Monday, January 20, 2014

၁၆-၇-၂၀၁၃ နေ့က မြောက်ဥက္ကလာ တရားရုံးရှေ့မှာ နန်းထိုက်တော်ဝင်ပိုင်ရှင် ဦးအိုက်လင်းကို ကြိုးကွင်းစွပ် ဖမ်းဆီးနေကြပုံ (ရုပ်သံ)


(သတင်း - “အင်တာနက်” ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

မြောက်ဥက္ကလာပ တရားရုံး၌ ဦးထင်ကျော်နှင့် ဦးအိုက်လင်း တရားရင်ဆိုင်အပြီး ပြန်လည်ထွက်လာစဉ် သင်္ကန်းကန်းမိကျောင်းကန် အပါအ၀င် မရမ်းကုန်း(၆)ရပ်ကွက်မှ ပြည်သူများမှ ဦးအိုက်လင်းအား လိုက်လံတားဆီးရန် ကြိုးစားခဲ့ရမှာ ဦးအိုက်လင်း၏ တပည့်များနှင့် ခိုက်ရန်ဖြစ်ပွားပြီး ရုန်းရင်းဆန်ခတ်အသွင်ဆောင်ခဲ့ကြောင်း သိရှိရသည်။

နန်းထိုက်တော်ဝင် စားသောက်ဆိုင်နှင့် ဂရိတ်နိုင်း ကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အသရေဖျက်မှုဖြင့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့မှ ဦးထင်ကျော်နှင့်အပေါင်းအပါများအား တရားစွဲဆိုခဲ့သည့်အမှုအတွက် ဇူလိုင်လ၁၆ ရက်နေ့ မြောက်ဥက္ကလာပ တရားရုံး အမှုချိန်း၌ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဦးထင်ကျော်မှလည်း ဦးအိုက်လင်းအား ဇွန်လနောက်ဆုံးအပတ်အတွင်းက တရားခံပြေးလက်ခံမှုနှင့် တရားစွဲဆိုရန် ကြံစည်ခဲ့သော်လည်း သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ပေးခြင်း မရှိသည့်အတွက် ကျင့်ထုံးဥပဒေ (၅၉)အရ ဦးအိုက်လင်းအား ဖမ်းဆီးရန် ဦးထင်ကျော်အဖွဲ့မှ ဖဖ်းဆီးရန် ကြိုးပမ်းခဲ့ရာမှ ရုန်းရင်းဆန်ခတ်အသွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဒီကိစ္စမှာ ဦးထင်ကျော်အနေနဲ့ ဖမ်းဆီးချင်တယ်ဆိုရင် ဥပဒေပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်ဆောင်ရွက်သင့်တယ်” ဟု အဆိုပါနေရာသို့ သတင်းလာရောက်ရယူနေသူ သတင်းထောက်တစ်ဦးက ၄င်းအမြင်ကို ပြောသည်။

မည်သည့်အရပ်သားမဆို မိမိရှေ့မှောက်တွင် အာမခံမပေးနိုင်သော ရဲအရေးယူပိုင်ခွင့်ရှိသော တရားကျူးလွန်သူ (သို့) ပြစ်မှုကျူးလွန်ကြောင်း ကြေညာခြင်းခံရသူ မည်သူကိုမဆို ဖဖ်းဆီးနိုင်သည်ဟု အရပ်သားများက ဖဖ်းဆီးခြင်းနှင့် လိုက်နာရန် ကျင့်ထုံး(၅၉)၌ ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖဖ်းဆီးထားသူကို အကြောင်းမဲ့ ကြန့်ကြာခြင်းမရှိဘဲ ရဲအရာရှိတစ်ဦးထံ ပို့အပ်ရမည်။ ရဲအရာရှိ မရှိပါက ထိုသူကို ချုပ်နှောင်ပြီး အနီးဆုံး ရဲတပ်ဖွဲ့စခန်းသို့ ပို့အပ်ရမည်ဟု ပါရှိကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပဋိပက္ခမဖြစ်အောင် လာပြီး ထိန်းသိမ်းပေးတာပါ” ဟု မြောက်ဥက္ကလာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုစစ်ဆေးရာ မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ရဲဝန်ထမ်း ၂၀ ကျော် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း သိရသည်။

2 comments:

Unknown said...

ဗွီဒီယိုဖိုင်ထဲက ဦးအိုက်လင်း မဟုတ်ပါ။ သူ့တပည့် တစ်ယောက်ယောက် ဖြစ်မယ်ထင်ပါတယ်။

RichardsonMoon said...

အစွယ်အားကိုးသောကျား၊ ဦးချိုအားကိုးသောနွား၊ သေနပ်အားကိုးသော စစ်သား နှင့် အုပ်စုကောင်းလျှင် ကြံဖန်ဗိုလ်ကျလိုသော ငါတို့ဗမာများ ဘာခြားနားသနည်း ဟု မေးစရာရှိလာပေပြီ။

ဤတိုင်းပြည်၏ ဖြစ်ပြီးဖြစ်ဆဲ ဖြစ်လတ္တံ့သော ခေါင်းဆောင်များ၊ ဤတိုင်းပြည်၌ ကျော်ကြားပြီး ကျော်ကြားဆဲ ကျော်ကြားကြ လတ္တံ့သော ပုဂ္ဂိုလ်များနှင့်တကွ ခေါင်းဆောင်လိုခြင်း၊ ကျော်ကြားလိုခြင်းအလို့ငှါ ကြံဆောင်ကြိုးပန်းနေကြသူ အပေါင်းတို့ ဖြေကြားကြပါကုန်။