Thursday, July 25, 2013

ဘာလဲ မသိရင်‬ အောင်စိုးကို ကြည့်ထား

ဘာလဲ မသိရင်‬ အောင်စိုးကို ကြည့်ထား
မိုဃ်းသွေး
(မိုဃ်းသွေး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

ဒီမိုကရေစီဆိုတာ
ရွှံ့ထဲဗွက်ထဲ
နွားနဲ့ဖက်ရုန်းနေရတဲ့
တောင်သူမျက်နှာမွဲတွေဆီက
လယ်တွေ ယာတွေ
ကုတ်ဖဲ့သိမ်းတာကို ခေါ်တာလားလို့များ ...

ဒီမိုကရေစီဆိုတာ
ဆန္ဒပြရင် အမိန့်တန်းမချဘဲ
တရားဖိုးမွဲအောင် အချိန်ဆွဲပြီးမှ
ထောင်ထဲပြေးပြေးပို့တာလားလို့များ ...

ဒီမိုကရေစီဆိုတာ
ကဗျာတွေရွတ် သီချင်းတွေဆို
ပန်းချီတွေဆွဲ ဂျာနယ်တွေထဲပါ
လေလံတွေတင်တဲ့ပွဲကို ပြောတာလားလို့များ ...

ဒီမိုကရေစီဆိုတာ
ဘုန်းကြီးတွေ မီးလောင်ဗုံးကပ်တဲ့သူကို
ခွင့်ပြုချက်ယူစရာမလိုဘဲ
ပလိန်းကြီးထောက်ခံပြတာလားလို့များ ...

ဒီမိုကရေစီဆိုတာ
“အမေ အမေ” နဲ့ တကျော်ကျော်တနေတုန်း
ဒွေးတော်ကဝင်ပြီး
ပခုံးနဲ့ ထမ်းတင်နေရတာများလား ...

ဒီမိုကရေစီဆိုတာ
၁၂ ပွဲဈေးတွေက သူတောင်းစားတွေလို
တနှစ်စာလုံး ခွက်တလုံးဆွဲပြီး
လေယာဉ်ပျံကြီးနဲ့ လှည့်တောင်းရတာလား ...
(ဒါတောင် ကိုယ်ပိုင်လေယာဉ် စီးချင်သေးတယ်ဆိုလား ...)

ဒီမိုကရေစီဆိုတာ
ကလေးတွေ အော်ရင်
နာနာဗျင်းပြပြီး
လူကြီးတွေကျတော့ မွေးနေ့တွေ ဘာတွေ ကျင်းပပေးတာလား ...

ဒီမိုကရေစီဆိုတာ
၂၅ ရာခိုင်နှုန်းက အိပ်ငိုက်နေပြီး
ဘုန်းဘုန်းတွေက ဥပဒေလိုက်ပြုနေတာလား ...

ဒီမိုကရေစီဆိုတာ
အနောက်တံခါးကို အပွင့်ပြပြီး
အရှေ့တခါးကနေ
ပိုက်တွေနဲ့ ဆွဲထုတ်သွားတာလားလို့များ ...

ဒီမိုကရေစီဆိုတာ
ဒိုနာခရေစီ လုပ်ကွက်တွေနဲ့
ငြိမ်းချမ်းရေးကို ဈေးခေါ်ကြတာလား ...

ီဒီမိုကရေစီဆိုတာ ရှူး ... တိုးတိုးနေစမ်း
အဘကြီး စာဖတ်နေတယ်
ကြားသွားရင် ထလာလိမ့်မယ်ဆိုပြီး
ကိုယ့်အိမ်ထဲကို ချွတ်နင်းလျှောက်နေရတာလား ...

ဒီမိုကရေစီဆိုတာ
တယ်လီဖုန်းကို သမဆိုင်မှာ ဆပ်ပြာဝယ်သလို
မဲနှိုက်ဝယ်လို့ ရတာလားလို့များ ...

ဒီမိုကရေစီဆိုတာ
နောက်ကွယ်က လူတစုနဲ့
တရားဥပဒေစိုးမိုးရေးနဲ့
ကြိတ်ပွဲလေးတွေ ထိုးကြတာလားလို့များ ...

ဒီမိုကရေစီဆိုတာ
မြန်မာကားတွေထဲကလို
နှလုံးရောဂါလေးတပြပြနဲ့မို့
ရွှေစိတ်တော်မညှိုးအောင်
ချော့ချော့နေရတာလား ...

ဘာလား ညာလား
ဟိုလိုလား ဒီလိုလား
တယောက်ယောက်ကို မေးကြည့်မလားလို့ ...

ဟေ့ကောင်
အဆိုးမြင်သမား
မင်းပါးစပ်ပေါက် ခုပိတ်ထားစမ်း
၅၀၅ နဲ့ ၇ ခါပြန်ညားသွားမယ်
ဘာလဲ မသိရင် အောင်စိုးကို ကြည့်ထား ... ။ ။

မိုဃ်းသွေး
ဇူလိုင် ၂၃၊ ၂၀၁၃ ခုနှစ်
(ထောင်ဒဏ် ၁၁ ချခံလိုက်ရတဲ့ အမှုတွဲ ရဲဘော် ကိုအောင်စိုးသို့ ...)

4 comments:

a said...

ရိုးရှင်းပြီးတော့ကိုကောင်းတာပါဗျာ။

ဇင်မွန် said...

ဒီမိုကရေစီဆိုတာ ကမ္ဘာနိုင်ငံတွေ နိုင်ငံခြားတိုင်းပြည်တွေဆီ
တယောက်ပြီးတယောက် ၊
တဖွဲ.ပြီးတဖွဲ. သွားလိုက်ပြန်လိုက် ၊ သွားလိုက်ပြန်လိုက် ၊
သွားလိုက်ပြန်လိုက် ၊ သွားလိုက်ပြန်လိုက် ၊
နဲ.
ပြာပုံထဲကပြည်သူတွေကို လှည်.မကြည်.ဘဲ
...........
အလုပ်များ ချင်ဟန်ဆောင်တာများလား ?

chai said...

ကြိုက်တယ်ဟေ့ ဒီထက်ကောင်းတာလဲဖတ်ချင်သေးတယ်

Unknown said...

ဒီမိုအချိန်မို့ဖြစ်ကြတာပါ ကျုပ်တို့အစိုးရမှာအပြစ်မရှိပါဘူး........