Thursday, March 6, 2014

ဖြစ်နိုင်ခြေ နိုင်ငံရေး

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ဝေါဟာရတွေရဲ့ နောက်မှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပါယ်တွေရှိတယ်။ အဲဒီနောက်က အဓိပ္ပါယ်ကို ကျနော်တို့ မြင်ဖို့လိုတယ်။

အပြောများတဲ့ အပေါစား စကားလုံးတလုံးအကြောင်းကို အခု ပြောချင်တယ်။ အဲဒါကတော့ နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ခြေ၏ အနုပညာ ဆိုတဲ့ စကားပဲ။

တကယ်အရေးကြီးတဲ့ အနှစ်သာရ အဓိပ္ပါယ်ကို မပြောခင် ဘာသာပြန်ပုံကို နည်းနည်းပြောလိုက်ပါရစေဦး။ Politics is the art of the possible ကို ဖြစ်နိုင်ခြေ၏ အနုပညာလုပ်ထားတာ နည်းနည်းတော့ ကြောင်တယ်။ တကယ်တော့ ဘာအနုပညာနဲ့မှ မဆိုင်ဘူး။ art ဆိုတာ ဒီနေရာမှာ ဆိုလိုတာက အတတ်ကို ပြောချင်တာ။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်တဲ့ အတတ်လို့ ပြောချင်တာပါ။

ဒီစကားဟာ realpolitik လက်တွေ့နိုင်ငံရေးဆိုတဲ့ အယူအဆနဲ့လည်း ဆက်စပ်နေတယ်။ Politics is the art of the possible ဆိုတဲ့စကားကို ပထမဆုံးပြောတာ ဂျာမန်ဝန်ကြီးချုပ် ဘစ်စမတ်လို့ အမှတ်အသားရှိကြရဲ့။ ဂျာမန်မှာ ပရပ်ရှားလူမျိုးကြီး လွှမ်းမိုးရေး လုပ်နိုင်ဖို့ အသုံးချပြောဆိုခဲ့ဖူးတဲ့ စကားပါ။ ဒါကို နောက်ထပ် အကျိုးရှိရှိ အသုံးချသူတယောက်က အဒေါ့ဖ် ဟစ်တလာ။ သူကတော့ နောက်ပိုင်းမှာ ချက်ကိုစလို ဗက်ကီးယားရယ်လို့ ဖြစ်လာမယ့် ဆူဒင်တန်းလန်း ကိုသိမ်းပိုက်ချင်လို့ ခြိမ်းခြောက် ပြောဆိုတဲ့ စကားဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလိန်ကို ဖြစ်နိုင်ခြေရှိတာလုပ်စမ်းပါကွာ၊ မဖြစ်နိုင်တာတွေကို စိတ်ကူးမယဉ်ပါနဲ့။ မင်းတို့ ဂျာမန်နဲ့ တိုက်ရဲလို့လားလို့ လှမ်းပြောလိုက်တာပါ။ ချိန်ဘာလိန်ကလည်း ဂျာမန်နဲ့ စစ်ပွဲကို ရှောင်လွှဲနိုင်မယ်လို့ ယူဆပြီး ဆူဒင်တန်းလန်းကို လက်လွှတ်ပေးလိုက်တယ်။ နောက်ပိုင်းမှာ ဒီဖြစ်နိုင်ခြေစကားကို တွင်တွင်ကျယ်ကျယ် သုံးသူတယောက်ကတော့ ဗြိတိန်ကွန်ဆာဗေးတစ် နိုင်ငံရေးသမား ရစ်ချတ် အော်စတင် ဘတ္တလာပါ။ ရှိစေတော့။ လောလောဆယ်မှာ ဒါတွေထက် ပိုအရေးကြီးတာက ဒီစကားလုံးကို ဗမာနိုင်ငံမှာ ဘယ်လို အဓိပ္ပါယ်နဲ့ သုံးနေသလဲဆိုတဲ့ အချက်ပဲ။

အရင်စစ်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီးနဲ့ တလောကနာမည်ကြီးတဲ့ ဒေါက်တာဆိတ်ဖွားတို့ တည်ထောင်ကြ တယ်လို့ အများယုံကြည်ကြတဲ့ ပိတောက်မြေဝက်ဘ်ဆိုက်ကို မှတ်မိကြဦး မယ်ထင်ပါတယ်။ အဲဒီဝက်ဘ်ဆိုက် ဟာ ဒီစကားကို ဝါဒဖြန့်ချိခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေဝင်းမောင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလမှာ ဖြစ်နိုင်ခြေရှိတာ နိုင်ငံရေးလို့ပြောပြီး ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကိုကျော်ဝင်းက လည်း ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက နိုင်ငံရေးသည် Art of possible လောဆိုပြီး ရေးခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ဆော်သြခဲ့တယ်။

အခုတခါ အခြေခံဥပဒေပြင်ရေး၊ အသစ်ရေးဆွဲရေးပြောကြတဲ့အခါမှာလည်း ဖြစ်နိုင်ခြေရှိတာ နိုင်ငံရေးလို့ ပြောလာကြပြန်တယ်။ ဖြစ်နိုင်ခြေ မရှိတာမလုပ်ကြပါနဲ့လို့ တားလာကြပြန်တယ်။

ဖြစ်နိုင်ခြေရှိတာနိုင်ငံရေးလို့ သူတို့က ပြောနေကြချိန်မှာ မေးစရာ မေးခွန်းရှိလာတာက ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ဘာကို ပြောတာလဲ ဆိုတဲ့ မေးခွန်းပဲ။ ဘာကတော့ ဖြစ်နိုင်ခြေရှိတယ်။ ဘယ်ဟာကတော့ ဖြစ်နိုင်ခြေ မရှိဘူးဆိုတာကိုရော ဘယ်သူက ဆုံးဖြတ်မှာလဲ ဆိုတဲ့ မေးခွန်းကလည်း ထွက်ပေါ်လာတယ်။ ဖြစ်နိုင်ခြေရှိမရှိ ကိုသူတို့က ဆုံးဖြတ်ပြီး၊ ဒါလောက်တော့ဖြစ်နိုင်တယ်လုပ်၊ ဒါလောက်ဆိုရင်တော့ မဖြစ်နိုင်ဘူး မလုပ်နဲ့လို့ ပြောရအောင် သူတို့ကရောဘာမို့လို့လဲ။ ဆရာဇော်ဂျီရဲ့ ကဗျာစာသားနဲ့ ပြောရရင်ဖြင့် သူ့ကိုယ်သူပင် ဘာထင်လေ မသိ။

သူတို့ရေးနေပြောနေကြတာတွေကို အကုန်လုံးခြုံပြီး သုံးသပ်ကြည့်တဲ့အခါမှာတော့ ပေါ်လာတဲ့ သဘောထားက ဖြစ်နိုင်ခြေရှိတယ်တာဆိုတာဟာ စစ်အာဏာရှင်တွေလက်ခံကျေနပ်လောက်တာကို ပြောတာဖြစ်ပြီး၊ ဖြစ်နိုင်ခြေ မရှိတာဆိုတာဟာ စစ်အာဏာရှင်တွေ လက်မခံနိုင်လောက်တာကို ပြောတာဖြစ်ကြောင်း ပေါ်လွင်လာတယ်။ စစ်တပ် ၊ စစ်အာဏာရှင်၊ လက်ရှိအခြေအနေတွေကိုတော့ ပေးထားချက် အနေနဲ့ ယူဆရမယ် ဆိုတာမျိုးလည်း ပါပြန်တယ်။ ဒီပေးထားချက်ကို လက်ခံရမယ်။ ဒီပေးထားချက်အပေါ်မှာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရမယ်လို့ ဆိုကြပါတယ်။ အင်္ဂလိပ်စကားလုံး နိုင်ငံရေးစကားလုံး အမျိုးမျိုးကို ကိုယ်လိုချင်ရာဆွဲသုံးပြီး လူအထင်ကြီးအောင် လုပ်ကြတယ်။ သူတို့ ပြောတာမှ လက်မခံရင် ခေတ်မမီတော့သလို ထင်လာအောင် ပြောကြတယ်။ နိုင်ငံတကာမှာ ဒါမျိုးတွေ ဖြစ်နေသလိုလို ပုံမှားရိုက်ကြတယ်။ အမှန်မှာတော့ စကားလုံးအားဖြင့် အမျိုးမျိုးသုံးပြီး ပရိယာယ်ကြွယ်ကြွယ်နဲ့ ဘယ်လိုပင် လှည့်ဖျား ပြောဆိုပေမဲ့ တကယ်တန်းပြောချင်တာကတော့ စစ်အာဏာရှင်တွေကို မဆန့်ကျင်နဲ့ သူတို့ပြောတာကို ဆန့်ကျင်ရင် ခံရလိမ့်မယ်လို့ ပြောချင်တာပဲ ဖြစ်တယ်။ အဲဒါကိုပဲ လက်တွေ့ကျတယ်လို့ သူတို့က ပြောနေတာလည်း ဖြစ်ပါတယ်။

တကယ်တော့ ပြဿနာက သူတို့ ယူဆတဲ့ ဖြစ်နိုင်ခြေနဲ့ ကျနော်တို့ ယူဆတဲ့ ဖြစ်နိုင်ခြေတွက်ချက်ပုံချင်း မတူညီ တဲ့ ပြဿနာပါ။ သူတို့ပြောနေတာက စစ်တပ်က လက်နက်အင်အားကြီးတယ်၊ စစ်အာဏာရှင်က လက်နက် အင်အား သုံးလိမ့်မယ်၊ အဲဒီတော့ သူတို့ အလိုအတိုင်း လိုက်လျောလိုက်ကြ၊ သူတို့ အလိုနဲ့ မကိုက်တာဟာ ဖြစ်နိုင်ခြေမရှိဘူး၊ သူတို့ကို တဖြည်းဖြည်း ချော့ပြော၊ သူတို့ကို ကြောက်မသွားစေနဲ့၊ သူတို့ ကြောက်သွားရင် အာဏာပြန်သိမ်းလိမ့်မယ် ဆိုတာတွေပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က လူထုအားကို ယူပြီး အခြေခံဥပဒေ ပြင်မယ်ဆိုတာဟာ စိုးရိမ်စရာကောင်းတယ်ဆိုတာမျိုး စစ်ခေါင်းဆောင်တွေကိုယ်စား သူတို့က ဒူးတုန်ပြကြတယ်။ ဒါတောင် တကယ်မလုပ်ရသေးဘူး။ ရှေ့ကကြိုတားနေကြတာပါ။ သူတို့ ဒီလိုပြောနေတဲ့ အချိန်မှာပဲ တခြားတဘက်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးသန်းရွှေနာမည် ထုတ်ပြောလာ တာမျိုး၊ ဦးအောင်သောင်းက ဦးသန်းရွှေ နာမည်ထုတ်ပြောလာတာမျိုး၊ ဦးအုန်းမြင့် နယ်လှည့်ပါးရိုက်မယ် လုပ်လာတာမျိုးတွေကို ချိန်ကိုက် တွေ့မြင်ကြ ရတယ်။ ဒါတွေဟာ ဖြဲချောက်ပြသူတွေနဲ့၊ ဘေးတီးပေးသူတွေ အတိုင်အဖောက်ညီညီ လုပ်ပြနေတယ်ဆိုတာ သိသာပါတယ်။

ဖြစ်နိုင်ခြေလုပ်တာ နိုင်ငံရေးပါ၊ ဖြစ်နိုင်ခြေရှိတာကို လုပ်ပါလို့ သူတို့က အသံပြာအောင်အော်နေကြတယ်။ နေပါဦး။ မေးပါရစေဦး။ ဘယ်သူတွေကရော မဖြစ်နိုင်တာတွေ လုပ်နေလို့တုန်း။ လူထုကို ယုံတဲ့သူက လူထု အဓိကလို့ ယူဆတယ်။ စစ်အာဏာရှင်တွေကို ယုံတဲ့သူတွေက စစ်အာဏာရှင် အဓိကလို့ ယူဆတယ်။ ကွာခြားချက်က ဒါပါပဲ။ လူထုရဲ့ ထောက်ခံပူးပေါင်းမှုရှိရင် စစ်တပ် မကြိုက်ပေမဲ့ ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။ ဒါဟာ လူထုကို ယုံကြည်တဲ့ အတွေးအခေါ်ပဲ။ စစ်အာဏာရှင်တွေ ပေးမှ ရမယ်။ သူတို့ သဘောမတူရင် ဘာမှ မရနိုင်ဘူးဆိုတာကတော့ စစ်အာဏာရှင်ကို ယုံကြည်အားကိုးတဲ့အတွေးအခေါ်ပဲ။ ကွာခြားချက်က ဒါပါပဲ။ ဒီတော့ လူထုဆီကို သွားတိုင်းနောက်ကလိုက်ဆွဲနေတာတွေ၊ ဟဲ့ အဲသလိုမလုပ်နဲ့ မဖြစ်နိုင်ဘူးလို့ တားနေတာတွေဟာ ဘယ်သူ့အကျိုးအတွက်ဆိုတာ သိသာလှပါတယ်။

ဘယ်ခေတ် ဘယ်စနစ်မှာပဲ ဖြစ်ဖြစ် အုပ်ချုပ်သူက မတော်မတရားလုပ်ရင် အဲဒါကို တွန်းလှန်ဖြိုဖျက်ရတာဟာ အခက်အခဲတော့ ရှိတာချည်းပဲ။ ရုန်းကန်တိုက်ပွဲဝင်ရတာချည်းပဲ။ လက်နက်အင်အား၊ ငွေအင်အား သာလွန်ကြီးမားတဲ့ အုပ်ချုပ်သူတွေရဲ့ မတရားလုပ်ရပ်ကို တွန်းလှန်ရတာဟာ မဖြစ်နိုင်ဘူးလို့ နောက်ကနေ လိုက်ဆွဲသူတွေ ရှိတတ်တာလည်း ဓမ္မတာပါပဲ။ ၈၈ ခုအရေးအခင်းကြီး မတိုင်ခင်တုန်းက မဆလကို ကျောင်းသားတွေက ဆန့်ကျင်တိုက်ပွဲဝင်ကြတော့လည်း မင်းတို့ကောင်တွေ အုတ်နံရံကို ခေါင်းနဲ့ တိုက်ကြသလိုနေမှာပါလို့ ပြောခဲ့ကြတာပဲ။ မဆလကတော့ ဘယ်လိုမှ ပြိုနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြတာပါပဲ။ မဆလကလည်း လူတွေ အဲသလို ထင်အောင် ဝါဒဖြန့်ခဲ့ကြတယ်။

ဖြစ်နိုင်ခြေဆိုတာ ဘာကို ပြောနေတာလဲ။ ကိုအောင်ဆန်းတို့ ကျောင်းသားတွေ၊ လက်နက်မပါတဲ့ သခင်တွေက ကမ္ဘာမှာ အင်အားအကြီးဆုံးဖြစ်နေတဲ့ ဗြိတိသျှ အစိုးရကို တိုက်ထုတ်မယ်ဆိုတာဟာလည်း သူတို့အမြင်နဲ့သာ ပြောရရင် ဖြစ်နိုင်ခြေ မရှိတာကို လုပ်နေတာပဲ။ စိတ်ကူးယဉ်နေကြတာလို့သာ ဆိုစရာပါပဲ။ ဒီနေ့ အလံရှူးသမား နိုင်ငံရေး စာရေးဆရာတွေကို အဲဒီတုန်းက ကိုအောင်ဆန်းခေတ်ဆီသာ ပို့လို့ရရင် ကိုအောင်ဆန်းတို့ က အင်အား အဆမတန်ကွာတဲ့ ဗြိတိသျှတွေကို ဆန့်ကျင်နေတာများ သူတို့မြင်လိုက်ရင် နှလုံးရောဂါချက်ချင်းရ၊ ချက်ချင်းဖောက်ပြီး ချက်ချင်းသေမယ်ထင်ရတယ်။ အဲဒီခေတ်တုန်းကလည်း အဲသလိုထင်၊ အဲသလိုပြောတဲ့ လူကြီးတွေလည်း ရှိခဲ့ပြီး အဲဒီလူကြီးတွေကို အင်္ဂလိပ်က သူကောင်းပြုခဲ့တာကိုလည်း အားလုံး အသိပါပဲ။ ဒီလိုပါပဲ။ ဂျပန်ကို သူတို့ပေးတဲ့ လက်နက် သူတို့ သင်ပေးတဲ့ စစ်ပညာကိုသုံးပြီး သာမန်တောသား လယ်သမားတွေရဲ့အားနဲ့ တိုက်ဖို့ဆိုတာလည်း ဒီလိုပဲ ဖြစ်နိုင်ခြေမရှိတာကို လုပ်နေကြတာလို့ ထင်စရာပဲ မဟုတ်လား။ လူတိုင်းသာ သူတို့လိုချည်း ဖြစ်နိုင်ခြေရှိမရှိ ထိုင်တွေးနေတဲ့သူတွေသာဆိုရင် ဗမာပြည်ဟာ အခုထိဂျပန်လက်အောက်၊ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ မရှိဘူး။

ဒါ့အပြင် သူတို့က တဘက်နဲ့ တဘက်နဲ့ သတ်ပုတ်မနေကြပါနဲ့။ ဒါတွေဟာ ချသမိုင်းပါလို့ ဆိုပြန်တယ်။ အရင်က ချခဲ့တာတွေဟာ မှားတယ်၊ အခု အဲသလို မချကြနဲ့တော့လို့ ဆိုတယ်။ ဒါပေမဲ့ သူတို့ပြောနေတာက လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ တော်လှန်ရေးသမားတွေကို ပြန်မချကြနဲ့လို့ပြောနေတာ။ အတိုက်အခံ နိုင်ငံရေးသမားတွေက ပြန်မချကြနဲ့လို့ ပြောနေတာ။ လက်နက်အားကိုးပြီး ဖိနှိပ်နေတဲ့ အစိုးရကိုတော့ မချကြပါနဲ့ဗျာလို့ သူတို့ ပြောရဲတာ မဟုတ်ဘူး။ လူထုကို မနှိပ်စက်ပါနဲ့။ မီးလောင်ဗုံးမသုံးပါနဲ့လို့ သူတို့တခွန်းမှ ထွက်တားရဲတာ မဟုတ်ဘူး။ သူတို့ မပြောရဲရုံတွင်မကဘူး။ သူများက ပြောရင်တောင် သူတို့ အရှင်သခင်တွေ စိတ်ဆိုးသွားမှာကို သူတို့က ကြားထဲက ကြောက်ဒူးတုန်ပြီး တားနေကြတာ။ လှံဖျားပုဇဉ်းနား ကျီးကန်းက ချီးပါဖြစ်နေကြတာ။ ဒါတွင် မကသေးဘူး။ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အား စုစုပေါင်းတသိန်းလောက်ကို စစ်တပ်က နိုင်အောင် မတိုက်နိုင်ဘူး၊ ဒါ့ကြောင့် စစ်တပ်ကိုယ်စားလှယ် တမတ်သား လွှတ်တော်ထဲမှာ ရှိနေရမယ်လို့တောင် မျက်နှာချိုသွေးပြီး ပြောနေရသေးတာ။ ဒီတော့ သူတို့ပြောတဲ့ ချသမိုင်းမလုပ်ပါနဲ့ ဆိုတာဟာ တကယ်တော့ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးက မချကြပါနဲ့လို့ ပြောရဲတဲ့ သတ္တိနဲ့ ပြောနေတာ မဟုတ်ဘူး။ အတိုက်အခံတွေက ပြန်မချကြနဲ့၊ ဟိုဘက်က အရှင်သခင်ကြီးတွေကတော့ ပေးထားချက်ပဲ။ သူတို့ကိုတော့ ကျုပ်တို့လည်း မပြောရဲဘူးဆိုတဲ့ အချိုးချိုးနေကြတာ။ သူပြောတဲ့ ချသမိုင်းမလုပ်ပါနဲ့ဆိုတာ ချသမိုင်းအစား ငြိမ်းချမ်းရေးသမိုင်းကြီး လုပ်ကြရအောင်ဆိုတဲ့ အထိ ပြောနိုင်တာ မဟုတ်ဘူး။ ပြောရဲတာလည်း မဟုတ်ဘူး။ သူတို့ကို ပြောခွင့်လည်း ပေးမထားဘူး။ သူတို့ပြောနေတာက ချသမိုင်းအစား မင်းတို့ အတိုက်အခံတွေက ခံလိုက်ကြပါကွာ ၊ မင်းတို့လည်း ငါတို့နဲ့ အတူတူကျွန်ခံပြီး “ခံသမိုင်း” လုပ်လိုက်ကြရအောင်ပါကွာလို့ ပြောနေတာဖြစ်ပါတယ်။

ဒီစကားလုံးတွေ အားလုံးရဲ့ နောက်မှာ ကွယ်ဝှက်ထားတဲ့ အကျိုးစီးပွားဟာ အာဏာရှင်စစ်အုပ်စုရဲ့ အကျိုးစီးပွား ပဲဖြစ်တယ်။ ဒီစကားလုံးတွေဟာ အာဏာရှင်တွေကို အကျိုးဖြစ်ထွန်းစေမယ့် စကားလုံးတွေသာဖြစ်တယ်။

တကယ်တော့ နိုင်ငံရေးဆိုတာ အမှန်တရား ပေါ်ပေါက်လာအောင် ဆောင်ကြဉ်းရတဲ့ အလုပ်ပဲ။ မတရားတာကို တရားအောင်လုပ်ရတဲ့အလုပ်ပဲ။ ဆိုးဝါးယုတ်မာမှုတွေကို ဖယ်ရှားရှင်းထုတ်ရတဲ့ အလုပ်ပဲ။ ပြည်သူလူထုတွေ ဆင်းရဲတွင်းက လွတ်အောင်လုပ်ရတဲ့ အလုပ်ပဲ။ ခုတော့ သူတို့ ပြောနေကြတာက အဲသလို အလုပ်တွေ ကို မလုပ်ကြနဲ့။ အဲသည် အလုပ်တွေဟာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက တည့်အောင်နေ၊ ချော့မော့ပေါင်း၊ ပေးသ လောက်ယူ၊ စိတ်မဆိုးစေနဲ့၊ အမျက်တော်မရှစေနဲ့။ အဲဒါကမှ လက်တွေ့ကျတဲ့ နိုင်ငံရေးလို့ ဆိုလိုခြင်းသည်သာ ဖြစ်နိုင်ခြေရှိတာကို လုပ်တာဟာ နိုင်ငံရေးဆိုတဲ့ စကားလုံးနောက်မှာ သူတို့ ဖုံးဖိသိုဝှက်ထားတဲ့ တကယ့် အဓိပ္ပါယ်၊ တကယ့် အတွင်းသဘောပဲ ဖြစ်ပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

No comments: