Monday, May 6, 2013

“နော်ဝေးမှာပဲ သေချင်သေသွားပစေ ... ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး” ဆိုတဲ့ အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း

“နော်ဝေးမှာပဲ သေချင်သေသွားပစေ ... ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး” ဆိုတဲ့
အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း
ကိုညို (အော်စလို)
(နေ့သစ်မီဒီယာမှ ကူးယူဖော်ပြပါသည်။)

ကိုမွန်းအောင်ကို လူသိများတဲ့ အဆိုတော်ဘ၀ကနေ တော်လှန်သူတယောက်အဖြစ် တွန်းပို့လိုက်တဲ့ အရာတွေက ဘာလဲ။

ကလေးဘ၀ကတည်းက ကိုယ်တိုင် တွေ့မြင် ခံစားခဲ့ရတဲ့ မတရားမှု ဖိနှိပ်မှုတွေပေါ့ဗျာ။ စစ်သားတွေ၊ သေနပ်တွေ၊ စစ်ထရပ်ကားတန်းရှည်ကြီးတွေ၊ ဟယ်လီကော်ပရာတွေ၊ သေနတ်ဒဏ်ရာတွေ၊ ညမထွက်ရအမိန့်တွေနဲ့ ပေါ်တာဆွဲတာတွေ အိမ်တိုင်းမှာရှိတဲ့ ကတုတ်ကျင်းတွေက ကျနော့် ကလေးဘ၀ကတည်းက မြင်ကွင်းတွေ။ မြစ်ကြီးနားမှာ ကျနော်နေတာ၊ မြို့ရဲ့ ၁၀ မိုင်အပြင်ဘက်ကိုတောင် မထွက်ရဲဘူးဗျ။ လုံခြုံမှုမရှိလို့ပါ။ အသက်လည်း အာမခံချက်မရှိဘူး၊ တကယ်လို့ ဖားကန့်သွားမယ်ဆို အချိန်မရွေး ပေါ်တာဆွဲမယ်၊ ဒါမှမဟုတ် KIA ကလည်း တပ်သားသစ်အဖြစ် ဆွဲခေါ်သွားမှာပဲ။ မြစ်ကြီးနားကနေ မြစ်ဆုံရောက်ဖို့ စစ်တပ်ဂိတ် ၃-၄ ခုလောက်ကို ဖြတ်ပြီးသွားရတာ။ စစ်အုပ်ချုပ်ရေးအောက် လူမှန်းမသိခင်ကတည်းက ရောက်နေတာ။ ငယ်ငယ်ကတည်းက ကာဖျူးနဲ့ နေလာတာ။

အိမ်ဘေးက သူငယ်ချင်း ပျောက်သွားတယ်၊ သတင်းပြန်ကြားတော့ သူ KIA ထဲမှာ သေနတ်ကိုင်နေပြီတဲ့။ ကျနော့် ငယ်သူငယ်ချင်းတော်တော်များဟာ အဲလို သူပုန်တွေ ဖြစ်ကုန်တယ်။ သူတို့ဟာ အင်မတန် ခင်စရာကောင်းတယ်။ သဘောကောင်းပြီး ကူညီတတ်သူတွေ ဘာကြောင့် သူပုန်တွေဖြစ်ကုန်ရတာလဲဆိုတာ ကျနော့်လူငယ်ဘ၀က ပုစ္ဆာတွေပေါ့။ နောက်ဆုံးတော့ သူတို့ ဘယ်လိုဝါဒဖြန့်ဖြန့် ကျနော်တို့ဟာ ဖိနှိပ်ခံနေရတယ်ဆိုတာ သိသွားတာပဲ။ ဖိနှိပ်တာတောင်မှ ရိုင်းရိုင်းစိုင်းစိုင်းပဲ။ ဘာဥပဒေမှ မရှိဘူး၊ ရုပ်ရှင်ရုံရှေ့မှာ အမြင်ကတ်လို့ဖြစ်စေ၊ မသင်္ကာလို့ဖြစ်စေ စစ်သားတယောက်က ပါးရိုက်လိုက်တာမျိုးတွေပေါ့။ ဒီမတရားမှုတွေက တော်လှန်ချင်စိတ်တွေ ဖြစ်စေတာပါပဲ။

ကိုမွန်းအောင် အောင်မြင်နေတဲ့အချိန် တောခိုခဲ့ရတာဆိုတော့ အနုပညာထက် မိမိယုံကြည်မှုကို ပိုပြီးတန်ဘိုးထားတာလား။

သီချင်းတွေ တီးရ ဆိုရတာ ကျနော် ပျော်တယ်။ သီချင်းတီးခတ်သီဆိုနေရရင် ခန္ဓာအစိတ်အပိုင်းတွေအားလုံး သက်တောင့်သက်သာ ဖြစ်သွားသလိုပဲ။ တယောက်ယောက်ကို သီချင်းဆိုပြလိုက်ရရင် ရင်ထဲမှာ ပီတိဖြစ်နေတာမျိုးပါ။ သီချင်းတွေကို ၀ါသနာအရဆိုတာ ဖြစ်တယ်။ တကယ်တမ်း သီချင်းဆိုစားတာမျိုးတော့ ကျနော် စိတ်မ၀င်စားဘူး။ သီချင်းဆိုပြီး ပိုက်ဆံရှာတာမျိုး ကျနော် မလုပ်ခဲ့ဖူးဘူး။ ဗမာပြည်မှာလည်း ပွဲတွေအများကြီး လုပ်နိုင်တာပဲ ကျနော် မလုပ်ခဲ့ပါဘူး။ မင်္ဂလာဆောင်တွေမှာ သီချင်းဆိုစားတာတွေ မလုပ်ဘူး။ ကျနော်က ဟိုကတည်းက တော်လှန်ရေးသီချင်းတွေ ဆိုချင်ခဲ့တယ်။ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်း ဆိုချင်လို့ သီချင်းရေးတဲ့ ကိုနေ၀င်းကို ပုသိမ်အထိ သွားတွေ့တယ်။ ကိုနေ၀င်းကတော့ ခွင့်ပြုချက်ပေးပါတယ်။ ဒါပေမယ့် ၈၂ အင်းလျားအခွေ မသွင်းခင် အဲဒီသီချင်းနာမည်နဲ့ အခွေထုတ်ဖို့လုပ်တော့ ဆုံးသွားတဲ့ ကိုမောင်မောင်က …

“သူက ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်သူပါ။ သူဟာ အာဏာရှင်စနစ်နဲ့ ရာထူးကြီးကြီး ယူပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။ ဘ၀တလျှောက်လုံး လက်နက်ကိုင်စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ခဲ့သူဖြစ်တယ်။ ဗမာပြည်မှာ ၁၉၆၂ ခု စစ်အာဏာသိမ်းပြီးချိန်က စပြီး ၁၉၈၈ အာဏာသိမ်း န၀တနဲ့ နအဖ စစ်အစိုးရအဆက်ဆက်မှာ အာဏာရှင်စနစ် ကြံ့ခိုင်အောင် ထမ်းပိုးပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကျမှ စစ်ဦးထုပ်ချွတ် ခေါင်းပေါင်းပေါင်းပြီး သမ္မတ တက်လုပ်တဲ့လူ ဖြစ်တယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် နာမည်စာရင်းပေးသင့်တဲ့ စံချိန်စံညွှန်းတောင် မမီသူလို့ ပြောချင်တယ်။ သူ့ကို အမည်စာရင်းသွင်းတာ နိုဘယ်လ်ဆု တီထွင်ခဲ့တဲ့ အဲလ်ဖရက်နိုဘယ်လ်ကိုတောင် အရှက်ရစေပါတယ်။ ဗမာပြည်မှာရော ကမ္ဘာကြီးမှာရော ဦးသိန်းစိန်ထက် ပိုပြီး နိုဘယလ်ဆုနဲ့ ထိုက်တန်သူတွေ အများကြီး ရှိပါတယ်။”

“မင်း ဒီသီချင်းဆိုရင် အနောက်နိုင်ငံမှာတော့ နာမည်ကြီးသွားနိုင်တယ်၊ ဒီနိုင်ငံမှာတော့ ဘယ်သူမှ မသိလိုက်ဘဲ ထောင်ထဲဝင်သွားရလိမ့်မယ်” လို့ ကျနော့်ကို ပြောခဲ့တယ်။ သူ့စကားက ကျနော့်နားထဲ စွဲသွားတယ်။ ဒါနဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ” သီချင်းကို အသံသွင်းထားပြီးမှ ဖြုတ်ထားခဲ့ရတယ်။ မှတ်မှတ်ရရ “လွမ်းရတဲ့ညတွေလွန်ပါစေ” အခွေထွက်တော့ ကျနော့်ထုတ်လုပ်သူကို “နောက်တခါဆိုရင် အခွေသွင်းရင် ဆင်ဆာဘုတ်အဖွဲ့ကို မဖြတ်တော့ဘူး” လို့ ပြောခဲ့ဖူးတယ်။ တကယ်လည်း ဆင်ဆာဘုတ်မဖြတ်ခဲ့ရဘူး၊ အဲဒီလွမ်းရတဲ့ညက နောက်ဆုံးအခွေ ဖြစ်သွားခဲ့တယ်။ ကျနော်လည်း တောထဲ ရောက်ခဲ့တယ်။ တကယ်တော့ သီချင်းတွေဟာ ကျနော့်ရဲ့ ချစ်သူသက်သက်ပဲ၊ သီချင်းဆိုရတာ ကျေနပ်တယ်။ ကျနော် ၈၈ ထွက်လာတဲ့အချိန် အောင်မြင်မှုအရှိန်က မကျသေးပါဘူး။ ကိုယ့်အနုပညာကို တော်လှန်ရေးအတွက် ရင်းလိုက်ရတာပေါ့ဗျာ။ တကယ်တော့ သီချင်းဆိုတတ်တဲ့ ဆိုနိုင်တဲ့ အရည်အချင်းကို ဘုရားသခင်က ပေးထားတာ ဖြစ်တယ်။ ဘုရားပေးတဲ့ ဆုပေါ့၊ ကျနော့်ရဲ့ အရင်းအနှီးပဲ။ အဲဒီအရင်းအနှီးကို တော်လှန်ရေးပေါ်မှာ ကျနော် စုတယ်၊ ဒီအချိန်ဟာ တော်လှန်ရေးကာလဖြစ်တယ်။

သမ္မတ ဦးသိန်းစိန်ဟာ အနှစ် ၅၀ အာဏာရှင်အဆက်ဆက်ထဲကနေ ဒီမိုကရေစီလမ်းကြောင်းကို စတင်ဖောက်နေသူလို့ သုံးသပ်ကြတယ်၊ သူ့ကို နိုဘယ်လ်ဆုအတွက်တောင် အမည်စာရင်း တင်သွင်းတာရှိတယ်။ ကိုမွန်းအောင် ဘယ်လိုမြင်လဲ။

သူက ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်သူပါ။ သူဟာ အာဏာရှင်စနစ်နဲ့ ရာထူးကြီးကြီး ယူပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။ ဘ၀တလျှောက်လုံး လက်နက်ကိုင်စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ခဲ့သူဖြစ်တယ်။ ဗမာပြည်မှာ ၁၉၆၂ ခု စစ်အာဏာသိမ်းပြီးချိန်က စပြီး ၁၉၈၈ အာဏာသိမ်း န၀တနဲ့ နအဖ စစ်အစိုးရအဆက်ဆက်မှာ အာဏာရှင်စနစ် ကြံ့ခိုင်အောင် ထမ်းပိုးပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကျမှ စစ်ဦးထုပ်ချွတ် ခေါင်းပေါင်းပေါင်းပြီး သမ္မတ တက်လုပ်တဲ့လူ ဖြစ်တယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် နာမည်စာရင်းပေးသင့်တဲ့ စံချိန်စံညွှန်းတောင် မမီသူလို့ ပြောချင်တယ်။ သူ့ကို အမည်စာရင်းသွင်းတာ နိုဘယ်လ်ဆု တီထွင်ခဲ့တဲ့ အဲလ်ဖရက်နိုဘယ်လ်ကိုတောင် အရှက်ရစေပါတယ်။ ဗမာပြည်မှာရော ကမ္ဘာကြီးမှာရော ဦးသိန်းစိန်ထက် ပိုပြီး နိုဘယလ်ဆုနဲ့ ထိုက်တန်သူတွေ အများကြီး ရှိပါတယ်။

ဒီကနေ့ အပြောင်းအလဲဟာ ဦးသိန်းစိန် ပြောင်းလဲပေးခဲ့တာ မဟုတ်ဘူး၊ စစ်အုပ်စု လမ်းကြောင်းထဲက သွားနေတဲ့ အစီအစဉ်တခုသာဖြစ်တယ်။ ဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့ အရုပ်တရုပ်ပဲ။ သူတို့ဟာ အနှစ်၂၀ ကျော် အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်တဲ့ဘ၀ကနေ နောင်နှစ်ပေါင်းများစွာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ ကြံစည်နေတာဖစ်တယ်။ ဒါကိုပဲ နိုင်ငံတကာက မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲနေပါပြီလို့ မြင်နေအုံးမယ်ဆိုရင် ကျနော်ကတော့ အဲဒီ နိုင်ငံတကာအစိုးရတွေဟာ အ တယ် န တယ်လို့ပဲ ပြောရမှာပဲ။ ပြီးတော့ ဗမာပြည်မှာလည်း ဒီမိုကရေစီပြောပြီး အတိုက်အခံ မရှိသလို ဖြစ်နေတယ်။ ရထားတဲ့ အခွင့်အရေးလေး ပျောက်သွားမလား စိုးရိမ်စိတ်နဲ့ မတရားမှန်းသိလည်း ဘာမှမပြောရဲ မဆိုရဲကြဖူး၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မီဒီယာအများစုကလည်း နှာစေးနေကြတယ်။

သာမန်ပြည်သူတွေ အရပ်သားတေကတော့ ကျွန်တွေလို အရောင်တွေမွဲပြီး စုတ်ပြတ်နေတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဘယ်လိုမြင်လဲ၊

ကျနော်တို့ သူ့ကို လူထုခေါင်းဆောင်လို့ မျှော်လင့်ခဲ့ကြတယ်။ နောက်ဆုံးမှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရွေးချယ်တယ်၊ အဲဒီမှာ လူထုခေါင်းဆောင်အဆင့်ကနေ NLD ပါတီခေါင်းဆောင်ပဲ ဖြစ်သွားတယ်၊ သူ ရည်မှန်းတာက တခုခု ဖြစ်ချင်ဖြစ်မယ်၊ ကျနော်တို့ မျှော်မှန်းနေတာက တခုခုဖြစ်ချင်ဖြစ်မယ်။ သွားတဲ့လမ်းချင်း ကွဲပါစေ၊ ပန်းတိုင်ရှိထားရင် တနေ့ ဆုံမှာပါ။

ကိုမင်းကိုနိုင်အပေါ်မှာရော ဘယ်လိုအကဲဖြတ်မလဲ။

သူက နှစ်ပေါင်းများစွာ ထောင်ထဲ တကိုယ်တည်းနေပြီး လူထုအတွက် သူ့ကိုယ်ပိုင်အခွင့်အရေးတွေ လက်လွှတ်ပြီး ပေးဆပ်ခဲ့တယ်။ အခုလည်း ဒီအတိုင်းပဲ။ လူထုက သူ့အပေါ် မေတ္တာထားပြီး ချစ်ခင်လေးစား အသိအမှတ်ပြုရင်၊ ပြည်သူ့ဆန္ဒနဲ့ အတူရှိတဲ့ ခေါင်းဆောင်မျိုးဆိုရင် သူလည်း ပြည်သူကို ဦးဆောင်မှုပေးနိုင်လိမ့်မယ်။ သူ့ရဲ့ ရွေးချယ်မှုကသာ ပဓာနကျပါတယ်။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူလုပ်သင့်တာ သူလုပ်ပါလိမ့်မယ်၊ ပြည်သူတွေ အကျိုးရှိမယ့်အလုပ် သူလုပ်နေရင် ကျနော်တို့ လက်ခုပ်တီးရမှာပဲ။

ဒီကနေ့ နိုင်ငံရေးတိုက်ပွဲပုံစံ ဘယ်လိုပြောင်းလဲနေလဲ၊ ပြည်ပနိုင်ငံရေးက ပြီးဆုံးသွားပြီလား၊ ပြည်ပနိုင်ငံရေးကို ပြည်တွင်းမှာပဲ သွားလုပ်ရမယ့် အခြေအနေမျိုးလား။

ဒီကနေ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲက မပြီးသေးဘူး၊ တောတွင်းတိုက်ပွဲလည်း ဖြစ်ချင်ဖြစ်နိုင်သေးတာပဲ၊ လောလောဆယ် စားပွဲဝိုင်းနိုင်ငံရေးတိုက်ပွဲတွေ ဖြစ်နေတယ်၊ ဥပဒေတွင်းတိုက်ပွဲတွေ၊ လူ့အခွင့်အရေးတိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်၊ သံတမန်ရေးတိုက်ပွဲတွေလည်း ဖြစ်ချင်ဖြစ်နေတာပဲ။ နိုင်ငံရေးနယ်ပယ်တခုထဲ မဟုတ်ဘူး လူမှုရေး၊ စီပွားရေး နယ်ပယ်အစုံမှာ တိုက်ပွဲတွေ ဖြစ်နေတာပဲ။

ပြည်ပနိုင်ငံရေးကလည်း မပြီးသေးပါဘူး။ လိုကိုလိုနေသေးတယ်။ အထူးသဖြင့် NGO တွေရဲ့ အထောက်အပံ့မလိုတဲ့ လှုပ်ရှားမှုမျိုးပေါ့၊ ဘာလို့လဲဆိုတော့ NGO အထောက်အပံ့ ယူရင် NGO လိုင်းထဲ ဘောင်ထဲကပဲ သွားရမယ်။ NGO ဆိုတာ အစိုးရရဲ့ လိုင်းထဲက သွားရတာ။ ဘယ်အစိုးရမဆို သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ရှိတယ်၊ သူတို့စိတ်ဝင်စားမှုနဲ့ သူတို့ လိုလားတာတွေ ရှိတယ်။ အဲဒီအတွက် ကျနော်တို့တတွေက ပေးရတယ်။ အဲလို အပေးအယူမျိုး လုပ်ရတယ်။ ဒီတော့ ကျနော်တို့ ဖြစ်ချင်တိုင်း မဖြစ်နိုင်ဘူး။ ကျနော်တို့ လိုချင်တာက သီးခြားလွတ်လပ်တဲ့ လှုပ်ရှားမှုမျိုးပါ။

ကျနော်တို့ အပြင်မှာနေသူတွေဟာ လွတ်လပ်တဲ့ လှုပ်ရှားမှုနဲ့ ပြောခွင့်တွေ ရနေတယ်။ ဘယ်အစိုးရ၊ ဘယ်ရဲမှ ခြိမ်းခြောက်မှာ မဟုတ်ဖူး၊ ကိုယ်ယုံကြည်တဲ့အရာကို ဒီမိုကရေစီနည်းလမ်းနဲ့ လုပ်ဆောင်ခွင့်ရှိတယ်။ ဒီနေ့ဗမာပြည်မှာ ပြောခွင့်နည်းနည်းပါးပါး ပေးထားပေမယ့် လုပ်ခွင့်မရကြဘူး။

ဒါဆို ပြည်ပမှာ ဘာလုပ်နိုင်မှာလဲ။

လက်တွေ့ကျကျ ပြောရရင် သမ္မတ ဦးသိန်းစိန် လာလည်ရင် ကိုယ်သဘောမကျတဲ့အကြောင်း ဆန္ဒထုတ်ဖော်နိုင်တယ်၊ ပြည်တွင်းထဲမှာ မလုပ်နိုင်တာ အများကြီး အပြင်မှာ လုပ်နိုင်တယ်။ တချိန်တုန်းက လုပ်ခဲ့ကြတဲ့အလုပ်တွေ ဒီနေ့အချိန်အခါနဲ့အညီ လုပ်နိုင်သေးတယ်။ အစိုးရ မတရားတာ၊ မဟုတ်မမှန်တာတွေကို နိုင်ငံတကာသိအောင် ထောက်ပြနိုင်တယ်။ ကျနော် ဗမာပြည်ပြန်ရင် ကြိုက်တဲ့မြို့က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ပုံစံနဲ့ စင်ထိုးပြီး သီချင်းဆိုလို့ မရနိုင်ဘူး၊ ဒီနိုင်ငံမှာ ရတယ်။ ကျနော် မြန်မာပြည်မှာ ဘွဲ့ရပြီး ၄ နှစ်လောက်ကြာမှ ၁၉၈၈ မှာ “လူ့အခွင့်အရေး” ဆိုတဲ့စကားကို ကြားဖူးတာ။ ဘယ်လောက်အထိ ပိတ်ပင်ခံထားရလဲဆိုတာ စဉ်းစားကြည့်။ အခု ပြည်ပမှာ နှစ် ၂၀ ကျော်အတွင်း အခက်အခဲတွေ ကြမ်းတမ်းခက်ထန်မှုတွေ အများကြီး ဖြတ်ပြီး နော်ဝေး လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးအရသာကို အပြည့်အ၀ ခံစားနေရတယ်။ ကိုယ့်ပြည်သူတွေကိုလည်း ခံစားစေချင်တယ်။

လက်ရှိ နော်ဝေးအစိုးရနဲ့ မြန်မာ ဆက်ဆံရေးကို ဘယ်လိုမြင်လဲ။

ဘယ်နိုင်ငံမဆို မိမိအကျိုးစီးပွားအပေါ် စိတ်ဝင်စားမှုနဲ့ပဲ ဆက်ဆံကြတာပါ။ တရုတ်ဝင်တာလည်း ဗမာတွေ ဘာဖြစ်နေလဲဆိုပြီး စဉ်စားပြီး ၀င်တာ မဟုတ်ဘူး။ သူတို့လိုချင်တာ ရဖို့ ၀င်တာပါ။ နော်ဝေးကတော့ တရုတ်ထက်ယှဉ်ရင် နည်းနည်းသာတယ်လို့ ပြောလို့ရတာက မြန်မာနိုင်ငံကို ထောက်ပံ့ကူညီတယ်။ မြန်မာတွေကို ဒုက္ခသည်အဖြစ် လက်ခံတယ်၊ ဒီမိုကရေစီရေးကို စဉ်းစားပေးတယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နော်ဝေး ၀င်တယ်ဆိုတာက မိမိတို့သြဇာနဲ့ ဂုဏ်သိက္ခာအပြင် မြန်မာအပေါ် လွှမ်းမိုးတဲ့ တရုတ်နိုင်ငံရဲ့ သြဇာကို ပါးလွှာစေနိုင်တယ်။ စီးပွားရေးအကျိုးအမြတ်လည်း ရှိကြမှာပါ။ အခုလုပ်နေတဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးကိစ္စ၊ သဘာဝဓာတ်ငွေ့ကိစ္စလည်း သူတို့ မရှုံးနိုင်ပါဘူး။

အခုအချိန်မှာ ပြန်သွားတဲ့ အနုပညာရှင်တွေလည်း ရှိကြတာပဲ၊ ကိုမွန်း ဗမာပြည် ပြန်ဖို့ အစီအစဉ်ရှိလား။

တခြားအဆိုတော်တွေ ပြန်တာလည်း ရှိနေတာ ကြားပါတယ်။ သူတို့ ဘယ်တုံးက ထွက်ခဲ့တာလဲ၊ ဘယ်လို ထွက်ခဲ့တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့် ထွက်တာလဲဆိုတာ ကြည့်ဖို့ လိုမယ်ထင်တယ်။ ပြီးတော့ ဘယ်လိုပြန်သွားလဲ ဆိုတာပေါ့။ ကျနော်က ထွက်ကတည်းက ရည်ရွယ်ချက်နဲ့ အစီအစဉ်ရှိရှိ ထွက်လာတာ ဖြစ်တယ်။ ဒီအစီအစဉ်က အဆိုတော် မွန်းအောင်လို့ မဖြစ်ခင်ကတည်းက စိတ်ထဲမှာ ဆုံးဖြတ်ချက်ကျပြီးသား အစီအစဉ်ဖြစ်တယ်။ စိတ်ဓာတ်အရင်းခံတူတဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကြား ချိတ်ဆက်ထားတာတွေ ရှိတယ်။ ဒီနေ့ KIA က ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နဲ့ ကျနော်တို့က ရင်းနှီးသူတွေ၊ ကျနော့်ထက်သူက နည်းနည်းငယ်တယ်၊ ကျောင်းသားဘ၀က တီးဝိုင်းအတူတီးတယ်၊ ၈၂ အင်းလျားမှာ ဘေ့စ်ဂစ်တာတီးတဲ အာခေါင်လွန်းက အခု ကေအိုင်အေ တပ်မဟာ (၁) ရဲ့ တပ်မဟာမှူးပါ။ ဒီလူတွေက စစ်သားတွေသာ ဖြစ်ကုန်တာ ကြမ်းတမ်းသူတွေ ရက်စက်တဲ့လူတွေလည်း မဟုတ်ဘူးဗျ။ အနုပညာသမား၊ ဂီတကို မြတ်နိုးတဲ့လူတွေ ...။

ဗမာပြည်သွားဖို့ ၀င်ပေါက်တောင် မနည်းရှာရအုံးမှာပဲ။ စစ်အုပ်စုက အပေါ်စီးမှာ နေတုန်းပဲ။ ၀င်ခွင့် အသနားခံစာ ရေး တောင်းရအုံးမယ်၊ မပေးရင် အရှက်ရအုံးမယ်။ ၀င်ခွင့်ရတော့လည်း ထောင်ထွက်တွေလို ၀န်ခံလက်မှတ်တွေနဲ့၊ ကျနော် သီချင်းဆိုခွင့် ရမရတောင် မပြောနိုင်ဘူး။ ဒီနိုင်ငံတွေမှာ စင်ပေါ်က အဆိုတော် ဘာပြောပြော၊ ဘာဆိုဆို ဘယ်ရဲကမှ နိုင်ငံရေးတို့၊ အစိုးရကို ဝေဖန်တယ်တို့ ဆိုတဲ့အမြင်မျိုးနဲ့ မချည်းကပ်ဘူး၊ ရဲအလုပ်က လုံခြုံရေး၊ ပွဲကြည့်သူ အနှောက်အယှက်မဖြစ်အောင် စောင့်ရှောက်ရေးပဲ။ ဗမာပြည် ပြန်ရင် သီချင်း လွတ်လွတ်လပ်လပ် ဆိုရမလား၊ ဒီသီချင်း မဆိုရဘူး၊ ဒီသီချင်းပဲဆို ဆိုတာမျိုးလား၊ ကျနော် နားလည်တာကတော့ ဦးသိန်းစိန်က လူကြားကောင်းအောင်ပဲ တံခါးဖွင့်ပေးတာပါ။ ကျနော်တို့ကို နိုင်ငံခြားသားလိုပဲ နေခိုင်းပြီး မလုပ်ရဘူး ဆိုတာတွေ မလုပ်ခိုင်းဘူး၊ အချိန်တန်ရင် ပြန်ခိုင်းမှာပဲ။ ဒီတော့ ကျနော် နော်ဝေးမှာပဲ သေချင်သေသွားပစေ ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး။ ဗမာပြည်သူတွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အပြည့်အ၀ရတဲ့အချိန်ပဲ ကျနော်တို့ အလိုရှိနေတာပါ။

နောက်ထပ် အခွေသစ် ထုတ်ဖို့ အစီအစဉ်ရှိလား။

ကျနော့်မှာ သီချင်းတွေလည်း ရှိတယ်၊ အစီအစဉ်လည်း ရှိပြီးသားပါ။ ခက်တာက နော်ဝေးမှာ ကျနော့်အတွက် ဂီတ မိတ်ဆွေမရှိဘူး၊ အစောတုန်းက နေ၀င်းဌေးနဲ့ တီးရင်း သီချင်းတွေ တိုက်နေတာ။ နောက်တော့ နေ၀င်းဌေးလည်း ဆုံးသွားတော့ အခု လက်မောင်းတဖက် ပြုတ်သလို ဖြစ်နေတယ်။ သီချင်းတွေလည်း ရှိတယ်၊ အခွေလည်း ထုတ်ချင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်သေးဘူး။ ကျနော့်သီချင်းတွေကိုတော့ အသုံးတည့်သူတွေ အခမဲ့ သုံးစွဲခွင့်ပြုထားပါတယ်။ တော်လှန်ရေးအတွက် လိုအပ်သလို သုံးနိုင်တယ်။ ဘယ်သီချင်းမှ ပိုက်ဆံမတောင်းသလို ဘယ်ပွဲမှလည်း ပိုက်ဆံတောင်းပြီး သီချင်းမဆိုခဲ့ပါဘူး။

ကိုမွန်းအောင် ပရိသတ်တွေကို ဘာပြောချင်သေးလဲ။

ကျနော် သီချင်းတွေချည်းဆိုနေမယ့် အနုပညာရှင် အဆိုတော် မဟုတ်ဘူးပေါ့ဗျာ၊ ပြီးတော့ သီချင်းဆိုပြီး ပိုက်ဆံရှာမယ့် အဆိုတော်လည်း မဟုတ်ဘူး၊ ပြီးတော့ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ကျနော်ဟာ မဟုတ်မမှန်တာ မတရားတာ ဖိနှိပ်မှုတွေ၊ မျက်ရည်တွေ၊ အသက်တွေ ဘ၀တွေနဲ့ ဖတ်ခဲ့ဖူးတဲ့ စာတွေကို ရင်းနှီးပြီး တော်လှန်သွားမယ့် တော်လှန်ရေးသမားသက်သက် ဖြစ်တယ်။ ပြီးတော့ သီချင်းဆိုတဲ့ လူတယောက်၊ တော်လှန်ရေးအတွက် တော်လှန်ရေးသီချင်းတွေ ဆိုနေအုံးမယ့် တော်လှန်ရေးသမားတယောက် ဆိုတာပဲ သိစေချင်တာပါ။

ကိုညို (အော်စလို)
(ဒီအင်တာဗျူးဟာ မြစ်မခမီဒီယာအတွက် ရည်စူးရေးထားတာမို့ ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းတွေ အသုံးပြုချင်ရင် မြစ်မခမီဒီယာနဲ့သာ ဆက်သွယ်ပါ)

7 comments:

nancy kyaw said...

ကေအိုင်အေကောင်မှန်းသိသာလိုက်တာအတွေးအခေါ်တွေကိုက
ပြန်မလာပါနဲ့ တိုင်းပြည်အတွက်ဘာမှအသုံးမဝင်တဲ့သူ
နော်ဝေမှာဘဲအောက်တန်းစားဘဝနဲ့လူ့အခွင့်အရေးကိုခံစားနေပါ

မောင်ပြောချင် said...

မွန်းအောင်က ဘာတွေ ပြောဘာတွေဆိုချင်တာလဲရဲရဲ သာပြန်ခဲ့ကြည့်ပါ မဖမ်းပါဘူး။ခင်ဗျားတို့လို မဖြစ်ညစ်ကျယ် ကိုယ့်ကိုကိုယ်တော်လှန်ရေး သမားထင်နေတဲ့လူကို အလုပ်ရှုပ် နာမည်ပျက်ခံပြီးမဖမ်းပါဘူး။နိုင်ငံရေး ထမင်းဂျိုးဟင်းဂျိုးတွေကများ ကြီးကြီးကျယ်ကျယ်ကွာ။

Kyaw Zeyya said...

It is better for Myanmar. Don't come back forever!!!

Tomahawk said...

KO MON AUNG,

Hat-off for the interview and great to know that you are such a great person and a warrior.
What you said is extremely true.
i just have to come out and write this comment how appreciate i am to read your interview because there are a lot of regime's shit eater dogs here are writing stupid words.

Myat Su Han said...

i love u ko moon aung.

nga ba said...

အနုပညာသမားပီပီ..
ကိုယ့်အမြင်၊ ကိုယ့်ခံစားချက်၊ ကိုယ့်ခံယူချက် စတာတွေကို အများကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ.. လက်ခံခြင်း၊ လက်မခံခြင်း ဘယ်လိုပဲရှိရှိ စိတ်ထဲမှာရှိတာကို မဖုံးမကွယ် အရှိကို အရှိတိုင်း ရိုးသားစွာ ထုတ်ဖော်တင်ပြရဲတာကို လေးစားတယ်၊ ကြိုက်တယ်။
ရိုင်းချင်ရိုင်းမယ်၊ ယဉ်ချင်ယဉ်မယ်.. ရှေ့တမျိုး၊ ကွယ်ရာတမျိုးနဲ့ နိုင်ငံရေးအမြတ်ထုတ်ချင်ကြတဲ့ လူမျိုး မဟုတ်တာကတော့ သိသာပါတယ်။
သူထွက်သွားတဲ့ကာလက သူအရမ်းအောင်မြင်နေချိန်၊ နာမည်ကြီးနေချိန်.. အနုပညာသြဇာ အားကောင်းနေချိန်..
လူ့သဘာဝအတိုင်း.. အောင်မြင်မှုအရှိန်အ၀ါအပေါ် ငြိမ့်ငြိမ့်လေး အရသာခံ၊ လူပေါ်လူဇော် လုပ်ဖို့အကောင်းဆုံးအချိန်..။
မှန်သည်မှားသည် အပထားပါ.. တော်ယုံခံစားချက်၊ ယုံကြည်ချက်နဲ့တော့ အချိန်တွေအများကြီးနဲ့ ပေးဆပ်ခဲ့ရတဲ့ အောင်မြင်မှုတွေကို ထားပစ်ခဲ့ဖို့ မလွယ်လောက်ဘူးလို့ ထင်ပါတယ်။

N Aung said...

Ko Moon Aung..

May your wish come true!!!
and
May GOD bless you always!!