Monday, May 19, 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေဥပြင်ဆင်ရေးလှုပ်ရှားမှုအပေါ် အမြင်သဘောထားများ

''အများယောင်တိုင်း လိုက်မယောင်နိုင်''
Aung Naing Moe's Status

ဒေါ်စုကို ဤမျှကြီးမားသော လူအုပ်ကြီးများဖြင့် ထောက်ခံခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်ကတည်းကဖြစ်ရာ ၂၆ နှစ်လည်း တိုင်ခဲ့ပါပြီ။ လူထုအင်အားကို ဒေါ်စု အသုံးချပြီး တွန်းခဲ့နိုင်သည့် နိုင်ငံရေးအရွေ့ တခုမျှ မရှိခဲ့။

ယခုလည်း ခြေဥကို လွှတ်တော်တွင်းမှ ပြင်၍ မဖြစ်နိုင်ဟု ပြောရင်း လွှတ်တော်တွင်းကပင် ပြင်မည်ဟု ဆိုပြန်လေသည်။ လွှတ်တော်တွင်းက ပြင်မရလျှင် ဘာဆက်လုပ်မည်ကို ရေရေရာရာ မရှိ။

၁၉၈၈ မှ စတွက်လျှင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအရွေ့ ၂ ခုလုံးမှာ လူထုအုံကြွမှုများကြောင့်သာဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြောင့် တပါတီအာဏာရှင်စနစ် ပြုတ်ကျပြီး ရွှေဝါရောင်တော်လှန်ရေးကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို အတုအယောင်ပင် ဖြစ်လင့်ကစား အချိန်မဆွဲဝံ့တော့ဘဲ အကောင်အထည်ဖော်လာရသည်။

စစ်အုပ်စုကို ကြည့်လျှင် ...

- ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၊ ကတိမတည်။
- အမျိုးသားညီလာခံကို လက်လှည့်သင့်ရာ ကိုယ်စားလှယ်များဖြင့် ကျင်းပသည်။ ဒီမိုကရေစီစံနှုန်းများ ကင်းမဲ့သော ၂၀၀၈ ခြေဥကို ရေးဆွဲသည်။
- လူထုဆန္ဒခံယူပွဲတွင် မဲလိမ်ကာ အတည်ပြုသည်။
- ၂၀၁၀ ရွေးကောက်ပွဲတွင် ညစ်မဲဖြင့် အနိုင်ယူသည်။

ဒေါ်စုကို ကြည့်ပြန်လျှင် ...

- ပြည်သူ တခဲနက်ထောက်ခံသော ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်နိုင်ခဲ့။
- လွှတ်တော်ကိုယ်စားပြုကော်မတီ စီအာရ်ပီပီ ဖွဲ့ပြီး အဖျားရှူးသွားသည်။
- ရွှေဂုံတိုင်ကြေညာစာတမ်းထွက်ပြီးနောက် ဂငယ်ကွေ့ကွေ့ကာ ပါတီမှတ်ပုံတင်သည်။ ကြားဖြတ်ရွေးကောက်ပွဲဝင်သည်။ ရွေးကောက်ပွဲကတိသုံးရပ် အကောင်အထည်မဖော်နိုင်သေး။
- ခင်ညွန့်လက်ထက်ကတည်းက ကြိုးပမ်းနေသော စစ်အုပ်စုနှင့် ယုံကြည်မှုတည်ဆောက်နေခြင်းလည်း အောင်မြင်ပုံမရ။ စစ်အုပ်စု၏ အသုံးချသာ ခံနေရသည်။
- ဒုတိယပင်လုံလည်း ဒေါ်စုလက်သို့ လွှဲပြီးကတည်းက ပလုံသွားသည်။
- စာသားမပြင်လျှင် ကျမ်းမကျိန်ဘူးဆိုရာမှ ရှုံ့ချည်နှပ်ချည် အဖျားရှူးသွားခဲ့ဖူးသည်။
- ခြေဥမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမဝင်ဆိုရာမှ ကိုယ့်တံတွေး ကိုယ်ပြန်မျိုကာ ပြင်ပြင်/မပြင်ပြင် ဝင်မယ် ဖြစ်သွားခဲ့ဖူး၏။

လက်ရှိအခြေအနေတွင် သိန်းစိန်၊ ရွှေမန်း၊ အောင်မင်းတို့ တသံတည်း ထွက်ပုံမှာ ခြေဥ ပြင်လိုလျှင်လည်း ၂၀၀၈ ဘောင်ထဲက ပြင်ရမည်။ တိုင်းရင်းသားများ၊ လက်နက်ကိုင်များကိုလည်း ၂၀၀၈ ဘောင်ထဲ လာရန် တိုက်တွန်းသည်။ တလေတည်း တသံတည်း။ ဒေါ်စု တွေ့ခွင့်မရရှာသော မင်းအောင်လှိုင်ကတော့ တမူထူးသည်။ ခြေဥကို ကာကွယ်စောင့်ရှောက်သွားမည်တဲ့။ သည်လိုအခြေအနေမှာ ရှစ်ပူးများနှင့် NLD တို့ စားကောင်းသောက်ကောင်းရုံ ထလုပ်ကြသော လွှတ်တော်တွင်း နည်းလမ်းဖြင့် ခြေဥ ပြင်မည်ဆိုသည်ကို အများယောင်တိုင်း ကျွန်ုပ် လိုက်မယောင်နိုင်။ လူထုအုံကြွမှုနည်းဖြင့် ဖိအားပေးပြီး အသစ်ရေးဆွဲမည်ဆိုက ကျွန်ုပ်လည်း ပူးပေါင်းရန် အသင့်ရှိပါသည်။

''နောက်လိုက်ကောင်းဆိုတာ''
Myo Myint's Status

ကျနော် ခုချိန်ထိ နားမရှင်းတာ ရှိနေတယ်ဗျ။ ဒီလွှတ်တော်ထဲကနေ ဒီဖွဲ့စည်းပုံကို ပြင်လို့မရနိုင်ဘူးဆိုတဲ့ စကားလည်း ထပ်တလဲလဲ ပြောနေတယ်။ ပြီးတော့ ဒီဖွဲ့စည်းပုံကို ဒီလွှတ်တော်ထဲကနေပဲ ပြင်မယ်ဆိုပြီးလည်း ထပ်တလဲလဲ ပြောတယ်။ "လွှတ်တော်ထဲကနေ ပြင်လို့မရဘူးဆို ဘယ့်နှယ်လုပ်မလဲ" ဆိုတော့လည်း ရအောင်ပြင်ရမှာပေါ့ .. တဲ့။

နိုင်ငံရေးမှာ ပြောတာရှိတယ် မဟုတ်လား "တိုက်ပွဲပုံစံဟာ ရန်သူက ပြဌာန်းတာဖြစ်တယ်" ဆိုပြီး။ ခု သူတို့ဘက်က ပြဌာန်းထားပြီ အတိအလင်းပဲ။ "၂ဝဝ၈ အောက်ကို ဝင်ပြီးရင် လွှတ်တော်ထဲကနေပဲ ပြင်ရမယ်" ဆိုတာနဲ့ ဆန့်ကျင်ဘက်က သူတို့ပြဌာန်းချက်ပဲ။ လူထုနည်း တနည်းပြောရရင် လွှတ်တော်ပြင်ပနည်းနဲ့ မလုပ်နဲ့လို့ ဗြောင်ပြောနေတာပဲ။ လူထုနည်းနဲ့ ပြင်မယ်ဆိုတာ ဘာလဲဆိုတာ စစ်ဗိုလ်ဆိုးတွေ ကောင်းကောင်းသိတယ်။ ကိုယ်ကသာ ကိုယ်ပြောတဲ့ လူထုနည်း ကိုယ့်ဘာသာ ဝေခွဲမရဖြစ်တာ မှတ်တာပဲ။ လူထုနည်းဆိုတဲ့ဟာက ပေါ့သေးသေးကိစ္စမဟုတ်သလို၊ ပေါ့ပေါ့တန်တန် ပြောလို့လည်းမရဘူး။ စစ်အာဏာရှင်တွေ ဒူးတုန်အောင်ကြောက်တဲ့နည်းပဲ။ သူတို့ကုလားထိုင်နဲ့ စည်းဇိမ်ကို ကိုင်လှုပ်နိုင်စွမ်းဟာ လူထုဆီမှာရှိကြောင်း နောကြေပြီးသားတွေ ...။

အဲ့ဒီလူထုနည်းနဲ့ မသွားသွားအောင် လွှတ်တော်ပြင်ပနည်းနဲ့ မသွားသွားအောင် တွန်းပို့ပြဌာန်းပေးနေတဲ့ကြားက ကျနော်/ကျမတို့ကတော့ လွှတ်တော်နည်းနဲ့ လွှတ်တော်ထဲကပဲ ရအောင်ပြင်မယ်ဆိုတော့ ကျနော့်နားရှူပ်သွားရတယ်။ စစ်ဗိုလ်ယုတ်တွေအဖို့တော့ ကြိုက်လုံးအပစ်ခံရတာဆိုတော့ မိန့်မိန့်ကြီးပြုံးနေတယ်။

လူထုမှာ ခေါင်းဆောင်တွေအပေါ် အားကိုးအားထားပြုလိုစိတ် အထင်အရှားပြသနေတယ်။ ရှေ့ကသာ ဦးဆောင်လုပ် နောက်က လိုက်ဖို့ ဝန်မလေးကြောင်းလည်း အကြိမ်ကြိမ် ပြနေတယ်။ အဲ့ဒီ အားကိုးအားထားပြုလိုမှုကို သစ္စာရှိဖို့၊ လိုက်ပါလိုစိတ်ကို နိုင်ငံရေးအလွဲသုံးစားမပြုမိဖို့က အသက်တမျှ အရေးကြီးပါတယ်။

ခေါင်းဆောင်မှုဆိုတာ တောင်းယူလို့၊ လွှဲပြောင်းယူလို့ရတဲ့အရာမှ မဟုတ်တာ။ အဲ့သလိုပဲ နောက်လိုက်ကောင်းဆိုတာ "ကိုယ့်အပေါ် သစ္စာပျက်လေပြီ" လို့ မြင်လာရင် စွန့်ခွာဖို့လည်း ဘယ်တော့မှ ဝန်လေးတတ်တဲ့အမျိုးမဟုတ်ပေဘူး။

''အဖျားမရှူးသွားဖို့ နိုင်ငံရေးဝန်တာရှိပြီ''
Myo Myint's Status

ဖွဲ့စည်းပုံပြင်ရေး အင်န်အယ်လ်ဒီနဲ့ ၈၈ငြိမ်း/ပွင့် ပူးတွဲလုပ်တဲ့ လူထုဟောပြောပွဲကို လူအသိန်းအသောင်း တက်လာကြတာမြင်တော့ လူထုဘက်က အမြဲတမ်း အဆင်သင့်ဖြစ်နေတယ် ဆိုတာနဲ့ နိုင်ငံရေးအသိနဲ့ နိုးကြားမှုဟာ ပြောစရာမလိုအောင် တက်ကြွနေတယ် ဆိုတာ လက်တွေ့အရ ထင်ရှားတယ်။ အားရစရာ ကြက်သီးမွှေးညှင်းထချင်စရာပဲ။ ဒီအသံနဲ့ ဒီအားနဲ့ ဒီနိုးကြားမှုကို သိမ်းယူပြီး လွှတ်တော်ထဲ အင်ပို့တ်လုပ်ကာ အထဲကနေ ပြင်ရေး ဆက်လုပ်မယ်ဆိုတဲ့ လုပ်ဟန်က ဘယ်အထိ ခရီးပေါက်မလဲ။ ဆင်ခြင်ချိန်ဆစရာများ ရှိနေတယ်။

နောက်တချက်က ပြင်ပြင်/မပြင်ပြင် ဝင်မယ်ဆိုတဲ့ စကားကြီးကလည်း ရှေ့မှာ အတိအလင်း ပြောထားတာရှိတယ်။ အဲ့ဒီမူကိုင်ပြီး ၂ဝ၁၅ ကို ဝင်မှာလား၊ ပြင်မှ ဝင်မှာလား ဆိုတာ လူထုကို၊ တိုင်းပြည်ကို၊ ကမ္ဘာကို ခုနေချိန်မှာ အတိအလင်း ချပြ ပြောပြနိုင်ရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပဲ။ ပြင်ပြင်/မပြင်ပြင် ဝင်မယ်ဆိုတဲ့ စကားက ဒေါ်စုနှုတ်ထွက်စကားမဟုတ်ဘဲ ဟိုလူကြီး ကယောင်ကတမ်း ပြောမိတာပါဆိုလည်း ပြီးတာပါပဲ။ ရှေ့မှာလည်း အဲ့လိုနည်းနဲ့ ပြီးခဲ့တာတွေ ရှိခဲ့တာပါပဲ။ လူထုဘက်ကလည်း နှုတ်ကျွံတိုင်း လိုက်လိုက်နှုတ်ပေးနေတာပါ။ အမှတ်လည်း ဘယ်တုန်းကမှ သည်းခဲ့တာမရှိပါဘူး။ လူထုအနေနဲ့ မုန်းတီးရမယ့်သူ ရွံကြောက်ကြောက်ရမယ့်သူ ဂုတ်ပေါ်ခွစီးပြီး ဓားမိုးထားတဲ့သူ ရှိနေတာကို ကျကျနနကြီး သဘောပေါက်သိမြင်တယ်။ အကင်းပါးတယ်။ လူထု မ အ ဘူး။ လူထုနိုင်ငံရေးရေချိန်နဲ့အသိဟာ ဘယ်တုန်းကမှ ကျမသွားဘူး ကြောက်မသွားဘူးဆိုတာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးတွေကနေ ခုလုပ်နေတဲ့ ဟောပြောပွဲတွေအထိ သက်သေရှိတယ်။ ကိုယ့်ဘက်မှာသာ ပြင်ပြင်/မပြင်ပြင် ဝင်မှာပဲဆိုကာ အဖျားမရှူးသွားဖို့ နိုင်ငံရေးဝန်တာရှိပြီ။

7 comments:

genius said...

ဘေးထိုင် ၊ ဘုပြောတာ ကတော. လွယ်တယ်
ကိုယ်.လူရေ ။

Unknown said...

Dr Lun Swe, You are a complete nut. You are not qualify to become a politician or ideologist or even a doctor. You should stay away from democratic movent.
T M Swe

thansein said...

နဲနဲအတွေးတိမ်တဲ့သူတွေ ဆိုရင်တော့ ထောက်ပြတာတွေဟာဟုတ်သယောင်ယောင်၊
တကယ်တော့ မျက်မမြင်ပုဏ်ဏား ခြောက်ယောက် ပြောနေကြသလိုပါဘဲ။ ရှေ့တန်းက လက်တွေ့လုပ်နေကြရတဲ့လူထုခေါင်းဆောင်တွေအတွက် ထင်သလောက် ပြောသလောက်လွယ်မည်မဟုတ်တာကိုရောစဉ်းစား တတ်ကြရဲ့လား ?
လွမ်းဆွေ မင်းပြည်တော်ပြန်ဝင်မယ်လို့ကြွေးကြော်ထားတောင် အခုဘာဖြစ်နေပြီလဲ၊
ဒီလိုပါဘဲစိတ်ကူးတို့၊အပြောတို့ဆိုတာထင်သလောက်မလွယ်ပါ။


ေေေေေေေေေ
ေေေေေေေေေ

Unknown said...

Dr Lunch Swe. Why you alway criticize Daw Su? If you think you are butter than she , go back to Myanmar and do any action instead of be saying negative things what she did.

thet said...

Now he is in Toungoo and together with his family but his brain is still abnormal

thet said...

In 1990 election , his father defeated to NLD . So he is still upset for that . :-)

Unknown said...

ဒေါ်စုသာမကြိုးစားခဲ့ရင်ခုလိုinternet ကdrlwushwe site ကိုလည်းကြည့်နိုင်မှာမဟုတ်ပါဘူး။ရာနှုန်းကည့်အောင်မြင် တယ်ဆိုဒါမဆလ၊န၀တ၊နအဖလုပ်တဲ့လုပ်ငန်းတွေမှာဘဲ
လေ။ မကူညီချင်ရင်-----ပါနဲ့
drသိန်းလွင်ရဲ့ကိုယ်ကျင့်တရားနှင့်ဘ၀အောင်မြင်ရေးp-16မှာသင်္ဘောတီထွင်တဲ့Robert Fultonကိုဝေဖန်ဒါဒီသင်္ဘောဘယ်တော့မှထွက်နိုင်မှာမဟုတ်ဘူးဆိုတဲ့သူတွေကသင်္ဘောထွက်လည်းထွက်
တော့ဘယ်တော့မှရပ်နိုင်မယ်မဟုတ်ဘူးလို့ဝေဖန်ပြန်သတဲ့