Tuesday, March 11, 2014

ရခိုင်သံသရာ အကျဉ်းချုပ် (သို့) ရခိုင်ပြဿနာမှာ ဘယ်သူတွေ အမြတ်ထွက်သလဲ

ဒေါက်တာလွဏ်းဆွေ

- ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တစ်ကြော ကြံ့ဖွံ့ပါတီကို ရခိုင်ပါတီ RNDP အပြတ်အသတ်နိုင် (ကြံ့ဖွံ့စစ်အုပ်စု အခဲမကြေ)၊

- ကချင်ပြည်တွင်းစစ် ကြီးထွားလာ၍ ကြံ့ဖွဲ့စစ်အုပ်စု အာရုံပြောင်းလိုချိန်တွင် မသီတာထွေးကို ဘာသာခြားတွေက မုဒိမ်းကျင့် သတ်ဖြတ်တယ်ဆိုပြီး ထိုအချိန်က သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ မှူးဇော် ဦးဆောင်ပြီး ကြံ့ဖွံ့စစ်အစိုးရပိုင် သတင်းစာတွေ၊ အလိုတော်ရိ ဂျာနယ်တွေက ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဖွ (ကြံဖွံ့စစ်အုပ်စု ဖြစ်စေချင်သလို ဖြစ်မလာ)၊

- ထို့နောက် တောင်ကုတ်မှာ နေ့ခင်းကြောင်တောင် နယ်ခံမဟုတ်တဲ့ လူတစ်အုပ်က ၁၀ လောင်းပြိုင် လူသတ်မှုကြီးကို ရက်ရက်စက်စက် ဖန်တီးကျူးလွန်၊ အသတ်ခံရသူတွေထဲမှာ ဗလီဆရာတွေ ပါတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေ ဒေါသထွက်၊ စစ်တွေအပါအ၀င် ရခိုင်နေရာ အတော်များများ မီးရှို့ ဖျက်ဆီးခံရ၊ ကြံ့ဖွံ့လုံခြုံရေးတပ် ရခိုင်တိုင်းရင်းသားတွေကို အကာအကွယ်ပေးသယောင် ၀င်ရောက် (ရခိုင်တိုင်းရင်းသားတွေက ကြံ့ဖွံ့လုံခြုံရေးတပ်ကို ကျေးဇူးရှင်သဖွယ် မြင်လာအောင် ဖန်တီး)၊

- ကြံ့ဖွံ့လုံခြုံရေးတပ် ၀င်ရောက်လာပြီးနောက်ပိုင်း အားကိုးရှိလာပြီ အထင်ကြောင့်လား မသိ၊ ရခိုင်တိုင်းရင်းသား မျိုးချစ်စိတ်ထက်သန်သူများက သမ္မတကြီးထောက်ခံ ဆန္ဒပြပွဲတွေ ကျင်းပ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး နိုင်ငံတကာအဖွဲ့တွေကို ထွက်သွားဖို့ ကန့်ကွက်ဆန္ဒပြ၊ အပြန်အလှန် အကြမ်းဖက်မီးရှို့မှုတွေ မကြာမကြာဖြစ်၊ နောက်ဆုံးမှာ မောင်းတော ဒုချီးရားတန်း အကြမ်းဖက်မှုကြီး ပေါ်ပေါက်၊ UN နဲ့ HRW အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟု စွပ်စွဲပြီး ကြံ့ဖွံ့စစ်အစိုးရကို စုံစမ်းခိုင်း၊ ရခိုင် RNDP ပါတီခေါင်းဆောင်တချို့ အပါအ၀င် ရခိုင်တိုင်းရင်းသားတွေ အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲခံရ (ရှေ့လျှောက် ရခိုင် RNDP ပါတီခေါင်းဆောင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ ကြံ့ဖွံ့စစ်အုပ်စုကို ၂၀၁၅ မတိုင်မီ ကျေးဇူးပြန်ဆပ်ရတဲ့အဖြစ်မျိုးနဲ့ မတိုးဘူး မပြောနိုင်)။

(မျိုးချစ်စိတ်ထက်သန်လွန်းနေသည့် ရခိုင်တိုင်းရင်းသားများ အထူးသဖြင့် ရခိုင်ခေါင်းဆောင်များ ပြဿနာကို အကင်းပါးပါး ခေါင်းအေးအေးထားပြီး အဖြေရှာကြစေလို၍ မိမိ၏ ပုဂ္ဂလိကမြင်ထောင့်တခုကို အကျဉ်းမျှ တင်ပြခြင်းဖြစ်ပါသည်။)

“ရခိုင်သံသရာ အကျဉ်းချုပ်” (နောက်ဆက်တွဲ)

တကယ်တော့ ရခိုင်တိုင်းရင်းသား မျိုးချစ်စိတ်ထက်သန်လွန်းနေသူတွေဟာ ကြံဖွံ့စစ်အုပ်စု ဖန်တီးမီးမွှေးပေးလိုက်တဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထောင်ချောက်ထဲ မသိမသာ သက်ဆင်းကြရပြီး အမျိုးသားရေး လက်မောင်းကြွက်သားညှစ်ရင်းနဲ့သာ အားကုန်နေကြရတဲ့အဖြစ်ပါ (နိုင်ငံရေးအသိအမြင် အားနည်းမှုကြောင့်လို့တော့ တထစ်ချ မယူဆလိုပါ)။

ရခိုင်တိုင်းရင်းသားမျိုးချစ်တွေအနေနဲ့ အနောက်တံခါးကို ဘယ်လောက်ပဲ ကာကွယ်လိုစိတ် ထက်သန်ထက်သန် လက်ရှိအခြေအနေမှာ ကြံ့ဖွံ့စစ်အုပ်စုကသာ အစစအရာရာ ထိန်းချုပ်ထားတာမို့ ကာကွယ်ချင်လည်း ကာကွယ်ခွင့်ရမှာ (ကာကွယ်ခွင့်ပေးမှာ) မဟုတ်ပါဘူး။

ဒီကနေ့အချိန်မှာ အနောက်တံခါးကနေ တရားမ၀င် ၀င်ရောက်သူ (ဘာသာခြား လူမျိုးခြားပဲဖြစ်ဖြစ်၊ ဘာသာမခြား လူမျိုးမခြားပဲဖြစ်ဖြစ်) တွေ များနေတယ်ဆိုရင် အဲဒီလိုဖြစ်ရခြင်းဟာ အနောက်တံခါးကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ ကြံ့ဖွံ့စစ်အုပ်စုရဲ့အပြစ်လား၊ ၀င်ရောက်လာသူတွေရဲ့အပြစ်လား ဆိုတာလည်း ကွဲကွဲပြားပြား သိမြင်ကြစေလိုပါတယ်။

အဲဒီလိုအခြေအနေမှာ ပြဿနာရဲ့ အဓိက လက်သည်တရားခံတွေကို ဆန့်ကျင်တိုက်ပွဲဝင်ရကောင်းမှန်းမသိဘဲ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာခဲ့တဲ့ (အဖိနှိပ်ခံရတာချင်းလည်း တူညီတဲ့) ဘာသာခြား၊ လူမျိုးခြားတွေဘက် ပြဿနာလှည့်ရှာခြင်းဟာ အဖြေထွက်နိုင်ပါရဲ့လား ဆိုတာလည်း ရခိုင်တိုင်းရင်းသားမျိုးချစ်တွေ အသေအချာ စဉ်းစားကြဖို့ လိုမယ်ထင်ပါတယ်။

အခုတော့ ရန်မရှာသင့်တဲ့သူတွေဘက် ရန်လှည့်ရှာရင်း ရခိုင်ပြည်နယ်ကြီးလည်း စိစိညက်ညက်ကြေ၊ ရခိုင်ဒေသအတွင်း ကြံ့ဖွံ့စစ်အုပ်စု ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ဆောင်နေတဲ့ (ဒေသခံတွေအတွက် အကျိုးခံစားခွင့် မယ်မယ်ရရ မရှိတဲ့) စီမံကိန်းတွေကိုလည်း တက်ညီလက်ညီ ကန့်ကွက်တိုက်ပွဲဝင်တာတွေ မလုပ်နိုင်ဘဲ ရခိုင်တိုင်းရင်းသားမျိုးချစ်တွေသာ နိုင်ငံတကာအလယ်မှာ အကြမ်းဖက်သမားတွေအဖြစ် ပိုမိုထင်မြင်ခံလာရနိုင်ပြီး ၂၀၁၀ တုန်းက ရခိုင်ပါတီကို အရှုံးကြီးရှုံးခဲ့တဲ့ ကြံ့ဖွံ့စစ်အုပ်စုကတော့ အမြတ်တွေ ထွက်ပြီးရင်းထွက်နေသည်ဟု ထင်မြင်မိပါကြောင်း ...။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
၁၁-၃-၂၀၁၄

3 comments:

knife wafer said...

တကိုယ်လုံး နူနာ စွဲနေပြီဆိုတာ ကို ဘယ်.နှယ် ဘယ်ဘက်
တံတောင်ထိပ်က ခြင်ကိုက်ရာ အကြောင်း မေးတော်မူနေရ
သလဲ မောင်မင်း ။ ။ ။

shoiub said...

hi

moung said...

လွဏ်းဆွေ မင်း ကိုယ်မင်းဘာကောင်လို ထင်လဲ။ သူပုန်က သူပုန်နေရာနေ။အရက်သမားက အရက်သမားလိုနေ။ရက်ပြူဂျီက ရက်ပြူဂျီးလိုနေ အဆင့် မတက်လာချင်နဲ့ ။တိုင်ပြည်ကို ကောင်းအောင် ဘာလုပ်ပြီးပြီလဲ။ အလူတောင်လုပ်ဖူးလား။