Sunday, July 14, 2013

အမျိုးသားသင်္ကေတ

အမျိုးသားသင်္ကေတ
ပီ ဆံ သြ

ဗိန်းမောင်းတီးတယ်
လက်ခေါက်မှုတ်တယ်
ဟော ...
တဖက်က ဟန်ရေးပြတယ်
လက်ခမောင်းခတ်တယ်
ဒူးပျံတွေ ခုန်ဝဲ ပစ်တင်လို့
တဒင်္ဂ ...
တခြားထောင့်က တယောက်
သူကလည်း လက်ခမောင်းခတ်တယ်
ဖြောင်းကနဲ ဖြောင်းကနဲ ဖြောင်းဖြောင်းညံ
သူ့ကြွက်သားတွေကို ညှစ်ပြ
လှုပ်ပြ ...
ကော့ပြ ...
ကားပြ ...
ခြေပျံတွေ ... ခြေပျံတွေ
တဖက်သားမေးဖျားကို
တက်ခတ်မယ့်ဟန်နဲ့ ...။

ပရိသတ်ကြီးက
လက်မလည်အောင် လက်ခုပ်တီးတယ်
ကွမ်းယာဝါးကြတယ်
ထွီကနဲ ဖွီကနဲ ထွေးကြတယ်
ဆေးပေါ့လိပ်ကို ထောင်းကနဲ ထောင်းကနဲ
မီးခိုးထအောင် ဖွာတယ်
တချို့ဆို
မီးခိုးကို အကွင်းကလေးဖြစ်အောင်တောင် မှုတ်ထုတ်လိုက်သေး၊
အားလုံးဟာ တိုးတိုးကြိတ်ကြိတ်
ပွဲသွင်းဒိုင်ဆီမှာ လောင်းကြေးထပ်တယ်
ဒိုင်ဆိုတာမှ လက်တောင်မလည်ဘူးဗျ ...။

မိုက်ကရိုဖုန်း လက်ကမချတဲ့ ကိုမိုက်ခဲကလည်း
အသဲအမဲ ကြေညာတယ်
အနီထောင့်မှ ဘယ်သူက ဘယ်ပွဲမှာ ဘယ်လိုချဲခဲ့ကြောင်း
အပြာထောင့်က ဘယ်ဝါက ဘယ်မှာဘယ်လို ပွဲသိမ်း
ထိန်းကနဲ ထိန်းကနဲနေအောင် လက်စွမ်းပြခဲ့ကြောင်း ...။

ဟော ... ပွဲအစ မောင်းထုပါပြီ
နောင်ကနဲ
ဆိုင်းဝိုင်းကြီးကလည်း ဗေပုံထိပုံထီ
ပရိသတ်ကြီးကလည်း စီကနဲ
အဲသည်ဝယ်
အနီထောင့်ကသူနဲ့ အပြာထောင့်ကသူ
ကြိုးဝိုင်းအလည်မှာ
တယောက်ကို တယောက်ဖက်
ရင်ချင်းအပ်
မျက်လုံးချင်းဆိုင်
နှစ်ပါးသွား အတိုင်နဲ့
မြိုင်ထ က ပါလေရောဗျာ ...။

ဒီမှာတင် ... လက်ခုပ်သံ တဖြောင်းဖြောင်း
အလှည့်အပြောင်း ဘယ်လိုကောင်းကြောင်း
လူရိုင်းတွေရဲ့ လက်ရုံးအားကိုးမှုတွေထက်
ငြိမ်းချမ်းရေးမေတ္တာမျှမှုတွေ ပိုမိုလိုအပ်ကြောင်း
တညီတညွတ်ထဲ ကောင်းချီးပေး ...
လောင်းကြေးတွေကိုလည်း မေ့
ပွဲသွင်းဒိုင်ထက်တောင်
သူတို့က ပို သဘောခွေ့ ...။

ဒီနေ့ ...
လက်ပံတောင်းအရပ်ကို ငေးမိတယ် ...။ ။

ပီ ဆံ သြ

No comments: