Thursday, August 22, 2013

ဟတ်လိုင်းသမား ဒေါက်တာလွဏ်းဆွေ

ဟတ်လိုင်းသမား ဒေါက်တာလွဏ်းဆွေ
ညီစောလွင်

နယ်စပ်မှာ နှစ်တချို့ ၀င်ကူခဲ့ဖူးတဲ့ လစဉ်ထုတ် သတင်းစာက ၂၀၁၀ ရွေးကောက်ပွဲအကြိုမှာ “ဘွိုင်းကောက်” ဆိုတဲ့ အပတ်စဉ် စာစောင်ထုတ်တယ်။ ရွေးကောက်ပွဲ သပိတ်မှောက်ရေးဘက်က ရပ်တည်တဲ့ စာစောင်မှာ အပတ်စဉ် ဆောင်းပါးရေးဖို့ အယ်ဒီတာချုပ်က ပြောတော့ ရေးဖြစ်ခဲ့တယ်။

တကယ်တော့ ရွေးကောက်ပွဲဆိုတာက လစ်ဘရယ်ဒီမိုကရေစီအတွက် ဖယ်ထားလို့မရတဲ့ကိစ္စ။ ပြည်တွင်းမီဒီယာတွေမှာ ကလောင်ကြီးတွေ ရွေးကောက်ပွဲကို အကြီးအကျယ် လော်ဘီလုပ်ကြတဲ့အချိန်။ ရွေးကောက်ပွဲ ဝေဖန်ထောက်ပြတဲ့ စာမူတွေကိုကျတော့ ဖော်ပြခွင့်မရတဲ့ အခြေအနေ။

ကိုယ်က ချောင်ကြိုချောင်ကြားက လူမသိသူမသိ စာရေးတဲ့သူ။ ဒါပေမယ့် တတ်သလောက် မှတ်သလောက် ပြန်ခုခံချင်တယ်။ ဒါကြောင့် လူသိတဲ့ မီဒီယာကို အားကိုးရတယ်။ ဒေါက်တာလွဏ်းဆွေဘလော့မှာ တင်ပေးဖို့ မေတ္တာရပ်တော့ တင်ပေးခဲ့တယ်။

ရွေးကောက်ပွဲနီးတဲ့အချိန် စာမူတွေကို စုပြီး “ရွေးကောက်ပွဲအလွန်” ဆိုတဲ့ စာအုပ်ထုတ်ဖို့ ပြင်ပါတယ်။ အမှာစာကို ဒေါက်တာလွဏ်းဆွေကို ရေးပေးဖို့ သုံးလေးကြိမ်လောက် ဖုန်းဆက်ပြီး အကျပ်ကိုင်ရပြန်တယ်။ နောက်တော့ အလွန်ရှည်တဲ့ အမှာစာကြီး ရေးပေးပါတယ်။ ဒီလို ဝေဖန်ချက်လည်း ပါတယ်။

“သူကား ... တပ်ဦးမှ နေ၍ အလံကိုင်ပြီး ရဲရဲတောက် တိုက်ပွဲဝင်နေသည့် လူငယ်မျိုးလည်း မဟုတ် ...” စသဖြင့် ...။

ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်စုလွတ်လာပြီး နိုင်ငံရေးအခြေအနေ ပျော့ပျောင်းလာတာကို ကျေနပ်နေခဲ့တယ်။ စောင့်ကြည့်နေခဲ့တယ်။ ဒီအချိန်မှာ ဒေါက်တာလွဏ်းဆွေရဲ့ကလောင်က အစိုးရအပြင် အတိုက်အခံတွေဘက် မြားဦးလှည့်လာတာကို ဖတ်ရတယ်။ အားလုံး ကျနော်နဲ့ သဘောထားမတူ။ ဒါပေမယ့် ဝေဖန်ချက် မပေးခဲ့ပါ။ ပေးလည်း ဂရုစိုက်မယ့်လူမဟုတ်မှန်း သိနေတယ်။ ဒေါက်တာလွဏ်းဆွေဆိုတာက ဟတ်လိုင်းသမား ...။

ပုံမှန်ဆိုရင်တော့ ဒေါက်တာလွဏ်းဆွေနဲ့ ဖုန်းမဆက်ဖြစ်ပါ။ မလိုဘဲ လောကွတ်စကားပြောလည်း ကြိုက်တဲ့လူစားမျိုးလည်း မဟုတ်။

ဘာဖြစ်ဖြစ် မဲဆောက်ရောက်တိုင်း ကျနော် ပထမဆုံး သတိရသူက ဒေါက်တာလွဏ်းဆွေ။ ဖုန်းဆက်လိုက်ရင် ဆိုင်ကယ်နဲ့ လာခေါ်တတ်တယ်။ ပုံမှန်အတိုင်း လက်ဖက်ရည်ဆိုင်မှာ ဆွေးနွေးကြမြဲ၊ စကားတွေ ပြောမကုန်။

“ညီစောလွင် ကလောင်နဲ့လည်း ရေးအားကောင်းနေတာ တွေ့တယ်။ ဆက်ရေးပါ။”

တကယ်တမ်း ညီစောလွင် ကလောင်နဲ့ ကျနော် ရေးသမျှ ဒေါက်တာလွဏ်းဆွေက သဘောတူမယ်လို့ ကျနော် မထင်။ ဒေါက်တာလွဏ်းဆွေနဲ့ ကျနော့်ကြားမှာ သိသိသာသာ သဘောကွဲတာက အာရပ်ဦးကိစ္စမှာလို့ ထင်တယ်။ ကျနော်က မြန်မာပြည်မှာ နွေဦးလှုပ်ရှားမှုက ကျော်ခဲ့ပြီ။ ၁၉၈၈ နဲ့ ၂၀၀၇ ကို သာဓက တင်တယ်။ အာရပ်နွေဦးက မြန်မာတွေ နောက်က လိုက်တယ်။ ဒီအကြောင်း ဆောင်းပါးရှည်ကြီး ရေးတော့ ပထမပိုင်းအထိက အိုကေ။ ဒုတိယပိုင်းမှာတော့ ဒေါက်တာလွဏ်းဆွေက နှစ်ခါသုံးခါ ဖုန်းဆက်တယ်။ စေ့စပ်ရေးဆန်တဲ့ ကျနော့်ဆောင်းပါးကို တော်လှန်ရေးဆန်တဲ့ သူ့ဘလော့မှာ တင်ပေးချင်ပုံမရ။ ဖုန်းပေါ်မှာ ဆွေးနွေးကြတယ်။ သူက ပြင်ဖို့ မပြောပေမယ့် ကျနော်က အကြိမ်ကြိမ် ပြင်ရတယ်။ နောက်ဆုံး ကျနော်လည်း ပြင်စရာမရှိတော့။ ဒေါက်တာလွဏ်းဆွေကလည်း ဖုန်းထပ်မဆက်တော့။ ဆောင်းပါးအပေါ်ပိုင်းမှာတော့ “ဆောင်းပါးရှင် အာဘော်သာဖြစ်ကြောင်း” မှတ်ချက်တိုကလေးနဲ့ သူ့ဘလော့မှာ ဖော်ပြပေးခဲ့ပါတယ်။ ကျနော် စိတ်မကောင်းပေမယ့် ဘာမှမပြောတော့။

နောက်တော့ ဒေါက်တာလွဏ်းဆွေနဲ့ ဖုန်းမဆက်ဖြစ်တော့။ သို့သော် မဲဆောက်ရောက်ရင်တော့ လက်ဖက်ရည်ဆိုင်ကို သွားဖို့ ဆိုင်ကယ်နဲ့ လာခေါ်မြဲ။ ပြီးရင် ပုံမှန် ငြင်းခုန်မြဲ။

ဒေါက်တာလွဏ်းဆွေက “လူထုတိုက်ပွဲ လိုတယ်” လို့ အားတက်သရော ပြောရင် ကျနော်က “နှစ်နှစ်၊ သုံးနှစ်လောက်တော့ စောင့်ကြည့်သင့်တယ်လို့ ထင်တယ်” လို့ ပြန်ငြင်းခုန်မြဲ၊ ပြီးတော့ သူတိုက်တဲ့ လက်ဖက်ရည်၊ သူကျွေးတဲ့ ထမင်းကြော် စားတယ်။ ကျနော်နေတဲ့နေရာကို ဆိုင်ကယ်နဲ့ ပြန်ပို့ပေးတတ်တယ်။

နောက်တော့ ဒေါက်တာလွဏ်းဆွေ လေဖြတ်သွားတာကို နောက်ကျမှ သိတယ်။ တချို့က သိပြီးသားထင်လို့ မပြောကြ။ သေချာမေးတော့မှ အခြေအနေဆိုးမှန်း သိရတယ်။ စိတ်ပူပေမယ့် ကျနော် ဖုန်းမဆက်ပါ။ ဖုန်းနဲ့ လောကွတ်လုပ်တာမျိုးကို ကြိုက်တဲ့လူစားမှ မဟုတ်ပဲ။

နောက်ဆုံးတခေါက် မဲဆောက်ရောက်တော့မှ ကျနော် ဖုန်းဆက်လိုက်တယ်။ လက်ဖက်ရည်ဆိုင်ကို ချိန်းကြပြန်တယ်။ လာစရာ ဘာယာဉ်ရှိလဲလို့ မေးတော့၊ ကျနော်က ဘာမှ မရှိ၊ ဒါပေမ့ယ့် ရောက်အောင် လာခဲ့မယ်လို့ ပြောတော့ “မဟုတ်တာ လာကြိုမယ်” လို့ ထုံးစံအတိုင်း ပြောတယ်။ ရောက်လာတော့ ဆိုင်ကယ်ပေါ်က မဆင်း၊ သူ့ဆိုင်ကယ်နောက်မှာ လိုက်ရင်း လက်ဖက်ရည်ဆိုင်တဆိုင်ကို သွားကြတယ်။ ဆိုင်ရောက်တော့မှ ခက်ခက်ခဲခဲ လမ်းလျှောက်နေရတာကို သိရတော့တယ်။

အခုတော့ ဒေါက်တာလွဏ်းဆွေက “ချစ်ခင်သူများ၊ မုန်းတီးသူများနှင့် ရန်သူလိုသဘောထားသူများ အားလုံးသို့ လေးစားစွာ” ဖြင့် သ၀ဏ်လွှာ ရေးတယ်။ ဘလော့ဂ်က သတင်းပဒေသာကို ရပ်လိုက်ပြီး ကျန်းမာရေး ပြန်လည်ထူထောင်လာဖို့ လုပ်ဆောင်မယ့်အကြောင်း၊ နောက်နှစ်မှာ ပြည်တော်ပြန်ပြီး လွှတ်တော်ပြင်ပနိုင်ငံရေးကို ဇောက်ချလုပ်မယ့်အကြောင်း ...။ စသဖြင့် ...။

သူ့ဘလော့က တခြားလူတွေကို ဘယ်လောက် ကျေးဇူးပြုသလဲ ဆိုတာက မေးစရာမလို။ ကျနော့်အတွေ့အကြုံကတော့ တခါက နိုင်ငံခြားတက္ကသိုလ်တခုမှာ ဒေါက်တာဘွဲ့ စာတမ်းရေးနေတဲ့ လူတယောက်နဲ့ မိတ်ဆက်ကြရင်း ကျနော့်နာမည်ကို မိတ်ဆက်တော့ “သိတယ်၊ ဒေါက်တာလွဏ်းဆွေဘလော့မှာ စာတွေ ဖတ်ဖူးတယ်” လို့ ပြောတယ်။

ကျနော်က မိတ်ဆွေတွေနဲ့ သူ့ကို မိတ်ဆက်ပေးတဲ့အခါ “ဟတ်လိုင်းသမား” လို့ မိတ်ဆက်တယ်။ အတည်ဆိုလည်း ဟုတ်တယ်။ အပျော်အပျက်ဆိုလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ဒေါက်တာလွဏ်းဆွေက သူက မဆွတ်ခင်က ညွတ်နေတဲ့အကြောင်း၊ ဟတ်လိုင်းသမား မဟုတ်တဲ့အကြောင်း ကျနော့်ကို သာသာလေး ပြန်နှက်တယ်။ နေမကောင်းတဲ့ကြားကး ပြန်နှက်ဖော်ရတဲ့အတွက် ကျနော် ၀မ်းသာနေတယ်။

ဒီကြားထဲ ဒေါက်တာလွဏ်းဆွေနဲ့ ဖုန်းမဆက်ဖြစ်ပါ။ သူ့ကျန်းမာရေးအခြေအနေကို မမေးဖြစ်ပါ။ ဖုန်းဆက်သည်ဖြစ်စေ၊ မဆက်သည်ဖြစ်စေ၊ သူက ဂရုစိုက်တတ်သည့် လူစားလည်းမဟုတ်။ ဒါကြောင့် ကျနော်က သူ့ကို ဟတ်လိုင်းသမားလို့ ထင်နေတယ်။ သို့သော် ဘယ်လိုထင်ထင် သူက ဂရုစိုက်မယ့်လူစားမျိုးမဟုတ်။ သူလုပ်ချင်တာပဲ တဇွတ်ထိုး လုပ်နေမယ့် လူစားမျိုး ...။ ။

ညီစောလွင်
(Nyi Saw Lwin ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်)

No comments: