Wednesday, February 20, 2013

မြန်မာပြည်က သားပျောက်မိခင်များ အတုယူ လုပ်ဆောင်စရာ အာဂျင်တီးနား သားပျောက်မိခင်များရဲ့ တိုက်ပွဲဝင်ခဲ့မှုများအကြောင်း ဆောင်းပါး “အတိတ်ကို ကုစားမှ အနာဂတ်လှပမယ့် နိုင်ငံ”

အတိတ်ကို ကုစားမှ အနာဂတ်လှပမယ့် နိုင်ငံ
မိုးအေး
(ပေပို့သည့် မူရင်းသတ်ပုံအတိုင်း တင်ဆက်ထားခြင်း ဖြစ်ပါသည်။)

တောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံလို့ ပြောလိုက်ရင် ကမ္ဘာကျော်ဘောလုံးသမားတွေ မွေးထုတ်ပေးတဲ့နိုင်ငံ … နိုင်ငံတကာ လက်ဝဲတော်လှန်ရေးသမား ချေဂွေဗားရားရဲ့ အမိနိုင်ငံဖြစ်လို့ နာမည်ကျော် လူသိများသလို ဒုတိယကမ္ဘာစစ် နာဇီဂျာမနီစစ်ရာဇ၀တ်ကောင်တွေ ထွက်ပြေးခိုလုံရာနိုင်ငံဖြစ်ခဲ့လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုရရှိခဲ့တဲ့ နိုင်ငံတနိုင်ငံလဲဖြစ်ပါတယ်။ စစ်အေးကာလ ၀ါဒရေးရာ အားပြိုင်မူတွေကို အကြောင်းပြပြီး စစ်အာဏာရှင်တွေ ကြီးစိုးခဲ့တဲ့နိုင်ငံ၊ အတိုက်အခံမှန်သမျှကို လက်ဝဲ၀ါဒီတွေလို့ စွတ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်းခဲ့လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နိုင်ငံတနိုင်ငံလဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးမှာ အမျိုးသမီးတွေက ရှေ့တန်းက ဦးဆောင်ခဲ့တာမို့ နိုင်ငံတကာအမျိုးသမီးတွေ လေးစားအားကျခဲ့တဲ့ နိုင်ငံတနိုင်ငံလဲဖြစ်သလို လက်ရှိသမ္မတဖြစ်သူကလဲ အမျိုးသမီးဖြစ်ပါတယ်။ အဲဒီလို နာမည်အကောင်းအဆိုးတွေနဲ့ ဒွန်တွဲလူသိများတဲ့ အာဂျင်တီးနားနိုင်ငံဟာ ဒီကနေ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေနိုင်ပြီဖြစ်ပေမဲ့ အတိတ်က အရိပ်မဲတွေအောက်က ရုန်းထွက်ဖို့ အထူးသဖြင့် စစ်အာဏာရှင်တွေလက်ထက်က ခံစားခဲ့ရတဲ့ ခါးသီးတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ပြန်လည်ကုစားဖို့ ကျိုးစားးနေကြရဆဲပါ။

စစ်အာဏာရှင်အောက်မှာ ၈ နှစ်တာ ...

အာဂျင်တီးနားသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာသိမ်းလိုက်၊ အရပ်သားအစိုးရပြန်ဖြစ်လိုက်၊ စစ်ဗိုလ်ချူပ်တွေက နိုင်ငံခေါင်းဆောင်ဖြစ်လိုက်နဲ့ နိုင်ငံရေးမတည်ငြိမ်မူတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်ကာလမှာ ဖက်ဆစ်ဂျပန်နဲ့ နာဇီဂျာမဏီကို ပြစ်တင်ဝေဖန်ဖို့ ငြင်းဆန်ပြီး ကြားနေခဲ့တဲ့ နိုင်ငံလဲဖြစ်ပါတယ်။ အဲဒီအတွက်လဲ စစ်ပြီးကာလ နာဇီဂျာမဏီတွေ ခိုလုံပုန်းအောင်းရာ နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံကို စစ်သွေးကြွ စစ်ခေါင်းဆောင်တွေ ပေါများခဲ့တဲ့နိုင်ငံလို့လဲ တချို့က သုံးသပ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာတဲ့ စစ်အေးကာလ ၀ါဒအားပြိုင်ပွဲ အထွတ်အထိပ်ရောက်ချိန်မှာတော့ အာဂျင်တီးနားဟာ စစ်ခေါင်းဆောင်တွေရဲ့  အုပ်စိုးမူအောက် လုံးလုံးရောက်သွားခဲ့ရပါတယ်။

၁၉၇၆ ခုနှစ်မှာ ကွန်မြူနစ်အန္တရာယ်ကို ကာကွယ်ဖို့ဆိုပြီး ဗိုလ်ချူပ် ဗီဒဲလ်လား ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းပါတယ်။ နိုင်ငံရေးလှူပ်ရှားတက်ကြွသူအားလုံးကို ကွန်မြူနစ်တွေလို့ ခေါင်းစဉ်တပ်ပြီး နည်းမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်ပါတယ်။ စစ်အေးကာလဖြစ်တာမို့ အာဂျင်တီးနားစစ်ခေါင်းဆောင်တွေရဲ့ လက်ဝဲဆန့်ကျင်ရေးလုပ်ရပ်အပေါ် အနောက်နိုင်ငံကြီးတွေက ကန့်ကွက်တာ မလုပ်ခဲ့သလို ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအတွက်လဲ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးအတိုက်အခံအားလုံးကို လက်ဝဲ၀ါဒီတွေဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စိတ်ရှိလက်ရှိ ဖိနှိပ်ခွင့်ရခဲ့တဲ့ကာလဖြစ်ပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးလှူပ်ရှားသူတွေရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးလှူပ်ရှားတက်ကြွသူတွေကို စနစ်တကျ ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ အကျဉ်းထောင်တွေ စစ်ကြောရေးစခန်းတွေမှာ မွေးဖွါးလာတဲ့ ခလေးတွေကို စစ်ခေါင်းဆောင်တွေ အမိန့်နဲ့ မိခင်တွေဆီကနေ စစ်တပ်က ခိုးယူမွေးစားတာတွေ လက်ယာအစွန်းရောက်ဝါဒီတွေနဲ့ ကွန်မြူနစ်ဆန့်ကျင်သူတွေကို မွေးစားခိုင်းတာတွေ၊ နိုင်ငံရပ်ခြားက ခလေးမွေးစားသူတွေဆီ ရောင်းချတာတွေ လုပ်ခဲ့တာပါ။ လက်ဝဲမျိုးဆက်ဖြတ်မယ်ဆိုတဲ့ လူမဆန်တဲ့ စီမံချက်တွေဖြစ်လို့ Dirty War လို့တောင် နာမည်ဆိုးနဲ့ ကျော်ခဲ့ရပါတယ်။ စစ်အာဏာရှင်လက်အောက် ၈ နှစ်တာကာလမှာ လက်ဝဲ၀ါဒီဆိုတဲ့ ဆိုင်းဘုတ်အတပ်ခံရပြီး မွေးဖွါးစခလေးငယ်တွေ အပါအ၀င် နိုင်ငံရေးလှူပ်ရှားတက်ကြွသူ လူငယ်လူကြီး ကျောင်းသူကျောင်းသား အနဲဆုံး ၃ သောင်းကျော်လောက် ပျောက်ဆုံး သေဆုံးခဲ့ရပါတယ်။

“စစ်ခေါင်းဆောင်တွေကို အမိန့်ချမှတ်တဲ့အချိန်က ၀မ်းသာအားရဖြစ်ခဲ့ကြတဲ့ သားပျောက်မိခင်များအဖွဲ့ရဲ့ ပြောပြချက်တွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ စစ်ခေါင်းဆောင်တွေ ထောင်ထဲရောက်သွားတာကို ဂလဲ့စားချေခွင့်ရလိုက်ပြီ ဆိုတဲ့စိတ်နဲ့ ၀မ်းသာကျေနပ်တာမဟုတ်ဘဲ အတိတ်က နာကျည်းခံစားခဲ့ရတာတွေကို တရားမျှတမှုနဲ့ သင်ပုန်းချေနိုင်ခွင့်ရလိုက်တဲ့အတွက် ၀မ်းသာကျေနပ်မိတာလို့ သားပျောက်မိခင်တွေက ပြောခဲ့တာပါ။”

စစ်ခေါင်းဆောင် လက်ဆင့်ကမ်းပွဲများ

၁၉၈၁ ခုနှစ် မတ်လထဲမှာ ဗီဒဲလ်လားဟာ ဗိုလ်ချူပ် ရောဘတ်တို ဗီအိုလာကို အာဏာလက်ဆင့်ကမ်းယူစေပြီး နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့ပါတယ်။ အဲဒီနှစ် ဒီဇင်ဘာလထဲမှာပဲ ရောဘတ်တို-ဗီအိုလာကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးက ဖယ်ရှားပြီး ဗိုလ်ချူပ် လီယိုပေါ်လ်ဒိုက အာဏာဆက်ခံခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေသာ ပြောင်းသွားပေမဲ့ လက်ဝဲဆန့်ကျင်ရေးနဲ့ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်သတ်ဖြတ်တာတွေကတော့ မပြောင်းလဲခဲ့ပါဘူး။ သယံဇာတကြွယ်ဝတဲ့ အာဂျင်တီးနားနိုင်ငံဟာ စစ်ခေါင်းဆောင်အဆက်ဆက်အောက်မှာ စီးပွါးရေးခြွတ်ခြုံကျလာပါတယ်။ ဆန့်ကျင်သူမှန်သမျှကို လက်ဝဲခေါင်းစဉ်တပ်ပြီး နှိမ်နှင်းလာတဲ့အပေါ် အာဂျင်တီးနားပြည်သူတွေရဲ့ မကျေမနပ်မူတွေကလဲ များလာပါတယ်။ ဆရာတပည့်မွေးစနစ်ကြောင့် တပ်တွင်းမကျေနပ်မှုတွေကလဲ တိုးလာပါတယ်။ ထွက်ပေါက်ရှာတဲ့အနေနဲ့ စစ်ခေါင်းဆောင်တွေဟာ ၁၉၈၂-ခု နှစ်မှာ ဖေါက်ကလန်စစ်ပွဲကို ဆင်နွဲခဲ့ပါတယ်။ ဗြိတိန်တပ်တွေ ထိမ်းချူပ်ထားတဲ့ ဖေါက်ကလန်ကျွန်းကို ပိုင်ဆိုင်မူအငြင်းပွါးပြီး ၀င်ရောက်တိုက်ခိုက်ရာကနေ စစ်ဖြစ်ခဲ့တာပါ။ ဒီစစ်ပွဲမှာ အာဂျင်တီးနားတပ်တွေ ရူံးနိမ့်ခဲ့ပါတယ်။ နဂိုကတဲက စီးပွါးရေးချွတ်ခြုံကျနေချိန်မှာ စစ်ရူံးလိုက်တဲ့အတွက် အခြေအနေတွေ ပိုဆိုးလာတာမို့ ဗိုလ်ချူပ် လီယိုပေါ်လ်ဒို နေရာကို ဗိုလ်ချူပ် ရိုင်နယ်ဒိုးဘင်ညိုးနဲ့ အစားထိုးပြီး ထွက်ပေါက်ရှာဖို့ပြင်ခဲ့ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အတိတ်ပြဿနာ

ဗိုလ်ချူပ် ရိုင်နယ်ဒိုး စစ်ခေါင်းဆောင်တာဝန်ယူချိန် ၁၉၈၃-ခုနှစ်မှာ စစ်တပ်က နိုင်ငံရေးကနေ ကျောခိုင်းပြီး အရပ်သားအစိုးရကို အာဏာလွဲပေးဖို့ ပြင်ပါတယ်။ နိုင်ငံရေးပါတီတွေ ထူထောင်ခွင့်ပြန်ပေးပြီး ရွေးကောက်ပွဲတွေ ကျင်းပပေးပါတယ်။ ဒါပေမဲ့ အတိတ်ကနိုင်ငံ ခေါင်းဆောင်တာဝန်ယူခဲ့တွေကို နောက်ကြောင်းပြန် တရားစွဲခွင့်မရှိဆိုတဲ့ဥပဒေကို ပြဌာန်းပြီးမှ ဒီမိုကရေစီကို လမ်းဖွင့်ပေးခဲ့တာပါ။ ၁၉၈၃ ခုနှစ်အကုန်မှာ ဒီမိုကရေစီနည်းကျကျနဲ့ ရွေးချယ်တင်မြှောက်တဲ့ ပထမဆုံး အရပ်သားအစိုးရ တက်လာပါတယ်။ စစ်အစိုးရ ဆန့်ကျင်ရေးလှူပ်ရှားမူမှာ ပါဝင်ခဲ့တဲ့ ဥပဒေပညာရှင် နိုင်ငံတော်သမ္မတ ဖြစ်လာပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်ခံရသူတွေက အတိတ်က စစ်ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေကို တရားစွဲဖို့ အရပ်သားအစိုးရသစ်ကို တောင်းဆိုပါတယ်။ အရပ်သားအစိုးရခေါင်ဆောင် ကိုယ်တိုင်ကလဲ တချိန်က အတိုက်အခံဖြစ်ခဲ့သူမို့ စစ်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ပါတယ်။

ဒီမိုကရေစီလမ်းဖွင့်ပေးခဲ့တဲ့ ဗိုလ်ချူပ် ရိုင်နယ်ဒိုးကလွဲရင် စစ်ခေါင်းဆောင်တွေကို ထောင်တသက်ကနေ နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ဖိအားပေးမူနဲ့ ထောင်ထဲကို ပို့လို့မရပဲ နေအိမ်တွေမှာပဲ အကျယ်ချူပ်သဘောမျိုး ထားခဲ့ရပါတယ်။ စစ်တပ်ရဲ့ ဖိအားပေးမူနဲ့ပဲ အတိတ်က စစ်အစိုးရရဲ့ ရာဇ၀တ်မူတွေကို စုံစမ်းစစ်ဆေးတာတွေ ရပ်ဆိုင်းဖို့ လွတ်တော်က အတည်ပြုပေးခဲ့ရပြန်ပါတယ်။ စစ်တပ်ထောက်ခံ ပေးထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေကလဲ အတိတ်ကအမူတွေကို စုံစမ်းဖေါ်ထုတ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး အစိုးရကို ဝေဖန်တို်က်ခိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်ခံရသူတွေကလဲ စစ်ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေကို ထိထိရောက်ရောက် စုံစမ်းအပြစ်ပေးဖို့ အစိုးရကို ဆန္ဒပြတောင်းဆိုပါတယ်။

ဒီမိုကရေစီနည်းကျကျ ရွေးချယ်ခံရတဲ့ ပထမဆုံး အရပ်သားအစိုးရဟာ စစ်တပ်နဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံရသူတွေကြားမှာ ကြားညှပ်ပြီး အခက်တွေ့ခဲ့ရချိန်လို့ သုံးသပ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ၁၉၈၉-ခုနှစ် သမ္မတရွေးကောက်ပွဲမှာ စစ်တပ်လိုလား ထောက်ခံသူ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး အနာဂါတ်ကိုပဲ ရှေ့ရူကြမယ်ဆိုပြီး စစ်ခေါင်းဆောင်တွေနဲ့ နောက်လိုက်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း အမိန့်ထုတ်ပြန်ပေးခဲ့ရပါတယ်။

အမျိုးသမီးများ ရှေ့တန်းထွက်ပြီ



စစ်ခေါင်းဆောင်တွေကို လွတ်ငြိမ်းချမ်းသာပေးတဲ့အပေါ် စိတ်ဆိုးဒေါသထွက်သူတွေထဲမှာ ထိပ်ဆုံးကရှိသူတွေကတော့ အမျိုးသမီးထုပဲဖြစ်ပါတယ်။ အကျဉ်းထောင်တွေ စစ်ကြောရေးစခန်းတွေမှာ မွေးဖွါးခဲ့ရတဲ့ ခလေးတွေ ဘယ်ရောက်လို့ ဘာဖြစ်မှန်းမသိရတဲ့အပေါ် စုံစမ်းဖေါ်ထုတ်ပေးဖို့၊ ပျောက်ဆုံးနေသူတွေကို ပြန်လည်ရှာဖွေပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ပေါ်ပေါက်လာပါတယ်။ သားသမီးတွေ ပျောက်ဆုံးခဲ့ရတဲ့ မိခင်တွေ စုပေါင်းပြီး သားပျောက်မိခင်များအဖွဲ့ကို ဖွဲ့ပါတယ်။ သားပျောက်မိခင်တွေ ဦးဆောင်ပြီး နေ့စဉ်လိုလို တောင်းဆိုပွဲတွေလုပ်ရာကနေ ဆန္ဒပြပွဲ အရှိန်အဟုန် ပြင်းထန်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာချိန်မှာ စစ်ခေါင်းဆောင်တချို့ကို နေအိမ်တွေမှာ အကျယ်ချူပ် ပြန်ထားလိုက်၊ ဆန္ဒပြပွဲအရှိန်သေချိန်မှာ အကျယ်ချူပ်ကနေ ပြန်လွတ်လိုက်၊ ဆန္ဒပြပွဲတွေ ပြန်ဖြစ်လိုက်နဲ့ သံသရာလည်လာပါတယ်။ အရပ်သားအစိုးရအဆက်ဆက်အနေနဲ့ ဆန္ဒပြသူတွေကို ယာယီစိတ်ကျေနပ်မူရှိအောင် ဖြေသိမ့်ပေးတဲ့အဆင့်ပဲရှိခဲ့ပြီး စစ်ခေါင်းဆောင်တွေကို ထိရောက်တဲ့ အရေးယူမူတွေ မလုပ်နိုင်ခဲ့ပါဘူး။

လွှတ်တော်နဲ့ ဥပဒေအပြောင်းအလဲ

ဒီမိုကရေစီအစိုးရဖြစ်လာပြီး နှစ်ပေါင်း ၂၀ အကြာ ၂၀၀၃ ခုနှစ်မှာတော့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ အပြောင်းအလဲတွေ စတင်ဖြစ်လာပါတယ်။ လွတ်တော်မှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသူတွေ အရေးနိမ့်ပြီး ဒီမိုကရေစီလိုလားသူတွေ တချိန်က အတိုက်အခံတွေက နေရာအများစု ရလာပါတယ်။ အာဏာသိမ်းပြီး နိုင်ငံခေါင်းဆောင်ဖြစ်လာသူတွေ၊ အစိုးရအဖွဲ့ဝင်တွေဟာ ပြည်သူသဘောတူ ရွေးချယ်ထားတာမဟုတ်တဲ့အတွက် တရားဝင်နိုင်ငံ့ခေါင်းဆောင်နဲ့ တရားဝင်အစိုးရအဖွဲ့ဝင်တွေအဖြစ် အသိအမှတ်ပြုလို့ မရဘူးဆိုတဲ့ဥပဒေကို ၂၀၀၃ ခုနှစ်မှာ ပြင်ဆင်သတ်မှတ်နိုင်ခဲ့တာပါ။ ဒီသတ်မှတ်ချက်ဟာ အာဂျင်တီးနားနိုင်ငံရေးရဲ့  မဟာအပြောင်းအလဲကြီးတခု ဖြစ်လာပါတယ်။ အတိတ်က နိုင်ငံခေါင်းဆောင်တွေကို နောက်ကြောင်းပြန် တရားစွဲခွင့်မရှိဆိုတဲ့ ဥပဒေဟာ တရားဝင်နိုင်ငံ့ခေါင်းဆောင်တွေအတွက်ပဲ အကျူံးဝင်တယ်၊ စစ်ခေါင်းဆောင်တွေအတွက် အကျူံးမ၀င်ဘူး၊ တရားစွဲခွင့်ရှိတယ်ဆိုတဲ့သဘောပါ။ ဥပဒေအတိုင်း စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် နေအိမ်အကျယ်ချူပ်ထားခွင့်မရှိပဲ အကျဉ်းထောင်ထဲမှာပဲ ထားရမယ်ဆိုတဲ့ ပြဌာန်းချက်တွေပါ အတည်ပြုလာနိုင်ခဲ့ပါတယ်။ အဲဒီလို ဥပဒေသစ်တွေ ထွက်လာချိန်အထိ အရပ်သားအစိုးရတွေဟာ စစ်ခေါင်းဆောင်တွေကို ကိုင်တွယ်ဖို့ လက်တွန့်နေတာမို့ သားပျောက်မိခင်တွေကပဲ ဦးဆောင်ဆန္ဒပြတောင်းဆိုခဲ့ရပါတယ်။

နှစ်ပေါင်း ၃၀ စောင့်ခဲ့ရတဲ့ သားပျောက်မိခင်များ

၂၀၀၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်တွေအပေါ် လွတ်ငြိမ်းချမ်းသာပေးထားတဲ့ အမိန့်တွေ အကာအကွယ်ပေးထားတဲ့ ဥပဒေအားလုံးကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ စစ်အစိုးရလက်ထက် လူ့အခွင့်အရေးကျူးလွန်မူတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အောက်ခြေက စစ်တပ်-ရဲ-ထောက်လှမ်းရေးနဲ့ အစိုးရ၀န်ထမ်းတွေကို စတင်တရားစွဲတာတွေ လုပ်လာနိုင်ခဲ့ပါတယ်။ နေ့စဉ်ထုတ် အာဂျင်တီးနားသတင်းစာတွေမှာ မပါရင်မပြီးတဲ့သတင်းကတော့ စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖေါက်မူတွေအတွက် ရုံးတင်စစ်ဆေးတဲ့သတင်းနဲ့ ပြစ်ဒဏ်ချမှတ်တဲ့ သတင်းတွေပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ထဲကျမှ အဓိကစစ်ခေါင်ဆောင်အားလုံးကို ရုံးတင်တရားစွဲနိုင်ခဲ့ပြီး ထောင်နှစ်ရှည်တွေ ချမှတ်နိုင်ခဲ့တာပါ။ ပြစ်ဒဏ်ချပြီးတာနဲ့ အရင်ကလို နေအိမ်အကျယ်ချူပ်မထားတော့ပဲ ထောင်ထဲကို ချက်ခြင်းတန်းပို့ခဲ့ပါတယ်။ ဒီမိုကရေစီအရပ်သားအစိုးရတက်ပြီး နှစ်ပေါင်း ၃၀-နီးပါးကြာမှ စစ်ခေါင်းဆောင်တွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်ခဲ့တာပါ။ စစ်ခေါင်းဆောင်တွေကိုထောင်ချနိုင်ခဲ့ပြီဖြစ်ပေမဲ့ သားပျောက်- သမီးပျောက်ရှာပုံတော် ဖွင့်ပွဲတွေကတော့ ဆက်ရှိနေဦးမှာပါ။ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေအတွက် လွမ်းဆွတ်တမ်းတမူတွေလဲ ထာဝရခံစားနေကြရဦးမှာပါ။ အတိတ်က အိပ်မက်ဆိုးတွေကနေ ရုန်းထဖို့ ကျိုးစားကြရဦးမှာပါ။

အတိတ်နဲ့ အနာဂတ်ပြဿနာ

အာဂျင်တီးနားဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် စစ်အစိုးရသက်တမ်းဟာ ၈ နှစ်ပဲ ရှိခဲ့ပါတယ်။ ဒီ ၈ နှစ်တာကာလကအတွင်း လူ့အခွင့်အရေးချိုးဖေါက်မူတွေအတွက်၊ တရားမျှတမူအတွက် ရုံးတင်စစ်ဆေးနိုင်ဖို့ အာဂျင်တီးနားပြည်သူတွေ နှစ်ပေါင်း ၃၀ စောင့်ခဲ့ရပါတယ်။ ဒီလိုစောင့်ခဲ့ရတယ်ဆိုတာကလဲ အိမ်ထဲမှာ သက်တောင့်သက်သာနဲ့ စောင့်ခဲ့ရတာမဟုတ်ပါဘူး။ အရပ်သားအစိုးရအဆက်ဆက်ကို ဇွဲရှိရှိနဲ့ တောင်းဆိုဆန္ဒပြဖိအားပေးရင်း စောင့်ခဲ့ကြရတာပါ။ ဒီနေရာမှာ စစ်ခေါင်းဆောင်တွေကို အမိန့်ချမှတ်တဲ့အချိန်က ၀မ်းသာအားရဖြစ်ခဲ့ကြတဲ့ သားပျောက်မိခင်များအဖွဲ့ရဲ့ ပြောပြချက်တွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ စစ်ခေါင်းဆောင်တွေ ထောင်ထဲရောက်သွားတာကို ဂလဲ့စားချေခွင့်ရလိုက်ပြီဆိုတဲ့စိတ်နဲ့ ၀မ်းသာကျေနပ်တာမဟုတ်ပဲ အတိတ်က နာကျည်းခံစားခဲ့ရတာ တွေကို တရားမျှတမူနဲ့ သင်ပုန်းချေနိုင်ခွင့်ရလိုက်တဲ့အတွက် ၀မ်းသာကျေနပ်မိတာလို့ သားပျောက်မိခင်တွေက ပြောခဲ့တာပါ။

အာဂျင်တီးနားသားပျောက်မိခင်တွေ ပြောခဲ့တဲ့အထဲမှာ စဉ်းစားဆင်ခြင်စရာ ကောင်းတာတခုလဲ ရှိပါသေးတယ်။ အဲဒါကတော့… အတိတ်က ဖြစ်ရပ်တွေအပေါ် တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းကုစားနိုင်မှသာ သာယာဖြောင့်ဖြူးတဲ့အနာဂါတ်ကို တက်လှမ်းနိုင်ပါလိမ့်မယ်တဲ့။

မိုးအေး
(မြန်မာပို့စ်ဂျာနယ်မှ ...)

မှီငြမ်း

- Our Disappeared (2008), Directed by Juan Mandelbaum
- Behind the Disappearances: Argentina's Dirty War Against Human Rights and the United Nations, by Iain Guest (1990).
- http://unglued.org/timeline/index.php?year=1976
- http://ww4report.com/node/9893
- Argentina Mothers of Plaza de Mayo: Living legacy of hope and human rights by Marie Trigona
– WNN Features
- Largest trial of 'Dirty War' crimes starts in Argentina, BBC (28 November 2012)
- Argentina close to verdict on junta's alleged theft of death-camp babies –The Guardian, Thursday 5 July 2012

2 comments:

မောင်ပြောချင် said...

သြော် ထပ်တူကျမယ်ဆိုတာတောင်မှ နှစ်ပေါင်း ၁၈၀ စောင့်ရမှာလား။ကျုပ်တို့တိုင်းပြည်မှာဒဏ်ချက်တွေကများတယ်။ကိုလိုနီခေတ်ရဲ့ဒဏ်၊ပြည်တွင်းစစ် ရဲ့သားကောင်တွေ၊အာဏာရှင်စနစ်ရဲ့ဆိုးမွေတွေ။ ဒီလိုအတိတ်ကိုကုစားမှအနာဂတ် လှနိုင်တယ်ဆိုပေမယ့်
ပန်းတိုင်မရောက်ခင် တက်တော့မမြှောက်စေချင်ဘူး။စာမေးပွဲအောင်အောင် ဖြေရမယ့်ကျောင်းသားစာကျက်သလိုပေါ့။သေချာပေါက်ပါနိုင်တဲ့ပုစ္ဆာ ကိုအပိုင်ကျက်လို့မရသေးခင် ဟိုဟာလည်းဖတ်လိုက်ချင် ဒီဟာလည်းကျက်လိုက်ချင်ဆိုတဲ့ စိတ်များနေရင်တော့ စာမေးပွဲကိုအချိန်တိုတိုအတွင်းမှာ အောင်နိုင်ဖို့အခွင့်အရေးနည်းသွားလိမ့်မယ်။လှပတဲ့အနာဂတ်ပိုင်ရှင်တိုင်းဟာလည်းအတိတ်မှာအချိန်မဖြုန်းပဲလက်ရှိမှာအကျိုးရှိတာကိုပဲအဓိကထားလုပ်တယ်။
အတိတ်ကအကျိုးအပြစ်တွေကိုဆုံးဖြတ်စီရင်ဖို့ အနာဂတ်မျိုးဆက်တွေအတွက်သမိုင်းမှန်ချန်ထားပေးပြီးရင်တာဝန်ကျေပါပြီ။ နောက်လူတွေ ဆုံးဖြတ်စီရင် ပါစေတော့။ဥပမာ ဗျာ ဦးနေဝင်းတို့ ဘာတို့ကိုကျုပ်တို့ဘယ်လိုစီရင်ဘယ်လို အပြစ်ပေးလို့ရတော့မှာလည်း။

S.Maung Chain said...

Similarly with Burma but we need to keep in our mind this lesson.