Tuesday, May 27, 2014

မည်သည့်အကြောင်းပြချက် ပေးစေကာမူ မည်သည့်စစ်အာဏာသိမ်းမှုကမှ တိုင်းပြည်၊ လူမျိုးနှင့် လူ့အဖွဲ့အစည်းအား အကျိုးဖြစ်ထွန်းခြင်း မရှိခဲ့

နေထွန်းနိုင်
Eleven Media Group

ထိုင်းနိုင်ငံ၌ မေ ၂၀ ရက်တွင် ထိုင်းစစ်တပ်က အစိုးရအဖွဲ့ကို ကြိုတင်အသိပေးခြင်း မရှိဘဲ စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။ ထိုသို့ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် မေ ၂၂ ရက်တွင် ပြိုင်ဘက်နိုင်ငံရေး အဖွဲ့များကို ဆွေးနွေးရန် ဆင့်ခေါ်ခဲ့ပြီး ဆွေးနွေးနေစဉ်မှာပင် အာဏာသိမ်းလိုက်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်းအိုချာက တိုက်ရိုက်ရုပ်သံမိန့်ခွန်းဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ထို့အပြင် ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ပြိုင်ဘက်နိုင်ငံရေး အဖွဲ့ခေါင်းဆောင်များကို ထိန်းသိမ်းလိုက်သည်။

ဝန်ကြီးချုပ်ဟောင်း ယင်လက်နှင့် ဖြုတ်ချခံ အစိုးရခေါင်းဆောင်များ၊ အခြားထင်ရှားသူများ အပါအ၀င် ၁၅၅ ဦးကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်ကာ ၀န်ကြီးချုပ်ဟောင်း ယင်လက်ကိုလည်း ထိန်းသိမ်းလိုက်သည်။

ထိုင်းနိုင်ငံတွင်း ကာလရှည်ကြာ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာ၌ စစ်တပ်က အာဏာသိမ်းခြင်းဖြင့် လုပ်ဆောင်ခဲ့သည့်အပေါ် ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးလျက်ရှိသည့် နိုင်ငံများက ပြစ်တင်ရှုတ်ချလိုက်သည်။

ထိုင်းနိုင်ငံ၏ အထင်ကရ သတင်းစာနှစ်စောင်ဖြစ်သော The Nation နှင့် The Bangkok Post သတင်းစာတို့ကလည်း ထိုင်းစစ်တပ်၏ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး The Bangkok Post သတင်းစာက စစ်အာဏာသိမ်းခြင်းသည် ဖြေရှင်းမှု မဟုတ်ကြောင်း သတိပေးခဲ့သည်။

ထိုင်းစစ်အာဏာသိမ်း လုပ်ရပ်၏ နောက်ဆက်တွဲ

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်၌ စစ်အာဏာသိမ်းမှု အများဆုံး နိုင်ငံများစာရင်း၌ ထိပ်ဆုံးတွင် ရပ်တည်နေသည်။ ၁၉၃၂ ခုနှစ်မှ စတင်ပြီး ၂၀၀၆ ခုနှစ်ကာလအထိ စစ်အာဏာသိမ်းမှု ၁၈ ကြိမ် ဖြစ်ပေါ်ခဲ့ကာ ယခုတစ်ကြိမ်မှာ ၁၉ ကြိမ်မြောက် စစ်အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်အာဏာသိမ်းပြီးသည်နှင့် အရပ်ဘက် လွတ်လပ်ခွင့်များကို လျှော့ချလိုက်ပြီး ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အစိတ်အပိုင်းအများစုကို ရပ်ဆိုင်းလိုက်ပြီး ရေဒီယိုနှင့် ရုပ်သံလိုင်းများ၏ ပုံမှန်အစီအစဉ် နေရာများတွင် ထိုင်းစစ်တပ်မှလာသော သတင်းများကိုသာ အဆက်မပြတ် ထုတ်လွှင့်ပေးနေရသည်။

စစ်အာဏာသိမ်းမှု မည်မျှကြာမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ သို့သော် အာဏာသိမ်းရခြင်းသည် အတိုက်အခံ ဆန္ဒပြသူများ၏ အဓိက တောင်းဆိုချက်ဖြစ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ရန်အတွက်ဟု စစ်တပ်က အကြောင်းပြခဲ့သည်။

“ထိုင်းနိုင်ငံမှာတော့ သူတို့က ဘယ်လောက်အထိ အာဏာသိမ်းမယ်။ ဘယ်လိုလုပ်ငန်းစဉ်တွေ လုပ်မယ်လို့ မပြောသေးဘူး။ နိုင်ငံရေး အပြောင်းအလဲအတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရောက်ရှိလာအောင် သိမ်းတယ်လို့တော့ ပြောတာပဲလေ။ ဒါပေမဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အခြေအနေတော့ ဆုံးသွားတာပဲ” ဟု သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ဦးထွန်းဝင်းငြိမ်းက ပြောကြားသည်။

လက်တွေ့အားဖြင့် ထိုင်းစစ်တပ်၏ အာဏာချုပ်ကိုင်မှု ပိုမိုတင်းကျပ်လာခဲ့ပြီး အရပ်ဘက် လွတ်လပ်မှုများ ပိုမိုဆုံးရှုံးလာသဖြင့် မေ ၂၃ ရက်တွင် အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထိုင်းပြည်သူများက လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်လာသည်။

ထိုအချိန်အထိ နိုင်ငံခြား ရုပ်သံလုပ်ငန်းများ အပါအ၀င် ရုပ်သံနှင့် အသံလွှင့်ဌာန အားလုံးကို စစ်တပ်၏ ကြေညာချက်အားလုံးကို ဆက်တိုက်ထုတ်လွှင့်ရန် ညွှန်ကြားထားပြီး အာဏာသိမ်း လုပ်ရပ်အား ဆန့်ကျင်သည့် လူမှုကွန်ရက် စာမျက်နှာများကို ပိတ်ပင်မည်ဟု စစ်တပ်က သတိပေးခဲ့သည်။

ထိုင်းအထက်လွှတ်တော်ကိုလည်း ဖျက်သိမ်းလိုက်ပြီး ဖြုတ်ချခံ အစိုးရအဖွဲ့ ခေါင်းဆောင်များကို သီတင်းတစ်ပတ်ကြာအထိ ထိန်းသိမ်းထားမည်ဟု ထိုင်းစစ်တပ်က ကြေညာခဲ့သည်။

ထိုင်းအာဏာသိမ်းမှု၏ ဆိုးကျိုး

စစ်အာဏာသိမ်းမှုများသည် ဒီမိုကရေစီ၏ အဓိကရန်သူဖြစ်ပြီး အာဏာသိမ်း လုပ်ရပ်များကြောင့် စစ်အာဏာရှင်စနစ် ပေါ်လာနိုင်ကြောင်း Cambridge တက္ကသိုလ်၏ သုတသနပြုချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဒီမိုကရေစီနိုင်ငံများတွင် အာဏာသိမ်းယူမှုများ ရှိပါက ပြည်သူလူထုက ဒီမိုကရေစီအပေါ် ယုံကြည်မှု ကျဆင်းလာနိုင်သည်ဟု သုတေသနတွင် ဆိုသည်။

ထိုင်းနိုင်ငံ၏ ပုံစံမှာ နိုင်ငံရေး အကျပ်အတည်းများ ပေါ်ပေါက်လာသည်နှင့် အာဏာသိမ်းယူခြင်းဖြင့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်စွက်ဖက်ခြင်း ဖြစ်သည်။ အကျိုးဆက်အဖြစ် အာရှဒေသတွင်း နိုင်ငံများအနက် ထိုင်းနိုင်ငံ၏ တိုးတက်မှုမှာ စင်ကာပူ၊ ထိုင်ဝမ်၊ မလေးရှားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျသည့်ဘက်တွင် ရှိနေသည်။

“ဒီမိုကရေစီစနစ်ကို သွားနေတဲ့ ဘယ်နိုင်ငံမှာမဆို စစ်အာဏာသိမ်းလိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်။ ကောင်းကျိုးရှိတယ်လို့တောင် သုံးလို့မရဘူး။ အာဏာရှင်စရိုက်တွေ၊ အာဏာရှင်စိတ်နေစိတ်ထားတွေ ပေါ်လာပြီး နောက်ကျရင် အာဏာရှင်စနစ် သက်ဆိုးရှည်သွားတာအထိ ဖြစ်နိုင်တယ်” ဟု ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာစိန်မြင့်က ပြောကြားသည်။

အခြားနိုင်ငံများ၏ အာဏာသိမ်းလုပ်ရပ်

စစ်တပ်က အာဏာသိမ်းယူမှုများသည် အာဖရိကနိုင်ငံများတွင် ၁၉၇၀ ပြည့်နှစ်က စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ ၁၉၆၀ ပြည့်နှစ်များတွင် အာရှနိုင်ငံများ၌ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း အာဖရိကနိုင်ငံ အချို့တွင် အာဏာသိမ်းလုပ်ရပ်များ တစ်ကျော့ပြန် ခေါင်းထောင်လာပြီး ယခု ထိုင်းနိုင်ငံ၏ လုပ်ရပ်မှာလည်း အာရှနိုင်ငံများအတွင်း အာဏာသိမ်းမှု တစ်ကျော့ပြန် ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမတိုင်ခင် အီဂျစ်နိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများမှာလည်း စစ်တပ်က အာဏာသိမ်းယူခဲ့သဖြင့် ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း အီဂျစ်နိုင်ငံတွင် သမ္မတမော်စီကို အီဂျစ်စစ်ဦးစီးချုပ် စီစီက ဖြုတ်ချလိုက်သည်။ မော်စီထောက်ခံသူများကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ရွေးကောက်ပွဲသို့ ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

စီစီလက်ထက်တွင် အီဂျစ်နိုင်ငံ၏ နိုင်ငံခြား ခရီးသွားလုပ်ငန်းများစွာ ထိခိုက်ခဲ့ပြီး အလုပ်အကိုင်ရှားပါးမှု ပြဿနာမှာလည်း အဓိကစိန်ခေါ်မှု ဖြစ်လာသည်။ အစိုးရ၏ ပေါ်လစီ ပြောင်းလဲမှုများက နေ့စဉ် လူနေမှု ဘ၀များအပေါ် ထိခိုက်လာခဲ့ပြီး အလုပ်သမား၊ ဆရာဝန်၊ သူနာပြု၊ ဒရိုင်ဘာများ အပါအ၀င် လူအများစုက အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ သပိတ်မှောက် ဆန္ဒပြမှုများတွင် ပါဝင်လာခဲ့သည်။ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ကျဆင်းခဲ့ရပြီး တိုင်းပြည်၏ ဒီမိုကရေစီကို ပြန်လည်ရရှိခြင်း မရှိသေးသည့်အပြင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကိုလည်း မပြုလုပ်နိုင်ခဲ့ပေ။

ထို့အတူ အာဖရိကနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားတွင်လည်း ၁၉၉၃ ခုနှစ် အချိန်က ဗိုလ်ချုပ်ကြီး Sani Abacha က ကြားဖြတ်အစိုးရထံမှ အာဏာသိမ်းယူမှု ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည့်အပြင် လက်ရှိအချိန်အထိ နိုင်ဂျီးယားနိုင်ငံမှာ နာလန်မထူသေးသည့် အခြေအနေတွင် ရှိနေသည်။

အဆိုးရွားဆုံး ပြည်တွင်းစစ် ဖြစ်ပေါ်ခဲ့ပြီး လူပေါင်းရှစ်သိန်းကျော် သေဆုံးရသည့် ရ၀မ်ဒါဖြစ်စဉ်မှာလည်း အာဏာသိမ်းရန် ကြိုးစားရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းမှု ပုံစံသုံးမျိုး

ကမ္ဘာတစ်ဝန်းတွင် အာဏာသိမ်းမှု ပုံစံသုံးမျိုးရှိပြီး Breakthr ough coup d'état၊ Gua rdian coup d'état: နှင့် Veto coup d'état တို့ ဖြစ်ကြသည်။

Breakthrough coup d'état သည် တော်လှန်ရေး စစ်အင်အားစုမှ လက်ရှိအစိုးရကို ဖြုတ်ချပြီး တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်များက အစိုးရသစ်ကို ဖွဲ့စည်းလေ့ရှိသည်။ ထိုအခြေအနေကို ရာထူးနိမ့်သည့် စစ်အရာရှိများက ဦးဆောင်လေ့ရှိပြီး ၁၉၁၁ ခုနှစ်တွင် တရုတ်တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှု၊ ၁၉၄၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘူဂေးရီးယား အာဏာသိမ်းမှု၊ ၁၉၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အီဂျစ်အာဏာသိမ်းမှု၊ ၁၉၆၀ တွင် ဖြစ်ပွားသော တူရကီအာဏာသိမ်းမှု၊ ၁၉၆၇ တွင် ဖြစ်ပွားခဲ့သော ဂရိအာဏာသိမ်းမှု၊ ၁၉၆၉ တွင်ဖြစ်ပွားသော လစ်ဗျားအာဏာသိမ်းမှု၊ ၁၉၇၄ ခုနှစ်တွင် ဖြစ်ပွားသော ပေါ်တူဂီအာဏာသိမ်းမှု၊ ၁၉၈၀ တွင်ဖြစ်ပွားသော လိုက်ဘေးရီးယား အာဏာသိမ်းမှုများတွင် တွေ့ရသည်။

Guardian coup d'état ၏ အကြောင်းပြချက်မှာ များသောအားဖြင့် တည်ငြိမ်မှုနှင့် အေးချမ်းမှုကို ထိန်းသိမ်းရန်ဖြစ်ပြီး အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ရန်ဖြစ်သည်။ များသောအားဖြင့် အခြေခံအာဏာ အဆောက်အအုံ ပြောင်းလဲမှုမရှိဘဲ အာဏာသိမ်းခေါင်းဆောင်များက ၎င်းတို့အနေဖြင့် ယာယီအာဏာသိမ်းခြင်းသာဖြစ်ပြီး လိုအပ်သည့်အတွက် အာဏာသိမ်းရကြောင်း ပြောဆိုလေ့ ရှိသည်။

Veto coup d'état မှာမူ စစ်တပ်မှ ပြည်သူလူထု၏ လူမှုရေး လုပ်ငန်းဆောင်တာများနှင့် အစိုးရတွင်း ပါဝင်မှုများကို ငြင်းပယ်ပြီး အာဏာကို ချုပ်ကိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ကြီးမားသော လူထုဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းပြီး သတ်ဖြတ်မှုများနှင့် ဖိနှိပ်မှုများ လုပ်ဆောင်လေ့ရှိသည်။ ၁၉၇၃ ခုနှစ်တွင် ချီလီ၌ ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းမှုများနှင့် ၁၉၃၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်များအတွင်း အာဂျင်တီးနား၌ ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများတွင် ထိုအချက်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံနှင့် စစ်အာဏာသိမ်း ဖြစ်စဉ်များ

ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း စစ်အာဏာသိမ်းမှု နှစ်ကြိမ်ပေါ်ပေါက်ခဲ့သည်။

အဆိုပါ နှစ်ကြိမ်ကပင် မြန်မာနိုင်ငံကို အရှေ့တောင်အာရှ ဒေသနိုင်ငံများအတွင်း အနိမ့်ကျဆုံး တိုင်းပြည်အဖြစ်သို့ ရောက်ရှိစေခဲ့သည်။ ထို့ပြင် စစ်အာဏာသိမ်းလုပ်ရပ် နှစ်ကြိမ်ကြောင့် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ ပေါ်ထွက်ခဲ့ပြီး တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။

မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သော အာဏာသိမ်းယူမှုလုပ်ရပ် နှစ်ကြိမ်မှာ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်များတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းယူမှု အခြေအနေသည် လက်ရှိထိုင်းနိုင်ငံ၌ အာဏာသိမ်းယူခဲ့သော ပုံစံနှင့် ဆင်တူမှု ရှိနေသည်။

၁၉၆၂ ခုနှစ် မတ် ၁ ရက်တွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ပြုလုပ်ခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲအပြီး ည ၁၂ နာရီအချိန်တွင် စစ်တပ်များက မင်္ဂလာဒုံမှ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာခဲ့သည်။

ထိုသို့ ၀င်ရောက်လာပြီး နံနက် ၂ နာရီခန့်အချိန်တွင် လူမျိုးစုလွှတ်တော်နာယကကြီး စ၀်ခွန်ကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး မန်းဘဆိုင်၊ ၀န်ကြီးချုပ်ဦးနု၊ ပထစ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ကယားခေါင်းဆောင်များကို စစ်တပ်က ဖမ်းဆီးလိုက်သည်။

မတ် ၂ ရက်နံနက်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ၏ ယိုယွင်းနေသော အခြေအနေများကို ထိန်းသိမ်းစေခြင်း အလို့ငှာ” ဟူသော အကြောင်းပြချက်ဖြင့် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော စစ်အာဏာရှင်များက အာဏာသိမ်းခဲ့သည်။

“ဗိုလ်ချုပ်နေ၀င်းက တိုင်းရင်းသားပြဿနာကို အကြောင်းပြပြီး သူအာဏာလိုချင်လို့ သိမ်းခဲ့တာ။ တကယ်တန်း အဲဒီတုန်းကသာ ဆက်ဆွေးနွေးခဲ့ရင် အခုချိန်မှာ တိုင်းရင်းသားပြဿနာတွေ ပြေလည်နေပြီ” ဟု မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲစောင့်ကြည့်ရေး ကွန်ရက်၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက ပြောကြားသည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းယူမှုသည် မြန်မာနိုင်ငံအား စစ်အာဏာရှင်အောက်သို့ နှစ်ပေါင်း ၅၀ ကျော် ရောက်ရှိစေရန် ပထမဆုံးခြေလှမ်း ဖြစ်ခဲ့သည်။

“၁၉၆၂ မှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းတယ်။ ၇၄ ဖွဲ့စည်းပုံအရ အာဏာလွှဲပြောင်းမယ်ဆိုတော့ ဗိုလ်ချုပ်ကြီးနေ၀င်းက ဦးနေ၀င်းကို လွှဲပြောင်းပေးတယ်။ ပြီးတော့ တောက်လျှောက် တပ်မတော်ရဲ့ အုပ်ချုပ်ရေးပုံစံ မပြောင်းဘူး။ မြန်မာနိုင်ငံမှာ အာဏာသိမ်းတာကတော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေကို ဟန့်တားဖို့အတွက် သိမ်းတာပဲ” ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း လုပ်ရပ်မှာလည်း ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ကြားကာလတစ်လျှောက် အထွေထွေ ကျဆင်းမှုများအပေါ် မကျေနပ်မှုများကြောင့် ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမှုကို စစ်တပ်က အင်အားသုံး ဖြိုခွင်းရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ဇူလိုင် ၇ ရက်

မြန်မာနိုင်ငံ၌ ၁၉၆၂ ခုနှစ် အာဏာသိမ်းယူမှု မတိုင်မီကာလ တာဝန်ယူခဲ့သော ပထစအစိုးရ လက်ထက်တွင် တိုင်းပြည်၏ အခြေအနေမှာ အထိုက်အလျောက်အားဖြင့် လွတ်လပ်မှု ရှိခဲ့သည်။ သို့သော် နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုများက မြန်မာနိုင်ငံအား စစ်အာဏာရှင်လက်အောက်သို့ ရောက်ရှိစေရန် တွန်းပို့ခဲ့သည်။ စစ်အာဏာရှင်များကလည်း ထိုအချက်ကို အခွင့်ကောင်းယူပြီး တိုင်းပြည်ကို ချုပ်ကိုင်ရယူခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လတွင် စစ်အာဏာရှင်များက အာဏာသိမ်းယူပြီးနောက် ဇူလိုင် ၇ ရက်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်က စစ်အာဏာရှင်များ၏ အာဏာတည်မြဲရေး အစွမ်းကုန်ဖိနှိပ်မှုကို ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ် မတ် ၄ ရက်၌ တကသ၊ ဗကသ၊ ရကသ အစရှိသော ကျောင်းသားအဖွဲ့အစည်းများက စစ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ကြောင်း ကြေညာခဲ့ရာမှ အစပြုပြီး တက္ကသိုလ်၊ ကျောင်းသားအဖွဲ့အစည်းများကို နှိပ်ကွပ်ရန် ဗိုလ်ချုပ်နေ၀င်းက ပြင်ဆင်ခဲ့သည်။ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းကာ အသစ်ပြန်ဖွဲ့ခဲ့သော ကောင်စီတွင် စစ်ဘက်ဆိုင်ရာ အရာရှိများကို ထည့်သွင်းခဲ့သည်။

ဇူလိုင် ၆ ရက်တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို စိတ်တိုင်းကျ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဇွန် ၇ ရက်၌ ကျောင်းသားထု အစည်းအဝေး ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေး ပြီးဆုံးပြီး မွန်းလွဲပိုင်း၌ ကျောင်းအတွင်း ရဲကားများ ရောက်ရှိလာကာ ကျောင်းသားခေါင်းဆောင်သုံးဦးအား ဖမ်းဆီးလိုက်သည်။ ထိုသို့ ဖမ်းဆီးရာမှ ရဲနှင့် ကျောင်းသားများအကြား ပဋိပက္ခဖြစ်ပွားပြီး ပါမောက္ခချုပ် ဦးပါ၏ကားကို ကျောင်းသားများက မီးရှို့ဖျက်ဆီးခဲ့သည်။ ညနေပိုင်းတွင် တပ်ရင်း-၄ မှ ဒုတိယဗိုလ်မှူးကြီးစိန်လွင် ဦးဆောင်သော စစ်တပ်က ကျောင်းသားများအား ပစ်ခတ်ဖြိုခွင်းခဲ့ရာ ကျောင်းသားရာချီ သေဆုံးခဲ့သည်။

ဇူလိုင် ၇ ရက် ညပိုင်းတွင် ဗိုလ်ချုပ်နေ၀င်းက မြန်မာ့အသံမှတစ်ဆင့် ‘ဓားကို ဓားချင်း၊ လှံကို လှံချင်း’ ရင်ဆိုင်ရန် အသင့်ရှိသည်ဟု စိန်ခေါ်ခဲ့သည်။

ဇူလိုင် ၈ ရက် နံနက်အစောပိုင်းတွင် သမဂ္ဂအဆောက်အအုံအား မိုင်းခွဲဖျက်ဆီးလိုက်သည်။ ထိုဖြစ်စဉ်၌ သေဆုံးသူ ၁၆ ဦးရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၈၆ ဦး ရှိခဲ့သည်။

“အာဏာသိမ်းတဲ့ အဲဒီနှစ်မှာပဲ ကျောင်းသားတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ပစ်တယ်။ စစ်တပ်က အာဏာသိမ်းပြီဆို သူတို့ပြောသလို ဓားဓားချင်း၊ လှံလှံချင်းဆိုတဲ့ မိုက်ကန်းကန်းစကားနဲ့ပဲ တိုင်းပြည်ကို အုပ်ချုပ်တယ်။ လူကိုလူလိုအုပ်ချုပ်တဲ့ စနစ်မျိုး မဟုတ်ဘဲ အကြမ်းဖက်ပြီး အုပ်ချုပ်တဲ့စနစ်နဲ့ပဲ ပြည်သူလူထုတွေ ဖွတ်ဖွတ်ကြေတယ်။ စီးပွားရေးကအစ လူမှုရေး၊ နိုင်ငံရေး အခြေအနေ အရပ်ရပ်မှာ ဘယ်လိုမှ နာလန်မထူနိုင်အောင် ဖြစ်သွားတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိစ္စပဲ” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ဖြစ်စဉ်သည် စစ်အာဏာရှင်များ၏ လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ်မှုကို လူထုအား ပထမဆုံး ပြသလိုက်ပြီး စစ်အာဏာရှင် စနစ်ဆိုးကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်နောက်ပိုင်း ဆက်လက်ပေါ်ပေါက်ခဲ့သည့် အရေးအခင်းများတွင်လည်း စစ်အာဏာရှင်များက လက်နက်အားကိုးဖြင့် အကြမ်းဖက်ဖြိုခွင်းကာ စစ်အာဏာရှင်စနစ်ကို ခိုင်မာအောင် တည်ဆောက်ခဲ့သည်။

၁၉၈၈ အာဏာသိမ်းယူမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းခြင်း

တိုင်းပြည်၏ အထွေထွေ ကျဆင်းမှုများကြောင့် လူထုအုံကြွမှု ပေါ်ပေါက်ခဲ့သော ၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ၌လည်း စစ်တပ်က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ်ခဲ့ပြီး အာဏာသိမ်းခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းခဲ့သည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံသည် သာမန်ခိုက်ရန်ဖြစ်ပွားမှု တစ်ခုကြောင့် ပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ ၁၉၈၇ ခုနှစ်က ငွေစက္ကူများကို ပြည်သူပိုင် သိမ်းဆည်းလိုက်ရာမှ ပြည်သူလူထု၏ ဆင်းရဲကျပ်တည်းမှု အဆုံးစွန်ထိ ရောက်ရှိသွားခြင်းမှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းရာမှတစ်ဆင့် စစ်အာဏာရှင်များက မိမိတို့ ကျွမ်းကျင်မှုမရှိဘဲ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာများကို စီမံခန့်ခွဲမှု အမှားများဖြင့် မိမိတို့ အာဏာတည်မြဲရေး တစ်ခုတည်းကိုသာကြည့်ပြီး ဆောင်ရွက်ခဲ့သဖြင့် တိုင်းပြည်မှာ အဆင်းရဲဆုံး ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လ၌ ဖြစ်ပွားခဲ့သော ဘုန်းမော် အရေးအခင်းတွင် စစ်တပ်က ကျောင်းသားများကို သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းပြီး ရှင်းလင်းခဲ့သည့်နောက် လူထု၏ မကျေနပ်မှုမှာ ပိုမိုမြင့်ခဲ့သည်။

ထိုအချိန်နောက်ပိုင်း ဆန္ဒပြမှုများ ပိုများလာပြီး စစ်အာဏာရှင်များကလည်း အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အပြင် ရန်ကုန်တက္ကသိုလ် အပါအ၀င် စက်မှုတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်တို့ကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။

ထို့နောက် ကျောင်းသားများ၊ ရဟန်းရှင်လူ ပြည်သူများ၏ ဆန္ဒပြမှုများ၊ သပိတ်စခန်းဖွင့်မှုများ၊ စစ်အာဏာရှင်များ၏ တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းများ ပိုများလာခဲ့သည်။

စစ်အာဏာရှင်စနစ်ကို အသွင်ပြောင်းထားသည့် တစ်ပါတီ အာဏာရှင်စနစ်၏ ခေါင်းဆောင် ဦးနေ၀င်းကလည်း ‘စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်’၊ ‘နောင်ကို ဆူဆူပူပူလုပ်ရင် မသက်သာဘူးသာ မှတ်ပေရော့’ အစရှိသော စကားများဖြင့် ပြန်လည်စိန်ခေါ်ခဲ့သည်။

၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် တစ်နိုင်ငံလုံးမှ ပြည်သူများ ပါဝင်ခဲ့သည့် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ကာ ထိုအရေးတော်ပုံတွင်လည်း လက်နက်မဲ့ ပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်မှ ထပ်မံအာဏာသိမ်းယူခဲ့ပြီး ၁၉၆၂ ခုနှစ်က စတင်ခဲ့သော စစ်အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ နှစ်ခုလုံးက နိုင်ငံရေးပြဿနာတွေရှိလို့ သိမ်းတာမဟုတ်ဘဲ စစ်အာဏာရှင်တွေက အာဏာလိုချင်လို့ သိမ်းတာပဲ တွေ့ရတယ်။ အာဏာစိတ်ရှိတဲ့ လူတစ်စုက အာဏာဆက်လက်ကိုင်စွဲဖို့အတွက် အာဏာသိမ်းတာပဲ တွေ့နေရတယ်” ဟု ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

“စစ်အာဏာသိမ်းခြင်းကြောင့် မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ ၁၉၆၂ ခုနှစ်ကနေ ယနေ့အချိန်အထိ အဖြေက ရှင်းနေတာပဲ။ အခြား စစ်အာဏာသိမ်း နိုင်ငံတွေမှာလည်း ဘယ်လိုလဲဆိုတော့ ဒီနည်းပဲ။ မထူးဘူး” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။

စစ်အာဏာရှင်များ၏ ကတိမတည်မှု

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်က ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် “မိမိတို့သည် အာဏာကို မက်မောလိုချင်၍ မဟုတ်” ဟု ပြောကြားသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် တိုင်းပြည်သို့ မေတ္တာရပ်ခံချက်တွင် ဗိုလ်ချုပ်ကြီးစောမောင်က “မလွှဲမရှောင်သာတော့လို့သာ အာဏာကို ရယူခဲ့ခြင်း ဖြစ်တယ်။ အင်္ဂါရပ်နဲ့ ညီဖို့အတွက်သာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းထားတာ ဖြစ်တယ်။ လူနည်းနည်းနဲ့ ဖွဲ့ထားတာကိုက အာဏာရေရှည်ယူထားဖို့ မဟုတ်ကြောင်း ထင်ရှားစေတယ်။ ပါတီတွေ မှတ်ပုံတင်ဖို့သာ ပြင်ပါ။ တောင်းပွဲတိုက်ပွဲတွေ ရပ်ပါ။ မိမိတို့ တာဝန်ယူရမယ့် ကာလဟာ တိုလွန်းတဲ့အတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတွေကို ထိုက်သင့်သလောက်သာ လုပ်သွားနိုင်မယ်။ ရေရှည်ကိုတော့ နောက်တက်လာမယ့် အစိုးရကသာ လုပ်ကြဖို့။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ တင်မြှောက်လိုက်တဲ့ အစိုးရထံ အာဏာလွှဲပေးပြီးသည်နှင့် မူလတာဝန်ဖြစ်သော ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကိုသာ ဆောင်ရွက်သွားမယ်ဆိုတာ ထပ်မံကတိပေးလိုတယ်” ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ ကတိပေးခဲ့သော်လည်း ရွေးကောက်ပွဲ မစမီအချိန်တွင် အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်သူများ၊ အဓိကလူပုဂ္ဂိုလ်များကို ဖမ်းဆီးအရေးယူ ထောင်ချမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်က ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း စစ်အာဏာရှင်များက အာဏာလွှဲပြောင်းပေးအပ်မှု မရှိခဲ့ပေ။

နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်ဆောင်ရွက်နေမှု

မြန်မာနိုင်ငံ အပါအ၀င် စစ်အာဏာသိမ်း နိုင်ငံများတွင် နိုင်ငံရေး၌ စစ်တပ်၏ ပါဝင်ပတ်သက်မှုများကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေး စေခဲ့သည်။

စစ်တပ်မှတစ်ဆင့် ပေါက်ဖွားလာသော စစ်အာဏာရှင်များကလည်း စစ်တပ်ကိုအသုံးချပြီး ၎င်းတို့အာဏာ တည်မြဲရေး၊ ကြိုးကိုင်ခြယ်လှယ်ခွင့်နှင့် ကိုယ်ကျိုးစီးပွားများကိုသာ ကြည့်ရှုလုပ်ကိုင်လေ့ ရှိသည်။ ထို့ပြင် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်လာမည်ဆိုပါက လက်နက်ဖြင့် အကြမ်းဖက်ဖြေရှင်းခြင်းကို ဆောင်ရွက်လေ့ ရှိသည်။

အာဖရိက နိုင်ငံများတွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုများ၊ ထိုင်းနိုင်ငံ အပါအ၀င် အာရှနိုင်ငံများတွင် ဖြစ်ပွားခဲ့ စစ်အာဏာသိမ်းမှုများ၊ မြန်မာနိုင်ငံ၌ နှစ်ကြိမ်တိုင် ပေါ်ပေါက်ခဲ့သည့် စစ်အာဏာသိမ်းမှုများက အထက်ဖော်ပြပါ အချက်များကို ပေါ်လွင်စေခဲ့သည်။

“အသိဉာဏ်ရှိပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ တာဝန်ယူတတ်တဲ့ လူ့အဖွဲ့အစည်းဆိုရင် စစ်အုပ်ချုပ်ရေး (သို့မဟုတ်) စစ်အာဏာသိမ်းတာကို လုံးဝ လက်မခံပါဘူး။ မြန်မာနိုင်ငံမှာလည်း တပ်မတော်က နိုင်ငံရေး၊ အုပ်ချုပ်ရေးကနေ ကင်းကင်းရှင်းရှင်း နေသွားရမှာက သူ့ရဲ့အလုပ်ပါ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ညှိနှိုင်းရမှာက ‘အချိန်’ ပဲ ရှိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် ညှိညှိနှိုင်းနှိုင်းလုပ်နေတဲ့ကာလ ဖြစ်ပါတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

No comments: