Wednesday, July 17, 2013

တပြည်လုံး အပစ်အခတ်ရပ်စဲရေး ... မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့် ... အခြေပြမိန့်ခွန်း

တပြည်လုံး အပစ်အခတ်ရပ်စဲရေး ... မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့် ... အခြေပြမိန့်ခွန်း
တူမောင်ညို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ အပစ်အခတ် ရပ်စဲပြီးပြီဆိုရင် ဆက်လက် တက်လှမ်းသွားရမယ့် အဆင့်က “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး” ကြဖို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက နိုင်ငံရေးဆွေးနွေးဖို့အတွက် တလုံးတပါဒမျှ မပြောဘဲ “တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း” ဆိုတဲ့ အဆင့်တခု ထပ်တိုးပြီး ပြောလာပြန်ပါတယ်။

(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ဖွဲ့စည်းပေးထားတဲ့ “ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ” ရဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် လုပ်ငန်း ၂ ခုအနက် “ပြည်နယ်အဆင့်” လုပ်ငန်းစဉ် ၅ ခုကို ဆောင်ရွက်ပြီးရင် “ပြည်ထောင်စုအဆင့်” ဆိုတဲ့ လုပ်ငန်းစဉ်ကို လုပ်ရမှာပါ။ အခုတော့ အဲဒီအဆင့်ကို တိုက်ရိုက်မသွားဘဲ။ ကြားတစ်ဆင့်တိုးလာတာဖြစ်ပါတယ်။ တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို “မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့်ပြုခြင်း” ကြေညာပေးနိုင်မယ်လို့လည်း လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌတဦး ဖြစ်တဲ့ (ဗိုလ်) ဦးအောင်မင်းက လွှတ်တော်မှာ ရှင်းလင်းတင်ပြသွားပါတယ်။

သွေးရိုးသားရိုးသာဆိုရင် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်/စစ်တပ်ဘက်ကသာ ကြေညာပေးရမှာဖြစ်ပါတယ်။ အခုတော့ “တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးရမယ်” တဲ့။ ဒီလိုပါဝင် လက်မှတ်ရေးထိုးမှသာ မတရားသင်းအဖြစ်မှ “ကင်းလွတ်ခွင့်ပြုခြင်းကို ကြေညာနိုင်မယ်” တဲ့။ သဘောက လက်မှတ်မထိုးရင် လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းကို မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့်မပြုဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ထို့အပြင် မတရားသင်းအဖြစ်မှ “ကင်းလွတ်ခွင့်” သာပြုမှာဖြစ်ပြီး “မတရားသင်းအဖြစ်မှ လုံးဝပယ်ဖျက်ပေး” မှာ မဟုတ်သေးပါဘူး။ ယာယီသဘောနဲ့ ကာလတခု “ကင်းလွတ်ခွင့်” ပေးထားမယ် ဆိုတဲ့သဘောသာ ဖြစ်ပါတယ်။

ဒီမှာတင် ကိစ္စက မပြတ်သေးပါဘူး။ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ “အခြေပြမိန့်ခွန်း” ဆိုတာကို နားထောင်မှတ်သား လေ့လာရပါဦးမယ်။ ဒီအပေါ်ကနေမှ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနဲ့ နိုင်ငံရေးဆွေးနွေးမှုများ အစပြုနိုင်မယ်လို့ ဆိုပါတယ်။ “ နိုင်ငံရေးဆွေးနွေးမှုများ” ဆိုတာကို ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ပြင်ပမှာ ဆွေးနွေးရမှာလား သို့တည်းမဟုတ် လွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်) ရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးရမှာလား။

တတိုင်းတပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များဆိုတာမှာ ဘယ်လိုအချက်တွေ ပါဝင်နေသလဲ။ နိုင်ငံတော်သမ္မတရဲ့ “အခြေပြမိန့်ခွန်း” ဆိုတာမှာ ဘယ်လိုအချက်အလက်တွေ ပါဝင်သလဲ။ “၂၀၀၈အခြေခံဥပဒေ ကို လေးစားလိုက်နာပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါ့မယ်” ဆိုတဲ့အချက် ပါသလား။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က အဲဒီအချက်အလက်တွေကို ဘယ်လိုကြိုတင်သိရှိနိုင်မှာလဲ။ ဘယ်လို အချက်အလက်တွေအပေါ်မှာ သဘောတူညီချက်ကို လက်မှတ်ထိုးကြမှာလဲ။ ဒါတွေ ရှင်းရှင်းလင်းလင်း ကြိုတင်သိရှိဖို့ လိုပါတယ်။ သဘောတူညီချက် လက်မှတ်ထိုးမှသာလျှင် မတရားသင်းအဖြစ်မှ ကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့ သဘောကတော့ ကြိုတင်သတ်မှတ် ချည်နှောင်ထားတဲ့ အချက်သာ ဖြစ်ပါတယ်။

တကယ်တမ်းဖြစ်သင့်တာက (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရဘက်က သဘောထားကြီးမားမှုကို ဖော်ပြတဲ့သဘော၊ ကြံ့ဖွံ့အစိုးရအနေနဲ့ တပြည်လုံးငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသတဲ့အနေနဲ့ တပြည်လုံး အတိုက်အခိုက် ရပ်စဲကြောင်း တဖက်သတ် ကြေညာပေးရမှာဖြစ်ပါတယ်။ အဲဒီလို ကြေညာပြီးမှ သမ္မတ (ဗိုလ်) ဦးသိန်းစိန်က “အခြေပြမိန့်ခွန်း” ဆိုတာ ချွေသင့်တာပါ။ အဲဒီနောက်မှာမှ တန်းတူရည်တူရှိတဲ့ နိုင်ငံရေးဆွေးနွေးရေးပွဲသို့ ဦးတည်သွားရမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဆွေးနွေးကြမယ့် အစီအစဉ်များ၊ အကြောင်းအရာများ၊ နှစ်ဖက်ဆွေးနွေးမှု ဖြစ်စဉ်အဆင့်ဆင့် အခြေအနေများကို ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများ၊ သမာသမတ်ရှိသော လေ့လာစောင့်ကြည့်သူများက လေ့လာစောင့်ကြည့် အကဲခတ်နေကြရမှာပါ။ ဒီအတွက် ဆွေးနွေးမှု ရရှိချက်တွေကို ပြည်သူများ၊ ပြည်တွင်းပြည်ပမီဒီယာများ၊ လေ့လာစောင့်ကြည့်အကဲခတ်နေသူများ လေ့လာသိရှိ သုံးသပ်အကဲဖြတ်နိုင်အောင် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားဖို့လည်း (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါဟာ သွေးရိုးသားရိုးရှိတဲ့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် တကယ်လိုအပ်တဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖြစ်ပါတယ်။ ဒီလို ပတ်ဝန်းကျင်ကောင်းတွေသာ ရှိမယ်၊ တန်းတူရည်တူလည်း ဆွေးနွေးနိုင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် ကောင်းမွန်တဲ့ အလားအလာနဲ့ အခြေခံတွေကို လက်တွေ့ကျကျ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့်တွေ ဆွေးနွေးနေကြသလို ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကနေ မွေးဖွားပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော် (ABSDF) နဲ့ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပါသလား။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ KIO/KIA တိုက်ပွဲတွေ ဖြစ်ပွားနေစဉ်မှာ ကျောင်းသားတပ်မတော် (ABSDF) (မြောက်ပိုင်း) က ကျောင်းသားရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတာ မီဒီယာသတင်းတွေမှာ ကြားသိနေရတာပဲ ဖြစ်ပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) မှ လက်ရှိတာဝန်ရှိသူများနဲ့ (MPC) ဝန်ထမ်းတွေ ပြည်တွင်း/ပြည်ပမှာ “အလွတ်သဘောဆိုလား” တွေ့ဆုံကြတာတော့ ပြည်ပအသံလွှင့်မီဒီယာနဲ့ ပြည်တွင်းထုတ်ဂျာနယ်အချို့မှာ ကြားရ၊ ဖတ်ရပါတယ်။ MPC Technical Team နဲ့ MPC ဝန်ထမ်းတွေထဲမှာ ယခင်က ကျောင်းသားတပ်မတော် (ABSDF) မှာ တာဝန်ထမ်းဆောင်ခဲ့ကြဖူးတဲ့သူတွေ ပါဝင်နေတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။

MPC ဝန်ထမ်းဖြစ်နေကြတဲ့ ABSDF ဟာင်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ABSDF တာဝန်ရှိသူတွေ တွေ့ဆုံကြတာ “နိုင်ငံရေးဆွေးနွေးပွဲ” မဟုတ်ပါဘူး။ ကံကြမ္မာရဲ့ အချိုးအကွေ့တခုမှာ (အဘဦးအောင်မင်းရဲ့ ကြီးမားတဲ့ စေတနာကြောင့်) သူငယ်ချင်းဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ ရဲဘော်ရဲဘက်ဟောင်းတွေ ပိစင်တာမှာ ငြိမ်းချမ်းစွာ ပြန်လည်ဆုံဆည်းခွင့်ရကြတဲ့ သဘောသာ ဖြစ်ပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) နဲ့ နိုင်ငံရေးဆွေးနွေးဖို့ အစီအစဉ်ရှိသလား။ ဆွေးနွေးဦးမှာလား။ ကျောင်းသားတပ်မတော် (ABSDF)နဲ့ “အလွတ်သဘော ထိတွေ့နေကြတယ်” ဆိုတဲ့ သတင်းတွေ ကြားသိနေတာ ကြာလှပြီ။ တရားဝင် ဘယ်တော့ဆွေးနွေးမှာလဲ။ ရန်ကုန်မှာ ဆွေးနွေးမှာလား၊ နေပြည်တော်မှာလား သို့တည်းမဟုတ် ပြည်ပနိုင်ငံတခုခုမှာများလား၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကျောင်းသားတပ်မတော် (ABSDF) လည်း ပါဝင်လက်မှတ်ထိုးမှာလား။ ကျောင်းသားတပ်မတော် (ABSDF) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့ထဲမှာ စာရင်းသွင်းမထားတာ ဘာကြောင့်လဲ။

တူမောင်ညို
၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၇

2 comments:

yein said...

အတော်ကောင်းတဲ့ဆောင်းပါး
နိုင်ငံတော် သမဒကြီးဘကြီးစိန်နဲ့ ကာချုပ်ကြီးတို့
ဒီဆောင်းပါးကိုခေါင်းခြင်းဆိုင်ပူးတွဲဖတ်သင့်ပါတယ်
(အကယ်၍လုပ်ပိုင်ခွင့်အသီးသီးရှိကြတယ်ဆိုရင်ပေါ့)

Unknown said...

တပ်ကလည်းမဟုတ် ကြံ့ဖွံ့လည်းမဟုတ် NLD လည်းမဟုတ်ပဲ သာမာန်ပြည်သူတယောက်အနေနဲ့ပဲပြောမယ်ဗျာ ။
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ ကြိုဆိုတယ် လက်ခံတယ် ပျော်တယ် ။
ဒါပေမယ့် စစ်တပ်ကို နိုင်ငံရေးက ထုတ်ဖို့လိုသလို တိုင်းရင်းသားတွေကို ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့လိုတာ လက်ခံသလို
လက်နက်လည်း ဖြုတ်ရမယ် ။ တဦးတည်းသော စစ်ဦးစီးချုပ်အောက်မှာ တိုင်းရင်းသားပေါင်းစုံ ပါတဲ့ စစ်တပ်အဖြစ် reform လုပ်ရမယ်။
သူပုန်ရှိနေသရွေ့ စစ်တိုက်နေရတဲ့ တိုင်းပြည်မှာ စစ်တပ် အင်အားကြီးတာ မထူးဆန်းပါဘူး ။
မြန်မာတွေ ဒေသတွင်းမှာ လူစွာပြန်ဖြစ်ချင်ရင် အချင်းချင်းအရင်တည့်ဖို့လိုပါတယ်။ ဗိုလ် ဖြစ်ဖြစ် ဦးဖြစ်ဖြစ် အရေးမကြီးဘူး ။

ABSDF ကိုဘာလို့မဆွေးနွေးလဲဆိုတော့ ဘာကိုမှ ကိုယ်စားပြုတဲ့ အဖွဲ့မဟုတ်လို့ပါ။
၈၈ တုန်းကတော့ တကယ့်ကိုယ် ဦးတည်ချက်အကောင်းတွေနဲ့ တောခိုကြတာ အများစုဆိုတာ လက်ခံနိုင်ပါတယ်။
ကျတော်တို့ကအဲဒီ့ခေတ်ကို မှီခဲ့တာမဟုတ်တော့ သေချာတော့မသိဘူး ။ ဒါပေမယ့် အခုနောက်ပိုင်း သိသလောက် ပြည်သူတွေလက်ခံသလောက်တော့ သတင်းတွေမကောင်းဘူး။
စစ်အာဏာရှင် အသေးစားတွေပါပဲ ။ ဟိုကမှ ၃နှစ်၃မိုး စာသင်ပီးမှ ကျောင်းဆင်းရင်းဖြစ်လာတဲ့ အထဲမှာတော့စည်းကမ်းအတော်ကြီးသေးတဲ့ instituition အာဏာရှင်၊
ABSDF ကသေနတ်လေးချောက်ချက်ကိုင် လူလေးနဲနဲရှိတာနဲ့ အာဏာရှင်စိတ်ပြောင်း၊ တပ်မှာတောင်မကြားဖူးတဲ့ ရက်စက်မှုတွေလုပ်ရက်တဲ့သူတွေလေ။
မွန်သူပုန်ဆိုတာ မွန်လူမျိုးအတွက်ဆိုပီး တိုက်တယ်၊ ကချင်လက်နက်ကိုင်က ကချင်အတွက်၊ အခုထိလည်း ငါတို့လူမျိုးငါတို့ စစ်တပ်လို့ ထင်တယ် ချစ်ကြတယ်။
ABSDF က ဘယ်သူ့ကိုကိုယ်စားပြုလဲ ကျောင်းသားလား မြန်မာလူမျိုးလား ဘာဝါဒကိုလည်း ၊ ကျွန်တော်တော့ မသိဘူးဗျာ။
မိုးသီးဇွန် ဆိုတာ မြန်မာပြည်မှာ သန်းရွှေကြီးလောက် နီးနီးကို လူသောက်မြင်ကတ်ခံရတဲ့သူ၊ ရော်နယ်အောင်နိုင်တို့အကြောင်းကိုသိပ်မသိကြပေမယ့်
ပါဂျောင်အကြောင်းကြားဖူးလိုက်တဲ့ သူမှန်သမျှကတော့ အော် ဒီလိုက် ရက်စက်ယုတ်မာလှလေခြင်း ဆိုတာကတော့သိတယ်။
ရှင်းပါတယ် နိုင်ငံရေးသေနေတဲ့ အဖွဲ့အစည်း တခုမို့လို့ ထည့်မစဉ်းစားကြတာပါ ။ လူစုပီး သေနတ်ကိုင်တဲ့ အဖွဲ့သက်သက်ပါပဲ ။
SSA ကိုအပြတ်ရှင်းလဲ ရှမ်းတွေရှိသရွေ့ ရှမ်းတွေနဲ့ အဆင်မပြေသရွေ့ ရှမ်းသူပုန်နောက်တမျိုးပေါ်လာမှာပဲ။
ABSDF ကျတော့ ရှုင်းလိုက်လို့လဲ ဘာမှကိုယ်စားမပြုတဲ့အတွက် ဘာမှမဖြစ် ဘယ်သူကမှစိတ်ထဲမှာနာကျည်းနေမှာ မဟုတ်ပါဘူး ။အဲဒါကြောင့်ပါပဲ။
၈၈ တုန်းက တကယ်တမ်း ခေတ်ပြောင်းစနစ်ပြောင်းအောင် တော်လှန်မယ်ဆိုပီး တောခိုသွားတဲ့ သူများကိုတော့ လေးစားပါတယ်။
ဒါပေမယ့် ကိုယ်ကမှ ဘာဝါဒ ဘာလမ်းစဉ်မှ နိုင်နိုင်နင်းနင်းမရှိပဲ လူငယ်စိတ်နဲ့ နာကျဉ်းစိတ်နဲ့ သေနတ်ပြေးကိုင်တာမို့ နောက်ပိုင်းအခြေယိုင်သွားတာပါ။
ကျတော်အမြင်ကတော့ ဒါပါပဲ။