Saturday, March 8, 2014

နွားဖြူနွားနက် သံယောဇဉ်

ညိုထွန်း

တစ်ခါက ကမ္ဘာကြီးသည် ယနေ့ခေတ်မှာကဲ့သို့ တစ်ဦးအကြောင်း တစ်ဦး သိပ် မသိကြသေးကြခင် ကာလဝယ် အိန္ဒိယ သမုဒ္ဒရာကြီး၏ မြောက်ဘက်ယွန်းယွန်း အရပ်တွင်ရှိ သီရိလင်္ကာ ဟု ခေါ်သည့် ကျွန်းငယ်ကလေး တစ်ဆူတွင် ကနေ့ ငါတို့ဆီက ဗမာရဟန်းမိုက် ဝီရသူကဲ့သို့ ကမ္ဘာအဝှမ်း အလွန် နှံ့သိကျော်ကြားသည့် ရဟန်းတစ်ပါးသည် ပေါ်ထွန်းခဲ့ဖူးပါ၏ ။ ထိုရဟန်း၏ အမည်မှာ ရှင် အနဂါရိက ဓမ္မပါလ (အနဂါရိက = အိမ်ရာ မရှိ ၊ ဓမ္မပါလ = တရားကို စောင့်ရှောက်သူ) ဟု ခေါ်တွင်ပြီး ၄င်းသည် အာရှ၊ မြောက်အမေရိက နှင့် ဥရောပတိုက် ဟူသော ကမ္ဘာ့ တိုက်ကြီး သုံးခုလုံးကို လှည့်ပတ်သွားလာဖူး၍ ဗုဒ္ဓဘာသာကို ဟောပြောပြနိုင်ခဲ့သည့် ပထမဆုံး အရှေ့တိုင်းသား လူထူးလူဆန်း ပုဂ္ဂိုလ်ပေတည်း။

ဤ ရဟန်းသည် ဂမ္ဘီရ ကို စိတ်ဝင်စား လေ့လာသူ ဗမာအများ ကြားဖူးကြသည့် သီအိုဆိုဖီ အသင်းကြီး ကို စဦး တည်ထောင်သူ အနက်မှ တစ်ယောက် ဖြစ်၏။ ဘာသာရေးကို စိတ်ဝင်စား လေ့လာသူ ဗမာအများ ကြားဖူးကြသည့် ကိုလံဘို မဟာဗောဓိ အသင်းကြီး ကို စဦး တည်ထောင်ခဲ့သူ တစ်ဦးလည်း ဖြစ်၏ ။ သူသည် ဗုဒ္ဓစာပေများကို အင်္ဂလိပ်လို ရေးသားခဲ့ပြီး ထေရဝါဒ ဗုဒ္ဓဘာသာကို အနောက်တိုင်းတွင် စတင် ပြန့်ပွားလာစေရန် ကနဦး ပထမဆုံး ဆောင်ရွက်နိုင်ခဲ့သည့် တစ်ခေတ်ပေါက် တစ်ယောက်ထွန်း အာဂလူစွမ်းကောင်း ပါတည်း။

သည်လို တစ်ကမ္ဘာလုံး ဗုဒ္ဓသာသနာ ပျံ့ပွားလာစေရန် စဦး စွမ်းဆောင်ခဲ့သည့် သူ့ ကျေးဇူးသည် ကြီးပင်ကြီးမားခဲ့ပါသော်လည်း တစ်ချိန်တည်းမှာပင် ရှင်ဓမ္မပါလ သည် ရိုင်းစိုင်းသွေးဆာနေသည့် အကြမ်းဖက်သမား တစ်ဦး ဖြစ်ပါ၏။ သီဟိုဠ်ကျွန်းတွင် နောင် နှစ်ပေါင်းတစ်ရာမက ဆက်လက် သွေးချောင်းစီးမည့် အဖြစ်အပျက်တို့ကို ခိုင်ခံ့စွာ သန္ဓေတည်စေခဲ့သူ လည်း ဖြစ်ပါ၏။ အဓမ္မ ကို ဓမ္မအဖြစ် တွင်တွင် ဟောပြောကာ သီဟိုဠ်သား ဗုဒ္ဓဘာသာဝင်တို့ ကို ခေတ်အဆက်ဆက် မျိုးရိုးစဉ်ဆက် မပြတ် သွေး အလွန်ဆိုးစေရန် ဆွပေးခဲ့သည့် တရားဖျက်သမား ရဟန်း ကြောင်သူတော်လည်း ဖြစ်ပါ၏။

“နင်တို့သည် တရားမစောင့်တဲ့ အင်္ဂလိပ် မိစ္ဆာကောင် တွေကို တွေ့မရှောင် ဆော်ကြရမည်။ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အိမ်တိုင်း အိမ်ရှေ့မှာ ကုလားဖြူကောင် ရဲ့ အရုပ်ကို ဌက်ပျောပင်စည် နဲ့ စာခြောက်ရုပ် လုပ် ၊ သည် ကုလားဖြု စာခြောက်ရုပ်ကို ဘောင်းဘီတစ်စုံ ပတ်ပေးပြီး နင်တို့ ကလေးတွေရှေ့မှာ သည်ကောင်ကို တီးကြစမ်း။ ဒါမှ နင်တို့ ကလေးတွေ ကြီးလာတဲ့အခါမှာ သည် အင်္ဂလိပ် ကျုးကျော်သူတွေကို သတ်ဖြတ်ဖို့ ဝန်မလေးမှာ ဟေ့”

“သမိုင်း အစဉ်အလာ သန့်စင်ခဲ့သလို လိမ္မာယဉ်ကျေးခဲ့တဲ့ ငါတို့ အာရီယန်းမျိုးနွယ် ကလေးတွေဟာ ဝီစကီကို စုတ်၊ အမဲသားပုတ် ကို စားတဲ့ ဘုရားမသိ တရားမရှိ သည်မိစ္ဆာကောင် (ခရစ်ယာန်) တွေရဲ့ ယဇ်စင်မှာ ခမျာတို့ စတေးခံခဲ့ ရရှာပြီ ။ ဘယ်လောက်တောင် ထပ်ကြာနေဦးမှာလဲ ! လင်္ကာဒီပ ကို ခွစီးထားတဲ့ အဓမ္မ ခေတ်ပျက်ကြီး”

“ထလော့ လင်္ကာ၊ လင်္ကာ ထလော့ ။ ဗြဟ္မစိုရ်တရားဟာ စစ်မက်ကို မလိုလားပါ ၊ ငါတို့သည်လည်း စစ်မက်ကို မလိုလားသလို အကြမ်းဖက်မှုကို ရွံရှာပါသည်။ ဒါပေမယ့် ငြိမ်းချမ်းရေး နဲ့ တရားဓမ္မကို လင်္ကာဒီပသားတွေ ပြန်ရဖို့ တိုက်ရတဲ့စစ်ဟာ မြတ်သောစစ် ၊ အမှန်တရား အတွက် ခင်းရတဲ့စစ်ဟာ မြတ်သောစစ်၊ မိစ္ဆာမှန်သမျှ လက်မရွံ့တမ်း ချေမှုန်းပစ်”

“သိမ်းခိုပြည်သား လူငယ်လူရွယ်အပေါင်းတို့။ အဖျော် ယမကာ၊ ဝီစကီ ၊ စည်သွပ်အသားတွေ နဲ့ မြားနေတဲ့ သည်မိစ္ဆာကောင်တွေရဲ့ ဆိုင်တွေမှာ ဈေးသွားမဝယ် ကြပါနဲ့ ။ ဒုဌဂါမဏိ မင်းတရားကြီးရဲ့ စိတ်ဓာတ်မျိုးကို မွေးကြစမ်းပါ။ သူရဲကောင်း မင်းတရားကြီးဟာ ဗုဒ္ဓသာသာနာကို စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်ခဲ့သလို နင်တို့ငါတို့ဟာ မေ့လျော့နေတဲ့ အမျိုးသားရေးကို ပြန်လည် နိုးထလာအောင် ကြိုးစားကြစမ်းပါ”

ရှင်ဓမ္မပါလ၏ ဇာတ်ကြောင်းတွင် ကျွန်တော်တို့ ပရိသတ်သည် အလွန် လေးလံကြီးမားလှသည့် ဝိရောဓိ နှစ်ခုကို သိစိတ်မှ ဖြစ်စေ ၊ မသိစိတ်မှ ဖြစ်စေ ခံစား အာရုံရလာမည် ဖြစ်ပါသည်။ ဟုတ်ပါသည်၊ ခုခါမှာ ကျွန်တော်တို့သည် စိတ်နောက်ကျိစဖွယ် ရောထွေးနေသည့် “(မူလကျမ်းဂန်လာ) ဗုဒ္ဓဓမ္မ အစဉ်အလာ” (Buddhist doctrine) နှင့် ‘ဗုဒ္ဓသာသနာ သမိုင်း’ (Buddhist history) ဟူသော ဝိရောဓိကြီး နှစ်ခုကို ထင်ရှားကွဲပြားလာစေရန် ခွဲခြားပါတော့မည်။

ဤသို့ ခွဲခြားနိုင်ဖို့ ကိစ္စသည် သာမန် ပြည်သူလူထု အတွက်ရော၊ ကျွမ်းကျင်သူ ဗုဒ္ဓဘာသာ ပညာရှင် ရှင်ရဟန်းများ အတွက်ပါ အင်မတန် အရေးကြီးလှ ပါသည်။ ဤသို့ ခွဲခြားသိလင်းလာခြင်း အားဖြင့် ခုခါမှာ ငါတို့ ဗမာပြည်တွင် ရင်ကွဲ အော်မြည်နေသော ‘အမျိုး’ ‘ဘာသာ’ ‘သာသနာ’ ဟူသော အသံတို့သည် မူလကျမ်းဂန်လာ ဗုဒ္ဓ၏ တရားဓမ္မ အစဉ်အလာ (Buddhist tradition) တို့ကို စောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက် မဟုတ်၊ ကိုယ့်ဟာကိုယ် စိတ်မှန်းနှင့် ဖန်တီးထိုးထုတ်ထားသည့် သီးသန့် ‘ဗုဒ္ဓသာသနာ သမိုင်း’ ကို စောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက်သာဖြစ်ကြောင်း ကွဲပြားထင်ရှားလာပါအံ့။

ရှင် ဓမ္မပါလသည် ‘ဗုဒ္ဓသာသနာ’ ကို မပျက်စီး မတိမ်ကောစေဖို့ စောင့်ရှောက်ရန် လုံးပမ်းထိုက်သည်ဟု သူ တကယ် ယုံကြည်ခဲ့၍ ယုံကြည်ခဲ့သည့် အတိုင်းလည်း ဤ ရှင်ရဟန်းသည် စွမ်းစွမ်းတမံ အမျိုးသားရေး အကြမ်းဖက်ဝါဒကို မြှောက်ပင့်ပေး ခဲ့သည်။ သည်တွင် သူ့ ဘဝဇာတ်ကြောင်းမှ ငါတို့ သင်ခန်းစာ ယူနိုင်သည်မှာ သူသည် သီးသန့်သီးခြား အုပ်စုတစ်စု နှင့်သာဆိုင်သော ‘ဗုဒ္ဓသာသနာ သမိုင်း’ ကို စောင့်ရှောက်ခဲ့ခြင်းသာ ဖြစ်ပြီး “ဗုဒ္ဓ၏ အဆုံးအမ (ဝါ) ဗုဒ္ဓ၏ သာသနာ” ကို စောင့်ရှောက်ခဲ့ခြင်း မဟုတ်။ “ဗုဒ္ဓ၏” သာသနာ ဟူသည် စင်စစ် သမိုင်းမရှိ ။ သမိုင်း မရှိသည့် ဗုဒ္ဓ၏ သာသနာ နှင့် ‘ဗုဒ္ဓသာသနာ သမိုင်း’ တို့ကို ဤသို့ ရောထွေး မှတ်ယူမိပေလို့လည်း ကမ္ဘာကျော် အကြမ်းဖက် ရဟန်းတစ်ဦးသည် မော်ဒန် ကမ္ဘာ့ဗုဒ္ဓဘာသာခေတ်၏ ရှေးဦးဆုံး တစ်ချိန်တွင် စံပြနမူနာဆိုး အဖြစ် ငါတို့ သင်ခန်းစာယူစဖွယ် မွေးဖွားခဲ့ပါ သတည်း။

ငါတို့သည် ‘ဗုဒ္ဓသာသနာ သမိုင်း’ နှင့် မူလကျမ်းဂန်လာ ဗုဒ္ဓ တရားဓမ္မ (ဝါ) ပကတိမူလ ဗုဒ္ဓသာသနာ ကို အသေအချာ ကွဲပြားဖို့ လိုပါ၏ ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓသာသနာ သမိုင်းဟူသည် သီးသန့်သီးခြား အုပ်စုတို့၏ ယဉ်ကျေးမှု လက္ခဏာရပ်များ၊ မဟားတရား အကြမ်းဖက်မှုများ နှင့် ၄င်း အကြမ်းဖက်မှုတို့၏ ဆင်ခြေကို လုံလောက်မှန်ကန်သည် ဟု ဇွတ်အကြောင်းပြချက်များ၊ တစ်ဖက်သားကို သည်းညှင်းမခံနိုင်မှုများ နှင့် အတိ ပြည့်နှက်လျက် ရှိပြီး ပကတိ မူလ ဗုဒ္ဓသာသနာ (ဝါ) တရားဓမ္မ ၏ အစဉ်အလာ (ဝါ) “ဗုဒ္ဓ၏” သာသနာတွင် ဖော်ပြပါ ဗုဒ္ဓသာသနာ သမိုင်း၏ အင်္ဂါရပ်များ စိုးစဉ်းမျှပင် မပါဝင်သောကြောင့် ပါတည်း။

စာပေမှတ်တမ်း မပေါ်ထွန်းသေးခင် ခေတ်ကာလများ၏ အကြောင်းကို ရေးသားထားသည့် များစွာသော သမိုင်းတို့ နည်းတူပါပဲ၊ ဗုဒ္ဓသာသနာ သမိုင်းသည် သာသနာကို စဦးတည်ထောင်ခဲ့သူ ဗုဒ္ဓ ကိုယ်တိုင်မှ အစပြုခဲ့ ပါသည်။ ရိုးရာ အစဉ်အလာများ သာမက သိပ္ပံနည်းကျ သုတေသန တွေ့ရှိချက်များမှ အသိအမှတ် ပြုခဲ့သလိုပင် “ဗုဒ္ဓ” ဟူသော ဘာသာသာသနာ ခေါင်းဆောင်တစ်ဦးသည် သမိုင်းတွင် အမှန်တကယ် ထင်ရှားပေါ်ထွန်းခဲ့ဖူး ပါသည်။

ဒါပေမယ့်လည်း ‘ဗုဒ္ဓသာသနာ၏ သမိုင်း’ ဟူသည် သာသနာကို ရှေ့ဆုံး တည်ထောင်သူ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့် အချိန်ကမှ စတင်ခဲ့သည်။ သည်မှာ ငါတို့ လေ့လာတွေ့ရှိနိုင်သည်မှာ ဗုဒ္ဓဘုရား မပါတော့သည့် ဗုဒ္ဓသာသနာ၏ သမိုင်း ဟူသည် ဗုဒ္ဓဘုရား၏ စိတ်တော်ကို ရောင်ပြန်ဟပ်နေခြင်းထက် ဗုဒ္ဓဘာသာဝင်တို့က ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်နေသော ကြေးမုံပြင်သာဖြစ်ကြောင်း ၊ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်မှန်ပြင်တွင် ပေါ်လွင်လာသည့် ‘ဗုဒ္ဓသာသနာ သမိုင်း’ ဟူသော ပုံရိပ်သည် တကယ့် ဗုဒ္ဓသာသနာ အစစ်အမှန် မဟုတ် ၊ ကြည့်နေသူ၏ အတ္တပုံရိပ်သာ ဖြစ်ကြောင်းကို ပါတည်း။

တကယ်တော့ “သမိုင်းရာဇဝင်နှင့် ကိုယ့်ကိုကိုယ် ထပ်တူပြုထားသော အတ္တပုံရိပ်” ဆိုတာ နားလည်ဖို့ မခက်ပါ။ ဗမာဆိုရင် ဗုဒ္ဓဘာသာ ပဲ၊ ရခိုင်ဆိုရင် ဗုဒ္ဓဘာသာ ပဲ ဟု ငါတို့တွေ ဂုဏ်ယူပြောဆိုတတ် ကြခြင်းဟာ ခုနင်က ဆိုခဲ့တဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်တဲ့အခါမှာ ပေါ်လာတဲ့ အတ္တပုံရိပ် တစ်ခု ပါပဲ။ ဤ အရပ်စကားတို့မှလည်း ကျွန်တော်တို့ သံသယ ရှိရမည်မှာ ‘ဗမာ ဗုဒ္ဓဘာသာ’ ဟု ဆိုပါလျှင် ‘ဗမာ’ ဟူသော လူမျိုးနှင့် တွဲသဖြင့်သာ ဖြစ်ပေါ်ခွင့်ရသည့် ‘ဗုဒ္ဓဘာသာ’ သည် ၄င်းလူမျိုး၏ ယဉ်ကျေးမှု ၊ သမိုင်း ၊ လူမှုရေး ၊ ခေတ်ကာလ အခြေအနေတို့ ဖြင့် ရောထွေးလျက်ရှိပြီး ဤကဲ့သို့ လူမျိုးတစ်မျိုးက မိမိ၏ သမိုင်းနောက်ခံ နှင့် ယှဉ်တွဲ၍ ခေါ်ဝေါ် ညွှန်းဆိုနေသော ဗုဒ္ဓဘာသာသည် သန့်စင်သည့် မူလ ဗုဒ္ဓဘာသာ အယူအဆကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်ကြောင်းကို ဖြစ်ပါ၏ ။

အာရှတောင်ပိုင်းက သီရိလင်္ကာ၊ ဗမာ၊ ထိုင်းစသော ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများမှ လူတို့သည် မိမိတို့၏ အမှတ်လက္ခဏာ ကို ထေရဝါဒ သမိုင်း နှင့် တွဲပြီး မြင်ကြသလို ဂျုး ၊ ခရစ်ယာန် အစ္စလမ် စသော တစ်ဆူတည်းသော အဖဘုရားကိုသာ ကိုးကွယ်ယုံကြည်သည့် ဘက်မှ လူတို့သည်လည်း မိမိတို့၏ အမှတ်လက္ခဏာကို ဘာသာတရား၏ သမိုင်းနှင့် တွဲပြီး မြင်ကြပါသည်။

ဒါပေသိ အေဘရာဟမ် ကမ္ဘာ့ ဘာသာတရားကြီးများမှ ဘာသာဝင်တို့ အတွက် သမိုင်းဖြစ်စဉ် ဟူသည် ဘုရားသခင်၏ အလိုဆန္ဒ အရသာ ဖြစ်ပျက်ပေါ်ပေါက်လာခြင်း ဖြစ်ပါ၏ ။ ဘုရားသခင်၏ ဆန္ဒတော် အရ ရွှေ့လျားဖြစ်ပျက်လာသော သမိုင်းတွင် မိမိတို့ အနေဖြင့် တရားရေး နှင့် လူမှုရေး ဆိုင်ရာ အစီအစဉ်တို့ကို ဘုရားသခင်က မိန့်မြွက်ခဲ့သော နုတ်ခပတ်တော် အတိုင်းသာ စီရင် ပုံစံချသင့် ပေသည်။ ကမ္ဘာကြီးတွင် အကောင်းဆုံး လူ့ဘောင် ယဉ်ကျေးမှု အစီအစဉ် ဟူသည်မှာ ဘုရားသခင်က အပြီးသတ် ဟောဖော်မြွက်ကြားခဲ့ပြီး ဖြစ်သည့် ကျမ်းဂန်လာ လူမှု အစီအရင် အတိုင်းသာ ဖြစ်ရပါမည်။ ဘုရား ဟောထားပြီးသား အကောင်းဆုံး လူမှု အစီအရင်ကနေ သွေဖီပြီး ကျင့်ကြံတာကို မိမိတို့ သမိုင်းတွင် အဖြစ် မခံနိုင်ပါ။

အဲသလို မူလ ဘုရားကျမ်းဂန်သာ ပဓာန ဟု တရားသေ မှတ်ယူထားသော ဝါဒကို အင်္ဂလိပ်လို Fundamentalism ဟု ခေါ်ပါသည်။ လက်ရှိ ကမ္ဘာ့သမိုင်းတွင် ပရိုတက်စတင့် ခရစ်ယာန်တို့သည် မူလ ဘုရားကျမ်းဂန်သာ ပဓာနဝါဒကို ပထမဆုံး အကြီးအကျယ် ကျင့်သုံးသူများဖြစ်ပြီး နောက်ပိုင်း ဒါကို အစွန်းရောက် အစ္စလမ် ဘာသာဝင်တို့မှလည်း ယူလာကြပါသည်။ ဤ ကိစ္စမျိုး ၊ ဆိုလိုသည်မှာ တစ်ဆူဘုရား ဘာသာကြီးများ၏ လူအချို့မှ ကျင့်သုံးတွင်ကျယ် ပျံ့နှံလာသော မူလကျမ်းဂန်သာ ပဓာနဝါဒ (Fundamentalism) တွင် ငါတို့ အကဲခတ် သိနိုင်သည်မှာ “အရင်းမူလ ဒါကလွဲလို့ ဘာကိုမှ လက်ခံစရာ မလို၊ အားလုံး မြေလှန်ပြောင်းလဲရမည်” ဟု စိတ်ရှည်သည်းခံမှု မရှိခြင်း (intolerance) ကို ဖြစ်ပါ၏။

တစ်နည်းအားဖြင့် အဖဘုရား ဘာသာကြီးတို့ဖက်မှ လူတို့သည် မိမိတို့၏ လူ့ဘောင်ကို ကျမ်းဂန်ပါ အရင်းမူလ ညွှန်ကြားချက်များ နှင့် တည်ဆောက်ဖို့ လုံးပမ်းလာကြသော အခါ ပြဿနာတွေ ရန်ပွဲတွေ တောက်လျှောက် တက်လာပါတော့သည်။ ဒါပေမယ့်လည်း ဒါမျိုးကိစ္စသည် ဗုဒ္ဓဘာသာ ဖက်တွင် တစ်ဆူဘုရား ဘာသာကြီးတို့ နှင့် စောက်ထိုးမိုးမျှော် ဖြစ်နေပါသည် ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓသာသနာ သမိုင်းတို့တွင် မိမိတို့၏ လူ့ဘောင်ကို ကျမ်းဂန်ပါ မူလ အယူအဆတို့ဖြင့် တည်ဆောက်ရန် အတွက် ဟူသော ရည်ရွယ်ချက်ဖြင့် ဖြစ်ပွားရသော စစ်မက်ဟူ၍ မရှိ။ မော်ဒန်ခေတ်တွင် ဖြစ်ပေါ်နေသာ သံဃာတို့၏ အုတ်အော်သောင်းတင်း ရုန်းရင်းဆန်ခတ် ပြုမူဆောင်ရွက်ချက်များသည်လည်း ကျမ်းဂန်ပါ မူလ ဓမ္မ အယူအဆတို့ ဖြင့် လူ့ဘောင်ကို တည်ဆောက်ရန် ဟူသော ရည်ရွယ်ချက်ဟူ၍ စိုးစဉ်းမှ မပါရှိ။

တကယ်ကတော့ ပညာဥာဏ် ကြီးမားသူ ကျွန်တော့် ဗမာမိတ်ဆွေကောင်း တို့က အစ ဗမာပြည်မှာ ဖြစ်ပွားနေသော ဘုန်းကြီးဆိုး ၉၆၉ ပြဿနာတို့ကို Buddhist Fundamentalist movement ဟု ရောထွေးပြီး ခေါ်တတ်ကြပါသည်။ ဒါမျိုး မှားယွင်းပြီး နာမည်ပေးခြင်းမှာ အများသူငါသည် “Fundamentalism ဆိုလျှင် တယူသန် အစွန်းရောက်ပဲ” ဟု ဝေါဟာရ၏ အနက် အဓိပ္ပာယ် ကို အပေါ်ယံ နားလည်မိခြင်းက အခြေခံပါသည်။ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့သမျှ အကြမ်းဖက် ဗုဒ္ဓဘာသာ လူပ်ရှားမှုတို့သည် ဘယ်တုန်းကမှ မူလ ဗုဒ္ဓကျမ်းဂန်ပါ ညွှန်ကြားချက်ကို ပဓာန ကျင့်သုံးရန် ဟူသော တယူသန် ရည်ရွယ်ချက် (ဝါ) Fundamentalism ကို အခြေမခံခဲ့ပါ။ အဲသလို အခြေခံချင်လို့လည်း မရပါ။ ဝီရသူဟာ “မူလ ဗုဒ္ဓကျမ်းဂန်လာ ညွှန်ကြားချက် နှင့် အညီ ကိုယ်တော်တို့ ဘုန်းကြီးတွေ လက်နက်ဝယ် လူစုပြီး စစ်တပ်ထောင်ရတယ်” လို့ ဘယ်တော့မှ ပြောလို့ မရပါ။ ရွှေတိဂုံဘုရား ပေါ်မှာ ဂျီတူး ဂျီသရီး မောင်းပြန်သေနတ်လွယ်ကာ လာဦးချသော သံဃာတော်ဆိုတာ ဘယ်လိုမှ ဗုဒ္ဓဘာသာတွင် စဉ်းစားလို့ မရပါ။ ဒါပေမယ့် ဒါမျိုးကိစ္စဟာ တစ်ဖက်က ဘာသာကြီးတို့တွင် အတော်ကလေးကို ဖြစ်နိုင်ပါသည်။ ဥာဏ်ရည်ထက်မြက်သူ ဓမ္မမိတ်ဆွေတို့ပင် မျက်စိလည်နေသော ဤကိစ္စသည် ရှေ့တွင် ထင်ရှားကွဲပြား လာပါအံ့။

ငါတို့သည် မိမိ၏ အတ္တပုံရိပ် သာ ဖြစ်သော ၊ တစ်နည်းအားဖြင့် မိမိကိုယ်ကို ပြန်ကြည့်နေခြင်းသာ ဖြစ်သော၊ တစ်နည်းအားဖြင့် ၄င်းနှင့်ယှဉ်တွဲ၍ မိမိကိုယ်ကို ပုံဖော်မြင်ယောင်နေသော ‘ဗုဒ္ဓသာသနာ သမိုင်း’ ဆိုတာကို စူးစမ်းကြည့်မည် ဆိုပါလျှင် အလွန် ထူးဆန်းလေသည်မှာ ၄င်း ဗုဒ္ဓသာသနာ သမိုင်းတွင် စင်စစ်အားဖြင့် ဗုဒ္ဓ မပါရှိပါ။ ဗုဒ္ဓ အစား ပါဝင်နေသည့်သူတို့မှာ သာသနာစောင့် စစ်ဘုရင် မင်းတရားကြီးတွေ ၊ အာဏာရ အောင်ပွဲခံ စစ်ဘုရင် မင်းတရားကြီးတွေက ရဟန်းသံဃာတွေကို လှူဒါန်းပြီး အခြား ဘာသာဝင်တို့ကို မိစ္ဆာဒိဌိတွေ ဆိုပြီး နှိပ်ကွပ်ချေမှုန်း ပစ်လိုက်တာတွေ ၊ ဘုန်းကြီးတွေက ပရိတ် ကမ္မဝါတွေ ရွတ်ပြီး သရဲတစ္ဆေတွေကို မောင်းထုတ်နေတာတွေ၊ ခြိမ့်ခြိမ့်သဲသဲ ရဟန်းခံ ရှင်ပြု အခမ်းအနားတွေ၊ ဗုဒ္ဓဘာသာ ဘုရင်တွေရဲ့ အဖေသတ် ညီအစ်ကိုသတ် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သတ် ထီးလုနန်းလု အာဏာ ရည်မှန်းချက်တွေ၊ မင်းတရားကြီးက ဘုရားလောင်းဆိုပြီး ကိုယ့်ကိုကိုယ် သမိုင်းရေးထိုးတာတွေ၊ ဒါမှမဟုတ်လည်း လက်ထက်တော်မှာ ဘုရားလောင်း ပေါ်တယ်ဆိုပြီး သဗ္ဗေညုတ မြတ်ဗုဒ္ဓပင် အသေအချာ မမှန်းနိုင်သော ဘုရားလောင်းဟာ ရွှေလက်ထက်တော်ကြီးမှာ ဘုန်းတော်ကြောင့် ပေါ်ထွန်းလာပေးရ တာတွေ၊ ရွှေကျောင်းရွှေနန်း ပြောင်ပြောင်ပေမယ့် ကုန်းကောက်စရာ မရှိ မွဲတေနေတဲ့ ပြည်သူတွေ၊ နိုင်ငံရေး ဆိုင်ရာ ဖရိုဖရဲ ဖြစ်မှု နဲ့ ရုပ်ရုပ်သဲသဲ အကြမ်းဖက်မှု တွေ ၊ ဘုန်းကံကြီးမားသူ စစ်ဗိုလ် သူရဲကောင်းကြီးများ၊ ပညာရှိ ဝန်မင်းကြီးများ နှင့် ကိုရင်ပေါက်စန ကလေးများကို ဘုန်းမွဲကံမွဲ အရပ် ပြည်သူလူထုက ဒူးတုပ်ကန်တော့ နေရတာတွေ။

နှစ်ဆယ်ရာစု လစ်ဘရယ်ဒဿန ၏ ကေသရာဇာ ခြင်္သေ့မင်းကြီး ကားပေါ့ပါးက အမျိုးသားရေး ဝါဒီ ဆိုတဲ့ ရဲရဲတောက်တွေကို မာန်မဲခဲ့ဖူးသည်မှာ

“နင်တို့ သိတဲ့ (အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက်ကာကွယ် ခဲ့တယ် ဆိုတဲ့) မင်းတရားကြီးတွေရဲ့ တော်ဝင် သမိုင်းဆိုတာ တကယ်က တိရစ္ဆာန်ရိုင်းတွေလို သွေးရူသွေးတန်း သတ်ဖြတ်နေတဲ့ အာဏာရူးကောင်တွေ အကြောင်းကို ရေးထားတဲ့ သမိုင်းပါဟဲ့”

လစ်ဘရယ် ခြင်္သေ့ကြီး ဆိုခဲ့သလို ပါပဲ။ ဗုဒ္ဓသာသာနာ သမိုင်းဆိုတာ ဟာလည်း သွေးနဲ့လျှမ်းလျှမ်း ၊ စစ်မက်နဲ့ ပြည့်ပြည့် ၊ ပေါ်တာဆွဲခံရတဲ့ ပြည်သူ့မျက်ရည်တွေ နဲ့ အိုင်အိုင်။ ဗမာပြည်မှာဆို တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးအောင် ရဟန်းရှင်လူတွေကို ထင်သလို သတ်ဖြတ်ခဲ့တဲ့ အနော်ရထာဟာ သူ့သမိုင်းကို ဘယ်လိုရေးထိုးသလဲဆို “ယာလက်ဖြင့် စပါးနှံကို ပေးအံ့၊ ဗယ်လက်ဖြင့် ပြည်သူတို့ ကျခဲ့ရသော မျက်ရည်ကို သုတ်ပေးပါအံ့” တဲ့။ ပြည်သူကို စပါးစိုက်လို့ မရအောင် စစ်ပေါ်တာ လိုက်ဆွဲတာဟာ သင်း အနော်ရထာ၊ သားသည်မိခင်တို့ ကျမျက်ရည် မခမ်း နို့စို့ကလေးပါ မကျန် လိုက်သတ်တာဟာလည်း သည်အာဏာရူး အနော်ရထာ ၊ နာမည်ကြီးသူတွေ သက်ဆုံးစီရင်ခံရရင် ဝိဥာဉ်တွေ နတ်ဖြစ်ကုန်တယ် ဆိုပြီး လူတွေ မအုံကြွလာအောင် လှည့်စားတာဟာလည်း (သေတာတောင် ရိုးရိုးမသေကြနဲ့၊ မင်းတရားကြီးရဲ့ ရွှေလက်တော်ကြောင့် နင်တို့ ဘဝပြောင်းရတယ်ဆို ပိုကောင်းတယ်ဟ၊ နတ်ဖြစ်ပြီး ကိုးကွယ်ခံရမှာကိုး) ဗမာ ဗုဒ္ဓသာသနာ သမိုင်းကို ရေးထိုးသူ ရှေ့ဆောင် မင်းတရားကြီး အနော်ရထာ ။

ဗုဒ္ဓသာသနာ သမိုင်းဟူသည် (တိဗက်ဒေသ ပတ်ဝန်းကျင် တစ်ဝိုက်လောက်မှ လွဲ၍) ယျေဘုယျအားဖြင့် အာဏာရူးသွပ်မှု၊ အကြမ်းဖက်မှုတို့ လွှမ်းမိုးနေခြင်း မှ လျော့ပါး လွတ်ကင်းနေသည် ဟူ၍ မရှိ။

ဒါပေမယ့် ငါတို့သည် မူလ ကျမ်းဂန် အစဉ်အလာကို ကြည့်လိုက်လျှင် ဒါတွေနဲ့ လုံးဝ ကွာခြားနေသော အခြေအနေ ကို တွေ့ရပေမည်။ ဗုဒ္ဓတရားကို မှတ်တမ်းတင်ထားသော မူလ ကျမ်းဂန် အစဉ်အလာ တို့တွင် (ဝါ) ကျမ်းဂန်တွေက ညွှန်ပြသွန်သင်သည့် မူလ ဗုဒ္ဓသာသာနာ အစဉ်အလာ တွင် သည်းညှင်းမခံခြင်းကို ဖော်ပြသည့် သက်သေသာဓက ဟူ၍ တစ်နေရာမှ မရှိ။ အကြမ်းဖက်မှုကို ပြုမူရန် ဆင်ခြေလုံလောက် မှန်ကန်ပါသည် ထောက်ခံထားသည့် စာသားဟူ၍ တစ်ကြောင်း တစ်ပါဒမှ မရှိ။ ဘုရားတစ်ဆူတည်း၊ ကျမ်းဂန်တစ်ဆူတည်း ကို ကိုးကွယ်သော ဘာသာကြီးတွေက ပြောတတ်သည့် ‘တရားသော စစ်ကြီး’ ‘ဘာသာရေး အတွက် တိုက်ရတဲ့ စစ်ပွဲကြီး’ ဟူသော သဘောတရားမျိုး ဟူ၍လည်း စိုးစဉ်းမှ မရှိ။

နောက်ထပ်လည်း အလွန်ထင်ရှားလှသည့် အချက်မှာ အဲသည် တစ်ဆူတည်း တစ်ကျမ်းတည်း ဘာသာကြီးတွေ၏ ဘုရားသခင် လို ― (မဟာယာန ဂိုဏ်းတချို့၏ ဒဿန ရူဒေါင့်ဖြင့် ခပ်ဝါးဝါး ငြင်းခုံ ဖော်ပြချက် တချို့မှ လွဲ၍) ― ဗုဒ္ဓဘုရားရှင် ဟူသည် သမိုင်းတွင် ဆက်လက်ကျန်ရစ်ပြီး လူပ်ရှားစီမံ နေခြင်း မရှိ။ သည်အချက်ကနေ ငါတို့ ကိန်းသေပေါက် ပြောနိုင်သည့် အချက်မှာ ဗုဒ္ဓသာသနာ သမိုင်းတွင် ပေါ်ပေါက်လာသော အနော်ရထာ၊ ရှင်ဓမ္မပါလ ၊ ၉၆၉ စသည့် ယုတ်မာရိုင်းစိုင်းသည့် ဖြစ်စဉ်တို့ ဟူသည် မရှိတော့သော ဗုဒ္ဓ နှင့် ဘာမှ မဆိုင်ဘူး ဟူသော သဘော ပါတည်း။

ဗုဒ္ဓ ဘုရားရှင်၏ ဘဝ ဖြစ်တော်စဉ် နှင့် ဇာတက ဇာတ်လမ်းတို့သည် အတိတ်တွင် ပြီးဆုံးသွားခဲ့ပါပြီ။ အနာဂါတ်မှာ လူ့ဘောင်သည် ဘယ်လိုမျိုး ဆက်ဖြစ်လိမ့် မလဲ ဆိုတဲ့ ဟောကိန်း အတွက်ဆို မူလ ကျမ်းဂန်တို့ ဟာ နုတ်ဆိတ်ပြီး တိတ်တိတ်ပဲ နေကြပါတယ် ။ မူလကျမ်းဂန်ကို လေ့လာသူ ပညာရှင်တို့ ကောင်းစွာ လေ့လာတွေ့ရှိလာသည်မှာ ဗုဒ္ဓဘုရားရှင်ဟာ အနာဂါတ် မှာ ဘာတွေ ဆက်ဖြစ်လိမ့်မလဲလို့ မှန်းဆနေ တာမျိုး (speculation) ကို ပြင်းထန်စွာ ကဲ့ရဲ့ ရူတ်ချပါတယ် ။

[ဖြည့်စွက်။ ။ ပါဠိတော်ထဲက ဗုဒ္ဓဓမ္မဟာ တက်ကပ်ဆုတ်ကပ် ဆိုတဲ့ အနာဂဝံသကျမ်း အယူအဆမျိုးကို လက်မခံပါ။ တက်ကပ်ဆုတ်ကပ် ဆိုတဲ့ ယုဂဝါဒ (Historicism) ဟာ ဗုဒ္ဓမူလ ကျမ်းဂန် နဲ့ လုံးဝ မကိုက်ညီတဲ့ ဗြဟ္မဏ ဝါဒ - ဗုဒ္ဓကိုယ်တော်တိုင် သုံးနူန်းခဲ့တဲ့ အခေါ်အားဖြင့် “ဘုန်းကြီးတွေ လုပ်စားတဲ့ ဝါဒ” ဖြစ်ပါတယ်။ အဲသည် ဗြဟ္မဏ ယုဂဝါဒ ဟာ ဖက်ဆစ်ဝါဒ၊ ကွန်မြုနစ် ဝါဒ၊ အမျိုးသားရေး ဝါဒ၊ ခု မော်ဒန် ဗမာဘုန်းကြီးတွေရဲ့ အမျိုး ဘာသာ သာသနာ ဝါဒ စသော လုံးစည်းဝါဒ (Totalitarianism) အားလုံးကို မွေးထုတ်ပေးသူ ပင်ရင်း မြွေပွေးမိခင်ကြီး ဖြစ်ပါတယ်။ သည် လုံးစည်းဝါဒတွေ ရဲ့ သပွတ်အူဟာ နောက်ပိုင်းမှာ ပို ရှင်းလင်းလာပါလိမ့်မယ်။ ခုနေခါမှာတော့ ၉၆၉ တို့ ၊ အမျိုး ဘာသာ သာသနာတို့ ဆိုတဲ့ ဘုန်းကြီးတွေဟာ အလွန် ကောက်ကျစ်ယုတ်ညံ့လှတဲ့ ဗြဟ္မဏဝါဒကို ဗုဒ္ဓဘာသာ အဖြစ် ယောင်ဆောင် ဖြန့်ဖြုးပြီး ဗမာပြည်ကို ကျွန်ဇာတ်စနစ် ဖြစ်အောင် သွပ်သွင်းနေတာပါလား ဆိုတာ အကျဉ်းမျှ သိမှတ်နားလည်ထားရင် လုံလောက်ပါပြီ]

မူလကျမ်းဂန်တွေ ၏ အာဘော်အရ “သံဃာ ဟူသော တတိယ ရတနာ” (အဖွဲ့အစည်း) သည် ဘုရားရှင် မျက်နှာလွဲခဲ့ပြီးနောက် အနှစ် ငါးရာသာ အလွန်ဆုံး တည်တံ့နိုင်ပါသည်။ တရားဓမ္မဟူသော ဒုတိယ ရတနာကတော့ မြတ်နိုးကျင့်ကြံသူ (တစ်ဦးချင်း) ရှိနေသရွေ့ ကာလမရွေး မပြတ်တမ်း တည်နိုင်ပါသည်။

“သုဗုဒ္ဓိ၊ စိုးစဉ်းမျှပင် တုန်လှုပ်ခြင်း မဖြစ်ပါလင့် ။ ငါဘုရား၏ အဆုံးအမကို ကျင့်ကြံလိုက်နာသူ (တစ်ဦးချင်း) ရှိနေသရွေ့ ဤလောကသည် ရဟန္တာတို့ ဖြင့် မဆိတ်”

သုဘဒ်ရဟန်းကို ဟောကြားထားချက် မှ ငါတို့ ပြန်ဆင်ခြင် နားလည်နိုင်သည်မှာ ဓမ္မရတနာဟူသည် မြတ်နိုးကျင့်ကြံသူနှင့် တခြားစီ သီးသန့်ဖြစ်တည်သော ‘တစ်စုံတစ်ရာ’ မဟုတ်သလို ၊ မြတ်နိုးကျင့်ကြံသူ မရှိဘဲနဲ့လည်း ဓမ္မရတနာသည် မဖြစ်တည်နိုင်ပါ။ ယုတ်စွအဆုံး ၄င်း သဘောတရားတို့ကို မှတ်တမ်းတင် ဖော်ပြသော ပိဋကတ် ကျမ်းဂန်တို့ကိုလည်း တရားဓမ္မ (ဝါ) ဓမ္မရတနာ ဟု မခေါ်ဆိုနိုင်ပါ။

တဆုံး ထပ်မြင်နိုင်သည့် သဘောတရားမှာ မူလ ကျမ်းဂန်လာ ဗုဒ္ဓသာသနာ အစဉ်အလာသည် အနာဂါတ်ကို အသေအချာ တင်ကြိုဟောကိန်းထုတ်ထားသည့် ဘုရားတစ်ဆူတည်း ၊ ကျမ်းဂန် တစ်ဆူတည်း၊ ကမ္ဘာကြီး ဆုံးသွားခဲ့ရင်လည်း တစ်ပုံစံတည်း ဆိုတဲ့ တစ်ဆူတည်း ဘာသာကြီးတွေလို ဒို့များတူယှဉ်သာ အားလုံးအတူ “ရည်စိတ်သန်မှန်းဆလို့ ပြည်နိဗ္ဗာန်လမ်းဝသို့ လှမ်းကြွရောက်လေမှာ” ဆိုတဲ့ စိတ်လှုပ်ရှားတက်ကြွစရာမျိုးကို လုံ့ဆော်ထားခြင်းမျိုး အလျှင်း မရှိပါ။

ဗုဒ္ဓဘာသာ ဖြစ်လို့ နတ်ပြည် နိဗ္ဗာန် သေချာပေါက် ရောက်ရမည် ဟူသော အာမခံချက် မရှိပါ။ ဘုရား တရား သံဃာကို ကိုးကွယ်ကြည်ညိုလို့ နောင်ဘဝတွင် ငရဲမကျနိုင် တိရစ္ဆာန် ဘဝသို့ မကျရောက်နိုင် ၊ ယခု ဘဝတွင် ဘေးဆိုး ကြမ္မာဆိုးတို့ လွတ်ကင်းလိမ့်မည် ဟူသော အာမခံချက် မရှိပါ။ ဘုရား သာသနာတွင် လူဝတ်ကြောင် အမျိုးသမီးထဲက ထိပ်တန်းဖြစ်သော မလ္လိကာ မိဖုရားသည် သေသောအခါ မကောင်းမှု တစ်ခုကြောင့် ငရဲတွင် ခုနှစ်ရက်ခံရပါသည်။ ဘုရားဟော ပိဋကအစုံ ကို လက်ရှိ ဘုရားနှင့် အတိတ် ဘုရားရှင် အဆက်ဆက် တို့၏ သာသနာတွင် အာဂုံဆောင်နိုင်သော ဗုဒ္ဓ၏ မိတ်ဆွေ ရဟန်းသည် ကျင့်ကြံအားထုတ်ခြင်း မရှိသောကြောင့် ၄င်း၏ ဘဝလားရာမှာ အလွန်ဆိုးဝါးနေပြီ ဖြစ်ကြောင်း ဗုဒ္ဓသည် မိန့်ကြားခဲ့ပါသည်။ ဘုရားကို ကြည်ညိုလှသော မျောက်သည် ကြည်ညိုလွန်း၍ ခုန်ပေါက်လေရာ သစ်ပင်ပေါ်မှ သတိလက်လွတ် ပြုတ်ကျ သစ်ငုတ်ဆူး၍ သေပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦး၏ အနာဂါတ်ဟာ ဘာကျိန်းသေ ဖြစ်ရမည် ဟု ရတနာသုံးပါးသည် မဆုံးဖြတ် မသတ်မှတ်နိုင်ပါ။ ၄င်း ဗုဒ္ဓဘာသာဝင် ကိုယ်တိုင်၏ ပြုမိခဲ့သောကံ စေတနာ အကောင်းအဆိုးတို့ကသာ ဆုံးဖြတ်နိုင်ပါသည်။

သစ္စာလေးပါး၊ ပုဂ္ဂိုလ် သတ္တဝါ ငါ ဟူ၍ မရှိခြင်း၊ ပဋိစ သမုပါဒ၊ တခဏသာ ဖြစ်တည်နိုင်သော ခန္ဓာငါးပါးတည်းဟူသော အစုအဝေး၊ ဘယ်အရာမှ မြဲမြံနိုင်ခြင်း မရှိသည့် သင်္ခါရသဘော တို့သည် ဥာဏ်ပညာပိုင်း မှာ တစ်စုံတစ်ဦးကို ကောင်းမွန်လိမ္မာလာအောင် မြှင့်တင်ပေးနိုင်သလို ဗုဒ္ဓ တရားဓမ္မတွေကို အမှန်တကယ် နားလည် ရင့်ကျက်သူ တစ်စုံတစ်ဦးဟာ စစ်ဝင်တိုက်လိမ့်မှာတော့ မဟုတ်ပါ။ ဗုဒ္ဓဘုရား မျက်ကွယ်ပြုသွားခဲ့ ပေမယ့်လည်း သူဟာ တရားရှိသူရဲ့ နှလုံးသားထဲမှာ ဆက်လက်ပြီး ကိန်းဝပ် စံပါယ်နေဆဲပါပဲ။

“လူသား၏ အဆုံးဟာ ဘာလဲ” ဆိုတဲ့ အဖြေကို ဗုဒ္ဓတရား ရဲ့ ရူဒေါင့်ကနေ မြင်ပြီးသူဟာ “ကလဲ့စားချေဖို့၊ ဒဏ်ခတ်ဖို့ ဆိုတာ ငါ့တာဝန်” ဆိုတဲ့ စကားမျိုးကို ပြောလိမ့်မှာ မဟုတ်ပါ။ တစ်နည်းအားဖြင့် ဗုဒ္ဓ မူလကျမ်းဂန်ရဲ့ မူလ ဓမ္မရူဒေါင့်ကို မချိုးဖောက်ဘဲ နဲ့ သည်လို စကားမျိုးကို ပြောလို့ မရပါ။

သည်မှာ ငါတို့ မေးရတော့မယ့် အချက်ဟာ ကနေ့ ကမ္ဘာမှာ သီရိလင်္ကာ၊ ဗမာ နဲ့ ထိုင်းက သံဃာတွေဟာ ဘာကြောင့်မို့လို့ သည်ကလောက်တောင် ဒေါသအမျက် ချောင်းချောင်းထွက်ပြီး ပေါက်ကွဲနေကုန်ကြ ရပါသလဲ။ ဒါမျိုး ကိစ္စဟာ အတိတ်မှာကော ရှိခဲ့ပါသလား။

ငါတို့ ကိုယ့်ကိုကိုယ် မညာကြပါနဲ့လား။ သည် နိုင်ငံတွေရဲ့ မဟားတရား အကြမ်းဖက်မှု ပေါက်ကွဲမှုတွေဟာ ခေတ်တစ်ခေတ်မှာ ဖြစ်ပေါ်လာတဲ့ လူမှု စီးပွားရေးဆိုင်ရာ အခြေအနေတွေ နဲ့ပဲ သီးသန့် ပတ်သက်ပါသည်။ ကြောက်စရာ ကောင်းလှအောင် ပြင်းထန်တဲ့ သီရိလင်္ကာ နဲ့ ဗမာက သံဃာတွေရဲ့ လူမျိုးဘာသာ မုန်းတီးရေး လူပ်ရှားမှုတွေဟာ အဲသည် နိုင်ငံတွေမှာ သီးသန့် ဖြစ်ပေါ်နေတဲ့ “သမိုင်း” အခြေအနေတွေ နဲ့သာ ပတ်သက်ပါသည်။ တစ်နည်းအားဖြင့် သည်နိုင်ငံက လူတွေရဲ့ စိတ်မှန်သားပြင်မှာ သီးသန့် ပေါ်လွင်နေတဲ့ – မိမိ၏ အတ္တနဲ့လည်း ထပ်တူပြုထားတဲ့ – မိမိရဲ့ မြဲမြံတဲ့ အနှစ်လက္ခဏာ အဖြစ် မှတ်သားမြင်ယောင်နေတဲ့ – သီးသန့်အုပ်စုတစ်စုရဲ့ – သမိုင်း ပုံရိပ်နဲ့ဘဲ သက်ဆိုင်ပါသည်။

ခေတ်တစ်ခေတ်မှာ သီးသန့် ဖြစ်ပေါ်နေတဲ့ သမိုင်း အခြေအနေဟာ မူလ ကျမ်းဂန်လာ ဗုဒ္ဓသာသနာ မဟုတ်ပါ။ ငါတို့ဟာ ခုဖြစ်နေတဲ့ အမုန်းတရား လှုပ်ရှားမှုတွေကို သီးသန့် “ဗုဒ္ဓသာသနာ သမိုင်းဆိုးကြောင့်” လို့ ပြောရင် လုံးဝပြောလို့ ရပေမယ့် “ဗုဒ္ဓသာသနာ ကြောင့်” လို့တော့ ပြောလို့ မရပါ။

သည်လိုပါပဲ။ “သာသနာ စောင့်ရှောက်ရေး” လို့ သီဟိုရဟန်းက ဖြစ်ဖြစ် ၊ ဗမာ ရဟန်းက ဖြစ်ဖြစ် ကြွေးကြော်တဲ့ အသံမှာ မူလ ဗုဒ္ဓသာသနာ ဗုဒ္ဓဓမ္မ ကို ဆိုလိုမှုအဖြစ် အနက်အဓိပ္ဗာယ် ဘယ်လိုနည်းနဲ့မှ မထွက်နိုင်ပါ။ “သာသနာ့ ပါလ” ၊ “ဝံသ ပါလ” စတဲ့ အသံတွေဟာ သီးသန့် ဗုဒ္ဓသာသနာ သမိုင်းတစ်ခု (ဝါ) သီးသန့် သမိုင်းဆိုး တစ်ခုကို စောင့်ရှောက်လိုတဲ့ အသံအဖြစ်သာ ပညာရှိသူ၏ နားသောတတွင် ဆင်ခြင်သဖြင့် ခတ်ထင် ပေါ်လွင်လာပါသည်။

ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာ ဘိဝံသက သူ့ရဲ့ မဟာဗုဒ္ဓဝင် ကျမ်းစာ နိဒါန်းမှာ ဆိုမြွက်ဖူးတာက ‘စိန်’ ဆိုတဲ့ အသံဟာ အတုကို ပြောနေတာလား၊ အစစ်ကို ပြောနေတာလား ဆိုတာကို တရားဓမ္မ ရဲ့ အဓိပ္ဗာယ်ကို ရင့်ကျက်နားလည်သူ ဟာ ကောင်းစွာခွဲခြား နိုင်ပါသတဲ့။ အဲသလို ပါပဲ ၊ ဝံသ မျိုးစောင့်ဘုန်းကြီးတွေက ပါလ-စောင့်ရှောက်မှု ပြုဖို့ရန် လိုတဲ့ ‘ဗုဒ္ဓသာသနာ’ လို့ ပြောရင် အဲဒါဟာ မျိုးစောင့်ဘုန်းကြီးက သီးသန့် မြင်ယောင်နေတဲ့ သီးသန့် သာသနာ သမိုင်း တစ်ခု (ဝါ) ၄င်း မျိုးစောင့်ဘုန်းကြီး ရဲ့ အတ္တပုံရိပ် – သီးသန့် သမိုင်းတစ်ခုကို မိမိကိုယ်ကိုနှင့် ထပ်တူပြုပြီး မြင်ယောင်နေသော အာရုံကို ဆိုလိုသော အနက် အဖြစ်သာ – ပညာရှိသူ၏ နားတွင် ကြားထင်ပါသည် ။ မျိုးစောင့်ဘုန်းကြီး နဲ့ နှီးနွယ်တဲ့ သီးသန့် လူမျိုးတစ်စုရဲ့ သမိုင်း၊ အထူးသဖြင့် ၄င်းလူမျိုး၏ “ဘုန်းလက်ရုံး” သမိုင်း တစ်ခုကို စွဲနေတဲ့ အတ္တပုံရိပ် (Historicism) သည် မည်သည့် သမိုင်းနှင့်မှ ပတ်သက်ခြင်း မရှိသော၊ မည်သည့် ဘုန်းလက်ရုံးကို မဆို ရူတ်ချသော မူလ ဗုဒ္ဓသာသနာ အစဉ်အလာ (Tradition) နဲ့ ဘာမှ မဆိုင်ပါ။

“စစ်ပွဲတစ်ထောင် အောင်နိုင်ပေမယ့်လည်း အောင်ခြင်း မမည်။ မိမိကိုယ်ကို အောင်နိုင်ခြင်းသာ မြတ်သော အောင်မြင်ခြင်း ပေတည်း ။ ဤသို့အောင်နိုင်ခြင်းကို နတ် နှင့် ဘီလူးသည်ပင် မလုယက်နိုင်” ဓမ္မပဒ၊ တစ်ထောင်အစု’

သာသနာအတွက် တိုက်ရမယ့် စစ်ပွဲဆိုတာ တစ်ပါးသူကို လုယက်ပြီး အောင်မြင်တဲ့ စစ်ပွဲမဟုတ်။ တစ်ပါးသူက ပြန်လုမှာကိုလည်း စိုးရိမ်နေရတဲ့ စစ်ပွဲမဟုတ်။ မိမိ၏ လောဘ၊ ဒေါသ၊မောဟကို နှိမ်နင်းနိုင်ဖို့ မိမိအတွင်းမှာသာ ကြိုးစားရတဲ့ အဇ္ဈတ္တ ရဏ၊ ပျော်ရွှင်စွာ ခင်းတဲ့စစ်၊ ပြန်ဆုံးရူံးရမှာကို ကြောင့်ကြစိုးရိမ်ဖွယ် မလိုတဲ့ အောင်ပွဲ။

ဒါပေမယ့်လည်း “စိန်” ဆိုတာကို ကြားရင် လူတွေဟာ တန်ဖိုးကြီးတဲ့ စိန်အစစ်ကို ပြေးမြင်တတ်ကြသလို “သာသနာ” လို့ ကြားရင် ကျွန်တော်တို့ဟာ တန်ဖိုးကြီးမားတဲ့ သာသနာ အစစ်လို့ ပြေးမြင်တတ်ကြပါတယ်။ “သာသနာကို စောင့်ရှောက်စို့” ဆိုတာဟာ တကယ်တော့ သည်ဘုန်းကြီးတွေဟာ သူတို့ရဲ့ စိတ္တဖန်သားပြင် မှာ ပေါ်လွင်လာတဲ့ အတ္တပုံရိပ် ၊ သူတို့ မြင်ယောင်စွဲနေတဲ့ အာဏာလက်ရုံး ပုံရိပ်ကို စောင့်ရှောက်ဖို့ ငါတို့ကို လာလိမ်နေတာပါ။ ဘုန်းကြီးရဲ့ စိတ်မှာ စွဲကပ်နေတဲ့ တစ္ဆေသာသနာ ဟာ စစ်ပွဲကြီးတွေ၊ စစ်အာဏာရှင် ကြီးတွေ ၊ စစ်သူရဲကောင်းကြီးတွေ၊ လူစွန့်စားကြီးတွေ၊ နန်းတော်ကြီးတွေ၊ စေတီကြီးတွေ၊ ကျောင်းကြီးတွေ၊ ကိုယ်တော်ကြီးတွေ၊ ကျမ်းစာအုပ်ကြီးတွေ၊ တရားဟော ပလ္လင်ကြီးတွေ၊ ယပ်တောင်ကြီးတွေ၊ ရွှေထီးကြီး တွေ နဲ့ မီးလျှံဟုန်းဟုန်း တောက်လောင်နေပါတယ်။

အင်း၊ သည်မှာ ငါတို့ တရား သံဝေဂ ယူစရာ ရှိလာပါပြီ။ ‘စစ်ပွဲ’ ဟာ သူ့ဟာသူ နေရင် စစ်ပွဲ၊ ‘စေတီ’ဟာ သူ့ဟာသူနေရင် စေတီ၊ ‘ကျောင်း’ ဟာ သူ့ဟာသူနေရင် ကျောင်း၊ ‘သာသနာ’ ဟာ သူ့ဟာသူနေရင် သာသနာ၊ ‘တရားဟော ပလ္လင်’ ဟာ သူ့ဟာသူနေရင် တရားဟော ပလ္လင်။ ဘာလို့ ဘုန်းကြီးရဲ့ အတ္တစိတ်မှန်ပြင်မှာ စစ်ပွဲကြီး၊ စေတီကြီး၊ ကျောင်းကြီး၊ သာသနာကြီး၊ တရားဟော ပလ္လင်ကြီး စသဖြင့် ပေါ်လွင်လာရပါသလဲ။ အရှိကို အရှိအတိုင်း၊ ဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း ရူမြင်သုံးသပ်ဖို့ ဆုံးမတဲ့ မူလ ဗုဒ္ဓ အဆုံးအမဟာ အဲသလို ‘ရွှေ’ ‘တော်’ ‘ကြီး’ လုပ်နေတာမျိုးကို အပြီးအပြတ် ရူံ့ချကဲ့ရဲ့ ပါလျက်နဲ့ ဗမာ ဗုဒ္ဓသာသနာ သမိုင်းဟာ ‘ရွှေဗမာ’ ၊ ကျွန်ဖြစ်ရတာတောင်မှ ‘ကျွန်တော်’ ၊ တပ်မတော်တောင်မှ မကျေနပ်နိုင် ‘တပ်မတော်ကြီး’ စသဖြင့် အလွန်တရာ ကြီးမားသော မီးလျှံ အတ္တပုံရိပ်တွေ ဖုံးလွှမ်းနေရပါသလဲ။

တကယ်တော့ ငါတို့ ‘ဗမာ ဗုဒ္ဓသာသနာ သမိုင်း’ ဟာ သကျသီဟ သိဒ္ဓတ္တဂေါတမ ရဲ့ သာသနာ မဖြစ်ခဲ့ပါ။ ဖြစ်ချင်းဖြစ်ရင် အရွေးကောက်ခံ ‘တော်’ ဖြစ်ရတာကို အာသာငမ်းငမ်း တပ်မက်မပြေတဲ့ ဒေဝဒတ္တ ရဲ့ အမွေခံမျိုးဆက် သမိုင်းပါ။ ဒေဝဒတ္တ ရဲ့ အရွေးချယ်ခံ လူစွမ်းကောင်း ဝါဒကို သဘောကျတဲ့ လူစွမ်းကောင်း သာသနာ့သမိုင်းပါ။ လူမျိုးစုတစ်စု ရဲ့ ‘အုပ်စု အတ္တပုံရိပ်’ ကို ဗုဒ္ဓသာသနာဆိုပြီး မှားယွင်းစွာ မာန်ဝင့်ကြွားနေတဲ့ သမိုင်း ဖြစ်ရပ်ကလေး တစ်ခုရယ်ပါ။

ကျွန်တော်ဟာ ၉၆၉ ဆိုတာ မိစ္ဆာဝါဒ ၊ အမျိုးသားရေး ဝါဒ ဆိုတာ နိုင်ငံကို ဖွတ်ကြောပြာစု ခရုဆံကျွတ် ဘဝက မတက်နိုင်စေမယ့် ဝါဒ ဆိုတာကို အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အမျိုးသားရေး ဝါဒ ၊ အမျိုး ဘာသာ သာသနာ ဝါဒ စသော လုံးစည်းဝါဒ တို့၏ ဆိုးဝါးပုံ မျိုးစုံ ကတော့ ကမ္ဘာ့ စာကောင်းပေကောင်းတွေမှာ အခိုင်အခန့် မှတ်တမ်းတင်ထားပြီး ဖြစ်ပါသည်။ သည်နေရာမှာ ကမ္ဘာ့စာပေမှာ အထင်အရှား မဖြစ်သေးတဲ့ “၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၊ တရားဂုဏ်တော်တွေကို အမှတ်သညာ ပြုတာပဲဟာ၊ ဒါဟာ ကောင်းပါတယ်” ဟု လူအများပင် ခပ်ရိုးရိုးတွေးမိမည့် ကိစ္စကို သံသယကင်းစေရန် ကျွန်တော် ဖြေရှင်း ပြပါတော့မည်။

ဟုတ်ကဲ့ ၊ ကျွန်တော်ပြောမယ့် အဖြေက ထူးထူးခြားခြား မဟုတ်ပါဘူး ။ ခုနင်က ပြောခဲ့တဲ့ ဘုန်းကြီး နဲ့ ဗမာအများမှာ ရိုက်ခတ်ထင်ဟပ် နေတဲ့ အတ္တစိတ်မှန်ပြင်က ကျောင်းကြီး၊ ကျမ်းကြီး ၊ တရားဟော ပလ္လင်ကြီး ၊ သာသနာကြီး၊ လူစွမ်းကောင်းကြီး ကိစ္စပါပဲ။ သည် အဖြေကို အများ နားလည်ဖို့ရန် ကျွန်တော့်ကို တန်ပြန်ငြင်းခုံမယ့် ‘ကိုဆွေ’ ဆိုတဲ့ စိတ်ကူး ယှဉ်ပြိုင်ဖက်ကို ဖန်ဆင်းပြီး ဆွေးနွေးပါ့မယ်။

ကိုဆွေ (မဟာယာန ဗုဒ္ဓဘာသာ၊ ဘုရားလောင်း ဆုပန်၍ ဘုရားဖြစ်အောင် ကျင့်ကြံနေသူ) ။ ။

ကိုညိုထွန်းရေ၊ ကျွန်တော် အသက်ရလာတဲ့ အခါမှာ ကျွန်တော် တွေ့ကြုံမှတ်သား မိသလောက် ဗုဒ္ဓဘာသာ ဝါဒတွေ အပေါ် ကျွန်တော့်အမြင်ကို နဲနဲလောက် ပြောမယ်ဗျာ။

ထွန်း။ ဟုတ်ကဲ့

ဆွေ။ ပြောချင်တဲ့ ဝါဒက လေးခုဗျ။ ရှင် ဥက္ကဌ ရဲ့ လူသေလူဖြစ် ၊ ရှင်မိုးပြာရဲ့ ပစ္စုပ္ပန် ကမ္မဝါဒ၊ ဝီရသူ ရဲ့ ၉၆၉ နဲ့ ကျုပ်ကိုယ်တိုင်ရဲ့ မဟာယာန ဗောဓိသတ္တ ဘုရားလောင်းကျင့်စဉ်ပဲ ဆိုပါတော့။

ထွန်း။ ဘယ်လိုတုန်းဗျ

ဆွေ။ ရှင် ဥက္ကဌ ရဲ့ လူသေလူဖြစ်ကို ကျုပ် လက်မခံပါဘူး။ ရှင်မိုးပြာရဲ့ ပစ္စုပ္ပန် ကမ္မဝါဒကို “လွတ်မြောက်ရန်လမ်း ဗေဒ” (soteriology) သဘော အနေနဲ့က ကျုပ် လက်မခံပါဘူး၊ ဒါပေမယ့် သူ့ကို ဗုဒ္ဓ ဒဿနလမ်းသစ် တစ်ခုကို ဖောက်ထွင်းနိုင်တဲ့လူ အနေနဲ့ ကျုပ် လေးစားပါတယ်။ ဝီရသူရဲ့ ၉၆၉ ကတော့ သူများ ဘာသာဝင်တွေကို ဘေးဥပဒ် ဖြစ်စေ၊ တိုင်းပြည် ဆူပူစေတဲ့ ဘုန်းကြီးလုပ်စား ဝါဒ မို့လို့ သောက်မြင်ကပ် ပါတယ်။

ထွန်း။ ကိုဆွေရဲ့ မဟာယာန ဘုရားလောင်း ကျင့်စဉ်ကျ တော့ကော

ဆွေ ။ ဘုရားဖြစ်ဖို့ မဟာယာန လမ်းစဉ်ကတော့ ကျုပ်သီးသန့် ယုံကြည်လို့ မိရိုးဖလာ ကိုးကွယ်ခဲ့တဲ့ ထေရဝါဒကို ပစ်ပြီးတော့ကို ကျုပ်ဘာသာ သီးသန့်ခွဲထွက် ကျင့်ကြံတာပဲ။ မှန်ချင်ရင်မှန်မယ် ၊ မှားချင်ရင်မှားမယ် ။ ကိုညိုထွန်း ပြောသလိုပေါ့ ။ လူတွေမှာ သူ သန်ရာသန်ရာ သီးခြား အတွေးအခေါ်လေးတွေဟာ သူတို့တတွေရဲ့ သီးသန့် ဘဝအတွေအကြုံတွေ၊ သီးသန့် သမိုင်းနောက်ခံတွေပေါ် မူတည်ပြီး ဖြစ်ပေါ်လာရတာပါ။

ထွန်း။ ဒါပေမယ့် ဘုရားဖြစ်ဖို့ ကျင့်စဉ်ဆိုတာ “အလောင်းတော်မြတ် ဗောဓိသတ်ကြီး” ဆိုပြီး သူများထက် အထူးအခြား ဖြစ်ချင်နေတဲ့ လောဘ မဟုတ်ပေလား။

ဆွေ။ အင်း၊ သည်မေးခွန်းမျိုးကို ဦးဝိစိတ္တ ရဲ့ မင်းကွန်း မဟာ ဗုဒ္ဓဝင်မှာ ဖြေထားတာကို ကျုပ်တွေ့ဖူးပါရဲ့ ။ သိပ်တော့ ဘဝင်မကျပါဘူး။ ဆရာတော်ဘုရားကြီး က ဘုရားဖြစ်ချင်တာကို လောဘလို့ မခေါ်ထိုက်၊ ဆန္ဒလို့ ခေါ်အပ်တယ်။ ဒါကြောင့် ဘုရားဖြစ်ချင်တာဟာ အပြစ်မဖြစ်လို့ ရိုးရိုးပဲ ဖြေထားပါတယ်။

ထွန်း။ ကိုဆွေ့ အတွက်ကရော

ဆွေ။ ကျုပ်စဉ်းစား မိသလောက်တော့ ဘုရားလောင်း ကျင့်စဉ်ဆိုတာ အမြတ်ဆုံး ကျင့်စဉ်ကို လိုက်စားတာပါ ( =၉၆၉ ဆိုတာ အမြတ်ဆုံးကို ကိုးကွယ်တာပါ) ။ အမြတ်ဆုံး ကျင့်စဉ်ကို ကိုယ့်ဘာသာ ယုံကြည်အားသန်လို့ လိုက်စားချင်တာတောင်မှ သူများထက် အသာအမြတ်ကြီး (အလောင်းတော်မြတ် ဗောဓိသတ်ကြီး) လုပ်ချင်တယ်ဆိုပြီး စွတ်စွဲတယ်ဆိုရင် စွတ်စွဲတဲ့လူရဲ့ အမြင်သက်သက်သာ ဖြစ်ပါတယ်။

ဘုရားလောင်း ကျင့်စဉ်ပဲဖြစ်ဖြစ်၊ ရဟန္တာ ကျင့်စဉ်ပဲဖြစ်ဖြစ် ဒါတွေဟာ ကုသိုလ်လုပ်တာပဲဗျို့ ။ ကုသိုလ်လုပ်ရင် ကုသိုလ်ရတာ ပါပဲ။ ကျုပ်ကတော့ ပိုကောင်းတဲ့ ကုသိုလ်ကို လိုချင်တာပေါ့လေ။ လောဘလို့ စွပ်စွဲလည်း အစွပ်စွဲ ခံလိုက်ပါ့မယ်။ ကိုယ့်ယုံကြည်မှု နဲ့ ကိုယ်ပါပဲ။

ထွန်း။ ကိုဆွေက ဘုရားလောင်း ဆိုတော့ ကျွန်တော် ဥာဏ်စမ်း တစ်ခု မေးမယ်ဗျာ။

ဆွေ။ မေးပါ မေးပါ။

ထွန်း။ ‘သံယောဇန’ ဆိုတာ ဘာလဲဗျ။

ဆွေ။ သံယောဇန ဆိုတာ ကြိုး ၊ ချည်နှောင်ထားတဲ့ကြိုး၊ တွဲထားတဲ့ကြိုး၊ အကျဉ်းခတ်ထားတဲ့ ကြိုး ။ ဗမာစကား သံယောဇဉ် ဆိုတာ အဲသည်က လာတာပါပဲ။ မေးခွန်းက ဒါပဲလား။

ထွန်း။ အဖြေ ဟုတ်ပါတယ်။ ကဲ မေးခွန်း အစစ်လာပါပြီ။ ‘ကြိုး’ နဲ့ ‘ကြိုးက တွဲထားတဲ့ အရာ’ တူပါသလား။

ဆွေ ။ အတူတူလို့ ကျုပ်က ယူချင်ပါတယ်။ နွားတစ်ကောင် ကို နဖားကြိုးထိုးတဲ့အခါ ‘ကြိုး’ နဲ့ ‘နွား’ဟာ ‘နဖားကြိုး အထိုးခံရသော နွား’ ဆိုပြီး တစ်ခုတည်း အဖြစ် ပေါင်းသွားတယ်လေ။ ဒါမျိုး ပုစ္ဆာဟာ ကျုပ်တို့ မဟာယာနတွေ အဖို့ အဖြေသိဖို့ သိပ်လွယ်ပါတယ်။

“တရားဓမ္မ အားလုံးဟာ တစ်ခုတည်းပါပဲ ၊ အဲသည် တစ်ခုဟာလည်း သုညတာ ပါပဲ”

ထွန်း။ အဖြေကောင်း တစ်ခုပါ ၊ ကိုဆွေ ။ ဆောင်ပုဒ်ကလေး အတွက်လည်း သာဓုပါ။

ဆွေ။ နို့ ၊ ခင်ဗျားကျတော့ကော။ ထေရဝါဒဘက်က အဖြေကလေးလဲ ကြည့်ချင်စမ်းတယ်ဗျာ။

ထွန်း။ လှည်းတစ်ရှင်းမှာ နွား အဖြူ နဲ့ နွားအနက် တစ်ကောင်စီကို နွားထမ်းပိုးကြိုး တစ်ခုတည်းနဲ့ တွဲထားပါတယ်။ နွားထမ်းပိုးကြိုး နဲ့ နွားတွေ တစ်ခုတည်းလား။ သတ်သတ်လား။

ဆွေ။ သတ်သတ်ပါ။

ထွန်း။ အဲသည်လှည်းမှာ “နွားအဖြူသည် နွားအနက်၏ နွားထမ်းပိုးကြိုး ဖြစ်သည်။ နွားအနက်သည် နွားအဖြု၏ နွားထမ်းပိုးကြိုး ဖြစ်သည်” လို့ ကျွန်တော်တို့ ပြောရင် မှန်နိုင်ပါ့မလား

ဆွေ။ မမှန်ပါ။

ထွန်း။ သည်လိုပါပဲ၊ “မျက်စိသည် ရူပါရုံ အဆင်း ၏ ထမ်းပိုးကြိုးဖြစ်သည်။ ရူပါရုံ အဆင်းသည် မျက်စိ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင်မှန်ပါ သလား။

ဆွေ။ မမှန်ပါ။

ထွန်း။ “နားသည် သောတာရုံ အသံ ၏ … နှာခေါင်းသည် ဂန္ဓာရုံ အနံ့၏ … လျှာသည် ရသာရုံ အရသာ၏… ကိုယ်သည် ဖောဌဗ္ဗာရုံ အထိအတွေ့ ၏… စိတ်သည် မနောအာရုံ စိတ်ဖြစ်စဉ်တို့၏…ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။

ဆွေ။ မမှန်ပါ

ထွန်း။ စိတ် သည် ဘုရားလောင်း ကျင့်စဉ်ကို အမွန်အမြတ် အဖြစ်ယူသော စိတ်ဖြစ်စဉ် ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။

ဆွေ။ မမှန်ပါ

ထွန်း။ “စိတ်ကောင်းစိတ်မြတ်သည် ဘုရားလောင်း ကျင့်စဉ်ကို အမွန်အမြတ် အဖြစ်ယူသော စိတ်ဖြစ်စဉ် ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။ (နွားအဖြူ)

ဆွေ။ မမှန်ပါ

ထွန်း။ “စိတ်ဆိုးစိတ်ယုတ်သည် ဘုရားလောင်း ကျင့်စဉ်ကို အမွန်အမြတ် အဖြစ်ယူသော စိတ်ဖြစ်စဉ် ၏ ထမ်းပိုးကြိုး ဖြစ်သည်” လို့ ပြောရင် မှန်ပါသလား။ (နွားအနက်)

ဆွေ။ မမှန်ပါ

ထွန်း။ ဒါဆို ဘယ်ဟာက ထမ်းပိုးကြိုးလဲ။

ဆွေ။ အင်း…

ထွန်း။ ထမ်းပိုးကြိုးက ဆန္ဒ နဲ့ လောဘပါ။

ဆွေ။ အင်း..

ထွန်း။ မျက်စိ နဲ့ အဆင်း သည်နှစ်ခု သက်သက်နဲ့တော့ ကုသိုလ် ၊ အကုသိုလ် မကွဲပြားပါဘူး။ ဒါပေမယ့် မျက်စိ နဲ့ ရူပါရုံကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒ နဲ့ လောဘကြောင့် ကုသိုလ် အကုသိုလ်ရယ်လို့ ကွဲပြား ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ရူပါရုံ နဲ့ မျက်စိကို တွဲဆက်ထားတဲ့ သတ္တိ (ဝါ) ကြိုးဟာ အဲသည် ဆန္ဒ နဲ့ လောဘပါ။

ဆွေ။ ဟုတ်ပါတယ်။ အမှတ် လက္ခဏာတွေ အာရုံမှာ ပေါ်လာတာ သက်သက် နဲ့တော့ ကုသိုလ် အကုသိုလ် မဖြစ်ပါ။ ကိုညိုထွန်း ဆိုလိုတာ ကျွန်တော် သဘောကျပါတယ်။ အမြတ်ဆုံး ဘုရားလောင်း ကျင့်စဉ်ဆိုတာကို သိမိတဲ့ အာရုံသက်သက် နဲ့တော့ စိတ်ဆိုးစိတ်ယုတ် ဖြစ်သွားတာ မဟုတ်ပါ။ ‘အမြတ်ဆုံး’ ဆိုတာကို ခွတွယ်မိတဲ့ ဆန္ဒ နဲ့ လောဘက ပြဿနာ ပါပဲ။

ဒါဟာ တယ်လည်း ကြောက်စရာ ကောင်းတဲ့ ကိစ္စပါပေလား။ ကုသို်လ်ရစရာ ရှိတဲ့ အမြတ်ဆုံး ဘုရားလောင်း ကျင့်စဉ်ဆိုတဲ့ အမှတ် လက္ခဏာတွေဟာ ဆန္ဒ နဲ့ လောဘဆိုတဲ့ အုပ်စီးမှုတွေကို သွားဖက်မိရင် ကြောက်စရာကောင်းတဲ့ အကုသိုလ်တွေ ဖြစ်လာပါတယ်။

ထွန်း။ ဟုတ်ကဲ့ ‘ဘုရား၊ တရား၊ သံဃာ’ ကို ကိုးကွယ်မှု ဆိုတာဟာလည်း သံယောဇန ထမ်းပိုးကြိုးဖြစ်တဲ့ ဆန္ဒ နဲ့ လောဘ အုပ်စီးမှုတွေပေါ် အမှီပြုမိရင် ကြီးမားလေးလံတဲ့ အကုသိုလ်တွေ ပေါ်ထွန်းလာဖို့ အမှတ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

ဆွေ။ ဟုတ်ပါရဲ့ ။ သီရိလင်္ကာ၊ ဗမာ၊ ထိုင်းတို့မှာ ဖြစ်နေတဲ့ ‘အမျိုး ဘာသာ သာသနာ’ ပုဂ္ဂိုလ်တွေဟာ ဒါကို နားမလည်ထားကြ ပါလား။

“ဘုရား တရား သံဃာ ဟူသော အမှတ်လက္ခဏာတို့ သက်သက်သည် ကုသိုလ်ကို လည်းကောင်း၊ အကုသိုလ်ကို လည်းကောင်း မဖြစ်ထွန်းစေ နိုင်ပါ ၊ ဆန္ဒ နှင့် လောဘတို့ကသာ ကံကို ဆုံးဖြတ်ပေးနိုင် ပါသည် ”

“ဘာသာဝင် တစ်စု၏ အုပ်စုအတ္တ၊ အုပ်စုဆန္ဒ၊ အုပ်စုလောဘ နှင့် အုပ်စုမာန်ကို ဗဟိုပြု ဖော်ဆောင်ထားသည့် ၉၆၉ လှုပ်ရှားမှုတို့သည် လှုပ်ရှားသူတို့အား အကုသိုလ် တရားတို့ကို ဖြစ်ထွန်းစေ စမြဲ ပေတည်း ”

“လူမျိုးအုပ်စု တစ်စု၏ အုပ်စုအတ္တ၊ အုပ်စုဆန္ဒ၊ အုပ်စုလောဘ နှင့် အုပ်စုမာန်ကို ဗဟိုပြု ဖော်ဆောင်ထားသည့် အမျိုး ဘာသာ သာသနာ လှုပ်ရှားမှုတို့သည် လှုပ်ရှားသူတို့ အား အကုသိုလ် ဖြစ်ထွန်းစေ စမြဲ ပေတည်း”

ထွန်း။ ကျွန်တော်လည်း နောက်တစ်မျိုး လိုက်ရွတ်မယ်ဗျ။

“ ဆန္ဒ၊လောဘတည်းဟူသော အတ္တ အုပ်စီးမှုက လွှမ်းမိုးသဖြင့် မိုက်ရူးရဲ အသက် အသေခံ စွန့်လွှတ်သော စစ်သားတို့ ဟူသည် သူတော်ကောင်း မဟုတ်ပါ”

“ ကိုယ်ကျိုးစွန့် စစ်သားသည် ဘုရားလောင်း မဟုတ်ပါ။ ၄င်း စစ်သား၏ အာရုံတွင် ထင်ပေါ်သည့် ‘တိုင်းပြည် အတွက် ကိုယ်ကျိုးစွန့်သည့် ငါ’ ဆိုသည်မှာ စစ်သားသည် ၄င်း၏ အတ္တပုံရိပ်ကို မှန်ဘီလူးဖြင့် ပုံကြီးချဲ့ပြီး ကြည့်မြင်နေသော အတ္တပုံရိပ် အကြီးစားသာ ဖြစ်ပါသည်”

ဆွေ။ ထေရဝါဒဘက် က ခင်ဗျား သီအိုရီက တယ်လည်း ဟုတ်ပါလား။ ကိုယ်ကျိုးစွန့်တယ် ဆိုတာ အဆင်ခြင်ဥာဏ် မရှိရင် အကြီးဆုံး အတ္တပုံရိပ်ကြမ်းကြီး။ သည် ပုံရိပ်ကြမ်းကြီးဟာလည်း အုပ်စီးလိုတဲ့ ဆန္ဒ နဲ့ လောဘကို အခြေခံထားတာ ပါပဲ။ ကိုယ်ကျိုးစွန့်လို့ စစ်ထဲဝင်တယ် ဆိုတဲ့ ကျုပ်တို့ စစ်ဗိုလ်ချုပ် အဘတွေ ဘယ်လောက်တောင် အုပ်စီးချင် ၊ ဆန္ဒ လောဘကြီးလာ လိုက်ပေသလဲ။

ထွန်း။ မဟာယာန လမ်းကြီးကိုလျှောက်၊ မဟာယာဉ်ကြီး စီးလို့ ဘုရားဆုကြီး ပန်တယ်ဆိုတဲ့ လူကရော

ဆွေ။ ကျုပ်မငြင်းပါဘူး ။ ဒါဟာ ကျုပ်ရဲ့ အကြီးမားဆုံး အတ္တပုံရိပ်ကြီး ဖြစ်နိုင်ပါတယ်။

ထွန်း။ ဘုရားဆုပန်တာ အကုသိုလ် နဲ့ ကုသိုလ် ဘယ်ဟာ ပိုများသလဲ။

ဆွေ။ အင်း၊ ထေရဝါဒ ဘာသာစွဲ ရိုးရာစွဲတွေနဲ့ ငြင်းခုံရင် ဒေါသတွေ အလိပ်လိုက် တက်လာတဲ့ ကျုပ်အဖို့တော့ ခုချိန်ထိ အကုသိုလ် ပိုများနေတာကတော့ အမှန်ပါပဲ။

ထွန်း။ ဟုတ်ကဲ့ ၊ ပဌာန်းမှာ ဒါကို “အကုသလာ ဓမ္မော ကုလသ ဓမ္မဿ အာရမ္ပဏ ပစ္စယေန ပစ္စယော” လို့ ဆိုထားပါတယ်။ အဓိပ္ဗာယ်က

“အကုသိုလ် တရားတို့သည် ကုသိုလ်တရားတို့်နှင့် အာရုံလျှင် အကြောင်းရင်းခံ အဖြစ် တွယ်ညိချိတ်ဆက်လျက် ရှိကြကုန်၏”

တွယ်ငြိချိတ်ဆက်တဲ့ အာရုံတွေ ဆိုတာက တခြားမဟုတ်ပါဘူး ။ မပြေငြိမ်းနိုင်တဲ့ အာသာ (လောဘ) နဲ့ အတင်း အုပ်စီး ရယူလိုမှု (ဆန္ဒ) ဆိုတဲ့ ညိစွန်းတွယ်တာမှုတွေ ပါပဲ။

ဆွေ။ တစ်နည်းအားဖြင့် မရောင့်ရဲ မကျေချမ်းနိုင်တဲ့ အာရုံတွေလို့ ဆိုချင်ပါတယ် (ဆန္ဒ နဲ့ လောဘ) ။ ဗုဒ္ဓဘုရားဆိုတာ ဟာလည်း ကျုပ်တို့ရဲ့ မကျေမချမ်းနိုင်တဲ့ ဆန္ဒလောဘ အတ္တပုံရိပ်တစ်ခု ပါပဲ။ ကျုပ်တို့နဲ့ သီးခြား တည်ရှိနေတဲ့ ကိုယ်တော်မဟုတ်ပါ။ အာရုံမှာ ပေါ်တဲ့ ဘုရားဟာ နွားဖြုလား နွားနက်လား ဆိုတာကတော့ မြင်သူရဲ့ ဆင်ခြင်သတိ ပေါ်မှာ မူတည်ပါတယ်။

“ပဌာန်းကျမ်းတော်ကြီး အရ မည်သည့် ကုသိုလ်ရစရာ အမှတ်လက္ခဏာ မဆိုသည် မလိမ္မာ မဆင်ခြင် မထိန်းကွပ်ဘဲ နှလုံးသွင်းသူတို့ အထံဝယ် အကုသိုလ်တရားတို့ အဖြစ် ပေါက်ပွားလာစေနိုင် ပါသည်”

ထွန်း။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဒါလေးကို အမှတ်ပြုပြီး ပဌာန်းကလေး ရွတ်လိုက်ကြပါ စို့လား။

ဆွေ နှင့် ထွန်း။ “အကုသလာ ဓမ္မော ကုလသ ဓမ္မဿ အာရမ္ပဏ ပစ္စယေန ပစ္စယော”

ညိုထွန်း

6 comments:

Tomahawk said...

Food for thought.
Very good piece of writing indeed.

Au Gyi said...

Nyo tun, You can write what you want, U Wirathu says what he wants, so I give a comment, cause I want!

Ma May yee San said...

yee san

should have to detain the ego so that become the closest to have the real peace

KO STAR said...

ဘယ်အကောင်းလဲကွ ဒီဆောင်းပါးကိုရေးတာ။ မင်းဘာကောင်လဲ.. မင်းဆွေးနွေးချင်ရင် ဒီဖုန်းနံပါတ်ဆက်လိုက် ..၀၈၁၆၇၈၃၇၀၀။။
နိုင်ငံဖျက်မည့်အကောင် ..။

FreedomOfBurma said...

အရမ်းကောင်းတဲ့ ဆောင်းပါးပါ ဆရာ ညိုထွန်းရေ… မိုးကုတ်ဆရာတော် ဘုရားကြီး လယ်တီဆရာတော် ဘုရားကြီး အစရှိတဲ့ ဆရာတော်ကြီးများ ဝိမုတ္တိသာသနာတော်ကို မြန်မာပြည်မှာ ခက်ခက်ခဲခဲ ထူထောင်ပေးခဲ့တာ ဘာသာရေးကို အပေါ်ယံသာသိပြီး လောဘ ဒေါသ မောဟ ဖုံးလွှမ်းနေတဲ့ လူတွေကြောင့် ပြည်သူများလဲ အမိုက်မှောင်တွေ ဖုံးလွှမ်းသလို ဖြစ်လာပါတယ်… ဒီလိုသာ လူတွေ အသိခေါက်ခက် အဝင်နက်စွာ ပြုမူလို့ မြတ်ဗုဒ္ဓရဲ့ သစ္စာတရားတော်တွေ ပျောက်ပြီး အမှန် သာသနာကွယ်တာမျိုး မဖြစ်ရအောင် လမ်းမှန်ပြပေးနိုင်သူ များများ ပေါ်ထွက်လာဖို့ လိုပါတယ်…

ze ya said...

ဒီဆောင်းပါးကိုရေးတဲ့သူက အသုံးအနှုန်းတွေ Emotion ဆန်ပါတယ် ဖတ်ကြည့်တာနဲ့ တန်းသိတယ် ဗုဒ္ဓဘာသာ စာပေတွေကို ဘယ်လောက်လေ့လာထားတာလဲဆိုတာကိုပေါ့ ဘာသာတစ်ရားတစ်ခုကို အပေါ်ယံလောက်လေ့လာရုံနဲ့တော့ မလုံလောက်ပါဘူး အာစရိယ ဓမ္မပါလ အကြောင်းကိုလဲ အပေါ်ယံလေး ဖတ်ဖူးတယ်ထင်ပါတယ် သေချာတာကတော့ ဦးဝီရသူကိုတိုက်ခိုက်တာပါ
ဒါပေမယ့် အကြံတစ်ခုပေးချင်ပါတယ် သမိုင်းကြောင်းတစ်ခု ဘာသာတစ်ခုအကြောင်းကို ပြောပြီဆိုရင် အကိုးအကား ( References ) ပါရပါတယ်မိတ်ဆွေ ဒါတောင် ( Primary Srources , Secondary Sources) ရှိသေးတာပဲ ရေးထားတာက သည်းခြေကြိုက်ပါပဲ မသိတဲ့သူ နလပိန်းတုံးတစ်ယောက်အတွက်ကတော့ အထင်ကြီးစရာပါ
ဒါပေမယ့် ဘာကိုးကားချက်မှမပါတဲ့ ညိုထွန်း ဆိုတာကတော့ ကလေးကစားစရာအလုပ်ပါ
အင်တာနက်ခေတ်မှာ ကျောက်သင်ပုန်းမှာ ရေးသလိုရေးလို့ရတဲ့အခြေဆိုတော့လဲ ဘာမှပြောစရာမရှိပါဘူး အေးတကယ်သိချင်ရင် တကယ်ဝေဖန်ချင်ရင် လေ့လာထားပါ ဒီလောက်ကလေးနဲ့တော့ ဗုဒ္ဓဘာသာအကြောင်းကို မဝေဖန်ပါနဲ့။