Wednesday, March 27, 2013

လက်ပံတောင်းသည် ဒီမိုကရေစီအရေး၊ လူမျိုးရေးမုန်းတီးမှုသည် ဒီမိုကရေစီဆန့်ကျင်ရေး

လက်ပံတောင်းသည် ဒီမိုကရေစီအရေး၊ လူမျိုးရေးမုန်းတီးမှုသည် ဒီမိုကရေစီဆန့်ကျင်ရေး
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လက်ပံတောင်းတောင်နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာအထိ မကျေနပ်မှုတွေ ဖြစ်တယ်။ စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ ထောက်ခံလိုက်တဲ့ လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာပြီးနောက်မှာ လယ်သမားတွေရဲ့ မကျေမနပ် ကန့်ကွက်မှုတွေ ပေါ်ထွက်လာတယ်။ ပညာရှင်တွေက လိုအပ်ချက်တွေကို ထောက်ပြကြတယ်။ ပတ်ဝန်းကျင် ပညာရှင်တွေလည်း ပါတယ်။ သတ္တုလုပ်ငန်းကို နားလည်တဲ့ပညာရှင်တွေလည်း ပါတယ်။ ရှေ့နေတွေကလည်း ဥပဒေရှုထောင့်ကနေ ကန့်ကွက်တယ်။ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားတဲ့ နိုင်ငံခြားသား သတင်းသမားတွေ ပညာရှင်တွေကတောင် အသံထုတ်ဝေဖန်လာတယ်။

ဒီလို အချိန်မှာ မိတ္ထီလာမီး ထလောင်တယ်။

မိတ္ထီလာ အရေးအခင်းဟာ အစိုးရလုပ်တဲ့ မီးပဲ။ လက်ပံတောင်း အကျပ်အတည်းကို ရှောင်လွှဲဖို့ အစိုးရက အာရုံလွှဲလိုက်တဲ့ မီးပဲ။ မိတ္ထီလာမှာ လူတွေ မရှုမလှ သေဆုံးကြ၊ မီးတွေလောင်ကြ ပြည်သူတွေ အိုးအိမ်ပျက်စီးကြ၊ ကျီးလန့်စာစား ကြောက်လန့်ကြ၊ အလုပ်အကိုင် ပျက်စီးကြ... ဒါတွေအားလုံးဟာ အစိုးရ လက်ချက်ချည်းပဲ။ မိတ္ထီလာ အရေးအခင်းမှာ တာဝန်အရှိဆုံးနံပါတ်တစ်က အစိုးရပဲ။

အစိုးရကို တည့်တည့် လက်ညှိုးထိုးတော့ ဖဘ ပေါ်မှာ အစိုးရက လစာပေးရေးခိုင်းထားတဲ့ ကီးဘုတ်လူသတ်သမားတွေကတော့ မခံမရပ်နိုင်ဖြစ်ပြီး ကက်ကက်လန်အောင် ရန်ထောင်ကြဦးမှာပဲ။ ထစ်ကနဲရှိ မင်းတို့က အစိုးရပဲ လက်ညှိုးထိုးချင်တယ်လို့ ပြောဦးမှာပဲ။ အဲသလိုပြောမယ့်သူတွေကိုလည်း ပြောထားရဦးမယ်။ စစ်အာဏာရှင် သက်တမ်းတလျှောက်မှာ လူထုကို အစီအစဉ်ရှိရှိနဲ့ ဒုက္ခပေးတာ စစ်အာဏာရှင် အစိုးရ တခုတည်းသာ ရှိတယ်။ ကြိုက်သလိုလေ့လာ ဒါဟာ အမှန်တရားပဲ။

“လက်ပံတောင်းမှာ သင်္ကန်းခြုံပြီး အိပ်နေတဲ့ ဘုန်းတော်ကြီးတွေကို မီးလောင်ဗုံးနဲ့ ခွဲတယ်။ မိတ္ထီလာမှာ မီးရှို့ လူသတ်တဲ့ လူတွေကိုတော့ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေတယ်။ ဒါကိုကြည့်ရုံနဲ့ အစိုးရရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာ သိသာတယ်။”

မထိန်းသိမ်းပဲ ကြီးထွားလာတဲ့အထိ လက်ပိုက်ကြည့်ခဲ့တယ်

ဒီပွဲမှာ အစိုးရကြောင့်လို့ ဘာ့ကြောင့်ပြောသလဲ။ ရွှေဆိုင်မှာ ရွှေလာရောင်းတဲ့လူတွေက အစိုးရလူတွေလား လို့ တချို့က မေးမယ်။ ဟုတ်ချင်မှ ဟုတ်မယ်။ ရွှေဆိုင်မှာ ရန်ဖြစ်တာဟာ သာမန်ရန်ဖြစ်မှုဖြစ်ဖို့ များတယ်။ သာမန်ရန်ဖြစ်မှုကို ထိထိရောက်ရောက် အရေးယူမယ်။ ဆွမ်းကြီးလောင်းမယ့်လူတွေကို ထိထိရောက်ရောက် ဟန့်တားမယ်ဆိုရင် ဒီလောက်ကြီးထွားလာစရာ အကြောင်းမရှိဘူး။

ဒီတော့ ကျုပ်တို့ ဒီမိုကရေစီ ဂုရုကြီးတွေ ပြောသလို ရဲတွေကို လေ့ကျင့်သင်တန်း မပေးလို့လား။ ဒါကတော့ လုံလောက်တဲ့ ဆင်ခြေမဟုတ်ဘူး။ ဒါဟာ ဆင်ဝှေ့ရန်ရှောင် စကားမျှသာ ဖြစ်တယ်။ အာဏာပိုင် အစိုးရဘက်က ဖေးဖေးမမ ဝင်ကာတဲ့ စကားမျှသာ ဖြစ်တယ်။ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးတဲ့စကားမျှသာ ဖြစ်တယ်။ လွတ်လပ်ရေးရပြီးကတည်းက ဒီလူတွေပဲ လုံခြုံရေး လုပ်လာတာ၊ တည့်တည့်ပြောရရင် လုပ်စားလာတာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ အံတိုနေပြီ။ ဒီလောက်မှ နားမလည်ရင် ဒီလောက်ကြာ အောင် အာဏာထိုင်ခုံပေါ် ထိုင်မနေနိုင်ဘူး။ မိတ္ထီလာမှာ ရဲတွေ မထိန်းတာ မထိန်းတတ်လို့ မဟုတ်ဘူး။ ထိန်းသိမ်းဖို့ အမိန့်မရလို့ မထိန်းတာ။ ထိန်းဆိုတာကလည်း ပစ်ဖို့ခတ်ဖို့ ပြောတာ မဟုတ်ဘူး။ သူတို့က အားအားရှိ ပစ်ဖို့ပဲ စဉ်းစားနေတာဆိုတော့ ထိန်းပါပြောတာကို ပစ်ခိုင်းတယ်ထင်ပြီး ဒီမိုကရေစီ ခေတ်မို့လို့ ပစ်လို့မရဘူး၊ ခတ်လို့ မရဘူး ဆိုပြီး ပြောကြပြန်ရော။ ဘယ်သူက သူတို့ကို ဝင်သတ်ခိုင်းနေလို့တုန်း။ ခက်ပဲ ခက်ရချည်သေးရဲ့။ သတ်နေတာကို မသတ်အောင် တားပါဆိုမှ သူတို့က အားအားရှိ၊ ပစ်မယ် သတ်မယ်ဆိုတာချည်းပဲ။ ပစ်တဲ့ခတ်တဲ့ နည်းကလွဲပြီး တခြားနည်း မလုပ်တတ်တော့ဘူးလား။

“မိတ္ထီလာမှာ စဖြစ်ဖြစ်ချင်း ရွှေဆိုင်တွေ ဖျက်ဆီးနေတာ ၂ နာရီကျော်ကြာတယ်။ ဘယ်သူမှ လာမထိန်းဘူး” လို့ အာအက်ဖ်အေမှာ မိတ္ထီလာမြို့ခံ ကုန်သည်ကြီး ဦးလှမြင့်က ဖွင့်ပြောသွားတယ်။ မျက်စိရှေ့မှာ အကြမ်းဖက်နေတာ၊ လုယက်တိုက်ခိုက်နေတာကို ဘာ့ကြောင့် လက်ပိုက်ကြည့်နေတာလဲ။ ဘာသဘောလဲ။ ၂ နာရီကြာအောင် ဘာမှ မလုပ်တာဟာ လက်ပိုက်ကြည့်နေတာ မဟုတ်လို့ ဘာလို့ ဆိုဦးမတုန်း။

လက်ပံတောင်းမှာ သင်္ကန်းခြုံပြီး အိပ်နေတဲ့ ဘုန်းတော်ကြီးတွေကို မီးလောင်ဗုံးနဲ့ ခွဲတယ်။ မိတ္ထီလာမှာ မီးရှို့၊ လူသတ်တဲ့လူတွေကိုတော့ ဘာမှ မလုပ်ဘဲ လက်ပိုက်ကြည့်နေတယ်။ ဒါကိုကြည့်ရုံနဲ့ အစိုးရရဲ့ သဘောထား ဘယ်လိုရှိတယ် ဆိုတာ သိသာတယ်။

ကိုမင်းကိုနိုင် ရောက်သွားပြီး ချက်ချင်း ထုတ်ပြောတယ်။ လုံခြုံရေးတွေ ရပ်နေတဲ့ ကြားထဲကဝင်ပြီး လုယက်တိုက်ခိုက်သတ်ဖြတ်နေတာကို အမိန့်မရလို့ဆိုပြီး ဒီအတိုင်းကြည့်နေတယ်လို့ ထောက်ပြတယ်။ ဒီလိုထောက်ပြတာတောင် ချက်ချင်း အရေးမယူဘူး။ မတုန့်ပြန်ဘူး။ ဆက်လွှတ်ပေးထားလိုက်သေးတယ်။ ဒါ့ကြောင့် အစိုးရကို လက်ညှိုးထိုး တာဖြစ်တယ်။ အစိုးရက ဒီမီးကိုလောင်စေချင်တယ်။ ဒီမီးတောက်ကို ကြီးစေချင်တယ်။ တောက်ပါစေ၊ သတ်ပါစေ။ လူမျိုးရေး မုန်းတီးမှု ကြီးသထက်ကြီးလေ သူတို့ အတွက် ကောင်းလေလို့ သဘောထားတယ်။ (ကြီးတဲ့အတိုင်းအတာကို ဘယ်လောက်အထိ ကြီးစေချင်သလဲ ဆိုတော့ သူတို့ အာဏာကို မခြိမ်းခြောက်တဲ့ပမာဏအထိ ကြီးစေချင်တယ်။ အဲဒီအထက်ပိုလာမှ ထိန်းပါတယ်။)

ဒီတော့ အဓိကရုဏ်းကို ကြီးလာအောင် စောင့်ကြည့်တယ်၊ လက်ပိုက်ကြည့်တယ်။ ဒီလိုလုပ်နေခြင်းအားဖြင့် စစ်တပ်လာပါ တော့ ၊ ကူပါတော့ ဆိုတာမျိုးလည်း ဖြစ်စေချင်တယ်။ စစ်တပ်မရှိရင် တိုင်းပြည်ကို ထိန်းမရဘူးဆိုတဲ့ အမြင်မျိုးလည်း မြင်စေချင်တယ်။ အဲဒီအမြင်ကို ဦးအောင်မင်းက မိတ္ထီလာမှာ ပေါ်တင် ဖြန့်တယ်။ “လူတွေက ရဲကို မကြောက်ဘူး။ စစ်တပ်မှ ကြောက်တာ” လို့ပြောတယ်။ စစ်တပ်ကယ်တင်ရှင် အတွေးအခေါ်ကို နောက်ကနေ တဘက်လှည့် အောက်လမ်းနည်းနဲ့ ဖဘနဲ့ ဂျာနယ်တွေထဲမှာ ရှိတဲ့ သူတို့ ဒလျှိုဒလန်တွေက တဆင့် ထပ်ပြီး ဝါဒပြန်ဖြန့်တယ်။ တခြားတဘက်မှာ လူမျိုးရေး ဘာသာရေး အမုန်းကိုလည်း ရေလောင်းပေါင်းသင် မွေးမြူထားပြီးသား ဖြစ်သွားတယ်။ နောင်လိုချင်ရင် လိုသလို အသုံးချလို့ ရမယ်လို့ တွေးတယ်။ ဒါ့အပြင် နောက်ထပ် တခြား တဘက်မှာ သူတို့ ခေါင်းပေါ် တက်လောင်နေတဲ့ လက်ပံတောင်းမီး...... ၊ အဲဒီမီးအပေါ်မှာ ရောက်နေတဲ့ လူထုရဲ့ အာရုံကို လွှဲထားပြီးသားလည်း ဖြစ်သွားမယ်။ ဒါပါပဲ။ ဒီပွဲမှာ အစိုးရရဲ့ လုပ်ရပ်က ဒါပဲ။

အစီအစဉ်တကျ အကြမ်းဖက်ဖျက်ဆီးမှု

ဒါ့အပြင် ရမည်းသင်းမှာ ရွာကအိမ်တွေကို လူတွေသွားပြီး မီးရှို့သွားတဲ့လုပ်ရပ်။ ကားသုံးစီးနဲ့ လာရှို့တယ်တဲ့။ ဒီလို လူအများအပြား ကားနဲ့ သွားရောက်မီးရှို့တယ်ဆိုတာ သာမန်ပြည်သူတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ အဖွဲ့အစည်းတခုခုကနေ အစီအစဉ်တကျ လုပ်တဲ့ လုပ်ရပ်။ စစ်ဆင်ရေးဆန်တဲ့ လုပ်ရပ်။ ဒါမျိုးကို အသင်းအဖွဲ့ မပါဘဲ လုပ်လို့မရဘူး။ အခု ဖြစ်တဲ့ ဘာသာရေး အဓိကရုဏ်းမှာ သာမန်ပြည်သူတွေကမူစလင်ဆန့်ကျင်ရေး အဖွဲ့အစည်း ဖွဲ့ပြီး စည်းရုံးလှုပ်ရှားတဲ့ အဆင့် မရှိသေးဘူး။ ဒီတော့ ဒါဟာ သာမန်ပြည်သူတွေ ရဲ့ လက်ချက်မဟုတ်ဘူးလို့ ဆိုချင်တယ်။

နောက်တချက်က အနီးအနား တခြား မြို့ကြီးတွေမှာ စာရွက်စာတမ်းတွေ ဝေတဲ့ ကိစ္စ။ မိတ္ထီလာမှာလည်း အဓိကရုဏ်း မစတင်ခင်မှာ အချိန်အများကြီး ကြိုတင်ပြီး စာရွက်တွေဝေခဲ့တယ်။ ရမည်းသင်းမှာ မဖြစ်ခင်လည်း စာရွက်တွေ ဝေခဲ့တယ်။ တခြားမြို့တွေမှာလည်း အခုထိ စာရွက်ဝေကြတယ်။ ဒီလို စာရွက်ဝေတာတွေကို တွေ့တော့ အခုနောက်ပိုင်းမှာ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက အောက်လမ်းနည်းသုံးပြီး အတိုက်အခံယောင်ယောင် ဘာယောင်ယောင်နဲ့ စာရွက်တွေဝေတတ်တာကို သွားသတိရမိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးတို့ ဒေါ်အမာ ဆန့်ကျင်ရေးတို့ကို ကြံ့ဖွတ်တွေ စာရွက်ဝေခဲ့ဖူးတာကို မှတ်မိကြမှာပါ။

ဒီလို အစီအစဉ်တကျ လှုံ့ဆော် တိုက်ခိုက်မှုတွေကို လုပ်တဲ့သူဟာ ဗုဒ္ဓဘာသာ အစွန်းရောက်ဂိုဏ်း သို့မဟုတ် အစိုးရ ဒလျှို လက်ကိုင်တုတ် တွေသာ ဖြစ်နိုင်တယ်။ ပိုပြီး ဖြစ်နိုင်တာကို ပြောရရင် အဲဒီအမျိုးအစား နှစ်ခုစလုံးနဲ့ အကြုံးဝင်သော တခုတည်းသော အဖွဲ့အစည်းဖြစ်ဖို့ ပိုများပါတယ်။ ဒါမျိုးကို လူမသိအောင် ဖုံးဖိပြီး လုပ်နိုင်တာ အစိုးရလူတွေပဲ ရှိတယ်။ အစိုးရ မဟုတ်တဲ့လူက အကြမ်းဖက် ဂိုဏ်းဂဏ ဖွဲ့စည်းနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ (ဒီပဲယင်းမှာ လုပ်တဲ့ စွမ်းအားရှင်တွေ ကြံ့ဖွတ်တွေကို အခုထိ နာမည်မဖော်ထုတ် နိုင်ကြသေးတာကို သတိရပါ။ တချို့ပါဝင်တဲ့ လူတွေကို နာမည်နဲ့ သိတဲ့လူတွေ ရှိပါတယ်။ မဖော်ထုတ်နိုင်ကြသေးတာပါ။)

သွေးထိုးလှုံ့ဆော် ဝါဒဖြန့်မှုတွေကို ကိုယ်တိုင် ပြုလုပ်ခြင်းနဲ့ ခွင့်ပြုခြင်း

မိတ္ထီလာ အရေးမှာ အစိုးရကို လက်ညှိုးထိုးတာ ဒါလောက်ကြောင့်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဒါက ဖြစ်လာပြီးမှ ပွားအောင် ကြီးအောင်လုပ်ယူတဲ့အပိုင်း။ မဖြစ်ခင်က ဖြစ်လာအောင် မွှေးယူပျိုးယူတဲ့ အပိုင်းလည်း ရှိသေးတယ်။

ရခိုင်အရေးအခင်းကတည်းက သမ္မတရုံးညွှန်ကြားရေးမှူး ကိုဇော်ဌေး ခေါ် မှူးဇော်က ဖဘကနေ ပြောင်ဆွပေး မြှောက်ပေးခဲ့တယ်။ အဲဒီအထောက်အထားတွေ သိမ်းထားပါတယ်။ အချိန်မရွေး ပြန်ထုတ်ပြလို့ ရတယ်။ အဲဒီနောက်မူစလင်ဆန့်ကျင်ရေး ဟောပြောတာတွေ၊ စည်းရုံးတာတွေ လှုံ့ဆော်တာတွေ နေရာ အနှံ့အပြားက ထွက်လာတယ်။ ကျယ်ကျယ်လောင်လောင် ထွက်လာတယ်။မူစလင်စီးပွားရေးလုပ်ငန်းတွေကို အားမပေးဖို့ တိုက်တွန်းလှုံ့ဆော်တာတွေလည်း ထွက်လာတယ်။ ဒါတွေအားလုံးကို အစိုးရက လွှတ်ပေးထားတယ်။ ဒါဟာ အစိုးရက မွှေးတဲ့မီးပဲ။ အစိုးရမွေးထားတဲ့ မီးပဲ။ အစိုးရ ပျိုးယူထားတဲ့မီးပဲ။ တိုင်းပြည်တပြည်မှာ ဒီလို အမုန်းမီးကို မွေးထားတာဟာ တချိန်မှာ တတိုင်းတပြည်လုံးမှာ အလွန် ဆိုးဝါးကြေကွဲဖွယ် ထိခိုက်နစ်နာ ဆုံးရှုံးမှုမျိုးတွေ ဖြစ်တတ်တယ်။ ဒီလိုမီးကို ဆက်ပျိုးထားရင် အကြောင်းရင်းဖြစ်တဲ့ လူမျိုးရေး လှုံ့ဆော်တဲ့ ဟောပြော ရေးသားမှုတွေကို ဆက်အားပေးထားရင် ဒီ့ထက်ဆိုးတဲ့ ကြေကွဲစရာတွေ ဖြစ်လာနိုင်သေးတယ်။ ဒီအန္တရာယ်မျိုးကို အစိုးရ လုပ်တဲ့လူတွေ သိတယ်။ တိုင်းပြည်ကို ချစ်တဲ့ အမြှော်အမြင်ရှိတဲ့ ဘယ်အစိုးရမျိုးမှ မလုပ်ဘူး။ အခုလုပ်ရပ်တွေက သိရက်နဲ့ လုပ်ယူနေတာ။ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းကပဲ။ အင်္ဂလိပ်အစိုးရက သူ့အုပ်ချုပ်ရေး ပြေလည်ဖို့အတွက် ဗမာတွေ အိန္ဒိယတွေကို တိုက်ပေးခဲ့တယ်။ ဒီလမ်းစဉ်ကို စစ်အာဏာရှင် တိုင်းရင်းသား အစိုးရက အတုခိုးကျင့်သုံးတာပဲ။ လိုရင်းကတော့ အာဏာတည်မြဲရေးပဲ။

အရင်တုန်းက ဗုဒ္ဓဘာသာနဲ့မူစလင်တိုက်ပေးတဲ့အခါမှာ မူစလင်ဘက်က ဆွတဲ့စာကို ဖြန့်ပြီး သုံးတာများတယ်။ အင်္ဂလိပ်ကမွေးထားပြီး ထုတ်သုံးတာက မော်လဝီနဲ့ ယောဂီစာအုပ်။ ဒီစာအုပ်ကို စစ်အစိုးရ အဆက်ဆက် အမွေခံပြီး ခဏခဏ ထုတ်သုံးခဲ့ကြသေးတယ်။ ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အစိုးရက အသစ် မွေးထားပြီး လိုရင် ထုတ်သုံးတာက ကိုးခြောက်ကိုး။ တသက်လုံး ဘယ်တုန်းကမှ မရှိတဲ့ ဒီကိုးခြောက်ကိုး အတွေးအခေါ်တွေ လှုံ့ဆော်မှုတွေ ပြန့်ပွားလာတာ၊ ဒါတွေကို အစိုးရ တာဝန်ရှိသူတွေ မသိကျိုးကျွံပြုနေတာဟာ ပြဿနာရဲ့ အခြေခံလောင်စာပဲ။ ဒါတွေကို မသိကျိုးကျွံပြုတယ်ဆိုတာ သွေးရိုးသားရိုး မဟုတ်ဘူး။ မွေးထားတာ။ လိုရင် ထုတ်သုံးဖို့ ကြီးထွားလာအောင် မွေးမြူထားတာ။ သူက အစိုးရသစ် ဆိုသကိုးဗျ။ ဒီတော့ စာအုပ်အသစ် တံဆိပ်အသစ်တွေ မွေးယူတာပေါ့။ ဒါပေမဲ့ မလိုရင် ထိုးကျွေးပါလိမ့်မယ်။ ဒါကိုလည်း ၉၆၉ များ သတိပြုကြပါ။

နောက်အန္တရာယ်ရှိသူက မစိုးရိမ်ဆရာတော် ဦးဝီရသူ။ ဦးဝီရသူရဲ့ သင်္ကန်းမှာ သွေးစွန်းနေပြီ။ မိတ္ထီလာ အရေးမှာ ဦးဝီရသူ ပါရာဇိက ကံ ထိုက်သွားပြီလို့ ဆိုချင်တယ်။ မိတ္ထီလာမှာ အများအပြား သေကြေဆုံးရှုံးမှုတွေဟာ ဦးဝီရသူ ပယောဂ မကင်းဘူး။ စိတ်ကောင်းရှိရင် ဦးဝီရသူ နောင်တရဖို့သင့်ပြီ။ ဒါပေမဲ့ နောင်တရတဲ့ လက္ခဏာ မတွေ့ရဘူး။ သူ့ကြောင့် လူအများအပြား သေကြရပေမဲ့ နောင်တမရဘူး။

မစိုးရိမ်ဆရာတော် ဦးဝီရသူဟာ မူစလင်ဆန့်ကျင်ရေး တရားတွေ လှုံ့ဆော်ဟောပြောခဲ့ တယ်။ မူစလင်ဆန့်ကျင်ရေးကို ဖဘကနေ တွင်တွင်ကျယ်ကျယ် အစီအစဉ်ရှိရှိလုပ်တယ်။ ဒါတွေဟာ ရာဇဝတ်မှုမြောက်တဲ့ ဟောပြောချက်တွေပဲ။ ဘာသာနှစ်ခု လူ့အဖွဲ့အစည်းနှစ်ခုအကြားမှာ အဓိကရုဏ်း အကြီးအကျယ် ဖြစ်ပွားစေတဲ့ လှုံ့ဆော်မှုတွေပဲ။ ဒီလို သူတပါးဘာသာကို ထိခိုက်ဟောပြောတာမျိုးကို ဘယ်အစိုးရကောင်းကမှ ခွင့်မပြုဘူး။ ခုတော့ သမ္မတကြီး ထောက်ခံပွဲလုပ်ထားလို့လား မသိဘူး။ ဦးဝီရသူကို စိတ်ကြိုက်ဟောပြောခွင့် ပေးတယ်။ ဦးဝီရသူဟာ ဆန္ဒပြခွင့် ဥပဒေပေါ်လာပြီးနောက်မှာ တကြိမ်တည်းသာ လူတသောင်းအထိ ခွင့်ပြုဖူးတဲ့ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သူပါ။ အဲဒီဆန္ဒပြပွဲကလည်း သမ္မတကြီးကိုထောက်ခံ ပြီး မူစလင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲပါ။ အဲဒီ ဦးဝီရသူက အဓိကရုဏ်းတွေ ဖြစ်လာတော့ သူကပဲ ကယ်တင်ရှင် လုပ်ပြန်တယ်။ ကယ်တင်ရှင်လုပ်ရင်းကနေပဲ ဖဘ ကနေ ဖွတဲ့ အလုပ်ကိုလည်း ဝတ္တရား မပျက် ဆက်လုပ်ပြန်တယ်။ ဒီလို အငြင်းပွားဖွယ် အဖြစ်ဆုံးပုဂ္ဂိုလ်ဟာ မစ္စတာ နမ်ဘီးယားနဲ့ အစိုးရဝန်ကြီးတွေ မိတ္ထီလာကို လာပြီး တိုင်းခန်းလှည့်လည်တဲ့အခါ ဗုဒ္ဓဘာသာ ခေါင်းဆောင် အဖြစ်ပါလာပြန်တယ်။ ဒီလုပ်ရပ်ဟာ အများကြီး စဉ်းစားတွေးတောစရာတွေ ဖြစ်ပေါ်စေပါတယ်။

ဖဘ ပေါ်မှာလည်း လေ့လာကြည့်ပါ။မူစလင်ဆန့်ကျင်ရေးကို အကြီးအကျယ်လုပ်တဲ့သူ အများစုဟာ တပြိုင်တည်းမှာပဲ အစိုးရထောက်ခံသူတွေ ဖြစ်ကြတယ်။ အစိုးရလူတွေအားလုံးဟာလည်းမူစလင်ဆန့်ကျင် သူတွေဖြစ်ကြတယ်။ ဖဘပေါ်မှာမူစလင်ဆန့်ကျင်ရေးလုပ်တဲ့ သူတွေရဲ့ စာတွေကို မှူးဇော်တို့ ဦးရဲထွတ်တို့က သူတို့ စာမျက်နှာကနေ ပြန်ဖြန့် ပြန်ဝေ လုပ်ပေးတယ်။ တချိန်က မှူးဇော် ကိုယ်တိုင်ရေးတာတွေဟာ ပြဿနာအကြီးအကျယ်တက်လာလို့ အခု တခြားနာမည်နဲ့ ရေးပြီး သူတို့ အကောင့်တွေကတဆင့် ပြန်ဖြန့်ပေး၊ ကြော်ငြာပေးနေသလားမှတ်ရတယ်။ သေချာတာ တခုကတော့ အစိုးရဘက်တော်သား အားလုံးဟာမူစလင်ဆန့်ကျင် မုန်းတီးသူတွေ ဖြစ်ပြီးမူစလင်ဆန့်ကျင် မုန်းတီးသူတွေထဲက အများစုဟာလည်း အစိုးရ ထောက်ခံသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ။

အစိုးရ ဘက်တော်သားတွေအားလုံးက မူစလင်ကို ခါးခါးသီးသီး မုန်းတီးနေတဲ့အချက်နဲ့ လုံခြုံရေးတွေက အဓိကရုဏ်းကို ကြီးထွားအောင် လက်ပိုက်ကြည့်နေတဲ့အချက်ဟာ တိုက်ဆိုင်မှု မဟုတ်ဘူး။

လက်ပံတောင်းကို အာရုံလွှဲခြင်း

ဒီလိုအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ကြောင့် ခွင့်ပြုချက်တောင်းယူပြီး လက်ပံတောင်းမှာ ဆန္ဒပြနေကြတယ်။ လက်ပံတောင်း ဆန္ဒပြပွဲဟာ လူမျိုးရေး အဓိကရုဏ်းကြောင့် မှေးမှိန်သွားတယ်။ ဘယ်မီဒီယာမှာမှ တက်မလာဘူး။ ဒါဟာ သူတို့ လိုချင်တဲ့ ရလဒ်ပါပဲ။ လက်ပံတောင်းမှာ ဆန္ဒပြချင်သလောက် ပြ။ သူတို့ မမှုပါဘူး။ ခွင့်ပြုဖို့လည်း ညှိထားပြီးပါပြီ။ တခြား ဒေသက ပြည်သူတွေ သတိမထားမိကြဖို့၊ တခြား ဒေသကလူတွေ မကူညီကြဖို့က အဓိကပါ။ မညောင်းရင် မင်းတို့ လမ်းလျှောက်ကြ။ ငါတို့က ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့ လစ်လျူရှုထားပါလိမ့်မယ်။ ဆန္ဒပြချင်ပြ၊ လိုက်လည်း မလိုက်လျောဘူး၊ အသိအမှတ်လည်း မပြုဘူး ဂရုလည်း မစိုက်ဘူးဆိုတဲ့ သဘောနဲ့ သူလုပ်ချင်ရာ ဆက်လုပ်ပါလိမ့်မယ်။

ဒါပေမဲ့ ဒီမိုကရေစီလုပ်နေပါပြီဆိုတဲ့ အစိုးရရယ်၊ ငြိမ်းချမ်းချင်ပါတယ်ဆိုတဲ့ နိုင်ငံရေးသမားကြီးတွေရယ် သိထားဖို့က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေ တာကို လစ်လျူရှုတာဟာ ဆူဆူပူပူ လုပ်အောင် ဖိတ်ခေါ်ရာရောက်တယ်ဆိုတာပါပဲ။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြပါလို့တော့ ပြောတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတော့လည်း ပြချင်ပြ ဘယ်သူကမှ အရေးမလုပ်ဘူး၊ ပစ်ထား လိုက်မယ်ဆိုရင် သူတို့ကို စကားပြောလာအောင်၊ သူတို့ကို အာရုံစိုက်လာအောင် သူတို့ဟာ ပိုထိရောက်တဲ့ နည်းလမ်းမျိုးကို ရွေးကြရတော့မယ်။ ဒါဟာ သူတို့ရွေးချင်လို့ ရွေးရတာမဟုတ်၊ သူတို့ကို အဲသလို လမ်းမျိုးရောက်အောင် တွန်းပို့တာပဲ ဆိုတာ သိကြဖို့လိုတယ်။

ပြီးခဲ့တဲ့ တလျှောက်မှာလည်း လယ်တွေ မပေးချင်လို့ သီးနှံလျော်ကြေး မလိုချင်ပါဘူး။ မြေမငှားချင်ဘူးလို့ တောင်းပန်တဲ့အချိန်မှာ လယ်သမားတွေကို ခြိမ်းခြောက်ဖမ်းဆီးတယ်။ ဒီအချိန်မှာ ဘယ်နိုင်ငံရေးသမားက မှဝင်မကူဘူး။ လယ်သမားတွေကို ပစ်ထားတယ်။ လယ်သမားတွေက မတတ်သာတဲ့ အဆုံး သူတို့ နစ်နာချက်ကို လူသိအောင် ဆန္ဒပြအော်ဟစ်လာတော့ နိုင်ငံရေးသမားတွေ ခေါင်းဆောင်ကြီးတွေက ဘာ့ကြောင့် မဆွေးနွေးနိုင်ရသလဲ။ ဆွေးနွေးတဲ့နည်းအရင်မသုံးဘဲ ဘာ့ကြောင့် ထစ်ကနဲရှိ ဆန္ဒပြနေရသလဲ ဆိုပြီး ထအော်တယ်။ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများခင်ဗျာ။ စဉ်းစားပြီးပြောပါ။ နားနားပြီး ပြောပါခင်ဗျား။

ဆန္ဒပြဖို့ အကြိမ်ကြိမ်ခွင့်တောင်းပြန်တော့လည်း ခွင့်မပေးဘူး။ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပြန်တော့ တရားဥပဒေနဲ့ မညီဘူးဆိုပြီး လက်ညှိုးထိုးပြန်တယ်။ အခုတိုက်ယူ တောင်းယူလို့ ဆန္ဒပြခွင့်ကလေး လောက်တော့ ရလာပြီ။ အကန့်အသတ်နဲ့ ရတာပါ။ ရလာတဲ့ အခွင့်အရေးလေးနဲ့ ဆန္ဒပြပြန်တော့ နိုင်ငံရေး သမားကြီးတွေ ဘာလုပ်နေလဲ။ ဒီမိုကရေစီ မိခင်ကြီးနဲ့ ဖခင်ကြီး ဘာလုပ်နေလဲ။ သူတို့ နားမကြား ကြပြန်ပါဘူး။ အေးအေးတောင်းရင် နားမကြားဘူး၊ ဆူရင်ပူရင် သတ်မယ်၊ ဖြတ်မယ်။ ဒါပဲလား။ ခင်ဗျားတို့ ပေးမယ့် ဒီမိုကရေစီ။

ရိုးရိုးဆန္ဒပြတာကို မကြားချင်ယောင်ဆောင်နေလို့ ပါဖောင်းမန့်လုပ် အခေါင်းမီးရှို့ စသဖြင့် သူတို့ ဒုက္ခကို လူတွေ အာရုံစိုက်လာအောင် လုပ်ပြန်တော့လည်း ပြင်ပကလူတွေ ပါလာပြီ ဘာညာဆိုပြီး ဝေဖန်ကြပြန်တယ်။

လက်ပံတောင်း ထွက်ပေါက်

လက်ပံတောင်းက တောင်သူလယ်သမားများခင်ဗျာ။ ခင်ဗျားတို့ကို ထွက်ပေါက် မရှိအောင် ပိတ်နေပါတယ်။ ခင်ဗျားတို့ကို အကြမ်းဖက်ချင်လာအောင် အစိုးရက တွန်းပို့နေပါ တယ်။ ဒါပေမဲ့ ဒီလိုတွန်းပို့တဲ့ အတွက် ခင်ဗျားတို့ အကြမ်းမဖက်ကြပါနဲ့။ ဒါဟာ ထောင်ချောက်ပါ။ သူတို့က သေနတ်နဲ့ ပစ်ဖို့ စောင့်နေပါတယ်။ မီးလောင်စေတတ်သော မီးခိုးဗုံးဆိုသော အရာနဲ့ ဖြိုခွဲဖို့ စောင့်နေပါတယ်။ ဒီတခါ ခင်ဗျားတို့ သပိတ်စခန်းမှာ တာပေါ်လင် မမိုးဘဲ မီးထလောင်ရင် “ဆောရီးပါ။ ဒီတကြိမ် စမ်းသပ်ပြီးမှပဲ တာပေါ်လင် မမိုးရင်လည်း မီးလောင်တတ်တာပဲ ဆိုတာကို ကျနော်တို့ သိပါတော့တယ်၊ ကျနော်တို့ အတွေ့အကြုံနည်းပါတယ်။ ကျနော်တို့ကို နိုင်ငံခြား လွှတ်ပြီး သင်တန်းပေးပါဦး” လို့ ဆိုပါလိမ့်ဦးမယ်။

တကယ်တော့ လက်ပံတောင်း လူထုအနေနဲ့ ရွေးချယ်သင့်တဲ့နည်းက တနည်းပဲရှိပါတယ်။ လက်ပံတောင်း အရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေကို လက်ပံတောင်းမှာတင်မကပဲ တခြားနေရာတွေမှာလည်း ပြုလုပ်လို့ ရပါတယ်။ အရင်ကလည်း နည်းနည်းပါးပါး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဆန္ဒပြခွင့် မရလို့ လူများများ မပါနိုင်ခဲ့ပါဘူး။ အခု ဘယ်မှာပဲ ဆန္ဒပြပြ ရစေ့မယ်လို့ အာမခံထားသူ ရှိနေပါပြီ။ ဒေါ်အောင်ဆန်း စုကြည်က ပြောထားပါတယ်။ သူ့အိမ်ရှေ့မှာ ဆန္ဒပြချင်တယ်ဆိုရင်လည်း ရပါစေ့မယ်လို့ အာမခံထား ပါတယ်။

ဆန္ဒပြခွင့်တောင်းတာကို သူတို့ ကတိဖျက်ပြီး မပေးရင်လည်း ဥပဒေအရ ဘာ့ကြောင့် ခွင့်မပေးသလဲဆိုတာ ဖြေရှင်းချက်တောင်းလို့ရပါတယ်။ သူတို့ ဖြေရှင်းချက် ပေးရပါမယ်။ ဆီလျော်တဲ့ ခိုင်လုံတဲ့ အကြောင်းပြ ချက် ဖြစ်ရပါမယ်။ လုံခြုံရေး ထိခိုက်မှာ ကြောက်လို့ဆိုတဲ့ ဖြီးလုံးဖြန်းလုံးလောက်နဲ့ မရပါဘူး။ လုံခြုံရေး ထိခိုက်မယ်လို့ ယူဆရင် သူတို့က လုံခြုံရေး ပေးရမယ်။ ဒီ့ထက်ပိုပြီး အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးမှာ စိုးရိမ်တယ်ဆိုရင် ဘာ့ကြောင့် စိုးရိမ်ရကြောင်း ရှင်းချက် တောင်းနိုင်ပါတယ်။ သူများ တိုင်းပြည်တွေမှာ လူသိန်းပေါင်းများစွာ ဆန္ဒပြဖို့ ခွင့်တောင်းတာကို အစိုးရတွေက ခွင့်ပြုချက်ပေးရပါတယ်။ ဒီတော့ အကြောင်းပြချက် မခိုင်လုံပဲ ဆန္ဒပြခွင့်ကို ပိတ်ပင်ရင် အခြေခံဥပဒေကိုင်ပြီး တရားစွဲလို့ ရပါတယ်။ တရားစွဲရင်လည်း သူတို့ကိုယ် သူတို့ အနိုင်ပေးမှာပဲ ဆိုပေမဲ့ လူအများသိအောင် စွဲသင့်ရင် စွဲရပါလိမ့်မယ်။

ဒီတော့ ပြည်သူကို ပြည်သူကသာ ကူညီနိုင်ပါတယ်။ ဆင်းရဲသားကို ဆင်းရဲသားချင်းကသာ ကူညီတတ်တယ်လို့ ဆိုချင်ပါတယ်။ အများပြည်သူရဲ့ ဝိုင်းဝန်းမှု မပါဘဲ လက်ပံတောင်း ပြဿနာ မပြီးနိုင်ပါဘူး။

လူထုအထက် ဥပဒေအထက် အရာအားလုံးအထက်ရောက်နေသောကြောင့် နားမကြားနိုင်ဖြစ်နေကြသော ၊ နားမကြားချင်ယောင်ဆောင်နေကြသော လူကြီးမင်းများဆီသို့ အသံပေါက်အောင် လုပ်နိုင်တဲ့နည်းဟာ ဒီနည်းပဲရှိမယ်လို့ အကြံပြုချင်ပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
မတ် ၂၆။ ၂၀၁၃
(Zaw Win ဖေ့စ်ဘွတ်ခ်မှ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြပါသည်။)

11 comments:

Unknown said...

သေချာတာ တစ်ခုက ကြို့ပင်ကောက်မှာ ဘာပြဿနာမှ မဖြစ်ခင် တစ်ရက်က လူစိမ်းတွေရောက်လာလို့ မြို့ခံတွေက ၀ိုင်းလိုက်တော့ ကားနဲ့ထွက်ပြေးသွားတယ်။ နောက်နေ့မှာ တရားပွဲအပြီး ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ၈နာရီလောက်ကြိုပြီး ၀ါဒဖြန့် သတင်းထွက်တယ်။ ရန်ရှာခံရမယ့်လူတွေက ရဲကိုလုံခြုံရေးပေးဖို့ အကူအညီတောင်းတယ်။ မပေးဘူး။ ပြဿနာမဖြစ်ခင်ရော၊ ဖြစ်နေချိန်မှာရော အချိန်တွေ အများကြီးရပါလျက်နဲ့ ဒီအတိုင်းလက်ပိုက်ကြည့်နေတယ်။ တကယ့် မင်းမဲ့တိုင်းပြည်လို လုပ်ချင်တာ လုပ်ပြီးသွားမှ ကိုရွှေရဲတို့ အလုပ်လုပ်ပြကြတယ်။ ရုပ်ပျက်ဆင်းပျက်ကို တာဝန်မဲ့လွန်းလှပါတယ်။ ဟုတ်မဟုတ် အဲဒီဒေသခံတွေ ဘယ်သူ့ကိုမေးမေး ဒီအတိုင်းပဲ ပြောလိမ့်မယ်။ မြို့ခံပြည်သူတွေက ဘာသာခြားတွေကို ကာကွယ်စောင့်ရှောက်ပေးထားတယ်။ တစ်ချို့ဆို ဘုန်းကြီးတွေက လူမျိုးခြားတွေကို အသက်အန္တရာယ် ဖြစ်မှာစိုးလို့ ခေါ်ထုတ်သွားပြီး အကာအကွယ်ပေးထားရတယ်။ ဘာသာမတူညီကြပေမယ့် ဒီဒေသမှာ အတူနေ အတူကြီးပြင်းလာကြသူတွေ အချင်းချင်းမို့ စည်းလုံးညီညွတ်စွာ မေတ္တာရှေ့ထားပြီး စောင့်ရှောက်ပေးကြတယ်။ ဒါပေမယ့် ဘာကိုမှ ဂရုမစိုက်ဘဲ မင်းမဲ့တိုင်းပြည်၊ ဥပဒေမရှိတဲ့တိုင်းပြည်လို ပြုကျင့်ရဲသူ ဘယ်ကရောက်လာမှန်း မသိရတဲ့ လူတစ်စုက လက်နက်တွေနဲ့ ခြိမ်းချောက် သွေးဆွခေါင်းဆောင်ပြီး အဖျက်အမှောင့်တွေကို အကွက်ကျကျ လုပ်သွားတယ်။ ရန်ကုန်-ပြည်လမ်းမပေါ်က အဆောက်အဦ တစ်ခုကို ဘူဒိုဇာတစ်စီးနဲ့ ကျွမ်းကျင်စွာ သုံးနာရီလောက် ဖျက်ဆီးနေတာကို အာဏာပိုင်တွေက ဒီအတိုင်း ရပ်ကြည့်နေတာကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ချောင်ချိုချောင်ကြားမို့ အ၀င်အထွက်ခက်လို့၊ အချိန်မရလိုက်ပဲ ရုတ်တရက်မို့ ဆိုတာက တစ်မျိုးလေ၊ ခုဟာက အထင်ကရ မိန်းလမ်းမကြီးပေါ်က အဆောက်အဦးပါ။ ပြဿနာ မဖြစ်အောင် ကာကွယ်ဖို့ လုံလောက်တဲ့ အချိန်တွေ ရနေပါလျက်ဗျာ...။ တစ်ခုခုတော့ အကြီးအကျယ် လွဲနေပြီလို့ ထင်ပါတယ်။
အင်မတန် ဆင်ဆာများပါတယ်ဆိုတဲ့ အမ်အာတီဗွီက ဒီတစ်ခါတော့ သိပ်ပြီးမကွယ်ဝှက်ပဲ သတင်းထုတ်ပြန်ပေးသွားတယ်။

သဇင် said...

It's true.





aristhteinwin said...

မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ကြီးဗိုက်ဖေါက်တုန်းကလဲ အစိုးရ က သူ့ အပေါ်ပုံကျတော့မည့် အရိပ်လက္ခဏာတွေ မြင်တော့ ဘုရားကြီးမှာ သံဃာ့ အစည်းအဝေးအပြီး။ နောက်တပါတ်ပြန်ချိန်
တော့ မလွဲမသွေ ပေါ်ပေါက်လာမည့် အစိုးရ အပေါ်ကျရောက်လာမည့် ပြစ်မှူကို အာရုံလွဲဘို့ အစိုးရ ထည့်ထားတဲ့ ဒလံဘုန်းကြီးက သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးပြန်ကြမည့်
သံဃာတွေကို ခဏနေပါဦးဘုရာ-အထူးလျောက်ထားစရာရှိလို့ ပါ။ မြောက်ပြင်မှာ ဗုဒ္ဓဘာသာမိန်းကလေး တယောက်ကို မူဆလင် ကုလားက ဒိန်းကျင့်တာခံလိုက်ရတယ်။
လျောက်ထားအပြီး- ဟာ ချမယ် လိုက်ကြမလား ချီတက်မယ်ဆိုပြီး ဘုရားကြီးမှ မြောက်ပြင်အထိ သံဃာထု ချီတက်လာရာမှာ အနဲဆုံး နာရီဝက်လောက်ကြာတယ်။ ရဲ စစ်တပ် ဘယ်သူမှ မတားဘူး။ နိုင်ငံရေးအရ ဆန္ဒပြကြည့်ပါလား ဘုရားကြီးဝန်းထဲမှ တပါးမှ ထွက်လို့ မရအောင် ပိတ်ဆို့ ထားမယ်-မူဆလင် ကုလားက ဗုဒ္ဓဘာသာ မိန်းကလေး မတရားပြုကျင့်တဲ့ အမှုက တရားရုံးဆုံးဖြတ်ပြီးတာ တလကျော်လောက်ရှိပြီ- တရားရုံကဆုံးဖြတ်တာ မတရားဘူးထင်ရင် တရားရုံး သို့ မဟုတ် တရားသူကြီးကို ဆန္ဒပြရမှာ မဟုတ်လား- အတိတ်က အဲဒီလို အခြေအနေ အဖြစ်ပျက်တွေရှိခဲ့ဘူးတော့ အခုမိတ္ထီလာမှာ
ဖြစ်တဲ့ကိစ္စမှာ ပြဿနာကြီးထားလာတာ အစိုးရအပေါ် ၉၉ရာခိုင်နှုန်း သံသယရှိတယ်။ ပြည်သူတွေ အသုံးချမခံရအောင် သတိရှိဘို့ တော့လိုတယ်။

genius said...

ဇော်ဝင်း (၈၈) ဆိုတာ မွတ် ... များလား ?
အရှင်ဝီ၇သူ ..... မွတ် .. ဆန်.ကျင်ေ၇းတ၇ားများ
ဟော သည်ဖြစ်စေ .. မဟော သည်ဖြစ်စေ ...
သူ.အလုပ် ... သူလုပ်တာပါ .... ။
အဓိက က ကိုကြီးေ၇ွှ တို. ဆင်ကြံ ကြံတာ က
ဘဲ ပြည်သူတွေ အတွက်အန္တ၇ာယ်ပါ။ ။ ။

komk said...

ဇော်ဝင်း(88)! ရေ ဘယ်သူတွေဘာပြောပြောမင်းပြောတာ99% ဖြစ်နှိင်
တယ်။

kyawthusukyi said...

ဆက်ပြောလိုက်အုံး ။ တရားမျှတစွာ

ှဲKaung said...

၈၈တုန်း က ဆန္ဒပြတဲ့ လူအုပ်ထဲ ရေခဲချောင်းရောင်းရင်းနဲ့ ပါသွားတဲ့ ဇော်ဝင်း(၈၈)။
လက်ပံတောင်းတောင် ကိစ္စက ဘယ်သူမှ စိတ်မ၀င်စားတော့ဘူး။
မင်းတို့ လို တိုင်းပြည်ပျက်သုံးရေး အမြဲကြံနေတဲ့ ကောင်တွေနဲ့  ဘာဖြစ်ဖြစ် စီမံကိန်းရပ်ဆိုတဲ့ ဥာဏ်မရှိတဲ့ အုပ်စုပဲ ဆက်ပြီး လှုံဆော်ကြ။ ( Nobody can please everybody)
ပြည်သူတွေက အဖျက်သမားအတွေးအခေါ်တွေ လက်မခံဘူး။
ဖြစ်သင့်တဲ့ဘောင်ထဲကနေ ဖြစ်နိုင်တာတွေအားလုံးပူးပေါင်းလုပ်နေကြတယ်။
မိထ္တိလာ ကိစ္စက ဦးဝိရသူနဲ့  ဘာမှမဆိုင်ဘူး။ မွတ်တွေ ဗလီထဲ ဘုန်းကြီး တပါးကို ဆွဲခေါ်ပြီး သတ်ပြစ်လို့  လူတွေ ဒေါကန်ပြီးဖြစ်ကုန်တာ။
ရဟန်းကို ပါရဇိက ကျတယ်ပြောရအောင် ပါရဇိက ကျလောက်တွေ အချက်တွေ မင်းနားလည်လို့ လား။ ဦးဝိရသူ ပါရဇိက ကျမကျတော့ မသိဘူး။ ဘာမှနားမလည်းပဲ ရမ်းသန်း စွပ်စွဲတဲ့ကောင်တော့ အ၀ိဇ္ဇိ သွားမှာ ကျိန်းသေတယ်။

S.Maung Chain said...

This is the truth what u say ko zaw win.I am the leader of (88 ) strike somewhere in Burma.I am getting old now.I am a socialist party member and peoples council in my township at that time.I got supect (88) strike like Meik Htilar cause they ignore within one month.Then they coup power again.so they they have to do somethings in this situation.May be very soon I thik.

တနင်္လာသား said...

Let me share please,Thanks!

shane said...

ko zaw win tells the truth. i agree with him. guys from RUSSIA should realize this situation. don't protect your Ah ba.

haymar said...

That's true!