Monday, July 8, 2013

သက်မွေးဝမ်းကြောင်း သြဂတ်စ် ရှစ်ရက်

သက်မွေးဝမ်းကြောင်း သြဂတ်စ် ရှစ်ရက်
ပီ ဆံ သြ

မျှော်လင့်ခြင်းမျှင်မျှင်ပါးပါးလေးလည်း
တွဲလွဲကျ ...။

ဤသို့ ...
မျှော်လင့်ချက်မဲ့မှုတပြုံတမကြီး၏
ခိုတွဲ ဆွဲတက်မှုဒဏ်ဖြင့်
မျှော်လင့်ခြင်းမျှင်မျှင်ပါးပါးလေး
ထောင်းထောင်းပြတ်ခဲ့ရ ...။

တောင်တောင်အီအီများ
ဒေါင်ဒေါင်မြည် ထောင်းလမောင်းထ ရှင်သန် ...။

တောင်စဉ်တွေ ခြေရာဖျောက်တဲ့ ပစိဖိတ်ထဲ
မသိစိတ်အနည်းငယ် ဖိတ်ကျ ...
ကောက်ရသူများ ပြန်ပေးလိုက ပေး
မပေးလိုကလည်း ...
ဒန်ဒီလိုင်ယွန်ပွင့်ရိုင်းကလေးကို
ဟုတ်ကနဲ ... ၀ှစ်ကနဲ ...
နှုတ်ခမ်းလှနှစ်မြွှာနဲ့ ဖြိုခွဲသလို
တလွှာစီ...
တကွဲစီ ... ဖွဖွ ... မှုတ်လို့
ရုတ်တရက်ပဲဖြစ်ဖြစ်
ကြိုတင်ကြံစည်ခြင်းဖြင့်ပဲဖြစ်ဖြစ် ...
သင့်လျော်သလို ...
ဘာရယ်မဟုတ် ...
နှုတ်ဆက်စရာလည်းမလို
မှုတ်လိုက မှုတ်နိုင်၏ ...။

အချစ်ရယ် ဟောဒီ ဟန်ကျပန်ကျ ဗိုက်ပူကြီးဟာ
ဘာဆရာမှ မဟုတ်ပါဘူး ...
နွားတောင် ဖြောင့်အောင် ဂွေးမသင်းခဲ့ဖူးတဲ့
ဝက်သိုးလိုက်စားခဲ့သူပါ
ကိုယ့်ကိုကိုယ်တော့ မြားနတ်မောင်လောက်တော့
အပျော့ထင်သေး ...။

အဟဲ့ ...
ဒီမယ် ...
နာကျင်ခြင်းတွေကို ၀ါစဉ်ခင်းပြီး
လေးစား၊ အငြိုငြင်ခံခဲ့ရတဲ့နှစ်များ ၀ါထပ်ခဲ့ပြန်ပါပြီ အပုရယ် ...
ဥမမယ် စာမမြောက် ... ဘာရုပ်မှ မပေါက်မှုများလည်း
အိုတွ ကိုင်းချိ ... ဘ၀ရဲ့ မှိုင်းများမိခဲ့ပါပြီ မောင်မောင့် မိမိငဲ့ ...။

ဘာတုန်းလဗျာ ...
တလွှာချင်း ခွာချကြည့်ခဲ့မိလိုက်ပါတယ် ...
အဘိဓမ္မာပိန်တာရိုးကလေးရဲ့ ...
ကျုပ်က ကမ္ဘာကြီးကို တန်ဘိုးကြီးသတ္တုကွပ်ပြီး
လက်ထပ်လက်စွပ်ကြီး လုပ်ပေးချင်သေးတာ ...။

ဘ၀၏ အလျင်နှုန်းများလည်း
ဘီအမ်ဒဘလျူတစီး၏ လီဗာခြေနင်းသာသာဖြစ်လိုဖြစ်ရ
မာစီးဒီးတစီး၏ လေးလေးထူထူ ဘီးလေးလုံး၏ အလိုတော်ဖြစ်လိုဖြစ်ရ
သာသောလမင်းသည်လည်း ကျွန်ုပ်၏ တယ်လီစကုပ်ထဲတွင်
မိတ်ကပ်မလိမ်းသော ခပ်အိုအို ဘိုင်စကုတ်မင်းသမီးတဦး၏မျက်နှာ ဖြစ်လိုဖြစ်ရ ...

ရစ်ခ်ျတာစကေး ကိုးဒသမကိုး ကြက်သီးမွေးညင်းထမှုများဖြင့်
လူကျပ်ကျပ် ဓာတ်ရထား ...
သို့တည်းမဟုတ် ဘတ်စကားပေါ် ကျင်ငယ်စွန့်လိုမှုများလို
ဆန္ဒတွေ၊ တောင်းဆိုမှုတွေ
တလှေတိုက်ဖြင့်လည်း လေပွေ ဝေ့လိုက်ဝဲလိုက်တိုင်း ...
ထိုနွေညနေများတွင် ...
လွမ်းမိပါသည့် ထန်းရေတမြူ ...
ငယ်မူငယ်သွေးတွေနဲ့ ဆံပင်ဖြူတမျှင်ကိုလည်း ထာဝရနှုတ်ဆက်ခဲ့ရ ...။

အဆီယစ်နေတဲ့ ဟောဒီအခွက်ကြီးနဲ့
ဧ၀ရက်တောင်လောက်တော့ နင်လားဟဲ့ဆိုတဲ့
တလွဲမာနရဲ့ မေးစိနှစ်ထပ်ကို ပွတ်ရင်း
လွတ်လပ်ခြင်း လေပြေကို ဟတ်ဆန်မြစ်ပုတ်ကြီးထဲ
မျှစ်ပြုတ်နဲ့ ငပိမြှုပ်လွေးရင်း တေးသီချင်းတွေ ဆိုတတ်ခဲ့ပြီ။

ဒီမယ် အာစရိ ...
သခင်စိုးက ပြောဖူးတယ် ...
ငြိမ်းချမ်းရေးရဲ့ အစတေးခံ တမန်တော်ကြီးတဲ့ ... သူ့ကိုယ်သူနော် ...
သူ့ကိုယ်သူ ...
လက်နက်ချခြင်းကို ကရင်မ်အုပ် သူ့အရှက်သူ တမြုံ့မြုံ့ စုပ်ခဲ့တာ ...
အဟ ... ကျွန်စုပ်ထားတဲ့ သရက်စေ့ကတောင် မျက်စိအပြူးသားနဲ့
ထူးခြားဆိုပဲ ...။

ယနေ့ ...
ထူးခြားမှုများ ဘူးသခွားဖြစ်ထွန်းသလို ...
သြဂတ်စ်ရှစ်ရက်နေ့လည်း လက်နက်ချသူများ
လူကြားသူကြား တိုက်ပုံတကားကားဖြစ်မယ့်နေ့
လုပ်စားသူများ ပွင့်လင်းပေါက်ပြဲ ပွရွတဲ့နေ့
ကီးကိုက်သူများရဲ့ ကျေးဇူးတော်နေ့ပေါ့ ...

ဝင်းမော်ဦးရေ ... ဦးကြွယ်ဟိုးလမ်းထိပ်မှာ
နင့်ကို ငါ လာမစောင့်နိုင်ပေမယ့်
နင်နဲ့တကွ ...
ခွေးအိပ်တောင်က ငါ့ရဲဘော်များ
ငါ့ရှမ်းပြည်ရဲ့ သေနတ်သံများနဲ့
ငါ မပြန်ခဲ့တော့ဘူးဟာ
နားလည်လိုက်ပါ ...။ ။

ပီ ဆံ သြ

No comments: