Saturday, May 31, 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်နေခြင်း ဟုတ်မဟုတ် ပေါ်လွင်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Eleven Media Group

မေ ၃၀ ရက်က မီဒီယာများနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေခြင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၃၀ ရက်က လွှတ်တော်အစည်းအဝေး ရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ဆုံကာ ပြောကြားသည်။

မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်နေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုပြီးပါက ပြည်သူလူထု၏ ဆန္ဒပေါ်ထွက်လာမည် ဖြစ်သကဲ့သို့ ပြည်သူ၏ဆန္ဒကို မည်သူတို့သည် အလေးထားသည်မှာလည်း ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးပွဲပြီးရင် ပြည်သူရဲ့ဆန္ဒဟာ ရှင်းရှင်းလင်းလင်း ပေါ်လာတဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်သူတွေဟာ အလေးထားလဲဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာမှာပါ။ အဲဒါကို သိဖို့ အများကြီး အရေးကြီပါတယ်။ ဒီနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လျှောက်နေပြီလို့ ပြောတာပဲ။ အဲဒီလိုပြောနေပြီးတော့ ကမ္ဘာရဲ့ထောက်ခံမှုတွေ၊ ထောက်ပံ့မှုတွေ၊ ပံ့ပိုးမှုတွေ၊ အားပေးမှုတွေရနေတယ်။ အဲဒီတော့ တကယ်ပဲ ဒီလမ်းကို လျှောက်နေသလားဆိုတာ ဒီကိစ္စပေါ်လွင်စေမယ်ဆိုတာ အန်တီတို့ ယုံကြည်တယ်။ ကြည့်ရမှာပဲ၊ တကယ်ပြည်သူလူထုဆန္ဒကို အလေးထားလား။ နောက်တစ်ခုက လူတစ်စုတစ်ဖွဲ့က နေပြီးတော့ အများပြည်သူထက်ပိုပြီးတော့ ဒီနိုင်ငံအတွက် ဘာသင့်တော်တယ်ဆိုတာ သိတယ်ဆိုတဲ့ အမြင်ကိုက ဒီမိုကရေစီအမြင် မဟုတ်ဘူး။ ဒါဟာ အခြေခံက ပြည်သူလူထု မဟုတ်ဘူး။ အုပ်ချုပ်တဲ့ တစ်စုတစ်ဖွဲ့ကဆုံး ဖြတ်ပိုင်ခွင့်ရှိတယ်။ တစ်စုတစ်ဖွဲ့ကသာ ဒီနိုင်ငံအတွက် အဓိကကျတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒီတစ်စုတစ်ဖွဲ့က ဒီနိုင်ငံအတွက် အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ပိုင်ခွင့် ရှိတယ်ဆိုကတည်းက ဘယ်မှာလဲ ဒီမိုကရေ စီ။ ဒီမိုကရေစီစကားရဲ့အဓိပ္ပာယ်နဲ့ကို ဆန့် ကျင်နေပြီ။ ဒါကြောင့် ပြည်သူ့ဆန္ဒဘာလဲဆို တာသိရက်နဲ့ ဆန့်ကျင်တယ်ဆိုရင် ဒါဟာဒီမိုကရေစီ လမ်းကြောင်းကို သွားနေတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းပြတာပဲ” ဟု ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိလှုပ်ရှားနေသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခြင်းသည် ဆန္ဒခံယူပွဲမဟုတ်ဘဲ ဆန္ဒထုတ်ဖော် တိုက်တွန်းခြင်းသာ ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်အား ဖိအားပေးတိုက်တွန်း နေရခြင်းမှာ ခြိမ်းခြောက်ခြင်း မဟုတ်ဘဲ ပြင်ဆင်ခြင်း မပြင်ဆင်ခြင်းမှာ တပ်မတော်က အခွင့်အရေး ယူထားခြင်းကြောင့်ဖြစ်ပြီး ထိုသို့ဆုံးဖြတ်နိုင်သူမှာလည်း ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းသာ ဖြစ်ကြောင်းလည်း ပြောကြားသည်။

“အခွင့်အရေးယူထားတဲ့ အဖွဲ့အစည်းကိုပဲ တိုက်တွန်းရမှာပေါ့။ ဖိအားပေးတယ်လို့ပြောလည်း ပြောပေါ့။ အခွင့်အရေး မယူထားတဲ့ အဖွဲ့အစည်းကို တိုက်တွန်းလို့ ဘာထူးမှာလဲ။ အဲဒီတော့ ဒါကိုလုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ တိုက်တွန်းမှ အဓိပ္ပာယ်ရှိတယ်။ ဒီလိုပြောရတာက အန်တီတို့နိုင်ငံမှာခုထိ ကြောက်စိတ်တို့ မကုန်သေးဘူး။ ကြောက်စိတ်က မကင်းစင်သေးဘူး။ တပ်မတော်ကို ဒီလိုပြောလိုက်ရင် စိတ်ဆိုးသွားမှာ။ စိတ်ခုသွားမှာကို။ စိတ်ဆိုးတာ၊ စိတ်ခုတာ ဘာဖြစ်လဲ။ အမှန်ကို အမှန်အတိုင်းပြောနေတာ။ အဖြစ်ကိုအဖြစ်အတိုင်း ပြောနေတာ။ တပ်မတော်က အခွင့်အရေးကို မယူဘဲနဲ့ ယူထားတယ်လို့ ပြောတာမှမဟုတ်ဘဲ။ ယူထားတဲ့ အခွင့်အရေးကို အားလုံးနဲ့တန်းတူဖြစ်အောင် လက်လွှတ်ပါဆိုတော့ အခွင့်အရေး ယူထားတဲ့သူကို မတိုက်တွန်းရင် ဘယ်သူ့တိုက်တွန်းရမလဲ။ NLD ကို တိုက်တွန်းစရာ မလိုဘူး။ ပြည်သူကို တိုက်တွန်းစရာမလိုဘူး။ ပြည်သူအများစု ကိုယ်နဲ့ဝိုင်းပြီး တိုက်တွန်းပေးမယ်။ ဒါဟာ မှန်တယ်။ အားလုံး တန်းတူညီတူဖြစ်ဖို့ဆိုရင် တပ်မတော်ဟာ ယူထားတဲ့ အခွင့်အရေးကို လက်လွှတ်သင့်တယ်လို့။ ပြည်သူက တိုက်တွန်းတဲ့အနေနဲ့ ဒီလက်မှတ်ထိုး လှုပ်ရှားမှုကိုလုပ်တာ။ အန်တီတို့က တိုက်တွန်းတယ်ပဲခေါ်ခေါ်၊ ဖိအားပေးတယ်ပဲခေါ်ခေါ်ပေါ့နော်။ ဒါကြောင့် မလုပ်ချင်ဘူးဆိုရင် အဲဒါမှကလေးဆန်တယ်လို့ ပြောရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များ သဘောတူညီသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များ သဘောမတူပါက မပြင်ဆင်နိုင်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ လွှတ်တော်၏ အထက်တွင် တပ်မတော် ရှိနေသည်ဟုလည်း အတိုက်အခံခေါင်းဆောင်က ဝေဖန်ခဲ့သည်။

ထို့အပြင် အစိုးရလုပ်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများသည်လည်း လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆောင်ရွက်၍ ဖြစ်နိုင်မည် မဟုတ်ကြောင်းလည်း ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအ၀င် မည်သည့်ပါတီမဆို လွှတ်တော်၌ အဆိုတင်သွင်းပါကလည်း ထောက်ခံသွားမည်ဟု အတိုက်အခံခေါင်းဆောင်က ပြောကြားသည်။

No comments: