Friday, November 29, 2013

အမေလူထုဒေါ်အမာအတွက် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ မွေးနေ့လက်ဆောင်

အမေလူထုဒေါ်အမာအတွက် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ မွေးနေ့လက်ဆောင်
ဒေါက်တာလွဏ်းဆွေ

ယခုဓာတ်ပုံဟာ ၂၀၀၁ ခုနှစ် အမေလူထုဒေါ်အမာရဲ့ (၈၆) နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ကျနော် မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ လူထုတံဆိပ်ပါ ဘောင်သွင်းထားတဲ့ ဓာတ်ပုံကြီးနဲ့ အမေလူထုဒေါ်အမာကို အတူတွဲပြီး တွေ့ရတဲ့ပုံဖြစ်ပါတယ်။

အဆိုပါ မွေးနေ့လက်ဆောင်ဓာတ်ပုံကို (၈၅) နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ဖလင်လိပ်ထည့်ပြီး ရိုက်ရတဲ့ Olympus Camera လေးနဲ့ ကျနော် အမှတ်မထင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မွေးနေ့အခမ်းအနားအပြီး စာရေးဆရာမကြီး ခင်နှင်းယုနဲ့အတူ သဘက်အ၀ါကြီးခြုံ၊ နှင်းဆီပန်းစည်းကြီး ကိုင်ပြီး လမ်းလျှောက်လာတဲ့ အမေလူထုဒေါ်အမာကို ခေတ္တရပ်ပေးဖို့ ပန်ကြားကန်တော့ပြီး လျှပ်တစ်ပြက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အမေလူထုဒေါ်အမာကိုယ်တိုင် အရမ်းနှစ်သက်ခဲ့တဲ့ ဓာတ်ပုံဖြစ်ခဲ့လို့ အမေ မကွယ်လွန်မီမှာ မွေးနေ့လက်ဆောင်ဓာတ်ပုံကြီးနဲ့ ကန်တော့ခွင့်ရခဲ့တာကို ပြန်တွေးမိတိုင်း ကြည်နူးပီတိဖြစ်ရပါတယ်။

အဲဒီနှစ် မွေးနေ့ပွဲအပြီး ရန်ကုန်ကို ပြန်ရောက်တော့ မွေးနေ့အခမ်းအနား တက်ရောက်လာတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက ကူးခိုင်းလို့ ပုံ ၆၀ လောက် ပုံကြီးချဲ့ ကူးပေးခဲ့ရပါတယ်။

ကျနော် လွတ်မြောက်နယ်မြေရောက်ပြီး အမေလူထုဒေါ်အမာ ကွယ်လွန်တော့လည်း ဆရာပန်းချီမောင်ညိုဝင်းက ကျနော့်မွေးနေ့လက်ဆောင် ဓာတ်ပုံကြီးကို ပုံတူရေးဆွဲပြီး အမေ့ကို ဂုဏ်ပြုခဲ့တာကို မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ တွေ့ရလို့လည်း ကျနော် ထပ်ဆင့်ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။

အခုဖော်ပြတဲ့ ဓာတ်ပုံကို ကျနော့်ဆီ အမှတ်တရ ပေးပို့ခဲ့တဲ့ အင်္ဂလန်မှ အမေ့မြေး ဘိုဘို (စာရေးဆရာ ဘိုဘိုလန်းစင်) ကို အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ
(၂၉-၁၁-၂၀၁၃)

No comments: