Friday, December 13, 2013

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ရှေးရှုစဉ်းစားလုပ်ဆောင်တယ်ဆိုရင် တပ်မတော်ထောက်လှမ်းရေးများအားလုံးကိုလည်း ပြန်လွှတ်ပေးစေချင် ...

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ရှေးရှုစဉ်းစားလုပ်ဆောင်တယ်ဆိုရင် တပ်မတော်ထောက်လှမ်းရေးများအားလုံးကိုလည်း ပြန်လွှတ်ပေးစေချင် ...
ဒေါက်တာလွဏ်းဆွေ

“တပ်မတော်ထောက်လှမ်းရေးများ နိုင်/ကျဉ်းစာရင်းတွင် ထည့်သွင်းမည်မဟုတ်” ဆိုတဲ့ သတင်းတပုဒ် မနေ့က Mizzima မှာ ဖတ်လိုက်ရတဲ့အပေါ် ကျနော့်စိတ်ထဲ ရိုးသားစွာ ဘ၀င်မကျဖြစ်မိပါတယ်။ နိုင်/ကျဉ်းစိစစ်ရေးကော်မတီ အဖွဲ့ဝင်တဦးကတော့ “သူတို့ ထောင်ကျတာက အာဏာပြိုင်မှုပုဒ်မတွေ၊ အဂတိတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ကျကြတာ” မို့ မစဉ်းစားကြောင်း ပြောပါတယ်။

ကျနော့်တဦးတည်းအမြင်အရ ဦးသိန်းစိန်အစိုးရမင်းတွေနဲ့ နိုင်/ကျဉ်းစိစစ်ရေးကော်မတီအဖွဲ့ဝင်တွေကို အကြံပြုလိုတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို (အမှန်တကယ်) ရှေးရှုစဉ်းစားလုပ်ဆောင်တယ်ဆိုရင် ဦးခင်ညွန့်ရဲ့တပ်မတော်ထောက်လှမ်းရေးတွေကို နိုင်/ကျဉ်းအဖြစ် မသတ်မှတ်ရင်တောင် ထောင်ကနေ ပြန်လွှတ်ပေးဖို့ စဉ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဒီလိုအကြံပြုလို့ ဖွဘုတ်မိတ်ဆွေတွေက ကျနော့်ကို “ခင်ဗျားက ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်တာ ကိုယ်တိုင်မှ မခံရတာပဲ။ ခံခဲ့ရတဲ့ နိုင်/ကျဉ်းတွေအပေါ် ဘယ်ကိုယ်ချင်းစာနိုင်မလဲ” လို့ မေးခွန်းထုတ်ချင်ကြလိမ့်မယ် ထင်ပါတယ်။

ဟုတ်ပါတယ်၊ ကျနော်ကိုယ်တိုင်တော့ ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်တာ မခံခဲ့ရဖူးပါဘူး။ ဒါပေမယ့် အဲဒီအချိန်က မန္တလေးဆေးကျောင်းတက်နေတဲ့ ကျနော့်ညီအရင်း(နို့ညှာ)တယောက်တော့ ဦးခင်ညွန့်ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်လို့ အပြစ်မရှိဘဲ ထောင် ၇ နှစ်ချခံရပြီး မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင်တွေမှာ ၄ နှစ်ကျော်နေခဲ့ရပါတယ်။ သူ ထောင်ကျတော့ ကျနော်လည်း ရန်ကုန်ကနေ မန္တလေးနဲ့ မြင်းခြံအထိ ထောင်ဝင်စာ အကြိမ်ကြိမ် သွားတွေ့ရတဲ့ အလုပ်ပျက်အကိုင်ပျက်ဒုက္ခတွေကို အလီလီ ကြုံတွေ့ခဲ့ရသူမို့ ဦးခင်ညွန့်ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်တဲ့ဒဏ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ခံစားခဲ့ဖူးသူလို့တော့ ဆိုနိုင်ပါတယ်။

မည်သို့ပင်ဆိုစေ ကျနော့်တဦးတည်းအမြင်ကတော့ အဲဒီအချိန်က “တူ” နေရာကနေ နိုင်/ကျဉ်းတွေကို နှိပ်စက်ခဲ့ကြတဲ့ ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေရော “ပေ” အဖြစ် ညှဉ်းပန်းနှိပ်စက်မှုတွေ ခံစားခဲ့ကြရတဲ့ နိုင်/ကျဉ်းတွေအားလုံးရော စစ်အာဏာရှင်စနစ်ဆိုးရဲ့ သားကောင်တွေလို့ပဲ မြင်မိပါတယ်။

တနည်းအားဖြင့်ဆိုရရင် မြန်မာပြည်သူတွေ ကံဆိုးမိုးမှောင်ကျခဲ့ကြတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး (ရင်နင့်ကြေကွဲဖွယ်ရာပြဇာတ်ကြီး) ထဲမှာ ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေက “တူ” နေရာကနေ ကပြအသုံးတော်ခံခဲ့ရပြီး နိုင်/ကျဉ်းတွေအားလုံးက “ပေ” နေရာကနေ ကပြအသုံးတော်ခံခဲ့ရသူတွေလို့လည်း ပြဇာတ်ဆန်ဆန် ရှုမြင်မိပါတယ်။

ဒါပေမယ့် အခုအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် အလေးထား စဉ်းစားပြီဆိုရင်တော့ နစ်နာခဲ့မှုတွေ၊ နာကြည်းချက်တွေကို မေ့ဖျောက်ပြီး စစ်အာဏာရှင်စနစ်ဆိုးရဲ့ သားကောင်တွေဖြစ်ခဲ့ကြတဲ့ ဦးခင်ညွန့်ရဲ့စစ်ထောက်လှမ်းရေး(တူ)တွေအားလုံးရော၊ နိုင်/ကျဉ်း(ပေ)တွေအားလုံးကိုပါ စနစ်ဆိုးထဲကနေ အတူတကွ လွတ်မြောက်စေလိုတဲ့အနေနဲ့ ထောင်ကနေ အကုန်လွှတ်ပေးဖို့ လေးစားစွာ အကြံပြုလိုက်ရပါတယ်။

ဦးခင်ညွန့်အပါအ၀င် ပြန်လွတ်လာမယ့် ထောက်လှမ်းရေးအားလုံးကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို တန်းဖိုးထားလေးစားတဲ့အနေနဲ့ ဆရာကြီးဦးဝင်းတင် ပြောခဲ့သလို သူတို့ကြောင့် ဒုက္ခအဖုံဖုံ ခံစားခဲ့ကြရတဲ့ နိုင်/ကျဉ်းတွေ၊ ဘ၀ပျက်ခဲ့ရတဲ့ ပြည်သူတွေကို ၀န်ချတောင်းပန်ဖို့နဲ့ အမှားကျူးလွန်ခဲ့တဲ့ သူတို့ကိုယ်သူတို့လည်း တောင်းပန်ဖို့ လိုမယ်လို့ အကြံပြုချင်ပါတယ်။

(နိုင်/ကျဉ်းစိစစ်ရေးကော်မတီအဖွဲ့ဝင်တဦး ပြောတဲ့ “သူတို့ ထောင်ကျတာက အာဏာပြိုင်မှုပုဒ်မတွေ၊ အဂတိတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ကျကြတာ” ဆိုတဲ့ အကြောင်းပြချက်ကတော့ အဲဒီခေတ်က လူတယောက်ကို ထောင်ချချင်ပြီဆိုရင် ဂျပိုးကို လိပ်ဖြစ်အောင် အမှုဆင်ခဲ့တဲ့ခေတ်ဖြစ်တာရယ်၊ အခေါင်အချုပ်ဖြစ်တဲ့ ဦးခင်ညွန့်ကိုတောင် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးထားပြီမို့ လျှော့ပေါ့စဉ်းစားလို့ ရမယ်ထင်ပါတယ်။)

အားလုံးသို့လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

4 comments:

Tomahawk said...

ဆရာလွမ်းကကတုန်းဇာဂနာလို
ခင်ညွန့်ရဲ့ကျေးဇူးရှင်ဖြစ်ချင်လို့လား။
As you know that they(thein sein gov't) are arresting people and then release them are like the simple act of a terrorist group. They just take hostages to get ransom money (i.e,foreign aids).

ဒေါက်တာလွဏ်းဆွေ said...

အပေါ်ယံလောက်ပဲ ဖတ်ကြည့်ရင်တော့ ပြဿနာရပ်ကို အဖြေရှာဖို့ ချဉ်းကပ်ရာမှာ Tomahawk မြင်သလိုပဲ မြင်ကြမှာကို ကျနော် ထူးပြီး မအံ့သြမိပါဘူး။ ဒီအချိန်မှာတော့ ကျနော် ရေးတာကို စိတ်အေးလက်အေး ထပ်ဖတ်ကြည့်ပြီး အပြန်ပြန်အလှန်လှန် တွေးတောစဉ်းစားကြည့်ဖို့ တိုက်တွန်းရုံလောက်ပဲ ကျနော့်ဘက်က တတ်နိုင်ဦးမှာဖြစ်ပါတယ်။ ဝေဖန်အကြံပြုတဲ့အတွက် ကျေးဇုးအထူးတင်ပါတယ်။

yoo said...

"အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ရှေးရှုစဉ်းစားလုပ်ဆောင်တယ်ဆိုရင်."
နဲ့ 
" တပ်မတော်ထောက်လှမ်းရေးများအားလုံးကိုလည်း
ပြန်လွှတ်ပေးစေချင် ..." ဆိုတဲ့ ..
စကားနှစ်ရပ်က..

ဘာ..ဘာ..ဘာမှလဲ မဆိုင်ဘူး...။

အမျိုးသားရေး..မသင့်မမြတ်ဖြစ်နေရတာ..
ဒီတပ်မတော်ထောက်လှမ်းရေးများအားလုံးကို
ဖမ်းထားလို့ ပါ ခင်ဗျာ..ခင်ဗျ..ဆိုတာလဲ..
သမိုင်းမှာ ခုထိ..ရှာမတွေ့ ဘူး...။

သားကောင်လဲ မဟုတ်ဘူး။
တူလဲ မဟုတ်ဘူး။

ရင်နင့်ကြေကွဲဖွယ်ရာပြဇာတ်ကြီး ဆိုတာလဲ..
ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ဒါရိုက်တာ လုပ်
ကိုယ်တိုင် ပါဝင် ၀င်ရောက် ချယ်လှယ်ပြီး
နှံ ခဲ့  ကြတာ...။

ဒေါက်တာလွှတ်ဆွ တစ်ယောက်တော့...
နောက်နှစ် ဗမာပြည် အပြန်...
တွေ့ ရလို တွေ့ ရငြား..ခုထဲက
ဖော..ရှော...
လုပ်နေသလားလို့ တောင်ထင်ရတယ်..။

အရေးကြီးဆုးံက..
ဟိုရောက်ရင် ဆေးကုဖို့ 
ဆမ ပြန်မရှောက်မိစေဖို့ ပဲ..။
ထူး..ဘူးလေ..။
" လမ်းမလျှောက်နိုင်တဲ့ လူနာများ..
အမှန်တစ်ကယ် လမ်းလျှောက်ချင်တယ်ဆိုရင်
လက်နှစ်ဖက် လေ့ ကျင့်ခန်း လုပ်ပေးစေချင်.."

ဟူး...
ဒုက္ခပါပဲ..ပြောမရမလို ဖြစ်နေပြီ..။

Tomahawk said...

Sayar Lun,

Many thanks for your reply, i am really appreciate about that even though we have a different views and opinions.
But i have no sympathy for anyone of those military dogs and their handlers (evil generals).
I am pretty sure their turn will be arrived pretty soon.