Tuesday, April 2, 2013

ဧပြီအရူးများ

ပြီရူးများ
ငြိမ်းချမ်းအေး

တကယ်မရူးပါဘဲ
ခေတ် “ကောင်း” လို့
ရူးချင်ယောင်ဆောင်နေကြတဲ့
အရူးပါးတွေရဲ့
တိုင်းပြည်မှာ
“April Fools” နဲ့ အတူ
“အရူးလုပ်ခြင်း” ကို
သိလျက်နဲ့ ..
“သိဒ္ဓိ” တင်ပေးခဲ့ခြင်း
ဒီနေ့ .. တနှစ်ပြည့်ပြီ ..။

အတန်းထဲ အသစ်ရောက်လာလို့
ဈေးခေါ်ကောင်းနေတဲ့ သူလို
ကမ္ဘာ့ ကာလသား ပန်းဦးဆွတ်ချင်သူတွေ
ဝိုင်းဝိုင်းလည်နေတဲ့
ဒီ တနှစ်အတွင်း ..
ကိုကာကိုလာ၊ ဟီလာရီ၊ အိုဘားမားကနေ
ဘုန်းတော်ကြီး တူးတူး အလယ် ..
မိုက်ကယ်လန်း အဆုံး
ဦးခိုက်ရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကြီးတွေအပြည့်နဲ့
ဒီ တနှစ်အတွင်း ..
မိုဘိုင်းဖုန်းတွေ ဈေးမကျဘဲနေပါ့မယ် ..
ကားမော်ဒယ်အသစ်တွေ မသွင်းရရင် ဒုက္ခဖြစ်သွားမယ် ..
အင်တာနက်တွေ ပိုနှေးသွားပါ့မယ် ..
ဒီလို .. “သူတောင်းစား ထမင်းဝ” သောကတွေနဲ့ ..
“နောက်ပြန်လှည့် အကြောက်” တရားကို
ဒီမိုကရေစီ နိဗ္ဗာန်ရောက်ကြောင်း “အမြိုက်” တရားအလား
ထမင်းဝနေသူ လူလည်ကြီးများက အတွင်တွင် ဟော .. “ခြောက်” ရင်း ..
အလုပ်သမားသပိတ်တွေ
လူတန်းစားပျက်တွေရဲ့ တံတွေးခွက် ပက်လက်မျောခဲ့ရ
မြေယာတိုက်ပွဲတွေ
လူ့ကပ်ပါးတွေရဲ့ အငြူစူ၊ အစောင်းမြောင်းခံရ
တိုင်းရင်းသားအခွင့်အရေး အသံတွေ
လူ့အန္ဓ ဗာလာနံတွေရဲ့ ပြက်ရယ်ပြု ခံရ
ဒီလိုနဲ့ ..
အနာဂတ်ဒီမိုကရေစီ ဘုရားအသွင်ဆောင်
စစ်ခရိုနီရဲ့ လူထုဇက်ပေါ် ဝဲမြဲ ဝဲမယ့် “ဓား” အတွက်
မီးလောင်ဗုံးဒဏ်ခံ နင်းပြား အငတ်ထုကြီးရဲ့
“ကျော” တွေ “တံတား” လို ချနင်းခံခဲ့ရတဲ့
“ဧပြီအရူးများ” ကြီးစိုးတဲ့
နှစ် .. တနှစ် .. ဖြစ်ခဲ့ရပြီပေါ့ ..။

ငြိမ်းချမ်းအေး
ဧပြီ ၁၊ ၂၀၁၃

(မိုးမခ အွန်လိုင်းစာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

1 comment:

အားလုံးကိုချေမှူန်းမယ် said...

အပြောတွေ လျှော့ပါ

အစီစဉ် ရှိရှိအလုပ်လုပ်စေချင်ပါတယ်

ဝန်ထမ်းရော ပြည်သူရော တူညီတဲ့ဆန္ဒက

ဘယ်အစိုးရတက်တက် အေးအေးချမ်းချမ်းနဲ့

တည်တည်ငြိမ်ငြိမ်နဲ့ လောကကြီးကိုကျော်ဖြတ်ချင်တာပဲ။

ကျောင်းပိတ်ရာသီမှာ မိသားစု အတူနေချင်လို့ အစွန်အဖျား

က ဝန်ထမ်းအပြောင်းအရွှေ့ တွေ့ ဆောင်ရွက်စေချင်ပါ

တယ်။