Saturday, May 11, 2013

ဘာညာ စုံစမ်းစစ်ဆေးရေးကော်မရှင်

ဘာညာ စုံစမ်းစစ်ဆေးရေးကော်မရှင်
(Myanmar Journal's Facebook Status မှ ကူးယူဖော်ပြပါသည်။)

“အဖေ”

“ဟေ ... ဘာလဲသား”

“ကျောင်းမှာ သား ခဲတံပျောက်သွားလို့”

“ဟင် ... မင်းဆရာမကို သွားမတိုင်ဘူးလား”

“တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ”

“အေး ... သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သား ခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ”

“ဆရာမက ခေါင်းဆောင်ပြီး အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲ့ ဖွဲ့ခိုင်းတယ် အဖေ၊ အဲ့ဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား ၃ ယောက်ကို ဆင့်ခေါ်ပြီး ဆရာမ စိတ်ကြိုက်အဖွဲ့ ဖွဲ့ရတာပေါ့”

“အင် ... အဲ့ဒီလို လုပ်လို့ အဆင်ပြေပါ့မလား သားရဲ့”

“ပြေတယ် အဖေရ”

“ဟုတ်ရဲ့လား ... ဘယ်လိုပြေတာတုန်း”

“သားတို့ အတန်းခေါင်းဆောင်က အတန်းထဲမှာရှိတဲ့ လူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီး ဆရာမဆီကို စစ်ဆေးပြီး ရလာတဲ့ အဖြေကို စာတင်ရတယ် အဖေရဲ့”

“အဲ့ဒီတော့ သားခဲတံ ပြန်တွေ့ရောလား”

“တွေ့တော့ မတွေ့ဘူး အဖေ ... ဒါပေမယ့် သား ကျေနပ်တယ်”

“ဟင် ... ဘယ်လိုကြီးတုန်း သားရဲ့”

“အတန်းခေါင်းဆောင်ရဲ့ အစီရင်ခံစာအရ ... သားရဲ့ ခဲတံဟာ အိမ်ကနေ ကျောင်းအထိ ပါလာတာ မသေချာကြောင်း၊ သေချာပါကလည်း မည်သူတဦးတယောက်ဆီမှာမှ မတွေ့သောကြောင့် အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်ကြောင်း၊ အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်သောကြောင့် အခြားနေရာများကို စဉ်းစားကြည့်သောအခါ ကာယကံရှင်အား မေးမြန်းချက်အရ မည်သည့်နေရာကိုမှ မယူသွားကြောင်း ထွက်ဆိုခြင်းကြောင့် အတန်းထဲရှိ ထောင့်တနေရာမှာ ကျနေနိုင်ကြောင်း၊ သို့သော် တခန်းလုံးအား ပိုက်စိပ်တိုက်ရှာကြည့်သောအခါ မည်သည့်နေရာမှ ရှာမတွေ့သောကြောင့် ထိုစဉ်းစားချက်မှာလည်း မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပျောက်ဆုံးသွားသော ခံတံအား ရှာဖွေရန် ပြီးမြောက်ဖို့အတွက် အောက်ပါအချက်များထဲမှ နည်းလမ်းတခုအား ဆောင်ရွက်သင့်ကြောင်း ဆရာမအား အကြံပြုအပ်ပါသည်။

(၁) ပျောက်ဆုံးသွားသော ခဲတံအား အသစ် ပြန်ဝယ်ပေးခြင်း

(၂) ထိုပျောက်သွားသော ခဲတံအား ထပ်မံရှာဖွေရန် လုံလောက်သော လူအင်အား ထပ်မံဖြည့်တင်းပေးရန်

(၃) ပျောက်သွားသော ခဲတံအား ထပ်မရှာဘဲနေခြင်းတို့ ဖြစ်ပါသည်။ ... လို့ ဆိုထားတယ် အဖေ”

“ဟ ... မင်းတို့ဟာက ရှည်လျားလှပါလား၊ ပျောက်နေတဲ့ ခဲတံလည်း ပြန်မတွေ့ဘူး၊ ဖတ်ရတာကလည်း ဘာကို ဆိုလိုမှန်းမသိဘူး”

“ဒါပေမယ့် သား ကျေနပ်တယ် အဖေ”

“မင်းကလည်း ကျေပဲကျေနပ်နေတာပဲ ... ဒီလောက်တောင် ကျေနပ်နေတာ ဘာကို ကျေနပ်တာလဲ”

“အဖေပဲ စဉ်းစားကြည့်လေ”

“အင်း ... ငါက ဘာကို စဉ်းစားရမှာလဲ”

“သားခဲတံ ပျောက်သွားလို့ ဘာမှ မလုပ်ပေးတာထက်စာရင် အခုလို သားအတွက် အစီရင်ခံစာအရှည်ကြီး ဖတ်ရတော့ သား တန်တာပေါ့ အဖေရဲ့။ ပြီးတော့ ရှာနေတဲ့ အချိန်တွေမှာ သားတို့ စာမသင်ရဘူးလေ ... အဲ့ဒါ ကျေနပ်စရာပေါ့ အဖေရဲ့ ... အဖေက ဒါလေးတောင် မသိဘူး”

Credit : သရော်စာ - satire

2 comments:

Hurricane Sandy said...

good idea.spot light for burma judgement.

Unknown said...

မိုက်တယ်