Sunday, May 18, 2014

ငြိမ်းချမ်းရေးခရီးနဲ့ တော်လှန်ရေးရဲ့ ခေါင်းနဲ့ကိုယ်

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

အရပ်သားတပိုင်း၊ စစ်တပိုင်း အစိုးရဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတာကို အားလုံးအသိပါ။ ငြိမ်းချမ်း ရေးလုပ်တာကို ကျနော်တို့ ကြိုဆိုရမှာပဲ။ ငြိမ်းချမ်းရေးဟာ ဗမာပြည်အတွက် အရေးကြီးဆုံး လိုအပ်ချက်ပါ။ ဒါပေမဲ့ ရိုးသားဖို့ လိုတယ်။ စေတနာမှန်ဖို့လိုတယ်။ အရပ်သားတပိုင်း စစ်တပိုင်း အစိုးရပီသစွာ၊ ငြိမ်းချမ်းရေးတဖက် စစ်ပွဲတဖက် လုပ်နေတဲ့ လုပ်ရပ်ကိုတော့ ကန့်ကွက်ရပါလိမ့်မယ်။ ဒီနေ့ဖြစ်နေပုံက လူရှေ့သူရှေ့မှာ ငြိမ်းချမ်းရေး စကားပြော ပြီး တောကြိုအုံကြား လူကွယ်ရာရောက်တာနဲ့ စစ်တိုက်နေသလို ဖြစ်နေတယ်။ ဒီတော့ အခုလုပ်နေကြတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဟာ ဘယ်လောက်စေတနာမှန်မှန်နဲ့ လုပ်နေသလဲ။ နည်းမှန်လမ်းမှန် လုပ်နေတာဟုတ်ရဲ့လားဆိုတာကို ကျနော်တို့ပြန်ကြည့်ဖို့လိုလာပါပြီ။

အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေထဲမှာ သံသယဖြစ်စရာတွေ ပြည့်နေတယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ မြန်မာငြိမ်းချမ်းရေး စင်တာတို့ဟာ နိုင်ငံတကာကပေးတဲ့ ငွေထုပ်ကို ဖင်ခုထိုင်ပြီး အလွဲသုံးစားလုပ်နေတယ်ဆို တဲ့ သံသယတွေလည်း အများအပြားရှိနေတယ်။ အများပြည်သူက သူတို့အပေါ်မှာ အယုံကြည်နည်းတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး အလားအလာတွေ ကောင်းနေတယ်လို့ ဆိုနေကြသူတွေဟာ ဦးအောင်မင်းတို့ အုပ်စုသာမကဘဲ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ပါဝင်ကြတော့ အများပြည်သူက အားတက်တယ်။ မျှော်လင့်ချက်ထား တယ်။ ဒီတခါတော့ ငြိမ်းချမ်းရေးနဲ့ သိပ်မဝေးတော့ဘူးလို့ တချို့က ထင်တယ်။ အဲဒီအထင် ဘယ်လောက် မှန်နိုင်ပါသလဲ။

အပစ်အခတ် ရပ်စဲရေးအတွက် တခုတည်းသော မူကြမ်းထွက်ပေါ်လာရေးကို သင်္ကြန် မတိုင်ခင်က ဆွေးနွေးကြရာမှာ ငြင်းစရာတွေက ပွားပွားလာပြီး အငြင်းပွားကြရလွန်းလို့ မူလသတ်မှတ်ထားတဲ့ အစည်းအဝေးရက် ၂ ရက်ဟာ ဆန့်ထွက်သွားတာကို တွေ့ရတယ်။ နောက်ဆုံး ရက်ကြာလာလို့ အစည်းအဝေးသာ ရပ်လိုက်ရတယ်၊ သဘောတူညီချက်တော့ မရခဲ့ကြဘူး။ သဘောတူညီချက် ရသယောင်ယောင် အဆင်ပြေသယောင်ယောင် ဖုံးဖုံးဖိဖိပြောတဲ့ ပူးတွဲ ကြေညာချက် တခုတော့ ထွက်လာပါရဲ့။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်ဟာ မကြေလည်မှုတွေနဲ့ တခန်းရပ်ခဲ့ရတာသာ ဖြစ်ကြောင်းကိုတော့ လေ့လာကြည့်ရင် သိနိုင်ပါတယ်။

မကြေလည်မှုတွေက ဘာတွေပါလဲ။ စကားလုံး အသုံးအနှုန်းလေးတွေ ကွဲလွဲနေ တယ်လို့ နှစ်ဖက်စလုံးက ပြောကြတယ်။ ဒါပေမဲ့ အဲဒီလိုပြောနေကြတာဟာ ဖော့ပြောနေတာပါ။ ဖော့ပြောနေတာ ဖြစ်ကြောင်းကို သူတို့ ကွဲလွဲချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ သူတို့ကွဲလွဲချက်တွေက ဘာတွေလဲဆိုတာကို ကြည့်ကြရအောင်ပါ။

၁ ။ တိုင်းရင်းသားတွေဘက်က တော်လှန်ရေးဆိုတဲ့စကားလုံးသုံးနှုန်းတာကို အစိုးရဘက်က မကြိုက်ဘူးလို့ဆို တယ်။
၂။ တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်လို့သုံးတာကို အစိုးရဘက်က မကြိုက်ဘူး။ ဖက်ဒရယ် အစား ပြည်ထောင်စုလို့ပဲ သုံးရမယ်။
၃။ တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားလုံး သုံးတာကို အစိုးရကမကြိုက်ဘူး။
၎။ တည်ဆဲဥပဒေတွေကို လိုက်နာရမယ် ဆိုတဲ့စကားကို အစိုးရဘက်က သုံးတာကို တိုင်းရင်းသားတွေဘက်က မကြိုက်ဘူး။
ဥပဒေလိုက်နာရမယ်လောက်ဆိုရင်တော်ပြီ။
၅။ လွှတ်တော်ပြင်ပလို့ တိုင်းရင်းသားတွေ သုံးတာကို အစိုးရက မကြိုက်ဘူး။

ဒါလေးတွေကို စကားလုံးအသုံးအနှုန်းလေးတွေ ကွဲလွဲနေတယ်လို့ အစိုးရဘက် UPWC ကရော တိုင်းရင်းသားဘက် NCCT ကရော ပြောကြတယ်။ တကယ်တော့ ဒါဟာ စကားလုံးလေးတွေ ကွဲလွဲနေတာ မဟုတ်ဘူး။ မူအရ အကြီးအကျယ်ကွဲလွဲချက်တွေဆိုတာကို နိုင်ငံရေးနဲ့ သိပ်ဒုံးမဝေးတဲ့သူတိုင်း သိနိုင်တယ်။

တော်လှန်ရေးဆိုတဲ့ စကားကို တိုင်းရင်းသားတွေက သုံးချင်တာဟာ သူတို့ရဲ့ တကယ့်ခံစားချက်ကို ထင်ဟပ်စေချင်တာပဲ။ သူတို့ ဂုဏ်သိက္ခာကို ပေါ်လွင်စေချင်တာလည်း ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရကို မကြိုက်လို့ တော်လှန်နေ ကြသူတွေပဲ။ သူခိုးဓါးပြ မဟုတ်ဘူးဆိုတာ သိစေချင်ကြတယ်။ အစိုးရကတော့ သူတို့ကို လက်နက်ကိုင် တိုက်ပွဲကာလ တလျှောက်လုံးမှာ သောင်းကျန်းသူလို့သာ သဘောထားခဲ့တယ်။ အဲသလိုပဲ သုံးနှုန်းခဲ့တယ်။ အစိုးရက မတရားလို့ ၊ ဖိနှိပ်လို့ တော်လှန်နေကြတဲ့သူတွေလို့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး။ ဒါ့ကြောင့် တော်လှန်ရေးဆိုတဲ့စကားကို လက်မခံချင်ဘူး။ သူတို့ဟာ နိုင်ငံရေးစိတ်ဓါတ်နဲ့ တော်လှန်နေတဲ့သူတွေဆိုတာကို အသိအမှတ်ပြုရတာဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုရတာ ဖြစ်တယ်။ အဲဒါကို အသိအမှတ်မပြုဘဲ လက်နက်ကိုင်ပြီး အလကား သောင်းကျန်းနေသူတွေလို့သာ ဆိုချင်တဲ့ အတွက် လက်နက်ကိုင် တိုင်းရင်းသားလို့သာ သုံးချင်တယ်။ တော်လှန်ရေးကို မသုံးဖို့ ကန့်ကွက်တဲ့ အပြင် လက်နက်ကိုင် တိုင်းရင်းသား နဲ့ တိုင်းရင်းသားလက်နက်ကိုင်တောင် အငြင်းပွားကြတယ်။ တိုင်းရင်းသားတွေက အစိုးရကို မကျေနပ်လို့ လက်နက်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မထွက်ဘဲ၊ လက်နက်ကိုင် ထားသော တိုင်းရင်းသား အချို့ဆိုတဲ့ အဓိပ္ပါယ် ဖြစ်စေချင်တယ်။ ဒါဟာ သာမန်စကားလုံး အငြင်းပွားမှုမဟုတ်ဘူး။ နောက်ကွယ်မှာ အင်မတန် ကြီးမားတဲ့ အဓိပ္ပါယ် ခြားနားမှု ကြီးရှိနေတယ်။

တိုင်းရင်းသားတွေက ဖက်ဒရယ်လို့ သုံးတာကို အစိုးရက မကြိုက်ဘူး။ ပြည်ထောင်စုလို့သုံးစေချင်တယ်။ ဒါဟာလည်း မူအရ အလွန်ကြီးမားတဲ့ ခြားနားချက်ကြီးပဲ။ အစိုးရပြောနေတဲ့ ပြည်ထောင်စုဆိုတာ အခု သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ ပြည်ထောင်စုကို ပြောနေတာ။ အခုသူတို့လုပ်ထားတာဟာ ပြည်ထောင်စုပါပဲ လို့ ပြောနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကတော့ အခု ၂၀၀၈ မူကို ပြည်ထောင်စုလို့ လက်မခံဘူး။ တပြည်ထောင်စနစ်လို့ပဲ ယူဆတယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေး တခုမှမပါဘူးလို့ ယူဆတယ်။ ဖက်ဒရယ်ကို လိုချင်တယ်။ ပြည်ထောင်စုစစ်စစ်ကို လိုချင်တယ်။ ဒါဟာ ဧရာမခြားနားချက်ပါ။

နောက်တခါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့တိုင်းရင်းသားတွေရဲ့ အသုံးကို အစိုးရက မကြိုက်ဘူး။ ဒါဟာလည်း စောစောက ဖက်ဒရယ်/ပြည်ထောင်စု ကွဲလွဲမှုနဲ့ တသဘောတည်းပဲ။ အစိုးရက တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မပေးချင်ဘူး။ ကိုယ့်ပြည်နယ်မှာ ဒေသဆိုင်ရာ ဥပဒေတွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ အခွန်ငွေ ခွဲဝေသုံးစွဲခွင့်၊ သယံဇာတ ခွဲဝေပိုင်ဆိုင်ခွင့်၊ တိုင်းရင်းသားအရေးကို ကိုယ်ပိုင်ဆောင်ရွက်ခွင့်တို့ဆိုတဲ့ အခွင့်အရေးတွေကို မပေးချင်ဘူး။ ဒါလည်း မူအရကွဲလွဲချက်ပါ။

တည်ဆဲဥပဒေတွေကို လိုက်နာရမယ်လို့ အစိုးရကပြောတယ်။ တိုင်းရင်းသားဘက်က ဥပဒေလိုက်နာရမယ် လောက်ပဲ သဘောတူချင်တယ်။ ဒီကွဲလွဲချက်ကလည်း မသေးဘူး။ တိုင်းရင်းသားဘက်က ဥပဒေလိုက်နာမယ် ဆိုတာ တရားမျှတတဲ့ ဥပဒေ၊ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဥပဒေကိုလိုက်နာမယ်ဆိုတဲ့ သဘော။ ဥပဒေပီသတဲ့ ဥပဒေကိုလိုက်နာမယ်ဆိုတဲ့သဘော။ ဥပဒေလိုက်နာရေးကိုမူအရ သဘောတူတယ်ဆိုတဲ့ သဘော။ အစိုးရဘက်က တည်ဆဲဥပဒေဆိုတာ တည်နေတဲ့ ဥပဒေအားလုံးကို လိုက်နာရမယ်ဆိုတဲ့ သဘော။ ဒါဆိုရင် မတရားအသင်း ဥပဒေလို ဥပဒေမျိုးကိုလည်း လိုက်နာရမယ်လို့ အဓိပ္ပါယ်ထွက်သွားတယ်။ အခုဆွေးနွေးနေတဲ့ တိုင်းရင်းသားအားလုံးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ခုံရုံးတင်ဖို့ပဲ ရှိတော့မယ်။ ဒါမျိုးကို တိုင်းရင်းသားတွေက မလိုလားဘူး။ ဗမာပြည်မှာ ဖျက်သိမ်းသင့်တဲ့ မတရားတဲ့ ဥပဒေတွေ၊ ဥပဒေလို့ မခေါ်ထိုက်ဘဲ ဥပဒေစာရင်းဝင် နေတာတွေ အများကြီး ရှိနေတယ်ဆိုတာ တိုင်းရင်းသားတွေသိနေတယ်။ အဲဒါတွေကို အကုန်လိုက်နာပါမယ်လို့ ကတိကဝတ်မပေးချင်ဘူး။ ဒါ့ကြောင့် တည်ဆဲဆိုတဲ့ နှစ်လုံးဟာ အကြီးအကျယ် ငြင်းစရာဖြစ်နေတယ်။

လွှတ်တော်ပြင်ပလို့ တိုင်းရင်းသားတွေက သုံးတာကို အစိုးရက မကြိုက်ဘူး။ ဒါကလည်း အကြီးဆုံးကွဲလွဲချက် ကြီးတခုဖြစ်နေပြန်တယ်။ လွှတ်တော်ထဲဆွဲထည့်တာကို တိုင်းရင်းသားတွေ မခံနိုင်ဘူး။ လွှတ်တော်ထဲဆွဲထည့် တာဟာ ၂၀၀၈ အခြေခံဥပဒေအောက်ဆွဲသွင်းတာပဲ။ ကျုံးသွင်းတာပဲ ဆိုတာ တိုင်းရင်းသားတွေသိတယ်။ ၂၀၀၈ ကို သူတို့ ဒူးမထောက်ချင်ဘူး။ အစိုးရက ၂၀၀၈ အောက်ဒူးထောက်စေချင်တယ်။ ဒီတော့ လွှတ်တော် ပြင်ပ သုံးရေး မသုံးရေး ဆိုတာကလည်း ဒူးထောက်ရေး၊ မထောက်ရေး ပြဿနာဖြစ်နေပြန်တယ်။

ဒီလိုတဖက်မှာ ဆွေးနွေးနေချိန်မှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့နဲ့ တွေ့တယ်။ တွေ့တဲ့အခါ ပြောတဲ့ စကားထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းကနေပဲ ဆောင်ရွက်ရမယ်လို့ ထည့်သွင်းပြောခဲ့တယ်။ ဒါဟာ အချိန်ကိုက်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ထွက်ပြောတာပဲဆိုတာ ဘာမှ သံသယဖြစ်စရာ မရှိဘူး။ ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်းကပဲ လုပ်ရမယ်ဆိုတဲ့ စကားဟာ တော်တော်တာသွားတယ်။ ဒီစကားတခွန်းဟာ ဖက်ဒရယ်မပေးဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မပေးဘူး၊ တန်းတူအခွင့်အရေး မပေးဘူး ဆိုတာတွေကို စကားတခွန်းတည်းနဲ့ အားလုံး တပေါင်းတည်း အဓိပ္ပါယ်ထွက်သွားစေတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ နောက်ထပ် စကားတခွန်းကိုလည်း ပြောခဲ့တယ်။ အဲဒါကဘာလဲ ဆိုတော့ တပ်မတော်တခုတည်း ရှိရမယ်ဆိုတဲ့ စကားပါပဲ။ တပ်မတော် တခုတည်းရှိရမယ်။ အဲဒီတပ်မတော်ဟာ သူတို့ရဲ့ တပ်မတော်ဖြစ်တယ်။ ကျန်တဲ့ တပ်မတော်တွေ ဖျက်ပေးရမယ်။ ဒီတော့ အဓိပ္ပါယ်က လက်နက်ချခိုင်းတဲ့ အဓိပ္ပါယ်သာဖြစ်ပါတယ်။

ဒါတွေကို ကြည့်ရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စစ်အစိုးရရဲ့ သဘောထားဟာ တော်တော် ပေါ်လွင် ထင်ရှား နေတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်ဝင်လာခဲ့ပါ။ လက်နက်ချပါ။ အစိုးရဘက်ကပြောတဲ့ လက်ရှိမူ ပြည်ထောင်စုဆိုတာကို လက်ခံပါ။ ဒါပါပဲ။ ဒါတွေကို ကြည့်ရင် အစိုးရဘက်က ဘာတခုမှ ပြင်ဆင်ဖို့ အလျှော့ပေးဖို့ မရှိဘူးဆိုတာကို ဆွေးနွေးပွဲမတိုင်ခင်မှာ ထပ်ကာထပ်ကာ သတိပေးနေတဲ့ သဘော ဖြစ်နေတယ်။ ဒါဆိုရင် ဘာလို့များ ဆွေးနွေးနေသေးသလဲ။ အစိုးရရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။ ရိုးမှ ရိုးသားရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

တခြားတဖက်ကိုလည်း ကြည့်ရအောင်။ တိုင်းရင်းသားတွေကရော ဒါတွေကို မရိပ်စားမိဘူးလား။ သူတို့ ကရော ဘာမျှော်လင့်ချက်နဲ့ ဆွေးနွေးနေသလဲ။ သူတို့လိုချင်တာတွေကို အစိုးရက သဘောတူမယ်လို့ ထင်နေလို့လား။ ဒါမှ မဟုတ်တခြားရည်ရွယ်ချက်တွေ ရှိသေးသလား။

အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ နှစ်ဦးနှစ်ဘက် ဘာရည်ရွယ်ချက်တွေနဲ့ ဆွေးနွေးနေတာလဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ တကယ်ပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မလား။ ဒီအချက်တွေကို သုံးသပ်တာဟာ ဒီဆောင်းပါးရဲ့ အဓိကဦးတည်ချက်ဖြစ်ပါတယ်။

အစိုးရဘက်ကရည်ရွယ်ချက်တွေကို အရင် ဆန်းစစ်ကြည့်ချင်ပါတယ်။ ဘာတခုမှ လျှော့ဖို့ ပြင်ဖို့ ညှိနှိုင်းဖို့ ရည်ရွယ်ချက်မရှိဘဲ အစိုးရဘက်က ဆွေးနွေးပွဲ လမ်းကြောင်းကို လျှောက်နေတာဟာ အကြောင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမတကြောင်းကတော့ ငြိမ်းချမ်းရေး အတွက်အမျိုးမျိုးဖိအားပေးနေကြတဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းကို သူတို့အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပါတယ်လို့ သတင်းစကား ပေးပို့နေတာပါ။ ဒီလိုသတင်းစကား ပေးပို့ခြင်းအားဖြင့် ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာငွေတွေ အများအပြားရတယ်။ ဒါ့ထက် ပိုအရေးကြီးတာက ငြိမ်းချမ်းရေး လုပ်ပြမှ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ချလက်ချ ပုံအောရင်းနှီးကြမယ်။ ဒါ့ကြောင့် မဖြစ်မနေလုပ်ပြနေရပါတယ်။

ဒုတိယတကြောင်းကတော့ ငြိမ်းချမ်းရေးကို အင်မတန် အာသာငမ်းငမ်း ဆာလောင်မွတ်သိပ်နေကြတဲ့ ပြည်သူ တရပ်လုံးကို ချွေးသိပ်နှစ်သိမ့်ဖို့ပါပဲ။ ပြည်သူတွေကျေနပ်မှ တိုင်းပြည်ငြိမ်သက်မယ်။ ပြည်သူတွေကျေနပ်မှ သူတို့ကို မဲပေးမယ်။ ဒီသဘောကတော့ တော်တော်ရှင်းပါတယ်။

ဒီနှစ်ခုစလုံးထက် ပိုအရေးကြီးတဲ့ တတိယအကြောင်းလည်း ရှိပါသေးတယ်။ ဒါဟာ ရည်မှန်းချက်လို့လည်း ဆိုနိုင်တယ်။ အဲဒါကတော့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးအပေါ်မှာ သေနတ်မဖောက်ဘဲ အောင်ပွဲခံနိုင်ရေးပါပဲ။ ဘယ်လို အောင်ပွဲခံနိုင်မှာလဲ။ တဒိန်းဒိန်းတဂျိန်းဂျိန်းနဲ့ ပစ်ခတ်သတ်ဖြတ်လာတာ ၆၅ နှစ်ကျော်ပြီ။ အခုကျမှ သေနတ်မဖောက်ဘဲ အောင်ပွဲခံနိုင်ရေးကို သူတို့ဘက်က မျှော်လင့်နေတယ် ဆိုတာ ဟုတ်ပါ့မလားလို့ တချို့က မေးခွန်းထုတ်ချင်လိမ့်မယ်။

သူတို့ အဲသလိုမျှော်လင့်နေကြောင်း သူတို့လုပ်ဟန်တချို့က ဖော်ပြနေပါတယ်။ သူတို့ရည်မှန်းချက်ဟာ တိုင်းရင်းသားထုတခုလုံးနဲ့ နိုင်ငံရေး အရ စေ့စပ်ဆွေးနွေးတာမျိုးမလုပ်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကို လူထုနဲ့ ခွဲထုတ်ဖဲ့ထုတ်စည်းရုံးဖို့ပါ။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာတွေကို တခုမှမပေးဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကိုသာ သူတို့ကျေနပ်လောက်မယ့် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတချို့ပေးပြီး စေ့စပ်ညှိနှိုင်းလိုက်ဖို့ဖြစ်ပါတယ်။ ကားပါမစ်လက်ဆောင်ဟာ ပထမအဆင့် စမ်းသပ် လာဘ်ထိုးတာဖြစ်ပါတယ်။ သူတို့စမ်းသပ်ချက်ဟာ အတိုင်းအတာတခုအထိ ပေါက်ရောက်အောင်မြင်ခဲ့ပြီလို့ တောင်ဆိုနိုင်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှု အသီးအပွင့်ကို ဥပမာအနေနဲ့ လူနှစ်ယောက်နဲ့ ညွှန်းဆိုဖော်ပြချင် ပါတယ်။ ပုဂ္ဂိုလ်ရေး သဘောမပါပါ။ သိသာမြင်သာတဲ့ သူကိုသာ ရည်ညွှန်းတာဖြစ်ပါတယ်။ မန်းငြိမ်းမောင်နဲ့ ဆလိုင်းငွန်ကျုံးလျန်ကို ကြည့်ပါ။ သူတို့အခုပြောဆိုနေကြတဲ့စကားတွေဟာ အစိုးရကိုယ်စား အစိုးရပြောချင်တဲ့ စကားတွေကို ပါးစပ်အငှားနဲ့ ပြောပေးနေကြသလိုတောင် ဖြစ်နေပါတယ်။ အဲဒါအစိုးရဘက်က အောင်မြင်မှု အသီးအပွင့်တွေပါ။ ကားအစီး ၆၀၊ ၁၀၀ ပေးပြီး နောက်မှာ ဒီလိုရလဒ်တွေ ထွက်လာတာပါ။ ဒီတော့ နောက်ထပ်လည်း ပေးဦးမှာပါ။ ဒီ့ထက် မြိုးမြိုးမြက်မြက်ပေးဦးမှာပါ။ ဒီလောက်ကလေးကို ဘာမပေးနိုင်စရာရှိသ လဲ။ တိုင်းရင်းသားတွေဆီကနေ စစ်ခေါင်းဆောင်တွေ ရတဲ့ သယံဇာတတွေက ဒီ့ထက်မက အများကြီး ရထားတာပဲ။ ဒီလောက်ကလေး ပေးလိုက်ရတော့ ဘာဖြစ်သလဲ။

အစိုးရလုပ်နေတဲ့ ဗျူဟာဟာ တော်လှန်ရေးကို ခေါင်းနဲ့ကိုယ်ခွဲထုတ်ပြီး ခေါင်းဖြတ်ဝယ်ယူနေတဲ့ ဗျူဟာဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အောက်ခြေလူထု၊ အောက်ခြေ တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားချက်ကို မပေးဘူး။ ဦးဆောင်ဆွေးနွေးတဲ့ ခေါင်းဆောင်တွေကိုတော့ ပုဂ္ဂလိက ခံစားခွင့်တွေ ပေးမယ်ဆိုတဲ့ မူဖြစ်ပါတယ်။

အမှန်မှာတော့ တော်လှန်ရေးတခု၊ တော်လှန်စစ်ပွဲတခုဆိုတာဟာ နိုင်ငံရေး ပြဿနာ မပြေလည်ဘဲ ပြီးပြတ်သွားရိုးမရှိပါဘူး။ ဒါပေမဲ့ တော်လှန်ရေးခေါင်းဆောင်တွေကို ဝယ်ယူလိုက်နိုင်ရင် ခေါင်းဆောင်တွေက နောက်လိုက်တွေကို သစ္စာဖောက်သွားရင်တော့ တော်လှန်ရေးဟာ ယာယီ ငြိမ်သွားနိုင်ပါတယ်။ အစိုးရအခုလုပ်ကိုင်နေတဲ့ လုပ်နည်းလုပ်ဟန်ကိုကြည့်ရင် သူတို့ရဲ့ ရည်မှန်းချက်ဟာ အဲသလိုဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ အစိုးရဟာ တိုင်းရင်းသား ခေါင်းဆောင်တွေကို သူဋ္ဌေးတွေ ဖြစ်လာအောင် မြှောက်စားပေးကမ်းပါလိမ့်မယ်။ တော်လှန်ရေးကို စွန့်လွှတ်ပြီး လက်နက်ချခိုင်းပါလိမ့်မယ်။ အဲသလို လက်နက်ချတာကိုလည်း သိက္ခာဆည်နိုင်အောင် ငြိမ်းချမ်းရေးလို့ နာမည်တပ်ပေးပါလိမ့်မယ်။ ရှဥ့်လည်းလျှောက်သာ ၊ ပျားလည်းစွဲသာ ပြည်သူနာ လမ်းစဉ်ဖြစ်ပါတယ်။

တိုင်းရင်းသားတွေဘက်က ဒါတွေမသိဘူးလား။ အခုကျနော်တွေးသလို သူတို့ မတွေးကြဘူးလား။ သူတို့ မရိပ်စားမိဘူးလား။ မဟုတ်ပါဘူး။ သူတို့သိပါတယ်။ ရိပ်မိပါတယ်။ ဗမာပြည်မှာ အတိုက်အခံ ဒီမိုကရေစီသမားဆိုတဲ့သူတွေကသာ အစိုးရ အကြော ၊ စစ်အာဏာရှင်တွေရဲ့ အကြောကို မသိရင်ရှိမယ်။ လက်နက်ချင်းယှဉ်တိုက်လာတဲ့ တိုင်းရင်းသားတွေက အစိုးရအကြောကို နောကျေပါတယ်။ အစိုးရ အပေါ်မှာ ကျနော့်ထက်လည်း သံသယကြီးကြီးထားတတ်တယ်ဆိုတာ တိုင်းရင်းသားတွေနဲ့ ပြောဆိုဆက်ဆံဖူးသူတိုင်း သိပါလိမ့်မယ်။ ဒါဆိုရင် တိုင်းရင်းသားတွေကပါ ငြိမ်းချမ်းရေး အလားအလာ ကောင်းပါတယ်၊ တိုးတက်နေပါတယ်လို့ ဘာကြောင့် ဟန်ချက်ညီညီနဲ့ အသံတွေ ထုတ်ပေးနေပါသလဲ။ ဘာ့ကြောင့် အကျောက်အကန် အခြေအတင် တောင်းဆိုဆွေးနွေးတာမျိုးတွေ မလုပ်သေးဘဲ၊ ရေလိုက်ငါးလိုက် အလိုက်သင့် မျှောလိုက်ဆွေးနွေးနေကြသလဲ။

သူတို့မှာလည်း သူတို့ အကြောင်းတွေနဲ့ သူတို့ရှိမှာပါ။ သူတို့ အကြောင်းတွေက ဘာတွေလဲဆိုတာ ကျနော်ရသလောက် သတင်းအချက်အလက်အပေါ်တည်ပြီး စဉ်းစားကြည့်ပါမယ်။

ပထမအချက်က သူတို့ စစ်မောနေပြီ။ တိုက်ရည်ကျနေပြီ။ စည်းရုံးရေးကျနေပြီ။ အကွဲကွဲ အပြဲပြဲ ဖြစ်တဲ့လူကလည်း ဖြစ်နေပြီ။ ခဏနားချင်တယ်။ အားမွေးချင်တယ်။ အင်အားပြန်လည်တည်ဆောက်ချင်တယ်။ ဒါက ဆက်တိုက်ဦးမယ့် ဇွဲကောင်းသူ တချို့ရဲ့ စိတ်ကူးပါ။

ဒုတိယတချက်ကတော့ စစ်ပမ်းနေချိန်မှာ နိုင်ငံရေးနည်းနဲ့ နိုင်ငံရေး တိုက်ပွဲဆင်ကြည့်ချင်တယ်။

တတိယအချက်ကတော့ အစိုးရက ဘာပေးမလဲဆိုတာ သိချင်တယ်။ ဈေးစကား ပြောချင်တယ်။ ဒါကတော့ လိုချင်လို့ မျှော်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ မျှော်လင့်ချက်ပါ။

စတုတ္ထအချက်ကတော့ သူတို့အပေါ်မှာလည်း နိုင်ငံတကာဖိအားရှိပါတယ်။ သူတို့ကို လက်နက်ပေးနေတဲ့ ၊ ငွေကြေး ထောက်ပံ့နေကြတဲ့ သူတွေက ဆွေးနွေးခိုင်းနေတာကို ကျေနပ်အောင် ဆွေးနွေးပြရပါမယ်။ ဒါက လည်း အကြောင်းတချက်ပါ။ တချိန်က သူတို့ကို ငွေပေး၊ လက်နက်ပေးပြီး ကူညီနေသူတွေ စစ်တိုက်ရေးအားပေးနေသူ နိုင်ငံတကာ အလှူရှင်တွေဟာ အခုတော့ စစ်အစိုးရနဲ့ ပြေလည်ချင်နေပါပြီ။ စစ်အစိုးရကို တရုတ်ရင်ခွင်ထဲက ဆွဲထုတ်ပြီး၊ သူ့ရင်ခွင်မှာ ချော့သိပ်ချင်နေပါပြီ။ တည်ငြိမ်အေးချမ်းတဲ့ ခွင်တခုမှာ အေးအေးဆေးဆေးစီးပွားရှာချင်နေပါပြီ။ ဒီလိုအချိန်မှာ တိုင်းရင်းသားတွေကို စစ်အစိုးရနဲ့ ဆွေးနွေးဖို့ ဖိအားပေးလာနေတာ ဖြစ်ပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့ အချက်ကြီးတချက်ပါ။

ပဉ္စမအချက်ကတော့ ဆွေးနွေးသူ တိုင်းရင်းသား ခေါင်းဆောင်တွေထဲမှာ သူဋ္ဌေးဖြစ်ချင်တဲ့သူတွေ တော်လှန်ရေးကို ရောင်းစားဖို့ အဆင်သင့်ဖြစ်နေသူတွေလည်း ပါဝင်နေနိုင်ပါတယ်။

ကျနော်အခု သုံးသပ်တင်ပြတဲ့ အချက်တွေအတိုင်းသာမှန်ရင်တော့ အဖိနှိပ်ခံ တိုင်းရင်းသားတွေအတွက်ရော၊ မြန်မာလူမျိုးတွေအတွက်ပါ လက်ရှိဆွေးနွေးပွဲ အနေအထားတွေကနေ အားတက်စရာ ရလဒ်ကောင်းတွေ ထွက်လာစရာ သိပ်မရှိသေးပါဘူး။ တိုင်းရင်းသားတွေအတွက်က ပိုဆိုးနိုင်ပါတယ်။ သူတို့ တော်လှန်ရေးကို ရောင်းစားမယ့် ခေါင်းဆောင်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ သူတို့လိုချင်တဲ့ ဖက်ဒရယ်တွေ ၊ တန်းတူ အခွင့်အရေးတွေကို တော်လှန်ရေးခေါင်းဆောင်တွေက ရောင်းစားပြီး နာမည်ခံ ငြိမ်းချမ်းရေးကြီးကို သယ်ဆောင် လာဖွယ် ရှိပါတယ်။

ငြိမ်းချမ်းရေး အစစ်အမှန်မရဘဲ ဟိုအရင် ဗိုလ်ချုပ်ခင်ညွန့်လုပ်သလိုပဲ ယာယီအပစ်အခတ်ရပ်စဲရေးတမျိုးတော့ ကာလတခုအထိ ပေါ်ထွက်လာဖွယ်ရာရှိပါတယ်။ အဲသလို ယာယီအပစ်အခတ်ရပ်စဲရေးကရော တနိုင်ငံလုံးအတိုင်းအတာဖြစ်လာမလား။ ကျနော့်အထင်တော့ တနိုင်ငံလုံး မဖြစ်လောက်ဘူး ထင်ပါတယ်။ တချို့နေရာမှာ စစ်မီးခြွင်းချန်ထားရစ်နိုင်တယ်လို့ ထင်ပါတယ်။

တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်သူအစိုးရက အခရာပါ။ သူတို့တကယ်ငြိမ်းချမ်းချင်ရင် ငြိမ်းချမ်းအောင် လုပ်လို့ရပါတယ်။ သူတို့က ထိုးစစ်ပါ။ ကျန်တော်လှန်ရေးအင်အားစု အားလုံးဘက်က သေနင်္ဂဗျူဟာအရ ခံစစ်ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရအဖို့ရာမှာ စစ်ကိုချန်ထားချင်စရာ အကြောင်းတချို့ရှိနေတာကို မြင်မိပါတယ်။ အခုအစိုးရဟာ အရပ်အစိုးရ အမည်ခံထားသော်လည်း စစ်အာဏာရှင်ကနေလာပါတယ်။ အခုအစိုးရခေါင်းဆောင်တွေအားလုံး ဟာ အရင်စစ်အာဏာရှင်တွေပါပဲ။

စစ်ပွဲရဲ့ ယေဘုယျသဘောဟာ စစ်အာဏာရှင်ကို အကျိုးပြုတတ်ပြီး စစ်ပြေငြိမ်းခြင်းဟာ စစ်အာဏာရှင်တွေ အတွက် ပြဿနာတချို့ပေါ်ပေါက်စေနိုင်ပါတယ်။

တကယ်လို့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲသွားရင်၊ ငြိမ်းချမ်းရေး ရသွားရင် စစ်သား အရေအတွက်ဟာ ဒီလောက်အများအပြား ထားစရာမလိုတော့ဘူး။ မလွှဲမရှောင်သာ လျှော့ကို လျှော့ရပါတော့မယ်။ အဲသလို စစ်သားအရေအတွက် လျှော့လိုက်ရရင် စစ်အာဏာရှင်စနစ်လည်း အားပျော့သွားပါမယ်။ အဲဒါကို စစ်တပိုင်း အစိုးရကမကြိုက်ပါဘူး။ အဲဒီ အခြေအနေကို စစ်အာဏာရှင်တွေက အဖြစ်မခံနိုင်ပါဘူး။ ဒါကတချက်။

နောက်ပြဿနာတခုက စစ်ပွဲတွေမရှိရင် စစ်သားတွေက ဘာလုပ်ကြရမလဲ။ ဒါဟာလည်း သူတို့အတွက်တော့ ပြဿနာပါ။ စစ်ပွဲ မရှိရင် စစ်သားတွေဟာ ကုန်ထုတ်လုပ်ရပါလိမ့်မယ်။ တိုင်းပြည် ဖွံ့ဖြိုးရေးလုပ်ရပါလိမ့်မယ်။ အဲသလိုလုပ်ကြရင် စစ်သားနဲ့ ပြည်သူထိတွေ့ကြပါမယ်။ စစ်သားနဲ့ ပြည်သူ ရင်းနှီးလာမယ်။ နားလည်မှုရလာမယ်။ ဒါဆိုရင် စစ်သားတွေဟာ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်လာနိုင်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် ကျဆုံးမယ့် လမ်းစပါ။ စစ်သားနဲ့ ပြည်သူကို ဝေးနိုင်သမျှ ဝေးဝေးနေစေချင်တာဟာ ကမ္ဘာပေါ်မှာရှိတဲ့ စစ်အာဏာရှင်တိုင်းရဲ့ သဘောထားပါ။

ဒါ့ကြောင့် ကမ္ဘာတလွှား စစ်အာဏာရှင်များဟာ စစ်ပွဲကို မွေးမြူထားလေ့ရှိကြပါတယ်။ စစ်ပွဲဟာ သူတို့ရှင်သန်ရပ်တည်ရေးပါ။ သူတို့ဟာ စစ်ပွဲကြောင့် ကောင်းစားနေသူ တွေပါ။ စစ်သားတွေ စစ်တိုက်ပေးနေလို့ ကောင်းစားနေကြတဲ့သူတွေပါ။ စစ်သားတွေက ပြည်သူတွေကို ပစ်ခတ်ဖြိုခွဲပေးနေလို့ အသက်ရှင် ရပ်တည်နေနိုင်သူတွေပါ။

တိုင်းပြည်မှာ ငြိမ်းချမ်းရေးရှိလာရင် စစ်အာဏာရှင်စနစ် သက်ဆိုးမရှည်နိုင်ပါဘူး။ ဒါဟာ ယေဘုယျ သဘောတရားပါ။ ဒါ့ကြောင့်လည်း စစ်အာဏာရှင်များက တိုင်းပြည်ငြိမ်းချမ်းရေးရတာကို မလိုလားကြပါဘူး။

ဒီလိုပြောတော့ အခု ဆွေးနွေးနေတာတွေ မလုပ်ရတော့ဘူးလား။ ရပ်ပစ်လိုက်ရမလားလို့ တချို့က မေးချင် ပါလိမ့်မယ်။ ဒီလို မဟုတ်ပါဘူး။ ပြောင်းပြန်ပါ။ ဒီ့ထက်ပိုပြီး ဆွေးနွေးဖို့ လိုပါတယ်။ ဒီ့ထက် တက်တက်ကြွကြွ ဆွေးနွေးဖို့ လိုပါတယ်။ တကယ်စိတ်ရင်းစေတနာရင်း မှန်မှန်ကန်ကန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒါပေမဲ့ အဲသလို မှန်မှန်ကန်ကန် ရပ်တည်ဖို့၊ လက်ရှိတိုက်နေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ်ဖို့ အစိုးရကို ပြည်သူတွေက တိုက်တွန်းကြရပါမယ်။ ဖိအားပေးရပါမယ်။ တိုင်းရင်းသား သူပုန်တွေကို စစ်တိုက်ပြီး စစ်နဲ့ ဖိအားပေးတဲ့လုပ်ရပ်တွေ ၊ အင်အားချိနဲ့အောင် အရင်လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ကန့်ကွက်ကြရပါမယ်။

အစိုးရကို ဖိအားပေးဖို့လိုသလို ကိုယ့်ခေါင်းဆောင်တွေကိုလည်း မျက်ခြည်မပြတ်ကြဖို့လိုပါတယ်။ အဆက်မပြတ် ဝေဖန် ဆန်းစစ်ဖို့ လိုပါတယ်။ ကိုယ့်ခေါင်းဆောင်တွေကို ငွေပေး အဝယ်မခံရအောင် ၊ အလိမ်မခံရအောင် ထိန်းကွပ်တည့်မတ်ဖို့ လိုပါတယ်။

ဒီနေ့ခေတ်ဟာ နိုင်ငံ့အရေး နိုင်ငံ့ကံကြမ္မာကို ခေါင်းဆောင်တွေဆိုသူ လူလက်တစ်ဆုပ်စာလက်ထဲ ထိုးအပ်ထား တဲ့ ခေတ်မဟုတ်တော့ပါဘူး။ ခေါင်းဆောင်တွေကို သာမန်ပြည်သူတွေက ထိန်းကျောင်းပေးကြရမယ့်ခေတ်ပါ။ စစ်တပိုင်း အာဏာရှင်တွေကိုသာမက ၊ ကိုယ့်ခေါင်းဆောင်တွေကိုပါ သတိထားစောင့်ကြည့်ဖို့ ဖိအားပေးဖို့ လိုအပ်တယ်လို့ သတိပေးချင်ပါတယ်။ ကျနော်လည်းအဲသလို စောင့်ကြည့်နေတဲ့ သာမန်ပြည်သူတယောက်ပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
(Zaw Win ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

No comments: