ဆယ်လ်မွန်သင်းကွဲ
သစ်ကောင်းအိမ်
မိကျောင်းပေါတဲ့
နွံတောကြီးတွေကို ဖြတ်ပြီးမှ
အိမ်ပြန်ရောက်မယ်။
မီးသတ်ကားဥသြကို
တယောနဲ့ဆွဲတဲ့
မြို့ကြီးပြကြီးတွေကို
တွားသွားခုတ်မောင်းပြီးမှပဲ
အိမ်ပြန်ရောက်မယ်။
ဘီလူးဂမုန်းကို
သွေးနဲ့လောင်းပြီး
ပေါင်းသင်စိုက်ပျိုးထားတဲ့
သွေးရဲရဲသံရဲရဲ ပန်းခင်းကြီးတွေကို
လွန်မြောက်တော့မှပဲ
အိမ်ပြန်ရောက်မယ်။
သိန်းငှက်တွေ ဝဲနေတဲ့
တရွေ့ရွေ့ကုလားအုပ်တန်းကြီးရဲ့
ခွာရာတွေအောက်က
မိုးမဆုံးမြေမဆုံး ကန္တာရကြီးကို
ကူးခတ်ကျော်လွန်ပြီးတော့မှပဲ
အိမ်ပြန်ရောက်မယ်။
ကမ်းပါးထိပ်မှာ
အကုသိုလ်ဆံပင်ဖားလျားနဲ့
လက်မရွံ့ပါးကွက်သားတွေက
ဟားတိုက်ရယ်မောနေတဲ့
ရေတံခွန်ကြီးတွေရဲ့
တဝုန်းဝုန်း ကျိန်ဆဲသံတွေကို
ကောက်ရိုးတမျှင်လို တွယ်တက်ရင်း
ချောက်ထဲရေသွန်မေတ္တာတရားနဲ့
အိမ်ပြန်ရောက်မယ်။ ။
၂၉၊ ဒီဇင်ဘာ၊ ၂၀၁၃
(ကဗျာဆရာ သစ်ကောင်းအိမ် ရေးပို့တဲ့ မွေးနေ့လက်ဆောင်)
No comments:
Post a Comment