Saturday, June 22, 2013

မတန်မရာတွေ နင်းတက်တဲ့ လှေကား (သို့) ရှစ်ဆယ့်ရှစ်ရဲ့ ကြယ်ကြွေများ

မတန်မရာတွေ နင်းတက်တဲ့ လှေကား (သို့) ရှစ်ဆယ့်ရှစ်ရဲ့ ကြယ်ကြွေများ
ပီ ဆံ သြ

မနေတတ်ရင်
ဘယ်သူ့ဘယ်သူရယ် မဟုတ်တော့ဘူး၊
အားလုံးက သူသူကိုယ်ကိုယ်တွေ ဖြစ်ကုန်တတ်တာ။

လောကတခြမ်းပဲ့ကြီးထဲမှာ
အမှန်တရားလေ ဒင်ပြည့်ကျပ်ပြည့် အာဟာရချို့တဲ့မှုနဲ့
အိုဘိစ်စတီ အဓမ္မတွေကို ထမ်းပိုးထားရ။

နှစ်များကြာသောအခါ
ကြာသောနှစ်များဖြစ်၊
တင်းတင်းရင်းရင်း သိက္ခာမဲ့မဲ့နဲ့
နှစ်သစ်တွေပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်၊
ထူထူထဲထဲပါပဲ
ထိုနှစ်သစ်များက နောက်ထပ်နှစ်သစ်များပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်။

မိုးလင်းနဲ့ မိုးချုပ်ကြားက အလျားလိုက်ငိုက်မြည်းနေတဲ့
နေ့တနေ့ရဲ့ကျောပေါ်မှာ ပီယ၀ါစာတွေ ချွဲကပ်၊
ထန်းသီးမုန့်ကြား ညပ်နေတဲ့ ချွေးသီးပေါက်တွေလို မထင်မရှားနဲ့
လူမသိသူမသိ ကိစ္စတွေကလည်း လူမသိသူမသိ။

တာဖြင့် မလွှတ်သေးခင်
ပြိုင်ပွဲအတုရဲ့ အဆင်တန်ဆာ
မမြင်သာတဲ့ ပထမဆုရွှေတံဆိပ်ကို
စိတ်တန်ခိုးတွေနဲ့
လှမ်းဆွဲလိုသူတွေကလည်း ဥဂ္ဂဟနိမိတ်တွေရကြောင်း
ကိုယ့်ကိုကိုယ် ... ညှို့
ပစ် ... ခတ် ... ယုံ
ရခဲ့ဖူးတဲ့ ရွှေတံဆိပ်တွေတပုံကြီးက ဖုန်တက်ခဲ့လို့
အကျိုးမဲ့
တကယ်တော့ တာထွက်ခဲ့တာ
ကြာလွန်းလှပြီဖြစ်ပါကြောင်း။

မောက်မာကြမ်းကြုတ်တဲ့ တိရိစ္ဆာန်တွေကလည်း
ဗားရှင်းအသစ်နဲ့ လူ့ယဉ်ကျေးတွေ ဖြစ်ပြလိုဖြစ်ပြ
ပရိသတ်တွေ တမုဟုတ်ချင်းရ
အဲဒီချစ်ကြသူတွေကတောင် တန်းစီတိုးရဆိုပဲရယ်။

ခေတ်အစားဆုံး ဝေါဟာရ "တိုက်ပွဲ"
အပေါများဆုံး ရလဒ် ကံကောင်းရင် ဥပေက္ခာ
ကံမကောင်းရင် အမှုဖြစ်တာ၊
ဒါပေါ့ ...
ဘ၀တွေ အသက်တွေနဲ့ ရင်းလာခဲ့ရတဲ့ အဖြစ်တွေကို
မိုနေးရဲ့ ပန်းချီကားထဲက ဆွဲထုတ်လာခဲ့သလို၊
ခပ်သာသာလေး တံတားခင်း ... ပေါင်းကူး
အကြောင်းမထူးခြင်း ရလဒ်များရဲ့
သားသည်အမေ ဖြစ်ရသူကဖြစ်။

စကြ၀ဠာကြီးထဲ ဒီကမ္ဘာကြီး ပြုတ်ကျခဲ့တာ
ပလုံတောင် မမြည်ခဲ့မှတော့
ကိုယ့်မစို့မပို့ ကြွယ်ဝမှုကလေးနဲ့
ကြွေသွားတဲ့ ကြယ်ပွင့်တွေကို ခြေဆန့်ရှာရင်း
"မတန်ဘူး ... သူငယ်ချင်းရေ ...." လို့ မပြောရက်တော့ ...။ ။

ပီ ဆံ သြ

No comments: