Monday, July 22, 2013

စာရေးဆရာ ညီမင်းညို၏ ဟောပြောမှုသို့ မေတ္တာဖြင့် ပြင်ဆင်ဖြည့်စွက်ပေးခြင်း


စာရေးဆရာ ညီမင်းညို၏ ဟောပြောမှုသို့ မေတ္တာဖြင့် ပြင်ဆင်ဖြည့်စွက်ပေးခြင်း
ဒေါက်တာလွဏ်းဆွေ

လွန်ခဲ့သည့် ၆ လလောက်က ထင်သည်။ အွန်လိုင်းမိတ်ဆွေတဦးက အီးမေးလ်မှတဆင့် ဖြတ်တောက်ထားသည့် စာပေဟောပြောပွဲ mp3 အသံဖိုင်တိုလေးတခု ပေးပို့ခဲ့ပါသည်။ ကျနော် နားထောင်ကြည့်လိုက်သည့်အခါ စာရေးဆရာ ညီမင်းညိုက ကျနော့်အစ်ကို ဒေါက်တာလွဏ်းဝေ (ကဗျာဆရာ မိုးသစ်ဝေ) နှင့် ကျနော်၏ စာပေဖြတ်သန်းမှုအကြောင်း ထည့်ဟောထားသည့် အသံဖိုင်တိုကလေး ဖြစ်နေသည်။ ဆရာညီမင်းညို ဟောပြောသည့် ကျနော်တို့ ညီအစ်ကိုနှစ်ဦးအကြောင်းတွင် အချက် ၃ ချက် မှားယွင်းနေသော်လည်း စေတနာအမှားပဲလေဟု သဘောပိုက်ကာ mp3 ဖိုင်တိုလေးကို နားထောင်အပြီးတွင် ကျနော် ပြည်ပသို့ ရောက်ရှိနေခိုက် ပြည်တွင်းမှ စာဖတ်ပရိသတ်နှင့် ကျနော့်ကို ပြန်လည်ထိတွေ့ပေးသည့် ဆရာညီမင်းညိုကို စိတ်မှန်းနှင့် ကျေးဇူးစကားဆိုလိုက်မိပါသည်။

မနေ့ကမူ အွန်လိုင်းမိတ်ဆွေတဦးကပင် “ခင်ဗျားတို့ ညီအစ်ကိုနှစ်ယောက်အကြောင်း စာရေးဆရာ ညီမင်းညို ဟောထားတယ်။ နားထောင်ကြည့်” ဆိုပြီး YouTube မှ URL Link တခု ပို့လိုက်သည်ကို အီးမေးလ် ဖွင့်ကြည့်သည့်အခါ တွေ့ရသည်။ ကျနော်က ယခင်နားထောင်ဖူးသည့် အကြောင်းအရာပဲလား သိချင်သည်နှင့် Click ကြည့်လိုက်သည့်အခါ ကျနော် ထင်သည့်အတိုင်း ဟုတ်နေသည်။ သို့သော် ယခုတခါတွင်မူ စာရေးဆရာ ညီမင်းညို၏ ဟောာပြောချက်အပြည့်အစုံပါ ဗီဒီယိုဖိုင်ဖြစ်နေသည်။ သို့နှင့် ၀ါဆိုလပြည့်နေ့ဖြစ်သည့် ယနေ့တွင် အေးအေးလူလူ အနားယူရင်း ဆရာညီမင်းညို အာဝဇ္ဇန်းကောင်းကောင်းနှင့် ဟောပြောထားသည့် ၁ နာရီ ၄၂ မိနစ် ၀၇ စက္ကန့်စာ ဗီဒီယိုဖိုင်ကို အစမှအဆုံးတိုင် ကြည့်ရှုခံစားလိုက်မိပေသည်။

ဗီဒီယိုဖိုင်ကို ကြည့်ရှုအပြီးတွင် ဆံပင်ရှည်ကို စည်း၍ ဟောကြားနေသော (ရော့ခ်အဆိုတော် ဟယ်ရီလင်းနှင့် ရုပ်ချင်းခပ်ဆင်ဆင်တူသည်ဟုထင်မိသော) ဆရာညီမင်းညို၏ နိုင်ငံနှင့်ပြည်သူအပေါ် ထားရှိသည့် စိတ်စေတနာကို လေးစားမိသလို ကျနော်နှင့်ပတ်သက်သည့် မှားယွင်းနေသော အချက် ၃ ချက်ကိုလည်း မေတ္တာဖြင့် ပြင်ဆင်ပေးလိုစိတ် ဖြစ်ပေါ်လာမိသည်။

ထိုသို့ ပြင်ဆင်ပေးလိုစိတ် ဖြစ်ပေါ်ရခြင်းမှာ ဆရာညီမင်းညို၏ ဟောပြောမှု အစပိုင်းတွင် “ကျနော် အလေးအနက် ပြောလိုတာတခုတော့ ရှိပါတယ်။ ကျနော် ပြောဆိုဆွေးနွေးတဲ့အထဲမှာ အမှားအယွင်းတစုံတရာ ပါခဲ့ရင် ကျနော့်ကို လုံးဝ ခွင့်မလွှတ်ပါနဲ့” ဟု ဆိုထားသည်ကတကြောင်း၊ YouTube တွင်ပင် ဆရာညီမင်းညို၏ ဟောပြောမှုကို အကြိမ်ပေါင်း ၁၄,၆၁၂ ကြိမ် ကြည့်ရှုအားပေးပြီးဖြစ်သဖြင့် ကျနော်နှင့်ပတ်သက်၍ စာပေရိသတ်များ ရှိတာထက်ပို၍ ထင်မြင်နေကြမည်ကို စိုးရိမ်၍တကြောင်းကြောင့် ကျနော် တွေ့ရှိသော ကျနော်နှင့်ပတ်သက်သည့် အမှား ၃ ခုကို မေတ္တာရှေ့ထား ပြင်ဆင်ဖြည့်စွက်ပေးလိုက်ရပါသည်။ ယခု ပြင်ဆင်ပေးမည့် အမှားအတွက်လည်း ဆရာညီမင်းညိုကို မည်သို့မျှ အပြစ်မမြင် ချစ်ခင်ခွင့်လွှတ်ပါကြောင်းနှင့် ယခုထက်ပို၍ မြန်မာစာဖတ်ပရိသတ် အကျိုးရှိစေမည့် ဟောပြောချက်များကို ဆက်လက်ဟောကြားနိုင်ပါစေကြောင်း အဝေးတနေရာမှ ချစ်ကြည်လေးစားစွာ ပြောကြားလိုက်ရပါသည်။

အမှားပြင်ဆင်ချက်

(၁) ကျနော်၏ ဖခင်မှာ ဒေါက်တာလွဏ်းမောင် မဟုတ်ပါ။ သချာင်္ဘာသာရပ်ကို သင်ကြားပို့ချသည့် ကျူရှင်ဆရာ ဦးလွဏ်းမောင် ဖြစ်ပါသည်။
(၂) ကျနော် ၁၀ တန်းအောင်စဉ်က ဘာသာစုံဂုဏ်ထူးမရခဲ့ဘဲ ၅ ဘာသာဂုဏ်ထူးသာ ရခဲ့ပါသည်။ မြန်မာစာဂုဏ်ထူး မရရှိခဲ့ပါ။
(၃) ကျနော်၏ အစ်ကို ဒေါက်တာလွဏ်းဝေမှာ ကလေးအထူးကုဆရာဝန် မဟုတ်ပါ။ နှလုံးအထူးကုဆရာဝန် ဖြစ်ပါသည်။

ချစ်ကြည်လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
၂၂-၇-၂၀၁၃ (၀ါဆိုလပြည့်နေ့)

2 comments:

Unknown said...

ဒီနေ့မှဗျာ ကွန်နက်ရှင်က စုတ်ပြတ်သပ်နေတာနဲ့ ကုသိုလ်စိတ်ကို မဖြစ်လိုက်ရပါဘူး..

Unknown said...

မှားနေတယ် ဆိုပေမဲ့ ဟောပြောတာ အရမ်းကောင်းပါတယ်