Wednesday, May 28, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုမှုအပေါ် သူတို့ ဘယ်လိုမြင်ကြသလဲ

(Aungmyo Tun's Facebook Status ၊ Photo - Kumudra)

လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို စိန်ခေါ်ပြီး ပြောနေတယ်လို့ ကောက်ယူတဲ့သူတွေကတော့ မှားတယ်လို့ပဲ ပြောရမှာပဲ။ ကျနော်မြင်တာတော့ အန်တီပြောတဲ့မိန့် ခွန်းက တပိမတော်ကို မိုက်လား၊ သတ္တိရှိလား၊ အခွင့်ထူးမယူပါနဲ့ ပြောတာတွေက စိန်ခေါ်တဲ့သဘော မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်မှာက နိုင်ငံရေးလုပ်တဲ့နေရာမှာ နည်းနည်းလေး သဘောတိမ်တာတွေ ရှိပါသေးတယ်။ နိုင်ငံရေးမှာက ရွှေဘလိုပေါ့ဗျာ။ ကလေးကြိုက်လို့  လက်ခုပ်တီးတာပေါ့။ ပြီးတော့ တပ်မတော်နဲ့ အန်တီကြားမှာ ဘာမှမဖြစ်ပါဘူး။ သေချာစဉ်းစားကြည့်မယ်ဆိုရင် တပ်မတော်အနေနဲ့  စဉ်းစားသင့်တဲ့အချက်ကို ပြောပြသွားတဲ့အတွက် တပ်မတော်အနေနဲ့  ပိုပြီးဝမ်းသာရဦးမှာပါ။ ဒီ ၄၃၆ က တပ်ပါမှ ကိုယ်ပြင်မှရမယ် ဆိုတာကြီးကိုက ကျနော်မကြိုက်တော့ အသစ်ပြန်ရေးဆွဲချင်တဲ့အထဲမှာ ကျနော် ပါပါတယ်။ သေချာတာတခုကတော့ သူတို့ ဘက်က စပိတ်တစ် ကိုင်ပြီးတော့ ကစားနေတဲ့ ဖဲဝိုင်းလိုဖြစ်နေတယ်။ ကျနော်တို့ ဆီက လူတွေက သူတို့ ကစားနေတဲ့ ကစားကွက်ထဲ ကျနော်တို့ ဝင်နေတယ်။ ကျနော်တို့ က ၄၃၆ ပြင်ဖို့  ပြဿနာဖြစ်လာရင် ဟိုဘက်က မျိုးစောင့်နဲ့ ပစ်တယ်။ နောက်တခုလာရင် နောက်တခုနဲ့ ထပ်ပစ်မှာပဲ။ ဒီလိုမျိုးလုပ်လို့ ရအောင် သူတို့ မှာ အစတွေ အများကြီးပဲ။ အခု လက်မှတ်ထိုးတာတွေ၊ စည်းရုံးတာတွေက နည်းလမ်းအဟောင်းတွေပါ။ နည်းလမ်းအဟောင်းတွေနဲ့ ပျော်မွေ့ နေတယ်လို့ ပြောရမယ်။ ကျနော် တခုပြောချင်တာက အတိုက်အခံတွေဘက်က စတင်ကစားတာကို ကျနော်တို့ မြင်ချင်လှပါပြီ။

ဇာဂနာ (လူရွှင်တော်)

--------------

တကယ်တမ်းပြောရမယ်ဆိုရင် ဒေါ်စုက တပ်မတော်ကို အခုမှ စိန်ခေါ်တာပါ။ တပ်မတော်ဘက်ကတော့ ဒေါ်စုကို စိန်ခေါ်နေတာ ကြာပါပြီ။ တပ်မတော်ဘက်က ဒေါ်စုကို လက်မခံလို့  ကန်နေတာ ကြာပါပြီ။ အခုချိန်ကို ရောက်လာတော့ သူလည်း ပြန်ကန်တဲ့ သဘောပါဘဲ။ ပြောရမယ်ဆိုရင် လက်ရှိ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ လက်ရှိအနေအထားက ဒေါ်အောင်ဆန်းစုကြည်နဲ့  ဘာမှမဆိုင်ပါဘူး။ တပ်မတော်အစိုးရ အာဏာလွှဲတာက သူ့ အတွက် နေရာချန်ပြီးတော့မှ ကျန်တဲ့နေရာတွေကို ပေးလိုက်တာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထွက်ပြီးတဲ့နောက်မှာ အရပ်သားအစိုးရကို တစိတ်တပိုင်း ဆွဲသွင်းတာ။ တပ်မတော်ကနေ ပေးတဲ့ အနေအထားမှာဘဲ ဒေါ်အောင်ဆန်းစုကြည် ရောက်နေတာပါ။ ဒီနေရာအထိကို တပ်မတော်က ပေးထားတာ။ နောက်ထပ်နေရာတွေလည်း ပေးမှာပါဘဲ။ ကိုယ်က ဘာလဲဆိုတာ သိဖို့ လိုတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒီချုပ်မပါဘဲနဲ့  သူတို့ ရေးဆွဲထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက ယုံတယ်။ ပြည်သူလူထုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ယုံတယ်။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ယုံတယ်။ ဘာလို့ လဲဆိုတော့ သူ့ အဖေ ထူထောင်ခဲ့တဲ့ တပ်မတော်လေ။ ခက်တာက တပ်မတော်က သူ့ ကိုမယုံဘူး။ မယုံရတဲ့ အကြောင်းအရင်းရှိတယ်လေ။ ၁၉၈၈ မတိုင်ခင် သူ ဘာလုပ်ခဲ့တယ်ဆိုတာကို ဒီဘက်က လူတွေက မသိကြဘူး။ မြန်မာပြည်ရဲ့ အင်အားက ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါဘူး။ တပ်မတော်ပါ။ အဲဒီတော့ သူ့ ရဲ့ ဝှက်ဖဲကို တပ်မတော်က ကိုင်ထားမှာပါဘဲ။ တပ်မတော်က သူ့ ရဲ့ သတ်ကွင်းထဲကို သူဝင်မှာ မဟုတ်ပါဘူး။ ဒီတော့ ၄၃၆ ပြင်ရေးက ဖြစ်လာမှာ မဟုတ်ပါဘူး။

ဖုန်းမြင့်အောင် (အမျိုးသားလွှတ်တော်အမတ်)

----------------------------

ကြားနေရတာက ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ဝေဖန်တယ်၊ စိန်ခေါ်တယ်ပေါ့။ တပ်မတော်ကို စိန်ခေါ်တာထက် တပ်မတော်ကို ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောတာလို့ ဘဲ ပြောချင်ပါတယ်။ တပ်မတော်က ကြိုက်ချင်မှကြိုက်မှာ။ တခါတလေကျရင် အမှန်တရားက ခါးသီးပါတယ်။ တပ်မတော်သားတွေ တကယ်တမ်းကျရင် ဘာအခွင့်အရေးမှ မရပါဘူး။ ထိပ်ပိုင်းခေါင်းဆောင်တွေသာ အခွင့်ထူးခံစားနေရပါတယ်။ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုတာပါ။ ဒီလိုအမှန်တရားကို ထောက်ပြတာက ဖြစ်သင့်တယ် ပြောသင့်တယ်လို့ မြင်ပါတယ်။ ၄၃၆ ပြင်ဆင်ရေးမှာ တပ်မတော်က အဓိက တာဝန်ရှိတာပါဘဲ။ တပ်မတော်သား ကိုယ်စားလှယ်တွေမှာ ကာချုပ်က အခရာပါဘဲ။ ကာချုပ်က သဘောမတူရင် ပြင်လို့ မရပါဘူး။ စစ်တပ်မှာလည်း အစီအစဉ်တွေ ရှိပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့  ရန်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်သည်ဖြစ်စေ၊ စိန်မခေါ်သည်ဖြစ်စေ အဲဒီလိုမျိုးပြောလို့  ငါတို့ မလုပ်ဘူးဆိုရင်တော့ အလွန့် အလွန်ကို သိက္ခာကျပါတယ်။

မျိုးရန်နောင်သိန်း (ဗေဒါသင်တန်းကျောင်း)

--------------------------

ကျနော့်အမြင်ကတော့ ၄၃၆ ကို ဒေါ်စုက ဖိပြောနေတယ်လို့ မြင်ပါတယ်။ အမှန်က ပြောစရာ မလိုပါဘူး။ ၄၃၆ နဲ့ ပက်သက်ပြီးတော့ ကာချုပ်က ဥပဒေဘောင်အတွင်းကနေ ပြင်မယ်လို့ ပြောထားတယ်။ ဦးသိန်းစိန်ကလည်း မလောပါနဲ့ ၊ ပြင်ပေးပါမယ်လို့ ပြောတယ်။ ဦးရွှေမန်းကလည်း ပြင်မယ်လို့ ပြောထားတယ်။ ပြင်မယ်လို့  ပြောထားတဲ့ ၄၃၆ ဆိုတဲ့ ဂိတ်ကို ဖွင့်ထားလိုက်ပြီ။ ၄၃၆ ကိုပြင်မှ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ စတာတွေကို ပြင်လို့ ရမှာ။ အဲဒီတော့ ၄၃၆ က ပြင်ပြီးသား၊ ဖြေလျှော့ပြီးသား၊ ဂိတ်ကြီးက ဖွင့်ပြီးသားလို့ ကျနော်တို့ မြင်ပါတယ်။ မှန်းလို့ လည်းရပါတယ်။ ၃၁ ဦးကော်မတီထဲက ဒီချုပ်တယောက်က ပြောတယ်။ ကျနော်တို့  ပြင်ဆင်ဖို့ အားလုံးလုပ်ပြီးသွားပြီ။ လွှတ်တော်ကို တင်ဖို့ ဘဲရှိတယ်တဲ့။ ဟုတ်ပြီ၊ အဲဒီကိစ္စကို ဒေါ်စုကြည် သိလားလို့ မေးတော့ “မသိဘူး” တဲ့။ ဆိုလိုတာက ဒေါ်စုကြည်က ဇာတ်နာအောင်လို့  ၈၈ နဲ့ ပေါင်းပြီး လုပ်နေတာ။ သူတို့ ပြောလို့ ဘဲ ၄၃၆ ကြီး ပြင်ပေးရသလိုလို လုပ်တာ။ အဲဒီတော့ ဒီအကွက်တွေက ရိုးနေပြီလို့ ကျနော်က သုံးသပ်တယ်။ ဒီအကွက်က သိပ်မဆန်းကြယ်တဲ့ အကွက်ဆန်း ဖြစ်နေတယ်လို့ ပြောချင်တယ်။ သူတို့ ထအော်လို့  ပြင်ပေးရသလို ဖြစ်နေတယ်။ ၄၃၆ က မခက်ဘူး။ ၄၃၆ ပြင်ပြီးလို့ ရှိရင် အနောက်က ပုဒ်မတွေက ခက်မှာ။ ဂိတ်ကြီးကပွင့်ပြီး အထဲက ပုဒ်မတွေကဘဲ ခက်မှာ။ အဲဒါကို တစာစာ အော်နေပြီး ပြင်ပေးပါ ပြင်ပေးပါ ပြောတာက နိုင်ငံရေးလုပ်စားတာ၊ နိုင်ငံရေးလှည့်ကွက်တခုပေါ့ဗျာ။ ဒီသုံးယောက်စလုံး ပြောတယ်ဆိုကတည်းက ပြင်ဖို့ က လုံးဝသေချာပြီးသား။ တပ်မတော်က ၄၃၆ အတွက်ကို ဘာမှမပူနဲ့ ၊ ပြင်ပေးမယ်လို့ ပြောပြီးသား။ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ထောက်ခံမှာပါဘဲ။ ကျနော်တော့ ပြောရဲတယ်၊ ပြင်ပေးမယ်ဆိုတာ။

လှဆွေ (အမျိုးသားလွှတ်တော်အမတ်)
(အဓိပတိဂျာနယ်၊ အတွဲ ၁ အမှတ် ၂၀ မှ ထုတ်နုတ်ဖော်ပြပါသည်)

No comments: