Friday, September 27, 2013

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၁၀)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

သြဂုတ် ၂၃

“လေးစားဦးညွတ်လျက် ...”

“ပြည်သူ့နစ်နာဆုံးရှုံးမှုတွေအတွက် တိုက်ပွဲဝင်ပေးနေကြသူများသို့ လေးစားဦးညွတ်လျက် ...”

သြဂုတ် ၂၁
“စိတ်နဲ့တောင် မပြစ်မှားသင့်”

မဟချင် ဟချင် ဟပေးထားတဲ့ ပြတင်းတပေါက်မှာ တံခါးရွက်ကို ဆက်တွန်းမဖွင့်ဘဲနဲ့ သူ့အလိုလို တဖြေးဖြေးချင်း လုံးဝဥဿုံ ပွင့်သွားမတဲ့လား ... ပြန်ပိတ်မသွားရင် ကံကောင်းထင်ရဲ့ ...

တံခါးရွက်ကို ဆက်တွန်းပေးနေကြတဲ့ ဒေါ်နော်အုန်းလှ၊ ဒေါ်မြင့်မြင့်အေး၊ ကိုထင်ကျော်၊ ကိုအောင်စိုးတို့ လွတ်မြောက်ဖို့ မကူညီချင်နေ၊ စိတ်နဲ့တောင် မပြစ်မှားသင့်ဘူးလို့ ထင်မိရဲ့ ...

သြဂုတ် ၁၇
“ကိုယ်ဒုက္ခနှင့်ကိုယ်”

လေနဲ့ဝမ်း မကွဲသူများ လေလည်ရင်း ၀မ်းပါမိသည့်အခါ အောက်ခံဘောင်းဘီ ပေကျံပြီး မကြာခဏ လဲလှယ်ရင်း အလုပ်ရှုပ်ရတတ်သကဲ့သို့ အခန့်မသင့်လျှင် ရေအိမ်သို့ပင် အခေါက်ခေါက် အခါခါ ပြေးလွှားပြီး ကိစ္စရှင်းလင်းရတတ်လေ၏။

ထို့အတူ “ဝေဖန်ထောက်ပြခြင်းနဲ့ အပြစ်တင်တိုက်ခိုက်ခြင်းကို ကွဲကွဲပြားပြား မခွဲခြားတတ်သူများသည်လည်း ဝေဖန်စာများကို မနေနိုင်မထိုင်နိုင် ဖတ်ရှုရင်း လေနဲ့ဝမ်း မကွဲသူ ကဲ့သိုပင် ကိုယ်ဒုက္ခနှင့်ကိုယ် ကြုံရတတ်မည် ဖြစ်၏ ဟူလို ... :)

သြဂုတ် ၁၆
“တော်ပါတော့ အပစ်အခတ်ရပ်စဲရေး”

ဦးအောင်မင်းတို့ရဲ့ MPC ဆိုတာကြီးကို “မြန်မာ ပိစ် စင်တာ” အစား “မြန်မာ ပေါတာကြီးများ စင်တာ” လို့ ကျီစယ်ပြီး ခေါ်ဝေါ်သမှုပြုရင် ကျွဲမြီးတိုကြမလားမသိ။ ဘာဖြစ်လို့ အဲသလို ခေါ်ချင်ရတာလဲ ဆိုတော့ သူတို့နဲ့ ဒီကနေ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်၊ မကြာပါဘူး ဦးလေးသန်းရွှေရဲ့စစ်တပ်က ပြန်သွားပစ်လိုက်နဲ့ ဖြစ်ဖြစ်နေလို့ပါ။ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်မို့ လုပ်မနေပါနဲ့တော့ အပစ်အခတ်ရပ်စဲရေး လို့ပဲ ပြောကြားပါရစေ ဦးအောင်မင်းခင်ဗျားးးးးးးးးးးးးးးးးး :)

သြဂုတ် ၁၆
“ရှေ့နေဦးဖာရဲ့ မြေးမို့ပဲလား”

ဒေါ်အောင်ဆန်းစုကြည်လည်း ရှေ့နေဦးဖာရဲ့ မြေးမို့ပဲလား မသိဘူး၊ ဖွတ်တွေ ရှုပ်သမျှ အရှုပ်ထုပ်တွေကိုပဲ လိုက်လိုက်“ဖာ”နေရတယ်။

သြဂုတ် ၁၆
“ယူတတ်မယ်ဆို သင်ခန်းစာတွေ တပုံတပင်”

အီဂျစ်အခြေအနေက မြန်မာနိုင်ငံမှာ န၀တစစ်အုပ်စု အာဏာသိမ်းတဲ့ ၁၉၈၈ စက်တင်ဘာနောက်ပိုင်း အခြေအနေမျိုး နောက်ပြန်ဆုတ်သွားပြီ။ လက်လွန်သွားပြီဖြစ်တဲ့ အီဂျစ်စစ်ခေါင်းဆောင်တွေကလည်း နောက်ဆုတ်မှာ မဟုတ်တော့ဘူး။ မကြာမီမှာ အီဂျစ်စစ်ခေါင်းဆောင်တွေ ထုတ်ပြန်လာမယ့် လမ်းပြမြေပုံကြီးကို အီဂျစ်ပြည်သူတွေ ရင်ဆိုင်ရတော့မယ်ထင့်။ ပြောရရင် အီဂျစ်ပြည်သူတွေက မြန်မာပြည်သူတွေထက် ပိုရင်ခံစရာကောင်းတယ်။ မြန်မာပြည်သူတွေက ၁၉၈၈ စက်တင်ဘာမှာ အောင်ပွဲမရဘဲ စစ်တပ်အာဏာသိမ်းတာကို ခံခဲ့ရတာ။ အီဂျစ်ပြည်သူတွေက အာဏာရှင် မူဘာရက်ဆီက အာဏာ ကိုယ့်လက်ထဲရောက်ပြီးမှ စစ်တပ်လက်ထဲ ပြန်ပါသွားရတာ။ အဓိကကတော့ အခြားအကြောင်းတရားတွေထက် ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးခြယ်လှယ်ချင်တဲ့ အာဏာရခေါင်းဆောင်တွေရဲ့ အမြော်အမြင်နည်းမှုကြောင့်လို့ ဆိုရမယ်။ ဘာသာရေးနဲ့ နိုင်ငံရေး လေနဲ့ဝမ်းမကွဲသူတွေ ရှိနေတဲ့ မြန်မာနိုင်ငံအတွက်လည်း ယူတတ်မယ်ဆို သင်ခန်းစာတွေ တပုံတပင်ပါပဲ။

သြဂုတ် ၁၅
“သိကြားမင်း ဆင်းကာ ကောက်ခိုင်းဦးတော့”

“လကွယ်ည သန်းခေါင်ယံအလယ်မှာ ... မဟူရာကျောက်အရိုင်းတတုံးကို ... လူတကာ ကောက်ခိုင်းဦးတော့ ... ရှာလို့တွေ့ချင်တွေ့ပါလိမ့်မယ်”

“နာဂစ်ဖွဲ့စည်းပုံအလယ်မှာ ... ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ... သိကြားမင်း ဆင်းကာ ကောက်ခိုင်းဦးတော့ ... ရှာလို့တွေ့မှာ မဟုတ်ပါဘူးကွယ်”

သြဂုတ် ၁၅
“ထိပ်တန်းရောက်လာတဲ့ မေးခွန်း”

- အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ - ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်း ၂ ခု အများဖြစ်စေချင်တဲ့ ဆန္ဒနဲ့မညီ ပြဿနာတက်နေပုံထောက်ရင် နေပြည်တော်မှာ စာဖတ်နေသူကြီးက ဒီလောက်အတိုင်းအတာပဲ ခွင့်ပြုလို့ (မီးစိမ်းပြလို့) ... လို့ ထင်မိရဲ့။

အဲဒီတော့ ပြင်ပိုင်ခွင့် အာဏာပါဝါ မရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ အာလူးဖုတ်ရင်း အချိန်ကုန်ခံနေကြမလား ... အင်နဲ့အားနဲ့ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်ကြမလား ဆိုတဲ့ မေးခွန်းက ထိပ်တန်းကို ရောက်လာပြီထင်ရဲ့။

သြဂုတ် ၁၄
“ဘိန်းစားထက် ဆိုးသွမ်းသူများ”

မှိန်းသွား ... မှိန်းစား ... မှိန်းဖားသူများသည် ဘိန်းစားထက် ဆိုးချေ၏။ ဘိန်းစားထက် ဆိုးသွမ်းသူများ ဒီမိုကရေစီအင်အားစုများအတွင်း တစတစ ပေါများလာပါက ထိုတိုင်းပြည်သည်လည်း ...

သြဂုတ် ၁၀
“သူငယ်ချင်း အံ့ကြီးရဲ့ အမှတ်တရစကား”

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) တုန်းက အတန်းဖော်တွေ အချင်းချင်း အမှတ်တရစကားတွေ အပြန်အလှန် ရေးကြတော့ ထိပ်ဆုံးစာမျက်နှာမှာ Roll No 1 ဖြစ်တဲ့ ပဲခူးသား သူငယ်ချင်း ကျော်ဇောဝင်း (ချစ်စနိုးအခေါ် အံ့ကြီး) က တကြောင်းတည်းသော အမှတ်တရစကားနဲ့ ကျနော့်အော်တိုစာအုပ်ကို စဖွင့်ပေးတယ်။ သူက သူများတွေလို ဘောပင်နဲ့ ရေးတာမဟုတ်ဘဲ ဆော့ဖ်ပင်အတုတ်ကြီး (မှင်နီညိုညိုအရောင်ကြီး) နဲ့ တကြောင်းတည်း ရေးပေးတာ။

“ဗိုလ်လွဏ်း ... လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးသည်။” တဲ့။

ဘာကြောင့်ရယ်မသိ၊ ဒီနေ့မနက် သူငယ်ချင်း ကျော်ဇောဝင်း (အံ့ကြီး) ရဲ့ တကြောင်းတည်းသော လက်ရေးလေးကို မျက်စိထဲ အထူးတလည် မြင်ယောင်နေမိတယ်။

သြဂုတ် ၈
“လူစုံတုန်းလေး အကြံပေးချင်”

မြန်မာပြည်အတွက် “စစ်မှန်တဲ့ ဘာညာကွိကွတွေ” ရဖို့ဆိုတာ “စစ်အုပ်စုအနေနဲ့ အာဏာကို အမှန်တကယ် စွန့်ဖို့၊ စစ်တပ်ကို စစ်တန်းလျားဆီ ပြန်ပို့ဖို့ အမှန်တကယ် စိတ်ကူးသေးရဲ့လား ... စိတ်မကူးသေးရင် ဘာလုပ်ကြမလဲ” ဆိုတဲ့ အဓိက မေးခွန်းကြီးကိုလည်း ၈ လေးလုံး ငွေရတုအခမ်းအနားမှာ လူစုံတုန်း ၀ိုင်းဝန်းဆွေးနွေးအဖြေရှာကြရင် ကောင်းမယ်လို့ အကြံပြုချင်မိတယ်။

သြဂုတ် ၈
“၀မ်းနည်းရမှာလား ... ၀မ်းသာရမှာလား မိသိန်းကြည်”

လက်ရှိ ကမ္ဘာပေါ်မှာ “ရေ-မြေ-လေ-မီး-မင်း” ဆိုတဲ့ ရန်သူမျိုး ၅ ပါးနဲ့ ပြည့်စုံတဲ့ နိုင်ငံဟာ မြန်မာတနိုင်ငံတည်း ရှိတယ်ဆိုပဲ။

သြဂုတ် ၆
“အငိုတွေက ဘယ်တော့များမှ ဆုံးနိုင်မှာလဲ”

တေးရေး ကိုနေ၀င်းကတော့ “အငို ဆုံးတဲ့ တနေ့မှာကွယ် ... နေရောင်မှာ အပြုံးလေးဆောင်းလို့ မူးပစ်လိုက်မယ်” တဲ့ ... ဒီနေ့မနက် လက်ပံတောင်းကို စစ်ဘီလူးတွေ အကြမ်းဖက်ပြန်ပြီ ... အငိုတွေက ဘယ်တော့များမှ ဆုံးနိုင်မှာလဲ ?????

သြဂုတ် ၅
“နှမြောတသ ဖြစ်မိသလို”

အခုတလော ပြည်သူကို စော်ကားမော်ကား ပြုမူပြောဆိုတဲ့ လူကြီးကြီး နာမည်ကြီးကြီး အကောင်ကြီးကြီးတွေ ဦးစီးကျင်းပတဲ့ ပွဲတော် အခမ်းအနားတွေကို ပြည်သူတွေက မသိမသာ ဒဏ်ပြန်ခတ်တာကို တွေ့နေရတော့ အဲဒီလူကြီးကြီး နာမည်ကြီးကြီးတွေ ကောင်းခဲ့ဖူးတဲ့ သမိုင်းတွေအတွက် နှမြောတသ ဖြစ်မိသလို ခံစားရ ....

သြဂုတ် ၎
“အေးရာအေးကြောင်း”

ခေါင်းဆောင်မှုအခန်းကဏ္ဍက နေရာယူချင်သူတွေဟာ ဘာကိစ္စပဲလုပ်လုပ် စ-လယ်-ဆုံး ဖြစ်နိုင်ခြေ ကောင်းကျိုးဆိုးပြစ်တွေကို သေချာတွက်ချက်ပြီးမှ လုပ်ဆောင်သင့်တယ်။ “တခုလုပ်လိုက် - အသံတွေ ထွက်လာလိုက် - ရှင်းရလိုက်” ဆိုရင်တော့ နောက်လိုက်ပဲလုပ်တာ သူတို့အတွက်ကော အားလုံးအတွက်ပါ အေးရာအေးကြောင်း ဖြစ်မယ်လို့ထင်တယ်။

သြဂုတ် ၃
“ပျော်ပွဲရွှင်ပွဲကြီးပါကလားလို့ ...”

ငွေရတုတော့ တုကြပါ။ ဒါပေမယ့် ၈၈ အရေးတော်ပုံကြီးဆိုတာ ပျော်ပွဲရွှင်ပွဲကြီးပါကလားလို့ နောင်လာနောက်သား မျိုးဆက်သစ်တွေ ထင်မှတ်မမှားလေအောင်တော့ ကြိုးပမ်းကြပါ ကိုယ့်လူတို့ ...

ဇူလိုင် ၂၉
“သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်”

မြန်မာ့အင်တာနက်ကြီး တလကြာ နှေးကွေးမည် ဆိုတာနဲ့ ၈ လေးလုံးအရေးတော်ပုံ ငွေရတုကာလနဲ့ တထပ်တည်းနီးပါးကျနေတာကတော့ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်လို့ ဗဒင်လို ဆိုရလေမလား။ :)

ဇူလိုင် ၂၆
“... ပါ့မလား ... ပါ့မလား”

ဖွဲ့စည်းပုံ ပြင်ပေးဖို့အရေး ဟိုလူ့ မျက်နှာချိုသွေးရ၊ ဒီလူ့ မျက်နှာချိုသွေးရနဲ့ အဲဒီလိုမျိုး ယုံကြည်မှုတည်ဆောက်ရေးကြီးကရော အလုပ်ဖြစ်ပါ့မလား။

လွှတ်တော်ထဲက ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ၁၀၉ ဦးပါ ကော်မတီကလည်း မပြီးနိုင်မစီးနိုင် ကိုးရီးယားဇာတ်လမ်းရှည်ကြီး ရိုက်တော့မယ်ထင်ရဲ့။ ၂၀၁၅ အမီ ရုံတင်ပြသနိုင်ပါ့မလား။

ဇူလိုင် ၂၄
“ကြံ့ဖွံ့စစ်အုပ်စု အကျိုးစီးပွားဖြစ်နေပုံနဲ့ နိုင်ငံရေးအကျဉ်းသားသံသရာ”

လက်ကျန်နိုင်ငံရေးအကျဉ်းသား --- အခွင့်အရေးတောင်း --- ခြွေလွှတ် --- နိုင်ငံတကာက ချီးမွမ်း --- အခွင့်အရေးယူ --- မျက်နှာပြောင်တိုက် ထပ်ဖမ်း --- အခွင့်အရေးတောင်း --- ခြွေလွှတ် --- နိုင်ငံတကာက ချီးမွမ်း --- အခွင့်အရေးယူ --- မျက်နှာပြောင်တိုက် ထပ်ဖမ်း ---

ဇူလိုင် ၂၂
“အဓိက ဘိဇနက်ကြီးသဖွယ်”

မြန်မာစစ်အာဏာရှင်တွေဟာ ပြည်တွင်းစစ်ကို နှစ်ပေါင်း ၅၀ ကျော်ကြာတဲ့ အခုအချိန်အထိ သူတို့ရဲ့ အဓိက ဘိဇနက်ကြီးသဖွယ် မွေးမြူလုပ်ကိုင်လာတာပါ။ ပြည်တွင်းငြိမ်းချမ်းရေး (ထာဝရငြိမ်းချမ်း) ရချင်တယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်တွေကို အပြီးတိုင် ဖယ်ရှားနိုင်ပြီလား ဆိုတဲ့ မေးခွန်းက အခရာကျပါလိမ့်မယ်။ အဲဒီမေးခွန်းကို မဖြေရှင်းနိုင်သေးသမျှ ငြိမ်းချမ်းရေးပွဲတော်တွေ ကျင်းပလည်း ကျင်းပတာပဲ ရှိပါလိမ့်မယ်။ ဒုက္ခသည်တွေကတော့ တိုးမြဲတိုးလျက်နေမှာပါပဲ။

ဇူလိုင် ၂၂
“မရရေးချ မရနိုင်”

သေချာတာတခုကတော့ မြန်မာ့တပ်မတော်ကို စစ်အာဏာရှင်တွေ ဂုတ်ခွစီးထားသေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေးကို သိကြားမင်း ဆင်းလုပ်လည်း မရရေးချ မရနိုင်ဘူးဆိုတာပါပဲ။

ဇူလိုင် ၂၁
“မြန်မာ့အသံက ဘောလုံးပွဲကြေညာသူကို သတိရ”

အခုဆိုရင် ၂၀၁၅ နီးလာတာနဲ့အမျှ လွှတ်တော်ဥက္ကဌ (ကြံ့ဖွတ်ဥက္ကဌ) သူရဦးရွှေမန်းက စိုးမိုးငြိမ်းဥက္ကဌ (NLD ဥက္ကဌ) ဒေါ်အောင်ဆန်းစုကြည်ကို အတင်းဝင် အတင်းထွက် ပူးကပ်ပြီး မြန်မာပိစ်စင်တာရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လှည့်ကွက်ဆီ အယောင်ပြ ဆွဲခေါ်သွားပြန်ပြီခင်ဗျ။ NLD နောက်တွဲကြီးရဲ့ အနေအထားကတော့ ၂၀၁၅ ဆီ စမ်းတ၀ါးဝါးနဲ့ လှမ်းသွားရမယ့် အခြေအနေတွေ ဖြစ်တည်လာမလား အထူးစိုးရိမ်စရာပေါ့ခင်ဗျာ။ အခုဆိုရင် ဘောလုံးဟာ ...

ဇူလိုင် ၂၁
“နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရ”

ပြည်သူအတွက် ထိထိရောက်ရောက် လုပ်ပေးချင်လို့ “သမ္မတဖြစ်ချင်တယ် ... သမ္မတဖြစ်ချင်တယ်” လို့ ဆိုနေတာတော့ ဟုတ်ပါပြီ။

“ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ် ... မယုတ်မလွန်တဲ့ ကြိုးပမ်းမှုတော့ စိုက်ရမယ် ... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရ” လို့ ဒေါက်တာ စိုင်းခမ်းလိတ် သီးကုံးစပ်ဆိုခဲ့သလို အခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော်ဥက္ကဌကြီးကို ပူဆာရုံ လွယ်လွယ်နဲ့ ရပါ့မလား ...

ဇူလိုင် ၂၁
“မျက်စိထဲ မြင်ယောင်နေ”

တောဝက်ဝက် ရေးတဲ့အထဲမှာ လက်ပံတောင်းတောင်နဲ့ ပတ်သက်ပြီး အမှားကို ၀န်ခံတာ အကြိုက်ဆုံးပဲဟေ့ ... ဒီလိုမှပေါ့ ... တောဝက်ဝက်လိုပဲ လက်ပံတောင်းကိစ္စမှာ အဆုံးအဖြတ်တွေ မှားခဲ့ပါတယ်လို့ နောက်ထပ် တန်းစီ ၀န်ခံလာဦးမယ့်သူတွေကို မျက်စိထဲ မြင်ယောင်နေတယ်။

“တောဝက်ဝက်၏ ၀န်ခံပုံ”

လက်ပံတောင်းတောင် ရပ်တာကို စိတ်မကောင်းဘူး။
ဒီတောင်ကြီးကို ဖြို ပြီး ဘေးနားက ရွာတွေ ဘာမှ မရဘူး။
လက်ပံတောင်းတောင်နဲ့ ပက်သက်ပြီး တွေးတောစရာတွေ အတော်များတယ်။
ဒီတောင်ကြီးဟာ ကြေးနီးပဲ ဖြစ်ဖြစ် ကြေးးဆီရရ မဖြိုသင့်ဘူး။
သြစီမှာက တူးစရာနေရာတွေများတယ်။
လက်ပံတောင်းတောင်မှာက နဲတယ်။
ကျနော် အရမ်းမှားသွားတယ်ဗျာ။ ခွင့်လွှတ်ပေးပါ။

ဇူလိုင် ၂၀
“စိတ်ဝင်စားစရာ”

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်မယ်ဆိုပြီး ကတိပေး မဲဆွယ်ခဲ့တဲ့ NLD ပါတီ ၂၀၁၅ ကျရင်ကော ဘယ်လို ရွေးကောက်ပွဲကတိတွေနဲ့ ပြည်သူတွေကို မဲဆွယ်ဦးမလဲဆိုတာ စိတ်ဝင်စားစရာ ... ကြံ့ဖွံ့ပါတီကိုကျတော့ ၂၀၁၀ လို မဲခိုး မဲလိမ် လုပ်မလုပ်ဆိုတာ စိတ်ဝင်စားစရာ ...

ဇူလိုင် ၂၀
“အိပ်ချင်ပြေ”

တပ်မတော်ကို မဝေဖန်ရ ဆိုတော့ ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ စင်ပေါ်တင်ထားသင့် မသင့်လည်း ဆိတ်ဖွားလွှတ်တော်အမတ်တွေ အိပ်ချင်ပြေ အဆိုတင်သင့်တာပေါ့။ :)

ဇူလိုင် ၂၀
“လိမ်လို့ ရွှီးလို့ကောင်းတုန်း”

ဘပြောင်ခမျာ ကမ္ဘာပတ်ပြီး လိမ်လို့ ရွှီးလို့ကောင်းတုန်း ... နည်းပညာကျေးဇူးကြောင့် အမှန်တရားက သူ့ထက်စောပြီး ကမ္ဘာပတ်နှင့်နေတာကို ကျွန်ုပ်တို့၏ ဘပြောင် သိပုံမပေါ်။ :)

ဇူလိုင် ၁၉
“စီးပွားရေးလုပ်ငန်းရှင် မိတ်ဆွေတဦးရဲ့ သတိပေးစကား”

“မြန်မာနိုင်ငံမှာ ဘဏ်တွေနဲ့ ပတ်သက်ပြီး ရေရှည်ဆက်ဆံဖို့ဆိုရင် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း ... တို့လို ခရိုနီတွေ တည်ထောင်ထားတဲ့ ဘဏ်တွေကို အထူးရှောင်ရှားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေက စစ်အာဏာရှင်တွေနဲ့ ပလဲနံပသင့်လို့ အထူးအခွင့်အရေးနဲ့ လုပ်ကိုင်ခွင့်ရနေတဲ့ ကမ်းနားသစ်ပင်လို လူစားတွေမို့ သူတို့ရဲ့ဘဏ်တွေဟာ အချိန်မရွေး ပြိုလဲကျနိုင်လို့ပါ” တဲ့။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင် မိတ်ဆွေတဦးရဲ့ သတိပေးစကားကို ဝေမျှတာပါ။

ဇူလိုင် ၁၉
“မသေလူသား လူရှားပါး”

စစ်အုပ်စုက သူ့အား နှစ်ပေါင်း ၆၀ ကျော် နည်းမျိုးစုံနှင့် သဲကြီးမဲကြီး လုပ်ကြံခဲ့၏။

သူသည်ကား မသေ။

ထိုသူသည်ကား မြန်မာပြည်သူတို့၏ ရင်ထဲအသည်းထဲတွင် အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေသည့် “ဗိုလ်ချုပ်အောင်ဆန်း” ပင်ဖြစ်ချေသည်။

ဇူလိုင် ၁၄
“အနက်ရောင်သမိုင်းတခေတ်ကို ဖြတ်သန်းခြင်း”

၈၈ အရေးတော်ပုံကြီးအတွင်း ဇာတိမြို့က နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ လိုက်ပါချီတက်ရင်း၊ ဆန္ဒပြပွဲတွေကို ကြည့်ငေးပီတိဖြစ်ရင်း “အနက်ရောင်သမိုင်းတခေတ်ကို ဖြတ်သန်းခြင်း” ဆိုတဲ့ ကဗျာရှည်ကြီးတပုဒ် ရေးဖြစ်ခဲ့တယ်။ အခု မှတ်မိသလောက် ပြန်ရွတ်ကြည့်တော့ တချို့တ၀က်ကိုသာ ပြန်မှတ်မိတော့တယ်။ ကဗျာရဲ့ အဖွင့်ပိုဒ်ကို ဒီလိုရေးဖြစ်ခဲ့တာကိုတော့ ပြန်နှိုးလို့ ရနေသေးတယ်။

မဲမှောင်နက်ကြုတ်
စက်ဆုပ်ဖွယ်သက္ကရာဇ်
၂၆ နှစ်ကျော်ကို
ကြိတ်မှိတ်မျိုချ
စားသုံးခဲ့ရပြီး
အိပ်မက်ဆိုကြီးမက်
အိပ်စက်နေခဲ့တဲ့ ငါတို့ရဲ့ဥဒေါင်း
ခေတ်ဟောင်းထဲမှ နိုးထ
“အိုးဝေ အိုးဝေ” နဲ့ တွန်ကဖို့
သွေးစို့နေတဲ့ တောင်ပံအစုံ
အဟုန်ပြင်းပြင်းရိုက်ခတ်
ခြေစုံရပ်လျက်
အိမက်ဆိုးမှ
နိုးထခဲ့လေပြီ ...။

သမိုင်းခေတ်အဆက်ဆက်
ရဲရင့်တက်ကြွ
လှပကွန့်မြူး
“အိုးဝေ အိုးဝေ” နဲ့ တွန်ကျူးခဲ့
ငါတို့ရဲ့ဥဒေါင်း
အမှောင်ထုထဲ စတင်လဲလျောင်းခဲ့ရတာ
စစ်ဘီလူးတွေ အာဏာလု
စိမ်းမြတဲ့ မြေနုထက်
စစ်ဖိနပ်တွေနဲ့ တက်နင်း
ငြိမ်းချမ်းရေးပျက်ယွင်းခဲ့တဲ့
၁၉၆၂ မတ်လ ၂ ရက်နေ့ကပေါ့ ...။

-----------------
-----------------------
----------------------------

(၈၈၈၈ အရေးတော်ပုံ ၂၅ နှစ်ပြည့် အမှတ်တရ ...)

အားလုံ့သို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

No comments: