Saturday, November 2, 2013

ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်မည်

ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ဥပဒေ ပြင်ဆင်မည်
RFA - 2013-11-01

ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

လက်ရှိ ပုဒ်မ ၁၈ မှာ ပြဌာန်းချက်အရ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ၅ ရက် ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုမှသာ ဆန္ဒပြခွင့်ရှိတာ ဖြစ်ပါတယ်။

လွှတ်တော်က ပြင်ဆင်မယ့်အချက်မှာ အရင်ကလို ဆန္ဒပြခွင့်တောင်းခံစရာမလိုတော့ဘဲ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အခုလို ပြောပါတယ် ။

“ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြန်ပြင်ကြတော့မယ်၊ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ဖို့အတွက် လျှောက်လွှာတင်စရာ မလိုတော့ဘူး၊ အရင်တုန်းက လျှောက်လွှာတင်ရတယ်၊ ခွင့်မပြုရင် ဒီအတိုင်းထွက်ပြတဲ့အခါ ပုဒ်မ ၁၈ နဲ့ အရေးယူခံရတယ်၊ ခွင့်ပြုစရာလည်းမလိုဘူး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးဟာ မိမိဆန္ဒကို ဥပဒေဘောင်နဲ့ အညီ ဖော်ထုတ်ခွင့်ရှိတယ်၊ မကြာခင် အဲဒီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ထွက်လာပါပြီ၊ မကြာခင် အကောင်အထည်ဖော်တော့မှာဖြစ်တယ်”

လက်ရှိမှာ လယ်သမား၊ အလုပ်သမားအရေးနဲ့ မြေယာသိမ်းဆည်းမှုတွေကို ကန့်ကွက်ဆန္ဒပြသူ အများအပြား ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတာတွေ ရှိသလို ထောင်ဒဏ် အပြစ်ပေးခံထားရသူတွေလည်း ရှိနေပါတယ်။

ဒီ ပုဒ်မ ၁၈ ကို ပြင်ဆင်နိုင်ဖို့အတွက် သူရဦးအောင်ကို ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက်နဲ့ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေမှာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ်သုံးသောင်းအထိ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိင်တယ်လို့ ပြဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် လွှတ်တော်သို့ မကြာမီ တင်သွင်းမည်ဟု သူရဦးအောင်ကို ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် လွှတ်တော်သို့ တင်သွင်းမည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးအောင်ကိုက ပြောကြားရာတွင် ''ပုဒ်မ ၁၈ ကို လုံးဝဖျက်သိမ်းမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ခွင့်ပြုပေးပြီး ပြန်လည်ထိန်းချုပ်သလို ဖြစ်နေတယ်။ အဲဒါကို လုံးဝဖျက်သိမ်းဖို့ ရှေ့တပတ်မှာ လွှတ်တော်ကိုတင်မယ်'' ဟု သူရဦးအောင်ကိုက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ''အခု ဒီပုဒ်မ ၁၈ ကြောင့် လူတွေအများကြီး ထောင်ထဲရောက်နေပြီ။ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲကလည်း ၂၀၁၃ ခုနှစ် ကုန်တဲ့အခါမှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲကို နိုင်ငံရေးအကျဉ်းသား တယောက်မှ မကျန်ရဘူးဆိုပြီး အာမခံထားတယ်။ နိုင်ငံတကာကို အာမခံထားတာ။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ ပုဒ် မ ၁၈ ကို ပယ်ဖျက်ဖို့ တင်မှာပါ'' ဟု ပြောကြားခဲ့သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ပုဒ်မပေါင်း ၂၃ ချက် ပါဝင်မည်ဖြစ်သည်။

သူရဦးအောင်ကို ပယ်ဖျက်မည် ပုဒ်မ ၁၈ သည် ''မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်'' ဟု ပါရှိသည်။

လက်ရှိအစိုးရ တာဝန်ယူပြီးနောက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေထွက်ပြီးနောက် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ အများအပြား ရှိနေပြီဖြစ်သည်။

http://news-eleven.com/

2 comments:

genius said...

မ ထင် ရေး ချမထင် ပါဘဲ ။

ဇင်မွန် said...

ဘာဘဲဖြစ်ဖြစ် ငြိမ်း စု စီ (ငြိမ်းချမ်းစွာ စုဝေး စီတန်း လှည်.လည်ဆန္ဒပြခွင်. ) ရရင်တော. ကောင်းမွန်တဲ.
နိုင်ငံရေး တိုးတက်မှုတစ်ခုပါ ။
တကယ်ခွင်.ပြုဖြစ်မှာလားဆိုတာတော.စောင်.ကြည်.ဖို.လို
မယ်။