Saturday, February 22, 2014

ကြံ့သားရေ ဖွတ်မြီး - အပိုင်း (၁)

ကြံ့သားရေ ဖွတ်မြီး - အပိုင်း (၁)
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ကြံ့ဖွံ့ပါတီရဲ့ဗီဇ

၁၉၉၀ရွေးကောက်ပွဲမှာ တစညရှုံးနိမ့်ပြီးနောက် လူမုန်းများတဲ့ မဆလ အသွင်ပြောင်းတစညကို ပြန်လည်အသက်သွင်းဖို့ မလွယ်တော့ဘူးဆိုတာကို စစ်အာဏာရှင်တွေ သဘောပေါက် သွားကြတယ်။ အဲသလို သဘောပေါက်သွားတဲ့အတွက် ၁၉၉၃ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း USDA ကို ဖွဲ့စည်းလိုက်တယ်။ ဒါဟာတစညကို ကန်ထုတ်ပြီး စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေးပါတီသစ် ထူထောင်ဖို့ ပထမခြေလှမ်းကို အစပျိုးလိုက်တာပါပဲ။ ဦးနေဝင်းဦးဆောင်တဲ့ မဆလစစ်အာဏာရှင် ပါတီရဲ့နေရာမှာ ဦးသန်းရွှေဦးဆောင်တဲ့ ကြံ့ဖွံ့စစ်အာဏာရှင်ပါတီနဲ့ အစားထိုးဖို့ ပြင်ဆင်လိုက်တာလည်း ဖြစ်ပါတယ်။

ကြံ့ဖွံ့အသင်း စထူထောင်ကတည်းက ဒါဟာ စစ်အာဏာရှင်ရဲ့ နိုင်ငံရေးအဖွဲ့အစည်းပဲဆိုတာ လူတိုင်းသိကြတယ်။ အဲဒီကတည်းကလည်း ဝေဖန်သုံးသပ်သူတွေက ထုတ်ပြောကြတယ်။ ဒါပေမဲ့စစ်အာဏာရှင်တွေက ကြံ့ဖွံ့ကိုပါတီအဖြစ် တခါတည်း တန်းမထောင်ဘူး။ ပါတီအစား လူမှုရေးအသင်းကြီးလို့ နာမည်ခံတယ်။ ဘာ့ကြောင့် ဒီလိုလုပ်သလဲဆိုတော့ ပထမတချက်က ဆုတ်သာတက်သာအောင် လုပ်တာပဲ။ သူတို့စစ်အာဏာရှင်တွေကို လူထုကလည်း ခါးခါးသီးသီးမုန်းတယ်။ နိုင်ငံတကာကလည်း လူရာမသွင်းဘူး။ ၉၀ရွေးကောက်ပွဲရလဒ်ကို ပေါ်တင်ကြီး ညစ်ပတ်ပြီး ပယ်ချထားတာကလည်း ပူပူနွေးနွေးဆိုတော့ လုပ်ရတာမဝံ့မရဲမို့ တဖြည်းဖြည်းသွေးတိုးစမ်းပြီး ခြေတဖဝါးချင်း လှမ်းကြည့်တဲ့သဘော။ နောက်ဒုတိယတချက်ကတော့ အလွန်မရိုးသားတဲ့အချက်။ ပါတီထောင်မယ်ဆိုရင် သူ့ရန်ပုံငွေသူရှာရမယ်။ အစိုးရဝန်ထမ်းတွေနဲ့ ကင်းရှင်းရမယ်။ အစိုးရရဲ့ထောက်ပံ့မှုနဲ့ ကင်းရှင်းရမယ်။ ဒါပေမဲ့သူတို့က အဲသလိုမကင်းရှင်းချင်ဘူး။ အဲဒါကြောင့် သူတို့ဟာ ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်နိုင်ဖို့ လူမှုရေးအသင်း နာမည်ခံတယ်။ စစ်အာဏာရှင်အစိုးရရဲ့ အာဏာကို တချက်လွှတ် အသုံးပြုပြီး ပြည်သူ့ဘဏ္ဍာငွေကို ဗုံးပေါလအော ကဲ့ယူတယ်။ ပြီးတော့ နောင်လာမယ့်ရွေးကောက်ပွဲတွေအတွက် ကြိုတင်စည်းရုံးတဲ့အနေနဲ့ ပြည်သူ့ငွေသုံးပြီး လူမှုရေးအကျိုးပြုလုပ်ငန်းတချို့ လုပ်ပြဖို့ကြိုးစားတယ်။ တချို့နေရာတွေမှာ ရေပေးတာတွေ ဆေးခန်းဖွင့်တာတွေ လုပ်တယ်။ ဒါပေမဲ့ နာမည်ကောင်းထက် နာမည်ပျက်နဲ့ ပိုကျော်စောတယ်။ လူချစ်မခံရဘဲ လူမုန်းခံရတယ်။

နာမည်ပျက်ရတယ်ဆိုတာကလည်း နာမည်ပျက်စရာတွေလုပ်လို့ ပျက်ရတာပါပဲ။ ကြံ့ဖွံ့အသင်းဝင်ဖို့ အတင်းအဓမ္မ စည်းရုံးသိမ်းသွင်းတယ်။ ကျောင်းဆရာဆရာမတွေတွင်မက၊ ကျောင်းသားတွေပါ မဝင်မနေရလုပ်တယ်။ ဝန်ထမ်းတွေကိုလည်း မဝင်မနေရအတင်းလုပ်တယ်။ အတင်းလုပ်တာက အရေအတွက်ကိုပြဖို့။ ဒီလိုလုပ်တော့ အရေအတွက်တော့ တိုးပါရဲ့။ လူတွေကမုန်းကြတယ်။ ဒါတွင်ပဲလားဆိုတော့ မကသေးဘူး။ ရွာတွေကိုပြည်ခိုင်ဖြိုးရွာဆိုပြီး အတင်းဆိုင်းဘုတ်တင်တယ်။ ဗိုလ်အောင်သောင်းရဲ့ မြင်းခြံနယ်၊ တောင်သာနယ် ဘက်မှာဆိုရင် ပြည်ခိုင်ဖြိုးရွာ ဆိုင်းဘုတ်ကို ဇွတ်အတင်းတင်လို့ ရွာသားတွေနဲ့ ပြဿနာ အကြီးအကျယ် တက်တာမျိုးတောင် ရှိခဲ့ဖူးတယ်။ ဒီလိုဖိနှိပ်မှု မတရားမှုတွေကြောင့် ကြံ့ဖွံ့ကို လူတွေမုန်းတယ်။

မြို့ကြီးတွေမှာ လူထုဆန္ဒဖော်ထုတ်ပွဲကြီးတွေ ဆိုတာကိုလည်း မှတ်မိကြဦးမှာပါပဲ။ ဒါတွေကိုလည်း ကြံ့ဖွံ့ကလုပ်ခဲ့တာ အားလုံးအသိပါ။ တအိမ်တယောက် မလာမနေရ၊ မလာရင်ဒဏ်ငွေဘယ်လောက်ရိုက်မယ် ဆိုတာတွေဟာ မတတ်သာလို့လာရပေမဲ့ ရင်ထဲမှာတော့ အမုန်းတွေ တနေ့တခြား ပွားများလာစေပါတယ်။ ဒါတွေထက် ပိုဆိုးတာရှိသေးတယ်။ ကြံ့ဖွံ့ရဲ့အမွှာညီနောင်ဖြစ်တဲ့ စွမ်းအားရှင်ဆိုတာကို မွေးထုတ်လာတဲ့ အစီအစဉ်။ ဒီစွမ်းအားရှင်ဆိုတာက ရပ်ရွာကိုခြိမ်းခြောက်လာတယ်။ လူထုကိုညှဉ်းပန်းလာတယ်။ လူထုဆန္ဒပြပွဲတွေမှာ လူကိုခွေးလိုဝင်ဆွဲကြတယ်။ ပြီးတော့ အစိုးရသတင်းစာတွေထဲမှာ ရေးတော့ တာဝန်သိပြည်သူတွေက ဝင်ရောက်နှိမ်နင်းလိုက်တယ်ဆိုတာမျိုး။ ဒါဟာကြံ့ဖွံ့တွေ တောက်လျှောက်ကျင့်သုံးတဲ့ လုပ်နည်းလုပ်ဟန်ပဲ။

ဒီနေ့ခေတ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါပြီ တွင်တွင်အော်ပြီး လူထုဆီကမဲပြားကို ချူစားဖို့ကြိုးစားနေတဲ့ အချိန်မှာတောင် ဒီလုပ်ရပ်တွေကို လုံးလုံးလျားလျား မပြင်သေးဘူး။ သဲကုန်းမြို့နယ်မှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပြန်ရရေး သပိတ်မှောက်ဆန္ဒပြသူတွေကို ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ဖြိုခွဲနှိမ်နင်းရာမှာတောင် ကြံ့ဖွံ့ပါတီဝင်တွေကို ထုတ်သုံးသေးတယ်ဆိုတဲ့ စွပ်စွဲချက်ထွက်ပေါ်လာခဲ့တယ်။ သပိတ်ကိုဖြိုခွဲဖို့ အရပ်သားတရာလောက်က ဝင်ရောက် နှိမ်နင်းတယ် ဆိုကတည်းက ဒီအရပ်သားတွေဟာ ဘယ်လိုအမျိုးအစားဆိုတာ ပြည်သူတွေသိပါတယ်။ ကြံ့ဖွံ့ သို့မဟုတ် ကြံ့ဖွံ့ရဲ့ အမွှာညီအစ်ကို စွမ်းအားရှင်မှ တပါး တခြား ဘယ်အမည်ခံ အရပ်သားမှ အဲသလို အလုပ်မျိုး မလုပ်ဖူးဘူး။ သီတဂူဆရာတော်က စာထုတ်လို့ နှိမ်နင်းရပါတယ် လို့လည်း အကြောင်းပြ သွားသေးတယ်။

ကြံ့ဖွံ့မှာ ဒီ့ထက်ပိုဆိုးတဲ့ သမိုင်းဝင် အကြမ်းဖက်လုပ်ရပ်တွေ ရှိခဲ့ဖူးတယ်။ ၁၉၉၆ခုနှစ်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မော်တော်ယာဉ်ယာဉ်တန်းကို ကြံ့ဖွံ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ချိန်းကြိုး၊ သံတုတ်၊ အုတ်ခဲကျိုးကိုင်ထားတဲ့ လူအုပ်ကြီးက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ဦးတင်ဦး၊ ဦးကြည်မောင်တို့ကို ကားထဲအထိဝင်ပြီး ဒါးနဲ့ထိုးခဲ့တယ်။ အဲဒီလူအုပ်ကြီးထဲမှာ လုံခြုံရေးအရာရှိတွေကိုင်ကြတဲ့ လမ်းလျှောက် စကားပြောစက်တွေလည်း ပါလာကြတယ်။ အင်မတန်ဆိုးဝါးလှတဲ့ နေ့ခင်းကြောင်တောင် အကြမ်းဖက်မှုကြီး ပါပဲ။ ဒီလူတွေဟာကြံ့ဖွံ့တွေပဲလို့ လူတွေက အပြည့်အဝယုံကြည်ကြတယ်။ ဒီဖြစ်ရပ်ကို အဲဒီတုန်းကလည်း စုံစမ်းအရေးယူတာမျိုးမလုပ်ခဲ့ဘူး။ အခုထိလည်း စုံစမ်းဖော်ထုတ်မှုမရှိသေးဘူး။ ဘာ့ကြောင့် မစုံစမ်းသလဲ။ မစုံစမ်းခြင်းကိုယ်၌သည်ပင် အဖြေဆိုတာ လူအများက နားလည်ကြတယ်။

အဆိုးတကာ့ အဆိုးဆုံးလည်းရှိပါသေးတယ်။ ဒါကိုလည်းအားလုံးမှတ်မိကြမှာပဲ။ ၂၀၀၃ခုနှစ် ဒီပဲရင်းလူသတ်ပွဲကြီးပါ။ ကြံ့ဖွံ့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို နောက်ကနေ တောက်လျှောက် လိုက်လံနှောင့်ယှက်ခဲ့ကြတယ်။ နောက်ဆုံးတော့ ဒီပဲရင်းမှာလူတွေကို ဝင်ရောက်ရိုက်နှက် သတ်ဖြတ်ခဲ့တယ်။ အသတ်ခံရတဲ့သူတွေမှာ ဆွမ်းကျွေးတောင် လွတ်လွတ်လပ်လပ် လုပ်ခွင့်မရဘူး။ အရိုက်ခံရတဲ့လူတွေ ထောင်ထဲဝင်ကြရတယ်။ ရိုက်တဲ့လူတွေ တယောက်မှ တရားစွဲမခံရဘူး။ တရားစွဲမခံရတဲ့အပြင် မိုက်ရူးရဲကြံ့ဖွံ့ပါတီဝင်တချို့က သူတို့လုပ်တာလို့ ဂုဏ်ယူပြောပြတာမျိုးတွေတောင် ရှိသေးတယ်။ ဒီအမှုကိုစုံစမ်းစစ်ဆေးရင် ရိုက်သူတွေကိုယ်တိုင်ထဲမှာတောင် နောင်တရပြီး ဖြောင့်ချက်ပေးမယ့် သူတွေလည်း တပုံကြီးရှိတယ်။ ဒီလူသတ် အကြမ်းဖက်မှုကြီးမှာ လက်သည်ဟာ ကြံ့ဖွံ့ပါတီဝင်တွေ ဖြစ်ကြောင်း သက်သေအထောက်အထား ပြနိုင်တာတွေ အများကြီးရှိတယ်။

ဒီလိုအကြမ်းဖက်မှုအစဉ်အလာ၊ စည်းမဲ့ကမ်းမဲ့ကလေကချေစရိုက်တွေ အပြည့်အဝရှိတဲ့ ကြံ့ဖွံ့အသင်းကြီးဟာ ၂၀၁၀ခုနှစ်မှာ ဘဝတပါးသို့ ကူးပြောင်းသွားပါတော့တယ်။ ကြံ့ဖွံ့အသင်းကြီး ဘဝကနေ ဒီနေ့အားလုံးသိကြတဲ့ ကြံ့ဖွံ့ပါတီဘဝကို ကူးပြောင်းသွားတာပါပဲ။ ပါတီဥက္ကဌကတော့ အားလုံးသိကြတဲ့ ဦးသိန်းစိန်ပါပဲ။

ဒီနေရာမှာလည်း မေးခွန်းတွေမေးစရာ ထွက်ပေါ်လာခဲ့ကြတယ်။ မေးလည်းမေးခဲ့ကြတယ်။ အဲဒါကတော့ ကြံ့ဖွံ့ပါတီဟာ ဘာ့ကြောင့်အများပြည်သူတွေရဲ့ငွေတွေကို ဆက်ခံနိုင်ခွင့်ရှိသလဲဆိုတဲ့ မေးခွန်းပဲ။ ကြံ့ဖွံ့အသင်းကို လူမှုရေးအသင်းလို့ အမည်ခံပြီး နအဖအစိုးရဟာ အများပြည်သူတွေရဲ့ ငွေကြေးအမြောက်အများကို အသင်းထဲမှာထည့်ဝင်ခဲ့တယ်။ နိုင်ငံရဲ့ သယံဇာတရောင်းရငွေတွေကို ကြံ့ဖွံ့အသင်းရန်ပုံငွေမှာ ထည့်ခဲ့တယ်။ အဲဒီငွေတွေအားလုံးကို ကြံ့ဖွံ့ပါတီက အကုန်ယူသွားခဲ့တယ်။ ကြံ့ဖွံ့အသင်းပိုင်တဲ့ အဆောက်အဦးနဲ့ ပစ္စည်းတွေအားလုံးကိုလည်း ကြံ့ဖွံ့ပါတီက အကုန် အမွေဆက်ခံ ရယူခဲ့တယ်။ ကြံ့ဖွံ့ပါတီဟာ လူမှုရေးအတွက်ပါဆိုပြီး အများပြည်သူ့ငွေတွေ သုံးစွဲထားသမျှကို သူတို့တပါတီ ကိုယ်ကျိုးအတွက် အသုံးချခဲ့ပြီ။ အများပြည်သူပိုင် ပစ္စည်း နိုင်ငံပိုင်ပစ္စည်းကို အသုံးမပြုရဘူးဆိုတဲ့ ဥပဒေကိုလည်း ချိုးဖောက်ခဲ့ပြီ။ သူတို့ပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေတွေမှာ “နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း” ဟာ တရားမဝင်ကြောင်းကို အတိအလင်း ထောက်ပြထားတယ်။ ဒီတော့ကြံ့ဖွံ့ပါတီဟာ စတင်ထူထောင်စဉ်ကတည်းက တရားမဝင်တဲ့ ပါတီလို့ဆိုရမှာဖြစ်တယ်။ ဒါ့အပြင် ကိုယ်ထုတ်တဲ့ ဥပဒေကိုတောင် ကိုယ်တိုင် မလိုက်နာတဲ့ ပါတီလို့လည်း ပြောရမှာ ဖြစ်တယ်။

တကယ်လို့ ကြံ့ဖွံ့ပါတီကို တရားဝင်ပါတီဖြစ်ကြောင်း သက်သေထူချင်ရင်တော့ ကြံ့ဖွံ့ပါတီထူထောင်စဉ်က ငွေတွေကို ဘယ်ကနေဘယ်လိုရခဲ့တယ်ဆိုတာ ပြန်ရှင်းပြဖို့လိုမယ်။ ကြံဖွံ့အသင်းကနေ ပါတီမပြောင်းခင်မှာ အသင်းကြီးက ရယူထားတဲ့ နိုင်ငံတော်ပိုင် ငွေတွေ၊ အဆောက်အဦးနဲ့ မော်တော်ကားတွေ၊ ပစ္စည်းတွေ ဘယ်ရောက်သွားတယ်ဆိုတာကို ပြန်ရှင်းပြဖို့လိုမယ်။ လွတ်လပ်တဲ့စာရင်းစစ်အဖွဲ့နဲ့ စစ်ဆေးခွင့်ပြုရလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီပါတီဟာတရားမဝင်တဲ့ပါတီ၊ ရိုးဖြောင့်မှုမရှိတဲ့ပါတီ၊ ပြည်သူကို အရင်ကလည်း နှိပ်စက်ညှင်းပန်းခဲ့ဖူးပြီး နောင်လည်းနှိပ်စက်ညှင်းပန်းဦးမယ့် ပါတီလို့သာဆိုရလိမ့်မယ်။

တကယ်တော့ အခုကျနော်ပြောခဲ့တာတွေဟာ အားလုံးသိပြီးအကြောင်းအရာတွေပါ။ ဘာလို့ပြန်ပြောနေ သလဲဆိုတော့ တချို့လူတွေ အတိတ်မေ့ရောဂါရနေကြတယ် ထင်လို့ပါပဲ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

5 comments:

knife wafer said...

It 's Absolutely Right , Ko Zaw Win.

Unknown said...

Good bro

Unknown said...

Good bro

Unknown said...

Good bro

u maung said...

အပိုင်း(၁) ကနေ (၄) အားလုံး အမှန် တွေချည်းပါ။