမှာလား၊ ၂၀၀၇ က ပြန်စမှာလား။ ကိုယ့်ဆရာ.. ကြိုက်ရာသာ ရွေးပေတော့။ သေချာတာက ၂၀၁၄ ကတော့ မစနိုင်တော့ဘူး။

အပြောင်းအလဲကာလ တောင်အာဖရိကနိုင်ငံမှာလိုပဲ မြန်မာနိုင်ငံမှာလည်း ပြဿ နာတွေက ဒုနဲ့ဒေးပါ။ (သူက လူဖြူလူမည်း ပြဿ နာတောင် ပိုပါဦးမယ်။) အစိုးရနဲ့အတိုက်အခံကြား သဘောထားကွဲမှုတွေ ကြောက်စရာကောင်းလောက်အောင် ရှိတယ်။ သူမှန် ကိုယ်မှန် အမှန်စွဲကြီးတွေ ရှိတယ်။ လက်နက်ကိုင် ပုန်ကန်မှုတွေ ရှိတယ်။ ဆူပူအုံကြွမှုတွေ ပုံသဏ္ဍန်မျိုးစုံနဲ့ ရှိတယ်။ ဆက်ဖြစ်လာဦးမယ့် အလားအလာဆိုးတွေ ရှိတယ်။ လူမျိုးပေါင်းစုံ ပြဿနာတွေ ရှိတယ်။ တိုင်းရင်းသားပြဿနာတွေ ရှိတယ်။ တစ်ဘက်နဲ့တစ်ဘက် ရိုးတွင်းခြင်ဆီခိုက်နေတဲ့ မယုံကြည် စိတ်မချမှု ရန်လိုမုန်းထားမှုတွေ ရှိတယ်။ ကိုယ်ကျိုးစီးပွားတွေ ရှိတယ်။ မာန်မာနတွေ ရှိတယ်။ နောင် ရှင်းကောင်းရှင်းရမယ့် ပြဿ နာတွေ ရှိတယ်။ အားလုံးလိုလို ရှိပါတယ်။

ဟုတ်ကဲ့။ မြန်မာပြည်မှာမရှိတာက de Clerk နဲ့ Mandela ပါပဲ။

ဒီကလာ့ခ် (Frederik Willem de Klerk- တောင်အာရိကနိုင်ငံ လူမျိုးခွဲခြားရေးအစိုးရရဲ့ နောက်ဆုံး လူဖြူသမ္မတ။ 1989-1994)
မင်ဒဲလား (Nelson Rolihlahla Mandela-တောအာဖရိကနိုင်ငံ ပထမဆုံး လူမည်းသမ္မတ 1994-19999)

(Win Naing Oo ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

1 comment:

Unknown said...

ဒေါ်စုသာ မင်ဒဲလားစိတ်ဓာတ်မျိုး တစ်ဝက်လောက် ရှိရင်
တိုင်းပြည် ဒီအခြေအနေကို ရောက်စရာအကြောင်းမရှိဘူး
အတ္တအရမ်းကြီးတဲ့မိန်းမကြီး
ငါတို့ ပြည်သူတွေတော့ အာဏာရှင်လက်သစ်နဲ့ တွေ့ ရတော့မယ်
ဒါကလည်း ပြည်သူတွေရွေးချယ်တာပဲလေ ခံပေါ့