Thursday, May 29, 2014

စနစ်ဆိုး၏သားကောင် မြန်မာပြည်ရှိ ဆရာဝန် ဆရာမများ

ဒေါက်တာစိုးထွန်း
(ရန်ကုန်တိုင်းမ်ဂျာနယ် - အတွဲ ၁၀ အမှတ် ၁၈)

ခေတ်၏တိုးတက်မှုပြရန်ညွှန်းကိန်း (Indicator) အဖြစ် ဆေးရုံဘယ်နှရုံ၊ ခုတင်ဘယ် နှလုံးတည်ဆောက်ပေးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် မကြာခဏ တွေ့မြင်ကြရမှာဖြစ်သည်။ သို့သော်လည်း အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက် ဆရာဝန်၊ သူနာပြု ဆရာမ ဘယ်နှဦး ခန့်ထားမည်။ တစ်နှစ်လျှင် ဆေးဝါးအတွက်သုံးစွဲရန် ငွေမည်မျှ တွက်ချက်လျာထားခြင်းမရှိပါ။ ထို့အပြင် ဓာတ်မှန်စက်၊ ဓာတ်ခွဲခန်း တည်ဆောက်ပေးထားသော်လည်း နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ကုန်ကျမည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ဆေးရုံများတွင် တပ်ထားသည့်ဆိုင်းဘုတ်များကတော့ 'ငွေကြေးတတ်နိုင်သူများကို စရိတ်မျှပေးကျန်းမာရေး စနစ်ကျင့်သုံးရန်' 'ဆင်းရဲချို့တဲ့သောသူများကို အခမဲ့ကုသပေးသည်'ဟူသော ဆိုင်းဘုတ်သည် လူနာများနှင့် ဆရာဝန်၊ သူနာပြုများကို ရန်တိုက်ပေးထားသလို ဖြစ်နေပါသည်။

ပြည်သူ့ဆေးရုံသို့လာသော လူနာများမှာ ဆင်းရဲသဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းသို့ မသွားနိုင်၍ လာသူများသာ ဖြစ်ပါသည်။ တချို့လူနာများမှာ မိမိတို့နေထိုင်ရာ ရပ်ကွက်ရုံးတွင် ဆင်းရဲကြောင်း ထောက်ခံစာများကို ယူလာသည်ကို တွေ့ရပါသည်။

ဆိုင်းဘုတ်တပ်ထားသည့် ဆင်းရဲချို့တဲ့သူများကို အခမဲ့ကုသပေးရမည်ဆိုသော်လည်း အဆိုပါ ဆေးရုံများအတွက် လုံလောက်သောဆေးဝါးများ ပေးထားခြင်းမရှိ၍ ဆရာဝန်၊ ဆရာမများမှ ပျောက်စေဆရာများကဲ့သို့ ရေမန်းဖြင့်ကုသမှသာ ရမည်ဖြစ်ပါသည်။ ဥပမာ- ခုတင် ၃ဝဝ ဆေးရုံတစ်ရုံတည်ဆောက်မည်ဆိုပါက ဆရာဝန်ဘယ်နှဦး၊ သူနာပြုဘယ်နှဦး၊ အခြားဝန်ထမ်းဘယ်နှဦးနှင့် လူနာ ၃ဝဝ အတွက် နေ့စဉ် ဆေးဝါး မည်မျှကုန်ကျမည်၊ ခွဲစိတ်မည့်လူနာအတွက် တစ်ဦးလျှင် ဆေးဖိုးမည်မျှကုန်ကျမည်ကို တွက်ချက်ထားခြင်း၊ ချထားပေးခြင်းမရှိဘဲ 'အခမဲ့ ကုသပေးမည်' ဟု ဆိုင်းဘုတ်တပ်ထားခြင်းမှာ လူနာနှင့် ဆရာဝန်များအား ရန်တိုက်ပေးနေသလိုပင်ဖြစ်ပါသည်။

အခြေခံလိုအပ်ချက်ဖြစ်သော ဆေးဝါးများပင် လောက်ငှအောင် အစိုးရမှ မထောက်ပံ့သည့်အတွက် လူနာစောင့်မှ သွားဝယ်ရသည့် ဒုက္ခတွေ့နေရပါသည်။ ထို့အပြင် လူနာတစ်ဦး ဆေးရုံတက်ပါက ဆေးဝယ်ခိုင်းရန် ငွေရှိရမည့်အပြင် လူနာစောင့်တစ်ဦးလည်းလိုသည့်အတွက် ထိုသူ၏ လုပ်အားခ ဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူ့ဆေးရုံသို့ လူနာတစ်ဦး တက်ရောက်ပါက ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါသလား။ ငွေကြေးမည်မျှတတ်နိုင်သလဲဟု မိမိတို့၏ ကုသရေးနှင့်မဆိုင်သည့် အပိုမေးခွန်းကို မေးနေရပါသည်။

ကျွန်တော် ဖတ်ဖူးသော Facebook စာမျက်နှာတစ်ခုတွင် လမ်း၌ မူးလဲသော လူနာအား ဆေးရုံသို့ သွားပို့သောအခါ ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါမှဖြစ်မည်ဖြစ်ကြောင်း ပြောဆို၍ အဆိုပါ ဆရာဝန်၊ သူနာပြုများကို ဝိုင်းပြီးဆဲသည့် Comment အများ ရေးထားသည်ကို တွေ့ရ၍ စိတ်မကောင်းပါ။ အဓိကတရားခံမှာ စနစ်ကြောင့်သာဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ကျန်းမာရေးအာမခံစနစ်ကလည်း မရှိ၊ ဆေးဝါးကလည်း မပြည့်စုံ၊ ဆရာဝန်၊ သူနာပြုအင်အားနှင့် လူနာအခြေအနေ (Doctor Patient Ratio) (Doctor Nurse Ratio) ကလည်း မမျှသည့်အခြေအနေတွင် စနစ်ကိုမပြင်ဘဲ အဆိုပါစနစ်၌ ပါဝင်ကပြအသုံးတော်ခံနေရသည့် ကျန်းမာရေးဝန်ထမ်းများကိုသာ လက်ညှိုးထိုးနေသည်မှာ မတရားဟု ထင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစီမံကိန်းဦးစီးဌာနမှ ထုတ်ဝေသည့် စာရင်းများအရ မြန်မာနိုင်ငံရှိ လူဦးရေအများစုမှာ ကျန်းမာရေးအသုံးစရိတ်ကို မိမိတို့အိတ်ကပ်ထဲမှ စိုက်ထုတ်သုံးစွဲနေရခြင်း (Out of Pocket) ဖြစ်နေကြောင်း သိရှိရပါသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းအရ ကျေးလက်နေ ပြည်သူများအနေဖြင့် ၂၆ ရာခိုင်နှုန်းမှာ ကျန်းမာရေးစရိတ်ကြောင့် ဒုက္ခဖြစ်နေကြောင်း Catatirphic Effect တွေ့ရပါမည်။

မြန်မာနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်ရန် မလွယ်ကူပါ။ ရှစ်တန်း၊ ကိုးတန်း၊ ၁ဝ တန်းတွင် ငွေကြေးများစွာ အကုန်အကျခံ၍ ကျူရှင်ကောင်းကောင်း ထားရပါသည်။ ကျောင်းသား၊ ကျောင်းသူများသည်လည်း သူများကဲ့သို့ ရုပ်ရှင်မကြည့်ရ၊ မကစားရပါ။ ညဘက်လည်း အိပ်ချိန် လျှော့ရပါသည်။ မိဘများလည်း ပင်ပန်းကြရပါသည်။ ၁ဝ တန်းဖြေသူ သိန်းချီရှိသည့်အထဲမှ ယခင်ကလူ ၅ဝဝ ကျော်၊ ယခုလူ ၂၅ဝဝ ကျော် ဆေးတက္ကသိုလ်ဝင်ခွင့်ရပါသည်။

ဆေးတက္ကသိုလ်၏ ပြဋ္ဌာန်းချက်စာအုပ်များမှာ အင်္ဂလန်နိုင်ငံမှ ပြဋ္ဌာန်းထားသော ဆေးပညာစာအုပ်များကို သင်ကြားရပါသည်။ မူရင်းစာအုပ်ဝယ်လျှင် ဈေးအလွန်ကြီးပါသည်။ ဆေးတက္ကသိုလ်တွင် စာသင်နှစ်ခုနစ်နှစ်နီးပါး သင်ကြားရပါသည်။ တချို့တစ်ဝက်မှာလည်း ကျူရှင်တက်ကြပါသည်။ ထိုသို့ ဆေးတက္ကသိုလ်တက်ရောက်ရန် တစ်လလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းဝန်းကျင် မိဘများမှ ထောက်ပံ့ရပါသည်။ ဆေးကျောင်းတက်သည့် ကျောင်းသား၊ ကျောင်းသူမှာလည်း အပတ်စဉ်၊ လစဉ် စာတွေ့လက်တွေ့ စာမေးပွဲဖြေဆိုနေရပါသောကြောင့် အခြားကျောင်းသားများကဲ့သို့ အပျော်အပါးလိုက်စားရန်အချိန်မှာ လွန်စွာနည်းပါးပါသည်။ ကြိုးစားပြီး ငွေကုန်ကြေးကျခံ၍ ဆရာဝန်ဖြစ်ပါကလည်း အစိုးရလက်ထောက်ဆရာဝန်ရာထူး ခေါ်ချိန် နှစ်နှစ်၊ သုံးနှစ် စောင့်ရပါသည်။ ကျူရှင်တက်ရပါသည်။ အင်္ဂလိပ်စာ IELTS အတွက် ကျူရှင်တက်ရပါသည်။

စာကျက်ရပါသည်။ ဝန်ထမ်းရွေးချယ်ရေး စာမေးပွဲအောင်မြင်၍ လက်ထောက်ဆရာဝန်ဖြစ်ပါက ယခုနောက်ဆုံး (ဧပြီလ၊ ၂ဝ၁၄ ခုနှစ်) လစာအရ တစ်လလျှင် ကျပ်တစ်သိန်းခွဲ ရရှိမည်ဖြစ်ပါသည်။ အဆိုပါလစာမှာ အသက် ၁၈ နှစ်ပြည့် မည်သည့်ပညာမှမတတ် ကားမောင်းတတ်ပါက ယာဉ်မောင်းတစ်ဦးရမည့် လစာဖြင့် အတူတူဖြစ်ပါသည်။

ဆေးရုံအများစုတွင် နေစရာအိပ်ခန်းမရှိပါ။ စီးစရာ ကား၊ ဆိုင်ကယ်၊ စက်ဘီးလည်း မပေးပါ။ ညဂျူတီ၊ ပိတ်ရက်ဂျူတီလည်း ဆင်းရပါသည်။ ဆေးကုရာတွင်လည်း စာအုပ်ထဲ၌ သင်ကြားပေးလိုက်သော၊ ပြည်ပနိုင်ငံများတွင် လေ့ကျင့်ပေးလိုက်သော အကောင်းဆုံးဆေးဝါးကုထုံးများကို ခေါင်းဖြူအောင် စဉ်းစား၍ ပေးရပါသည်။ မြန်မာပြည်မှ ဆရာဝန်လောက် တော်သောသူ ကမ္ဘာတွင် ရှိမည်မထင်ပါ။ မလေးရှားနိုင်ငံတွင် ဆရာဝန်တစ်ဦး တစ်လသိန်း ၂ဝ၊ ၃ဝ ခန့်၊ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံတွင် တစ်လ လစာသိန်း ၆ဝ၊ ၈ဝ လောက် ရနေချိန် အဆိုပါ ဆရာဝန်များအနေဖြင့် စီးပွားရှာရန်မလိုဘဲ လူတန်းစေ့ နေနိုင်ချိန်တွင် တစ်လလျှင် ကျပ်တစ်သိန်းခွဲ ဝင်ငွေဖြင့် မသထာရေစာ အငတ်ခံလုပ်ကိုင်နေသော စနစ်ဆိုးမှ မြန်မာနိုင်ငံမှဆရာဝန်၊ သူနာပြုများကို ကျွန်တော် သမ္မတကြီးကိုယ်စား နိုင်ငံသားကောင်းဆု ချီးမြှင့်ချင်ပါသည်။ နိုင်ငံတော်သမ္မတကြီးမှ 'ပြည်ပတွင် ရောက်ရှိနေသော ပညာတတ်များ ပြန်လာရန် ဖိတ်ခေါ်နေပါသည်' ကျွန်တော် တစ်ခုဖြည့်စွက်ချင်ပါသည်။ အဆိုပါ ပြန်လာမည့်သူများအနေဖြင့် ပြည်တွင်း၌ လုပ်ကိုင်နေကြသော နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ရပညာတတ်များသည် 'ပြည်ပ၏လုပ်ခလစာ၏ အပုံ ၁ဝဝ ပုံတစ်ပုံမျှဖြင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ပါမည်လော' ဟု ဖြည့်စွက်မေးချင်ပါသည်။

စနစ်၏သားကောင်ဖြစ်ကြသော ဆရာဝန်၊ သူနာပြုတို့သည် မိမိတို့၏လစာဖြင့် မရပ်တည်နိုင်၍ 'ဆရာဝန်လုပ်လျှင် စီးပွားမလုပ်ရပါ' ဆိုသော စကားကို မလိုက်နာနိုင်ဘဲ မိမိတို့၏ကိုယ်ပိုင်ချိန်တွင် နိုင်ငံခြားတိုင်းပြည်မှာ ရှိသည့် ဆရာဝန်များကဲ့သို့ အနားမယူနိုင်၊ စာလေးဘာလေး မဖတ်နိုင်ဘဲ ဟိုဆေးခန်း၊ ဒီဆေးခန်းပြေးရနှင့် ည ၁၁ နာရီ၊ ၁၂ နာရီမှ အိမ်ကိုရောက် ညစာစား၊ ရေချိုးပြီး အိပ်ရာဝင်ရပါသည်။ မနက်စောစော ၅ နာရီထပြီး ဆေးရုံမသွားခင် ဆေးခန်းလေး ပြေးထိုင်ပြီး လူနာစောင့်နေရပါသည်။ သို့မှသာ 'ငတ်၍သေသော ဆရာဝန်မိသားစု' ဟု ကျော်မကောင်းကြားမကောင်း မဖြစ်ရန်အတွက် ရုန်းကန်နေရခြင်းဖြစ်ပါသည်။

နံနက် ၈ နာရီခွဲအမီ ခွဲစိတ်ခန်းဝင်ရန် (သို့မဟုတ်) လူနာလှည့်လည်ကြည့်ရှုရန် (Ward Round) ဆေးရုံသို့ အူယားဖားယား ပြေးရပါသည်။ လူနာများအား ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်ရန် ပြောဆိုနေရသော်လည်း ပြောနေသူ ဆရာဝန်၊ ဆရာမကိုယ်တိုင်မှာမူ မျက်တွင်းဟောက်ပက်နှင့် တီဗွီကြည့်ချိန်၊ လမ်းလျှောက်ချိန် မရှိပါ။ ဆေးရုံရောက်သည့်အခါလည်း လူနာများက ပြည့်ကျပ်နေပြီး လူနာစောင့်များကလည်း ပြည့်နှက်နေပါသည်။ ဆရာဝန်၊ သူနာပြုအချိုး (Doctor Nurse Ratio) မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် Health in Myanmar မေ ၂ဝ၁၃ အရ ဆရာဝန်တစ်ဦးလျှင် သူနာပြုတစ်ဦး (၁း၁) သာရှိ၍ အမှန်တကယ် ရှိရမည့် (၁း၃) ထက်များစွာ လျော့နည်းနေပါသည်။ သူနာပြုများမှာလည်း မနိုင်ဝန်ထမ်းနေရ၍ အလုပ်သင်ဆရာဝန်များမှ ကူညီပြီး ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း ပြုလုပ်ပေးနေရပါသည်။

နံနက်ခင်းမှသည် ညနေအထိတိုင်အောင် လူနာများကို ဆေးကုသခြင်းအပြင် အခြားနိုင်ငံခြားမှာလို အတွင်းရေးမှူး မရှိသည့်အတွက် ဆေးရုံစာရင်းဇယားများကိုလည်း ဖြည့်စွက်နေရပါသည်။ ဘွဲ့လွန်တက်ရန်လည်း စာကျက်နေရပါသည်။ ကျူရှင်တက်နေရပါသည်။ တော်ဝင်သမားတော်ဖြစ်ရန် MRCP , MRCS Exam ဖြေရန် အင်္ဂလိပ်စာကျူရှင်လည်း တက်နေရပါသည်။ ကိုယ့်ပိုက်ဆံဖြင့်ကိုယ် စာမေးပွဲဖြေဆိုရန် ငွေလည်း စုရပါဦးမည်။ 'ဆင်းရဲသောလူနာများအား အခမဲ့ကုသပေးသည်' ဆိုသော ဆိုင်းဘုတ်အရ ပေးစရာ ဆေးကလည်း ကုန်နေ၍ လူနာများ၏ပြောဆိုခြင်းလည်း ခံရပါသည်။

နိုင်ငံတကာအဆင့်မီ ဆေးကုသရေးပန်းတိုင်သို့ လျှောက်လှမ်းလိုပါက 'နိုင်ငံတကာအဆင့်မီ လစာ ပေးရမည်'။ 'နိုင်ငံတကာအဆင့်မီ ဆေးဝါး၊ ရောဂါရှာဖွေရေးကိရိယာ ဖြည့်တင်းပေးရမည်' ဆိုပါလျှင် ဆရာဝန်၊ ဆရာမများ၏ နွေးထွေးသောအပြုံးတင်မကပါ ရှူးရှူးပေါက်၊ အီး အီးပါလျှင်တောင် အိမ်သာကို ကိုယ်တိုင်လိုက်ပို့ကြမည်သာဖြစ်သည်။ ဆိုက်ကားဆရာ၊ မော်တော်ကားဆရာလစာလောက်ပင် မရသောအခြေအနေဖြင့် နိုင်ငံတကာ အရည်အသွေးဝန်ဆောင်မှုကို ရောက်အောင်ဆောင်ရွက်မည်ဆိုပါက 'ဝ'မရှိဘဲ'ဝိ'လုပ်နေခြင်းသာဖြစ်ပြီး လာမည့် ၂ဝ၁၅ အေအီးစီတွင် ဦးနှောက်ယိုစီးမှုတွေ့မြင်နိုင်ပြီး ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊ သူနာပြုမရှိဘဲဖြင့် နေနိုင်သည်ကို သတိပြုသင့်ပါသည်။ ပါမောက္ခကြီးတစ်ဦးက ပြောဆိုခဲ့သည်မှာ MRCP Exam တွင် စာမေးပွဲစစ်ရင်း မြန်မာပြည်က ပါမောက္ခ လစာ ဘယ်လောက်ရသလဲဟု အင်္ဂလန်မှ ပါမောက္ခက မေးရာ ''ဒေါ်လာ ၃ဝဝ ရသည်'' ဟု ပိုပိုသာသာ ပြောခဲ့ရာ အင်္ဂလန်ပါမောက္ခက ရယ်ပြီး ''လာနောက်မနေပါနဲ့ Professor'' ဟု ပြန်လည်ပြောဆိုကြောင်း ပြောကြားခဲ့ပါသည်။ ဒါတောင် ပိုပိုသာသာ ဒေါ်လာ ၃ဝဝ ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။

ဒါဟာ ကမ္ဘာမှာ လစာအနည်းဆုံးနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံမှ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများသာဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ပြောခဲ့သလိုများ ဖြစ်နေမလား သုံးသပ်ပါသည်။ ဘာတဲ့ ''ခပ်ထက်ထက်သူတွေကတော့ ပြည်ပနိုင်ငံကို ထွက်သွားကြပြီး ခပ်တုံးတုံးသူများကတော့ မြန်မာပြည်တွင် နေကြသည်တဲ့'' အင်း.. အဲဒီလိုများ ဖြစ်နေမလားဆိုပြီး စနစ်၏သားကောင်များအကြောင်း မျှဝေပေးလိုက်ပါတယ်။ ။

No comments: