Sunday, February 24, 2013

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၆)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

ဖေဖော်ဝါရီ ၂၃

“လက်ပံတောင်းအရေး သွေးမအေးကြနဲ့”

“ကချင်အရေး မေ့မထားကြနဲ့”

“အခြေခံဥပဒေပြင်ဆင်ရေး သွေးမအေးကြနဲ့”

“ဦးပိုင်နဲ့ ကာလုံ ဖျက်သိမ်းရေး မေ့မထားကြနဲ့”

ဖေဖော်ဝါရီ ၂၃
“ကိုယ့်အိမ်မှာ လုံလုံခြုံခြုံနေနိုင်တဲ့ အာမခံချက်ရှိအောင် အရင်ဆုံး ကြိုးစားသင့်”

ဒီပဲယင်းလူသတ်ပွဲနဲ့ တက္ကသိုလ်ရိပ်သာလမ်း ၅ လောင်းပြိုင် လူသတ်မှုတွေ ခဏထားလိုက်ဦး … ဦးလေးသိန်းစိန်ကိုယ်တိုင် သမ္မတလုပ် အုပ်ချုပ်နေချိန်မှာ ပူပူနွေးနွေး ဖြစ်ပွားခဲ့တဲ့ တောင်ကုတ် ၁၀ လောင်းပြိုင် လူသတ်မှုရဲ့ အဓိကတရားခံတွေ၊ လက်ပံတောင်းသံဃာတွေကို မီးလောင်ဗုံးပစ် နှိမ်နင်းမှုမှာ တာဝန်ရှိတဲ့ အဓိကတရားခံတွေနဲ့ မကွေးတိုင်း ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စည်းရုံးရေးမှူး ဦးရဲဝင်း အသတ်ခံရမှုရဲ့ အဓိကတရားခံတွေကို တိတိကျကျ ဖော်ထုတ် အရေးယူ အပြစ်ပေးနိုင်ခြင်းမရှိတဲ့ တရားဥပဒေစိုးမိုးမှု လုံးဝ လုံးဝမရှိတဲ့ နိုင်ငံကို သူ့နိုင်သားတွေ ပြန်လာချင်စိတ်မရှိတာ ပြန်မလာချင်သူတွေ အပြစ်လား၊ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်နိုင်စွမ်းမရှိတဲ့ အာဏာပိုင်တွေ အပြစ်လားဆိုတာ ရိုးရိုးလေး စဉ်းစားကြည့်လို့ ရပါတယ်။ ဦးလေးသိန်းစိန်တို့အနေနဲ့ အိမ်ပြင်ရောက်နေတဲ့ ကိုယ့်အိမ်သားတွေ အမှန်တကယ် ပြန်လာစေချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ တရားဥပဒေ အမှန်တကယ် စိုးမိုးနေပြီဖြစ်ကြောင်း (အိမ်မှာ လုံလုံခြုံခြုံ နေထိုင်နိုင်ပြီဖြစ်ကြောင်း) သက်သေပြဖို့ အရင်ဆုံး ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်တာတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဆောင်ရွက်တာတွေ၊ အခြေခံဥပဒေပြင်ဆင်တာတွေ၊ ဦးပိုင်နဲ့ ကာလုံ ဖျက်သိမ်းဖို့ ဆိုတာတွေကလည်း အိမ်ပြန်လည်သာယာစည်ပင်လာဖို့အတွက် မဖြစ်မနေ ဆက်လုပ်ရမယ့် အရေးကြီးကိစ္စတွေပေါ့။

ဖေဖော်ဝါရီ ၂၁
“အခုအတိုင်းပဲ ချောက်ထဲကို ဆက်ဆင်းနေပါမယ်”

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ “တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကိုင်ရင် တိုးတက်မှုရမယ်” ဆိုတာထက် တပ်မတော်ဟာ တပ်မတော်နေရာမှာ နေမှ တိုင်းပြည် တိုးတက်မှာပါ။ တပ်မတော်အကြီးအကဲတွေကို မျက်နှာချိုသွေးပြီး အလုပ်လုပ်နေရသရွေ့၊ တပ်မတော်ဟာ အခြားဝန်ထမ်းအဖွဲ့အစည်းတွေနည်းတူ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ အမိန့်ကို ပြည့်ပြည့်၀၀ မနာခံဘဲ အခွင့်ထူးခံ ၀န်ထမ်းအဖွဲ့အစည်း ဖြစ်နေသရွေ့၊ တပ်မတော်ခေါင်းဆောင်တွေဟာ နိုင်ငံရေးမှာ တတ်ယောင်ကားလုပ်ပြီး ၀င်ရောက်စွက်ဖက်နေသရွေ့ တိုင်းပြည်ဟာ အခုအတိုင်းပဲ ချောက်ထဲကို ဆက်ဆင်းနေပါမယ်။

ဖေဖော်ဝါရီ ၂၁
“ဗိုလ်ခင်ညွန့်နဲ့ သတင်းစာရှင်းလင်းပွဲ”

လူပြောများနေတဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုတာကို စိတ်ဝင်စားတယ်ဆိုရင် ဗိုလ်ခင်ညွန့်လည်း သူ့ခေတ်သူ့အခါက သူ နှိပ်ကွပ်ရက်စက်လို့ သေကြေဘ၀ပျက်ခဲ့ရတဲ့ ရဟန်းရှင်လူပြည်သူလူထုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို အခုခေတ်စားနေတဲ့ တော်ဝင်နှင်းဆီခန်းမကဖြစ်ဖြစ်၊ သဘောထားကြီးကြောင်း ဓာတ်ပုံတွဲရိုက်ပြခဲ့တဲ့ ကိုဇာဂနာတို့ရဲ့ ဟုမ်းခန်းမကပဲဖြစ်ဖြစ် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၀န်ချတောင်းပန်ပွဲလေးပြူလုပ်ဖို့ အကြံပြုလိုပါတယ်။ အာဏာလက်မဲ့ဘ၀နဲ့ အခုထက်နည်းနည်းပိုပြီးတော့လည်း အသေဖြောင့်ချင်ဖြောင့်သွားအောင်ဆိုတဲ့ စေတနာနဲ့ပါ။ ခံခဲ့ရသူအားလုံးမဟုတ်တောင် တချို့တလေက ခွင့်လွှတ်တယ်ဆိုရင်လည်း ယမမင်းဆီရောက်ရင် အမှုနည်းနည်းပေါ့သွားတာပေါ့။"

ဖေဖော်ဝါရီ ၁၀
“ပြုံးစရာ”

တရုတ်-မြန်မာနယ်စပ်မှာ နေထိုင်သူတွေကို စိစစ်ပြီး နိုင်ငံသားကတ် ထုတ်ပေးတုန်းကပါ။ တချို့လည်း နယ်စပ်မှာ မွေးဖွားကြီးပြင်းပြီး မြန်မာလို မပြောတတ်သလောက်ဖြစ်ပေမယ့် နိုင်ငံသားကတ်ကလေးကို ရထားချင်တာနဲ့ လူတွေ့ စစ်မေးတဲ့အခါ အဆင်ပြေအောင် မြန်မာလို မေးတတ်တဲ့ မေးခွန်းနဲ့ အဖြေတချို့ကို ခါတော်မီ သင်သွားကြသတဲ့။

လူတွေ့စစ်မေးမှုလုပ်တဲ့အခါ လာဖြေသူတဦးကို စစ်မေးသူက ...

“အရပ်” လို့ မေးတာကို

ဖြေသူက သူ သင်လာပေမယ့် မေ့နေလို့ အရက်သောက်လား မေးတယ်ထင်ပြီး ...

“တခါတလေ” လို့ ဖြေလိုက်သတဲ့။

မေးသူ မျက်မှောင်ကြုတ်သွာပြီး ...

“သွေး” လို့ ထပ်မေးသတဲ့။

ဖြေသူက မေးတာကို နားလည်ပေမယ့် သင်လာတာထက် တလုံး ပိုပြီး ပြောလိုက်မိသတဲ့။

သူက “အေဘီ” လို့ သင်လာတာကို အရှိန်လွန်ပြီး အင်္ဂလိပ်အက္ခရာ (C) ကိုပါထည့်ကာ “အေဘီရှီ” ဆိုပြီး ပြောလိုက်မိသတဲ့။

သူ့ရဲ့ (C) အသံထွက်ကို ကြားပြီး လာဖြေသူဟာ တရုတ်လူမျိုးပဲလို့ မေးသူက မှတ်ယူလိုက်ပုံပေါ်သတဲ့။ အဲဒါနဲ့ စိတ်တိုပြီး အခန်းထဲက ထွက်သွားလို့ရပြီဆိုတဲ့သဘောနဲ့ ...

“သွား” လို့ အော်လိုက်သတဲ့။

အဲဒါကို ဖြေသူက နောက်တခု ထပ်မေးတယ်ထင်ပြီး သွားတွေကို တင်းတင်းစေ့ကာ ပါးစပ်ကို ဖြဲပြီး တောင့်တောင့်ကြီး ဆက်ရပ်နေသတဲ့။

(၂၀၁၃ လွပ်လပ်ရေးနေ့က ဆရာမ ဒေါက်တာခင်စောဝင်း တည်ခင်းတဲ့ နယူးရီးယား ညစာစားပွဲမှာ ဟာသ ပြောခဲလှတဲ့ ဆရာမ ဒေါက်တာစင်သီယာမောင် ဆီက ရှားရှားပါးပါး ကြားခဲ့ရတဲ့ ပြုံးစရာလေးတခုပါ။)

ဖေဖော်ဝါရီ ၃

“ရူးချင်ယောင်မဆောင်ရေး ကြီးကြပ်မှုကော်မရှင် ...”

ကြံ့ဖွတ်စစ်အုပ်စု မတရား ကျူးလွန်ထားတဲ့ လတ်လတ်ဆတ်ဆတ် ပြစ်မှုကြီးတွေကို မေ့ပျောက်အောင် အချိန်ဆွဲဖို့ ဖွဲ့စည်းထားတဲ့ “ကော်မရှင်” ဆိုတာတွေနဲ့ ကော်မရှင်တွေမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကို ရူးချင်ယောင်မဆောင်စေဖို့ ကြီးကြပ်ရေးကော်မရှင် ဖွဲ့ဖို့လိုပြီလော ...။

ဖေဖော်ဝါရီ ၂
မလွဲမသွေ ... (သို့) ကာခံ

တချိန်က လူထုခေါင်းဆောင်မကလို့ ဘာကြီးပဲဖြစ်ခဲ့ ဖြစ်ခဲ့၊ ဘယ်လိုပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့ အခုအချိန်မှာ ပြည်သူလူထုအကျိုးစီးပွားကို ဆန့်ကျင်ပြီး လူထုကို ဖိနှိပ်ရက်စက်ခဲ့ ရက်စက်နေဆဲ၊ ဂုတ်သွေးစုပ်ခဲ့ စုပ်နေဆဲ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေကို ကာဆီးကာဆီးလုပ်၊ မယောင်ရာဆီလူးတဲ့ အလုပ်တွေပဲ လုပ်နေရင်တော့ လူထုနဲ့ ထိပ်တိုက်တွေ့ပြီး လူထုရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ရင်ဆိုင်ရမှာ အသေအချာပါပဲ။

ဇန်န၀ါရီ ၃၁
“၂၀၁၃ ဇန်န၀ါရီလ အရယ်ရဆုံး ဟာသ”

မြန်မာပြည်သူလူထုစိတ်ထဲ အကြောက်တရားမျိုးစုံ ၀င်အောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ရိုက်သွင်းခဲ့၊ ရိုက်သွင်းနေဆဲ ကောင်တွေက ခွေးပါးစပ်က နတ်စကားထွက်ဆိုသလို “စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ ဟောပြောသွားမည်” တဲ့။ ဒီ့ထက် ရယ်စရာကောင်းတဲ့ ဟာသတော့ ရှိနိုင်မယ်မထင်။

http://www.mizzimaburmese.com/news/inside-burma/10873-2013-01-28-16-16-04.html"

ဇန်န၀ါရီ ၂၉
“ဖေ့စ်ဘွတ်ခ်လူတန်းစားသစ်ပုစိကွေးတရပ်”

အခုတလော ဖေ့စ်ဘွတ်ခ်ကို မွှေနှောက်ဖတ်ရှုရင်း လူတန်းစားပုစိကွေးတရပ် ပေါ်ပေါက်နေတာ သတိထားမိတယ်။ သူတို့ရဲ့ အကောင့်တွေကို ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ၊ ဘယ်ချောင်ကလောင်ကနေ ရေးနေမှန်းမသိ။ ကိုယ့်ကိုယ်ကိုယ်လည်း စာတွေအတော်ဖတ်ထားပြီး တော်တော်သိနေပြီလို့ ဘ၀င်လေဟပ်နေကြပုံပေါ်။ တချို့ကျတော့လည်း စာရေးဆရာ မောင်စူးစမ်းတို့၊ ကိုကျော်ဝင်းတို့၊ ကိုနေ၀င်းမောင်တို့စာတွေလောက် ဖတ်ဖူးတာကို ကိုယ့်ကိုယ်ကိုယ် တော်တော်ဟုတ်နေပြီလို့ အထင်ရောက်နေကြပုံပေါ် (အကိုးအကားလေးတွေက ပါတတ်သေး)။

အဲဒီလူတန်းစားသစ် ဖေ့စ်ဘွတ်ခ်အကောင့်ရှင်ကလေးတွေဟာ သူတို့အထင်ကြီးပုံရတဲ့ ဆရာသမားတွေလို ကလိန်ကကျစ် ကြံ့ဖွတ်စစ်ခေါင်းဆောင်တွေကို ခေါင်းမလျှို၊ အတင်းဝင်မလုံး၊ ဖင်မလျက်၊ မဖားမယားဘဲ ကိုယ့်ယုံကြည်ချက်ပေါ်ကိုယ် ရပ်တည်ရေးသားနေကြသူတွေရဲ့ ပို့စ်တွေအောက်မှာ ပြင်ညာရှိယောင်ယောင်၊ ငါသိငါတတ်ယောင်ယာင်၊ ကြားချပြီးပြောသယောင်ယောင် လေပျော့လေးတွေနဲ့ ကွန်မင့်တွေ လာရောက်ရေးသားလေ့ရှိကြတယ်။ ပြောရရင် ရယ်စရာပေါ့ဗျာ။

ဘယ်လိုလေသံမျိုးတွေလဲဆိုတာ့ ...

“အကောင်းမြင်စိတ်ကလေးတွေ ထားကြပါဗျာ” တို့

“နိုင်ငံရေးဆိုတာ အီမိုးရှင်းနဲ့ လုပ်လို့မရဘူးဗျ” တို့

“လမ်းပေါ်ထွက် ဆန္ဒပြနေလို့ အဖြေမထွက်နိုင်ဘူး” တို့

“အခုအချိန်မှာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်သင့်ဘူး” တို့

“အရှည်ကိုကြည့်ပြီး ဦးနှောက်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်ကြရမယ်” တို့

... စသဖြင့် ခွေးဝဲစား ချီးကားကြိတ်ခံထားရတဲ့ လေသံမျိုးတွနဲ့ပေါ့ဗျာ ...

ဇန်န၀ါရီ ၂၈
“လိုရာမရောက်မှာလည်း စိုး ...”

ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးကို ယုံတယ်” “တပ်မတော်အရာရှိကြီးတွေကို ချစ်ပါတယ်” “တပ်မတော်ကို နှစ်သက်ဆဲပါ” ဆိုတာမျိုးတွေကို အမြော်အမြင်ကြီးသယောင်ယောင်၊ အရှည်ကိုတွေးသယောင်ယောင် ပြောဆိုနေပေမယ့်လည်း လွန်ခဲ့တဲ့ ၂၃ နှစ်မှာ “မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံမျိုးထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အင်မတန်မှ သံသယကြီးလွန်းတတ်တဲ့ ကာလုံစစ်ခေါင်းဆောင်တွေရော၊ စစ်ခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ ရုပ်သေးသမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ရော ယုံကြည်မှုရှိနိုင်ပ့ါမလားဆိုတာ စိုးရိမ်စရာကောင်းတဲ့အချက်ပါ။ တဘက်လူတွေရဲ့ ယုံကြည်မှုမရရှိနိုင်ဘဲ ကိုယ့်ဘက်ကပဲ တဖက်သတ် စွတ်ရွတ်ပြောနေရင် ကွယ်ရာမှာ တဘက်လူတွေရဲ့ ဟားတိုက်ရယ်မောခံရသူအဖြစ်သာရှိပြီး လိုရာမရောက်မှာလည်း စိုးရပါတယ်။

ဇန်န၀ါရီ ၂၂
“ဘာသာပြန်ဖို့ ကျွတ်ကျဲသွားတဲ့ ဟောပြောမှု”

Nyi Saw Lwin ရဲ့ Status မှာ `ခရီးသွားဆောင်းပါး ရေးဖို့ ကျွတ်ကျဲသွားတဲ့ အမှာစာ´ ဆိုတာကို ဖတ်ရတော့ ဘာသာပြန်ဖို့ ကျွတ်ကျဲသွားတဲ့ ကွယ်လွန်သူ စာရေးဆရာကြီး မောင်သော်ကရဲ့ ဟောပြောမှုကို သတိရပြီး ပြုံးမိသွားတယ်။

ဆရာမောင်သော်က ဟောပြောတာက ဒီလိုပါ။

ဒစ်ရှင်နရီ ရှိရင် ဘာသာပြန်စာရေးဆရာ လုပ်လို့ရတယ်လို့ ထင်ပုံပေါ်တဲ့ မျက်ကန်းတစ္ဆေမကြောက် လူရွယ်တဦးက တရက်သားမှာ ဆရာ့ဆီ သူ ဘာသာပြန်ထားတဲ့ စာမူတွေတထပ်ကြီး ပိုက်ပြီး ရောက်ချလာသတဲ့။ သူ့ကိုယ်သူ မိတ်ဆက်ပြီး သူကိုယ်တိုင် ထုတ်ဝေမယ့် သူကိုယ်တိုင် ဘာသာပြန်ထားတဲ့ စာအုပ်အတွက် အမှာစာ ချီးမြှင့်ပေးဖို့ ဆရာ့ကို ပူဆာသတဲ့။ ဆရာကလည်း အားနာတာနဲ့ “အေးကွာ ... ထားခဲ့၊ အားတဲ့အခါ ဖတ်ကြည့်ပြီး ရေးထားလိုက်ပါမယ်” လို့ ပြောပြီး ရက်ချိန်းပေးလိုက်သတဲ့။

အားလို့ သူ့စာမူကို ကောက်ဖတ်ကြည့်လိုက်တဲ့အခါ အစ တမျက်နှာ၊ နှစ်မျက်နှာ ဖတ်ရုံရှိသေး၊ ဆက်စားမယ့် ထမင်းပန်းကန်ထဲ ခဲ၊ သလဲတွေ နမ်းချင်းတွေ့လိုက်ရလို့ ထမင်းဆက်စားချင်စိတ် ကုန်ခန်းသွားသလိုမျိုး သူ့စာမူကို ဆက်ဖတ်ချင်စိတ် ကုန်ခန်းသွားသတဲ့။ ဒါပေမယ့် ပေးထားတဲ့ ကတိကလည်း ရှိလေတော့ အမှာစာကိုတော့ ရေးဖြစ်အောင် ရေးလိုက်သတဲ့။ လာယူတဲ့နေ့ကျတော့ စာအိတ်နဲ့ ပိတ်ပြီးသား အမှာစာနဲ့ သူ့စာမူတထပ်ကြီးကို အပေးမှာ သူက ဆရာ့ကို ကျေးဇူးတင်ကြောင်း ၀မ်းသာအားရ ပြောပြီး ပြန်သွားသတဲ့။ အမှာစာကြောင့်ပဲလားတော့ မသိဘူး၊ စာအုပ်လည်း ထွက်လာတာ မတွေ့ရဘူး။ ဆရာ့ဆီလည်း နောက်ထပ် ပေါ်မလာတော့ဘူး ... တဲ့။

ဆရာမောင်သော်က ရေးပေးလိုက်တဲ့ အမှာစာကတော့ ...

“ဤစာအုပ်သည် တော်ရုံနှင့် လွှင့်ပစ်၍ရမည့် စာအုပ်မဟုတ်၊ အဝေးဆုံးသို့ အားကုန်လွှဲ၍ လွှင့်ပစ်ရမည့် စာအုပ်သာဖြစ်ပေသတည်း။” တဲ့။

(ဆရာမောင်သော်ကရဲ့ တခုသော စာပေဟောပြောပွဲ အမှတ်တရ ...)

ဇန်န၀ါရီ ၂၁

“၀မ်းနည်းစရာ ကောင်းလှပေစွ ... မြန်မာလူထုဘ၀”

ကျွန်ုပ်တို့မြန်ပြည်သူလူထု ယုံကြည်မျှော်လင့်အားထားသည့် လူထုခေါင်းဆောင်ဟူသည်ကား သူ့ထံ ရောက်လာသော ဘောလုံးမှန်သမျှကို တဘက်အသင်းဘက်သို့ ရိုက်မချတတ်ဘဲ နောက်လိုက်လူထုထံသို့သာ ပြန်လည်ဘော်လီဘောပုတ်နေတတ်သော ခေါင်းဆောင်မျိုးပေတကား ... ၀မ်းနည်းစရာ ကောင်းလှပေစွ ...

ဇန်န၀ါရီ ၁၉

“သူခိုးကြီးငတက်ဖြားအိုင်ဒီအိုလော်ဂျီ”

သူခိုးကြီးငတက်ဖြားက သူ့ခေတ်သူ့အခါက မတော်မတရား ချမ်းသာသူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူပြီး မရှိဆင်းရဲသားတွေကို ဝေခြမ်းပေးသလို ဒေါ်အောင်ဆန်းစုကြည်က လေလံပစ်တဲ့နည်းနဲ့ ခေတ်ပျက်သူဌေး (ခရိုနီ) တွေဆီက ငွေတွေကို ရယူတာနဲ့ လှူဒါန်းငွေကို လက်ခံတာဟာ ပညာရေး၊ ကျန်းမာရေးရန်ပုံငွေအဖြစ် သုံးဖို့လို့ ဆိုလေတော့ သူခိုးကြီးငတက်ဖြားရဲ့ အိုင်ဒီအိုလော်ဂျီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ဒီအိုလော်ဂျီ အတူတူပဲလို့ ဆိုနိုင်လေမလား။

တကယ်တော့ မြန်မာပြည်ကြီး အခုလို ဗိုက်ပူနံကားဖြစ်ပြီး ပိန်သေးကျုံလှီစွာနဲ့ အာဟာရချို့တဲ့နေရတာဟာ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါ ခရိုနီကပ်ပါးသန်ကောင်တွေ တိုင်းပြည်ဘဏ္ဍာတွေကို မတော်မတရား လက်ဝါးကြီးအုပ် ရယူမြိုဆို့ထားလို့ပါ။ ခရိုနီကပ်ပါးသန်ကောင်တွေဆီက ငွေတွေကို သူခိုးကြီးငတက်ဖြားအိုင်ဒီအိုလော်ဂျီလောက်နဲ့ ချဉ်းကပ်နေလို့ကော တိုင်းပြည်ဗိုက်ပူနံကား ပိန်သေးကျုံလှီ အာဟာရချို့တဲ့နေတာ သက်သာနိုင်ပါ့မလား။ မသက်သာတဲ့အပြင် အဲဒီ ခရိုနီကပ်ပါးသန်ကောင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမီနားကိုပါ အရှက်မရှိ ခိုတွယ်ပြီး သူတို့လှူဒါန်းတာထက် ပိုအမြတ်အစွန်းရအောင် လုပ်စားကြဦးမယ်ဆိုတာကိုရာ မတွေးမိလေသလား။ နိုင်ငံ့ခေါင်းဆောင်တယောက်အနေနဲ့ ရောဂါရဲ့ဇာစ်မြစ်ကို ရှာဖွေကုသဖို့ မကြံတတ်တော့လို့လေလား။

ဇန်န၀ါရီ ၁၅
“ဆက်တိုက် လက်နက်ချပေးနေရ ...”

“လူတယောက်ဟာ လက်နက်ချလိုက်ပြီဆိုရင် တခါထဲချရတာ မဟုတ်ဘူး။ အကြိမ်ကြိမ် ချနေရတာပဲ”

(ရဲဘော်ဖိုးသံချောင်းရဲ့ `လက်နက်ချ´ ဆောင်းပါးမှ ...)

ရဲဘော်ဖိုးသံချောင်းရဲ့ ဆောင်းပါးထဲက စာသားကို ကိုးကားတဲ့အပေါ် နိုင်ငံရေးတံဆိပ်ကပ်တော်သူတွေက ကွန်မြူနစ်လို့ အခြောက်တိုက် အထင်ကြီးကြမှာလည်း စိုးရသေး။ ပြောချင်တာကတော့ ဒီလိုပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်လျောညီထွေမှု မရှိတော့လောက်အောင် ရခိုင်အရေး၊ လက်ပံတောင်းအရေးနဲ့ အထူးသဖြင့် ကချင်အရေးတွေမှာ ရေငုံ နှုတ်ဆိတ် မသိချင်ယောင်ဆောင် (ကြားနေ) နေတာဟာ နိုင်ငံရေးအရ အမြော်အမြင်ကြီးမှုကြောင့်လို့တော့ ကျနော့်အနေနဲ့ မထင်မိရိုးအမှန်ပါ။

ဖြစ်နိုင်တာက ရဲဘော်ဖိုးသံချောင်းရဲ့ ဆောင်းပါးထဲက စာသားလို ၂၀၀၈ အခြေခံဥပဒေအောက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လက်နက်ချခဲ့ရပြီးတဲ့နောက် ဖြစ်သမျှ ပြည်သူ့အရေးတွေမှာ ရေငုံနှုတ်ပိတ်နေရတဲ့နည်းနဲ့ ဆက်တိုက် လက်နက်ချပေးနေရတာလို့ပဲ ကျနော်တော့ ရိုးရိုးသားသား မြင်မိပါတယ်။

ဇန်န၀ါရီ ၁၅

“တော်တော့်ကို လွဲလွဲကြီး ...”

‘ခရိုနီ´ ဆိုတဲ့ ဒက်ဖနေးရှင်းကိုက တော်တော်ကြီးကို ဆိုးရွားနေလေတော့ ခရိုနီတွေထဲမှာ ကောင်းတဲ့လူတွေလည်း ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခမဲ့ ရှေ့နေလိုက်ပေးနေတာဟာ ... မတရား လုယက် ခိုးဆိုးတိုက်ခိုက်၊ သမ္မာအာဇီဝ မဟုတ်တဲ့ နည်းလမ်းမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာပြီးမှ စိတ်ကောင်းဝင်ချင်ယောင်ဆောင်တဲ့ သူခိုးဓားပြသာသာ အောက်တန်းစားစိတ်ဓာတ်နဲ့ ငနဲသားတွကို နောင်လာနောက်သား မြန်မာပြည်သားတွေ အတုယူမှားအောင် မဟာချီးမွမ်းခန်းဖွင့်ပေးသလိုမျိုး ဖြစ်နေတယ်လို့ထင်တယ်။ တော်တော့်ကို လွဲလွဲကြီးပဲ။

ဇန်န၀ါရီ ၅

“ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားချက်”

အကျွန်ုပ် မောင်လွဏ်းဆွေကလေးအား ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသမှုဖြင့် ဝေဖန်ထောက်ပြနေသူဟု အကောင်းဘက်မှ ရှုမြင်ရမည့်အစား ဒေါ်အောင်ဆန်းစုကြည်ကို မနာလို မုန်းတီးစိတ်ဖြင့် တိုက်ခိုက်ချေမှုန်းနေသည့် အဆိုးမြင်ဝါဒီဟု အထင်အမြင်မှားခံနေရချိန် ...၊ လူရင်းများကပင် အကျွန်ုပ်နှင့် ယခင် ခင်မင်ရင်းစွဲရှိခဲ့သည့်အတိုင်း ပြောဆိုဆက်ဆံမိလျှင် ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်သူဟု ကင်ပွန်းတပ် အထင်အမြင်လွဲခံရမည်ကို စိုးထိတ်သောကြောင့် မတတ်သာ ခပ်ခွာခွာနေနေကြချိန် ဇန်န၀ါရီ ၄ ရက် အခါသမယ၌ မေတ္တာမပျက် မွေးနေ့ဆုတောင်းများ ပေးပို့ခဲ့ကြသည့် ဖေ့စ်ဘွတ်ခ် မက်ဆေ့ခ်ျမှ မိတ်ဆွေ ၈၁ ဦး၊ တိုင်းမ်လိုင်းမှ မိတ်ဆွေ ၁၀ ဦး၊ အီးမေးလ်မှ မိတ်ဆွေ ၁ ဦးနှင့် ဖုန်းဆက်၍ ဟက်ပီးဘတ်ဒေးခဲ့ကြသော မိတ်ဆွေ (အရေအတွက် မမှတ်မိ) တို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ခင်မင်လေးစားစွာ ပြောကြားအပ်ပါသည်။

မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေ။

ဒေါ်အောင်ဆန်းစုကြည်ကို အမှန်ဧကန် ချစ်ခင်လေးစားသူ ...
မောင်လွဏ်းဆွေ :)

ဇန်န၀ါရီ ၅

“မျက်စိစုံမှိတ်ချစ်သူ” နဲ့ “ချင့်ချင့်ချိန်ချိန်ချစ်သူ”

တခါတခါ ကျနော်က “အမေစုချစ်သူတွေ နားဆင်ဖို့၊ ကြည့်ရှုဖို့ ရှယ်ပါတယ်” လို့ ရေးသားမိတော့ ကျနော်က “အမေစု” လို့ သူ့ကို ချစ်လွန်းသူတွေ ချွဲနွဲ့ ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မချစ်တဲ့သူလို ဖြစ်နေတယ်။ တကယ်လည်း ကျနော်က အမေစုချစ်သူ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့် ကျနော်က ဒေါ်အောင်ဆန်းစုကြည်ချစ်သူလို့တော့ ကိုယ့်ကိုယ်ကိုယ် သေချာပေါက် ပြောရဲပါတယ်။ ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်နေဆဲ၊ စိတ်ဝင်းစားနေဆဲ၊ အားကိုးမျှော်လင့်နေဆဲမို့လည်း သူ့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိတဲ့ အချက်တွေကို အလေးအနက်ထား ဝေဖန်ထောက်ပြရေးသားနေတာပါ။ ဒါကို အမေစုချစ်သူများက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ချေမှုန်းတယ်လို့ အထင်တော်လွဲပြီး ဆတ်ဆတ်ထိမခံဖြစ်နေကြတာပါ။

ပြောရရင် “အမေစုချစ်သူ” တွေဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ်၊ ဘာပြောပြော မျက်စိစုံမှိတ်ထောက်ခံကြသူတွေလို့ ပြောရမှာဖြစ်ပြီး ကျနော့်လို ဒေါ်အောင်ဆန်းစုကြည်ကို လမ်းမချော်အောင် ဝေဖန်ထောက်ပြရင်း ချင့်ချင့်ချိန်ချိန် ချစ်တဲ့သူတွေကိုတော့ “ဒေါ်အောင်ဆန်းစုကြည်ချစ်သူ” လို့ ပြောနိုင်မယ် ထင်ပါတယ်။

တကယ်တော့ “အမေစုချစ်သူတွေ” နဲ့ “ဒေါ်အောင်ဆန်းစုကြည်ချစ်သူတွေ” ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူသားတဦးကို ချစ်ခင်ကြသူတွေချည်းဖြစ်ပေမယ့် ချစ်ပုံချစ်နည်း မတူကြသူတွေသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ “မျက်စိစုံမိတ်ချစ်သူ” နဲ့ “ချင့်ချင့်ချိန်ချိန်ချစ်သူ” ပေါ့။ :)

ဇန်န၀ါရီ ၅

“၀ိုင်းရံလို့ကော ဘာထူးမှာလဲ”

ပိုက်ဆံမပေးရတိုင်း ဖောဖောသီသီ ပြောနေကြတဲ့ စကားတခွန်းကတော့ “၀ိုင်းရံကြပါ” ဆိုတဲ့ စကားပဲ။ အရေးကြီးတဲ့၊ အရေးပေါ်နေတဲ့ ကိစ္စကို မသိချင်ယောင်ဆောင်ပြီး မယောင်ရာဆီလူးတဲ့ အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတဲ့ ခေါင်းဆောင်ကို ၀ိုင်းရံလို့ကော ဘာထူးမှာလဲဆိုတာကို မစဉ်းစားဘဲ ပြောနေကြသလားတော့မသိဘူး။

ဒီဇင်ဘာ ၃၁

“အားကြီးသူနဲ့ အားငယ်သူ ရန်ပွဲကို ဒီအတိုင်းပဲ ရေငုံနှုတ်ပိတ် လက်ပိုက်ကြည့်နေကြတော့မလား ဂီးဆောင်ဂျောင်းတို့ရယ် ...”

ဒေါ်အောင်ဆန်းစုကြည်လို သြဇာအရှိန်အ၀ါကြီးတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရ ပုဂ္ဂိုလ်က ပဋိပက္ခတွေ ပိုကြီးထွားကုန်မှာစိုးလို့ ကချင်စစ်ပွဲနဲ့ ပတ်သက်ပြီး ဘယ်ဘက်ကိုမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတာမျိုး မလုပ်နိုင်ဘူးလို့ ဆိုတယ်။

အဲဒီလို ကန့်ကွက်ရှုတ်ချတာမျိုး မလုပ်တဲ့အတွက် ပဋိပက္ခတွေ လျော့နည်း ရပ်ဆိုင်းသွားသလား ဆိုတော့လည်း စစ်ပြေးဒုက္ခသည်တွေ ပိုများလာတာကိုသာ တွေ့နေရတယ်။ ကြံ့ဖွံ့စစ်အုပ်စုဘက်က လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ အတင့်ရဲစွာ လုပ်ဆောင်လာတာသာ တွေ့နေရတယ်။

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်လေးကိုပဲ ပြန်သတိရမိတယ်။

“မတရားတဲ့ အခြေအနေတွေမှာ သင် ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်တယ်။ ဆင်တကောင်က ကြွက်တကောင်ရဲ့အမြီးကို နင်းထားတာ တွေ့ရက်နဲ့ သင်က ကြားနေတယ်လို့ ပြောရင် ကြွက်က သင့်ရဲ့ကြားနေမှုကို အသိအမှတ်ပြုလိမ့်မယ်မဟုတ်ဘူး”

ဒီဇင်ဘာ ၃၀

“လူမိုက်အားပေးလုပ်ရပ်”

ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ပိုင်းတွေ စဉ်းစားဆုံးဖြတ်ခဲ့ပုံက အာဏာရှင်တွေအပေါ် ကိုယ့်ဘက်က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်သည်းခံ အပြစ်မမြင်ကြောင်း ပြသနိုင်မယ်ဆိုရင် သူတို့ဘက်ကလည်း ကိုယ်လိုချင်တဲ့ အနေအထားတွေကို တဖြေးဖြေးနဲ့ အလျှော့ပေး လိုက်လျောလာမယ်လို့ စိတ်ကူးယဉ်ပြီး ဘာအရေးကိစ္စဖြစ်ဖြစ် အာဏာရှင်နဲ့ ထိပ်တိုက်တွေ့မယ့်ကိစ္စတွေဆို တေမိလုပ် ရေငုံနှုတ်ပိတ် မသိချင်ယောင်ဆောင်နေကြပုံပေါ်တယ်။

ခက်တာက အာဏာရှင်တွေအဖို့မှာ သူတို့ဆုပ်ကိုင်ထားတဲ့ အာဏာကို (သူတို့ ရာဇာပလ္လင်ပေါ်ကနေ အင်နဲ့အားနဲ့ ဆွဲချခံရတဲ့နည်းကလွဲလို့) ဘယ်လိုနည်းနဲ့မှ လွှတ်လို့မရတဲ့ အကြောင်းတရားတွေ ဖြစ်တည်နေတယ်ဆိုတာကို ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင်တွေ မေ့လျော့နေတာလား၊ ဖော့တွေးနေတာလား၊ အင်နဲ့အားနဲ့ တိုက်ရမယ့် အနေအထားကို ဦးမဆောင်ရဲ/ချင်လို့ ရှောင်လွှဲနေတာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိနိုင်မယ်ထင်တယ် (ဂန္ဒီကြီးရဲ့ အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်မှု ပုံစံတွေကို လေးစားအားကျသူတွေလို့လည်း သိထားလို့ပါ)။

ကိုယ့်ဘက်က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်သည်းခံ အပြစ်မမြင်ကြောင်း ပြသနိုင်မယ်ဆိုရင် သူတို့ဘက်က ကိုယ်လိုချင်တဲ့ အနေအထားတွေကို တဖြေးဖြေးနဲ့ အလျှော့ပေး လိုက်လျောလာမယ်လို့ စိတ်ကူးယဉ်ပြီး အကောင်းဘက်ကို မျှော်လင့်သလို ဆန့်ကျင်ဘက်ရလဒ်တခုဖြစ်တဲ့ ပိုးစားပြီး ဒုက္ခပေးနေတဲ့ လှုပ်လီလှုပ်လဲ့ ကျွတ်လုကျွတ်ခင် သွားတချောင်းကို အမြစ်ပြန်ခိုင်မာအောင် ကူညီပံ့ပိုးပေးရာကျမယ် ဆိုတာကိုလည်း တွေးဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်။

ကိုယ်စိတ်ကူးယဉ်သလို ဖြစ်မလာဘဲ (မဖြစ်ဖို့လည်း ရာခိုင်နှုန်း အလွန်များပါတယ်။) ကိုယ်ဘက်က အင်နဲ့အားနဲ့ ပြင်ဆင်ပြီး တောင်းဆိုတိုက်ပွဲဝင်ဖို့ မကြိုးစားရင် ကိုယ့်ဘက်က အလျှော့ပေး လိုက်လျောမှုတွေဟာ အာဏာရှင်စနစ် ပုံစံသစ်တမျိုးနဲ့ အမြစ်ပြန်တွယ်နိုင်အောင် အချိန်ဆွဲပေးထားသလို (မရည်ရွယ်သော်လည်း လူမိုက်အားပေးလုပ်ရပ်မျိုး လုပ်မိသလို) ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း စဉ်းစားဖို့လိုမယ်လို့ ထင်မိပါကြောင်း လေးစားစွာ အကြံပြုအပ်ပါတယ်။

ဒီဇင်ဘာ ၂၈

“ဆင်ခြင်ကြည့်မိခြင်း”

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အန်အယ်လ်ဒီပါတီအတွင်းမှာ အာဏာရှင်လို ဖြစ်နေတာပါပဲလေ။ ပါတီဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပုံကိုက ဘယ်သူမှ ဘာမှ complaint မတက်ရဲမယ့် ပုံစံမျိုး ပြင်ဆင်ဖွဲ့စည်းခဲ့တာပဲ။ လက်ညှိုးထောင် ခေါင်းညိတ်ကလွဲရင် complaint တက်မယ် ထင်ရသူတွေကို အနားအကပ်မခံတော့ဘူး မဟုတ်လား။ ဒီလို ပညာရေးရန်ပုံငွေပွဲမှာ ဒေါသထွက်တာမျိုးကို ကြားဖြတ်ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ဆုံးဖြတ်တဲ့နေ့တုန်းက ပါတီတွင်း မိန့်ခွန်းပြောရာမှာလည်း တွေ့လိုက်ရဖူးတယ်။ အခုတော့ အဲဒီအလေ့အထုံက အပြင်လောကကိုပါ ကျွံထွက်လာပုံပေါ်တယ်။

လူအုပ်ဆိုတာမျိုးက ရုတ်ရုတ်သဲသဲ ဖြစ်လေ့ဖြစ်ထရှိတာ သဘာဝပဲလေ။ အကြောင်းမဲ့တော့ ရုတ်ရုတ်သဲသဲ ဖြစ်မှာမဟုတ်ပါဘူး။ ပြဿနာတခုခု တက်လို့သာ ရုတ်ရုတ်သဲသဲ ဖြစ်တာနေမှာပါ။ သက်ဆိုင်ရာ လုံခြုံရေးတွေကို မေတ္တာရပ်ခံပြီး ကူညီဖြေရှင်းခိုင်းလိုက်ရင် ဒေါသထွက်စရာ မလိုဘဲ ပိုပြီး ကြည့်လို့လှမှာပါ။ အခုဖြစ်သွားတာက ငါ ရှိနေတာတောင် ဒီလိုဖြစ်ရလားဆိုတဲ့ စိတ်ကလေး ငယ်ထိပ်ကို တက်ဆောင့်သွားလို့ ဖြစ်ရတာလို့ ထင်မိပါတယ်။ အကြံပြုတာပါ။

ဒီဇင်ဘာ ၂၈

“အောင်းထားတာတွေ ထွက်သွားတာ ကောင်းပါတယ်”

ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းပြောကြားရင်း ပညာရှိသတိဖြစ်ခဲ ဆိုသလို ဒေါ်အောင်ဆန်းစုကြည် ဒေါသအိုး ပေါက်ကွဲ ပွင့်ထွက်သွားတာ တွေ့လိုက်ရတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင် ကောင်းတော့ကောင်းပါတယ်။ ဘကြီးရွှေတို့၊ ဘပြောင်တို့ဘက် လှည့်ပြီး မပေါက်ကွဲရဲသမျှ အောင်းထားတာတွေ ထွက်သွားပြီး ပေါ့ပါးလန်းဆန်းသွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သမ္မတတောင် မဖြစ်သေးဘူး၊ အဲသလောက် ပေါက်ကွဲသံစဉ်တွေ လွှင့်ထုတ်နေတာကိုတော့ နည်းနည်းတောင် လန့်မိသလိုပဲ။ တခြားမဟုတ်ပါဘူး၊ အာဏာရှင်ကို မကြိုက်လို့ပါဆိုမှ နောက်ထပ် အာဏာရှင်အသစ်နဲ့ ထပ်တိုးမှာကို လန့်မိတာပါ။

ဒီဇင်ဘာ ၂၈

“ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာပြည်သူ/သားများ တက်ညီလက်ညီ ဖြိုဖျက်ပစ်ရဦးမည့် အန္တရာယ် (၇) သွယ်”

(၁) ဖွဲ့စည်းပုံ

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

(၂) အဖွဲ့အစည်း

- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)

(၃) ဖိနှိပ်ရေးယန္တရား

- သတင်းပေးများ
- စွမ်းအားရှင်များ
- စစ်ကြောရေးစခန်းများ

(၄) မီဒီယာ

- မြန်မာ့အလင်း (သတင်းစာ)
- ကြေးမုံ (သတင်းစာ)
- The New Light of Myanmar (သတင်းစာ)
- မြန်မာ့ရုပ်မြင်သံကြား (ရုပ်သံ)
- မြ၀တီရုပ်မြင်သံကြား (ရုပ်သံ)

(၅) ကုမ္ပဏီ

- မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်)
- မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)

(၆) လူပုဂ္ဂိုလ်

- ခေတ်ပျက်သူဌေးများ (ခရိုနီများ)

(၇) အမှုကိစ္စ

- အကျင့်ပျက်ခြစားမှု

ဒီဇင်ဘာ ၂၈

“ကချင်ပြည်သူတွေက မြန်မာပြည်သူတွေ မဟုတ်လို့လား”

ပညာရေးအတွက် ရန်ပုံငွေရှာတဲ့ကိစ္စဟာ လိုအပ်ချက်မှန်ပေမယ့် အရေးပေါ်မဟုတ်တဲ့၊ ဖြေးဖြေးချင်း လုပ်သွားရမယ့် ကိစ္စကိုတောင် ခြိမ့်ခြိမ့်သဲ ကျင်းပနေရင် အရေးပေါ်အခြေအနေရောက်နေတဲ့ (ကချင်ပြည်သူတွေ အတိဒုက္ခရောက်နေရတဲ့) ကချင်ထိုးစစ် ရပ်ဆိုင်းဖို့အတွက် ကြံ့ဖွံ့စစ်အစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချဖို့ မြန်မာပြည်သူတွေ အားကိုးတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဘာဖြစ်လို့ နှုတ်ဆိတ်နေကြပါလိမ့်။ ကချင်ပြည်သူတွေက မြန်မာပြည်သူတွေ မဟုတ်လို့လားလို့ မေးခွန်းထုတ်ရတော့မယ်ထင်ရဲ့။

ဒီဇင်ဘာ ၂၇

“ဘယ်လိုပဲလိမ်လိမ် ...”

အရှိန်အ၀ါကြီးသူနဲ့ အာဏာပိုင်ကလိန်ကကျစ်တွေ ပေါင်းပြီး ရဟန်းရှင်လူပြည်သူတွေကို မီးခိုးဗုံးလို့ လိမ်လည်လှည့်ဖြားကြတော့မည်လော။ ????

ဓာတုဗေဒပညာရှင်ဖြစ်တဲ့ ဒေါက်တာခင်မောင်ညိုအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာလည်း မပါဘဲ မဆီမဆိုင် မှားပါတယ်လို့ အော်ပေးနေရပုံထောက်တော့ တစုံတရာ ဖိအားပေးခံရလို့၊ ဒါမှမဟုတ် အပျော့ဆွဲနဲ့ မေတ္တာရပ်ခံလို့ ဆိုတာ သေချာသလောက်ပါပဲ။

ဒါပေမယ့် ဘယ်လိုပဲလိမ်လိမ် သံဃာတော်တွေကို အလွန်ဆိုးဝါးတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရစေခဲ့တဲ့ သပိတ်စခန်းခြေမှုန်းတဲ့ တရားခံစစ်စစ်တွေကိုတော့ ရာထူးအဆင့်ဆင့် ဖော်ထုတ်အရေးယူပေးမှ ရဟန်းရှင်လူပြည်သူတွေ ကျေနပ်ကြမှာအမှန်ပဲ။

ဒီဇင်ဘာ ၂၇

“ဖြစ်ရပုံများရယ် ဆန်းကြယ်” :)

အောက်မှာ Link ချိတ်ထားတဲ့ ဆောင်းပါးလေးက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က မလွတ်မြောက်မီ ၂၀၁၀ ဇန်န၀ါရီလတုန်းက ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှာ ရေးဖြစ်ခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) မြန်မာပြည်သူလူထုနဲ့ နအဖစစ်အုပ်စုအတွက် ကံကောင်းခြင်းလက်ဆောင်” ဆိုတဲ့ ဆောင်းပါးလေးပါ။ အဲဒီဆောင်းပါးထဲမှာ “တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ကော နအဖစစ်အုပ်စုရဲ့ ရေရှည်အကျိုးစီးပွားတွေအတွက်ကိုပါ ကြည့်ပြီး အမှန်အကန် ခြေသလုံးဖက်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေသလုံးကိုသာ အမြန်ဆုံး ပြေးဖက်လိုက်ပါတော့လို့ ကောင်းသောအကြံကို ပြုချင်ပါတယ်။” ဆိုပြီး ကျနော် ရေးသားခဲ့တယ်။

ဒါပေမယ့် အကျယ်ချုပ်ကလည်း ထွက်လာရော ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အုပ်စု ခြေသလုံးဖက်လာအောင် ပြည်သူနဲ့အတူ တိုက်ပွဲဝင်ဖို့ အနည်းငယ်မျှတောင် မကြိုးစားတော့ဘဲ ၂၀၀၈ အခြေခံဥပေဒကို လေးစားလိုက်နာပြီး ရုပ်သေးသမ္မတ ဦးသိန်းစိန်မျက်နှာကို တကြည့်ကြည့်နဲ့ တေမိလုပ်နေရသလို ပြောင်းပြန်အခြေအနေတွေ ဖြစ်တည်ကုန်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ်စိုးရိမ်စိတ်နဲ့ ဝေဖန်အကြံပြုတဲ့ ဆောင်းပါးတွေ ရေးသားနေရပြန်ပါတော့တယ်။

“အပြောင်းအလဲများ မြန်လွန်းတယ် ... အချစ်ဆုံးလို့ ပြောပါဦး” ဆိုတဲ့ သီချင်းလေးကိုသာ သတိရမိတော့။ :)

http://drlunswe.blogspot.com/2010/01/blog-post_10.html

ဒီဇင်ဘာ ၂၇

“ပြန်ဖြောင့်လို့ မရနိုင်တဲ့ ကွေးခြင်း”

ကွေးတကာ့ကွေးခြင်းတွေထဲမှာ ပြန်ဖြောင့်လို့ မရနိုင်တဲ့ ကွေးခြင်းကတော့ ‘သမိုင်းကွေးခြင်း’ ပဲလို့ မိတ်ဆွေတဦးနဲ့ စကားစပ်မိတော့ သူက “လေးလုံးတည်းနဲ့ အဓိပ္ပာယ်တော်တော်တာသွားတဲ့ စကားလုံးလေးပါလား” လို့ ပြောပြီး သဘောအကျကြီးကျနေတယ်။

ဒီဇင်ဘာ ၂၆

“ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချဖို့ လိုပြီထင်”

ကြံ့ဖွတ်စစ်အုပ်စု မက်လုံးပေးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အမျှော်ကြီး မျှော်ပြီး ကချင်အရေးမှာ ကြံ့ဖွတ်စစ်အုပ်စုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချဖို့ သွေးအေးနေတဲ့၊ နှုတ်ဆိတ်နေတဲ့ ခေါင်းဆောင်တွေအနေနဲ့ နောင်တချိန် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ချိန်မှာ ကချင်တိုင်းရင်းသားတွေနဲ့ ရှိရင်းစွဲ ယုံကြည်မှုတွေ မပျက်ပြယ်ချင်ရင် (အသစ်က ပြန်စရတဲ့အဖြစ်မျိုး မတိုးချင်ရင်) အကူအညီပေးရုံလောက်လေးနဲ့ ငြိမ်နေရမယ့်အချိန်မဟုတ်တော့ဘူးလို့ ထင်ပါတယ်။

ကြံ့ဖွတ်စစ်အုပ်စုက ပြည်တွင်းစစ်ကို လေယာဉ်နဲ့ပါ မညှာမတာ ထိုးစစ်ဆင်နေတာကို တွေ့မြင်နေရပြီမို့ ခေါင်းဆောင်တွေအနေနဲ့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ရှုတ်ချသင့်ပြီ၊ တပြည်လုံးအတိုင်းအတာနဲ့ ကချင်ထိုးစစ်ရပ်ဆိုင်းရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်တွေဦးဆောင်ပြီး ဆန္ဒဖော်ထုတ်သင့်ပြီလို့ ထင်ပါတယ်။

ဒီဇင်ဘာ ၂၆

“အရူးဇာတ်ခင်းရမလား ... တိုက်ပွဲခေါ်သံပြဇာတ် ကရမလား”

ဒေါ်အောင်ဆန်းစုကြည်က “အာဏာလိုချင်တယ်၊ သမ္မတလုပ်ချင်တယ်” လို့ ပြောဆိုတဲ့အပေါ် တချို့က အဲသလို ပြောတာ ဘာတွေများ ဇာတ်တိုက်ထားလို့လဲ မသိဘူးလို့ မေးခွန်းထုတ်ကြတယ်။ သိချင်ကြတယ်။ ဇာတ်တိုက်မတိုက် ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်သာလျှင် သိနိုင်မယ်ထင်တယ်။

ဖြစ်နိုင်ခြေရှိတာကတော့ အာဏာရူး စစ်ကြံ့ဖွတ်တွေနဲ့ ဇာတ်တိုက်ထားရင် ၂၀၁၅ မှာ အရူးဇာတ်ခင်းရဖို့များပြီး ပြည်သူတွေနဲ့ ဇာတ်တိုက်ထားမယ် ဆိုရင်တော့ တိုက်ပွဲခေါ်သံပြဇာတ် ကပြီးမှ ပွဲသိမ်းရမယ့် အနေအထားရှိမယ် ထင်တယ်။ ၂၀၁၅ မှာ ငြိမ်းချမ်းစိမ်းလန်းအသိန်းအသန်း ပြဇာတ်မျိုး ကပြရဖို့တော့ မလွယ်သေးဘူးထင်တာပဲ။

ဒီဇင်ဘာ ၂၆

“ရက်ပိုင်းအတွင်း ထူးဆန်းဖြစ်ရပ်နှစ်ခု”

(၁) ရွှေတိဂုံစေတီတော်ပေါ် လဒများ နားခြင်း

(၂) လမ်းပေါ်မှာ ဆိုင်ကယ်စီးနေရင်း လေယာဉ်ပျံ တိုက်၍ ‘ဦးပြား’ ဆိုသူ သေဆုံးရခြင်း

အတိတ်နိမိတ်တွေကို ယုံကြည်တဲ့ နေပြည်တော်က စစ်လဒတွေ နေစရာရှိပါ့မလား၊ ညည အိပ်ပျော်ပါ့မလား ????

ဒီဇင်ဘာ ၂၅

“နိုင်ငံရေးလုပ်တယ်ဆိုတာ ...”

နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံ့အရေး (မြန်မာပြည်သူ သန်း ၆၀ အရေး) အတွက် ကိုယ်ယုံကြည်တာကို ယုံကြည်တဲ့အတိုင်း၊ ကိုယ်မြင်တာကို မြင်တဲ့အတိုင်း ထောက်ထားငဲ့ညှာစရာမလိုဘဲ ပြောဆိုလုပ်ကိုင်ခြင်းပါ။ အများဆဲမှာ ကြောက်လို့ ကိုယ်မြင်တာကို မြင်တဲ့အတိုင်း မပြောရဲတာဟာ နိုင်ငံရေးလုပ်တာ မဟုတ်သလို ဖြစ်နိုင်ခြေမရှိမှန်းသိသိနဲ့ လက်ခုပ်တီးမယ်မှန်းသိလို့ အများကြိုက် ဖောဖောဖိန့်ဖိန့်တွေ လျှောက်ပြောနေခြင်းဟာလည်း နိုင်ငံရေးလုပ်တာမဟုတ်ဘူးလို့ ထင်ပါတယ်။

ဒီဇင်ဘာ ၂၅

“စိုးရိမ်စိတ်ဝင်မိသလို ...”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိဘဲ အာဏာလိုချင်လို့၊ သမ္မတလုပ်ချင်လို့ မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ၂၀၀၈ အခြေခံဥပေဒကို ပြင်ဆင်ဖို့ ဦးဆောင်ကြိုးပမ်းတာတွေလည်း အလျဉ်းမရှိဘဲနဲ့ “အာဏာလိုချင်တယ် ... သမ္မတလုပ်ချင်တယ်” ချည်းပဲ ခဏခဏ ပြောပြောနေတာ ပြည်သူလူထုကို သမ္မတဖြစ်အောင် လုပ်ပေးကြပါလို့ ကလေးတယောက်လို ပူဆာနေပြန်တာများလား မသိဘူး။ ဘာကိုမှန်းမသိ စိုးရိမ်စိတ်ဝင်လာမိသလိုပဲ။

အားလုံ့သို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

8 comments:

Dragon. said...

media တွေ မှာတာဝန်ရှိပါတယ် ၊ ပြည်သူတွေခေါင်းရှောင်
တာတော.မဟုတ်ပါ ၊ media တွေက ပိုပြီးလုပ်နိုင်ကိုင်နိုင်
ရှိလို.ပါ ၊ ရေးသားတောင်းဆို ကြဖို.လိုပါတယ် ၊ သတင်းတစ်ခုထဲ အားလုံးဝိုင်းရေးတာထက် အထက်က ကိစ္စတွေ ၊ နောက်ပြီး
၂၀၀၂ ခုနှစ် ၊ အကျိုးဆောင်လုပ်ငန်း များ မှ န.အ.ဖ နဲ.ပေါင်းပြီး ပြည်သူများရဲ. ငွေကြေး ၊
ဘုရားဂေါပက ငွေများ ၊ အသင်းအဖွဲ .ငွေများ ကျပ်သိန်းပေါင်း သိန်းချီတဲ.ငွေတွေကို ဒေ၀ါလီခံ
ဓါးပြတိုက် ယူခဲ.တာကို ဒီအချိန်မှာ ပြန်လည်အရေးယူဆောင်ရွက်သင်.ပါတယ် ၊ ထိုစဉ်က
ဗိုလ်ချုပ် ကြီးတွေ (ဦး သန်းရွှေ ၊ ဦးမောင်အေး ၊ ဦးခင်ညွှန်.(S1) ၊ဦးဝင်းမြင်.(S3) ) တို.ဟာ
တစ်ဦးစီကို ကျပ်ငွေ သိန်းထောင်ချီရယူပြီး အကျိုးဆောင်လုပ်ငန်း များ ကို ကျပ်သိန်းပေါင်း သိန်းချီတဲ.ငွေတွေကို ပြည်သူများထံ NO REFUND လုပ်ဖို. ကူညီပေးခဲ.ပါတယ် ၊ ပြည်သူများရဲ. ငွေကြေး ၊
ဘုရားဂေါပက ငွေများ ၊ အသင်းအဖွဲ .ငွေများ ကျပ်သိန်းပေါင်း သိန်းချီတဲ.ငွေ ဓါးပြတိုက်ခံ
ခဲ.ရပါတယ် ။ ဒါမျိုး လည်း ဖေါ်ထုတ်ပေးကြပါ ။

မောင်ပြောချင် said...

တရားခံ လက်သည်ဖေါ်ဖို့အများကြီးခေါင်းရှုပ်စရာမလိုပါဘူး။လက်ညှိုးတစ်ချောင်းပဲလိုတယ်။လက်ညှိုးတစ်ချောင်းကို ရဲရဲကြီးထိုးရဲရင်ရပြီ။နို့မဟုတ်ရင် လေးပစ်သူငမိုက်သားကျွန်တော်မျိုးမုဆိုးကိုပဲ ကံကွက်ကြားမယ်ဆိုရင်တော့ ဇာတ်မျောကြီးပဲပေါ့။အကဲဆတ်နိုင်တဲ့ကိစ္စမျိုးတွေကိုတာဝန်ခံပြီးလုပ်ရဲတဲ့ commander တွေမပေါ်သေးပါဘူး။ခိုင်းရင်သာလုပ်သင့်မသင့်မစဉ်းစားပဲရာထူးအာဏာတည် မြဲရေးအတွက်လုပ်ပေးကြတဲ့သောနုတ္တရမုဆိုးတွေကြီးပဲ။(ရန်မပြုနိုင်တဲ့လူတွေအပေါ်မှာကောင်းကောင်းအစွမ်းပြ ပေးနိုင်ကြတဲ့သူတွေ) အဲဒီတော့ဆင်ကောင်လုံးကိုတွေ့နေမှတော့ဆင်ခြေရာကို ရှာပြီးဘာလို့အချိန်ဖြုန်းရတော့မှာလဲ။ဆင်တစ်ကောင်လုံးကိုလက်ညှိုးထိုးဖယ်ရှားရဲတဲ့ လုံလောက်တဲ့လူထု အင်အားစွမ်းရည်မရှိလို့ လုပ်သလိုမဖြစ်ဘဲ ဖြစ်သလိုလိုက်လုပ်နေရတဲ့နိုင်ငံရေးလမ်းကြုံလိုက်နေရတဲ့ လူတွေကိုအပြစ်တင်ချင်ပေမယ့်လည်း အရင်းအနှီးမှသိပ်မရှိတော့အော်လိုက်ဟစ်လိုက် ဆန္ဒပြလိုက်နဲ့မျော လိုက်ကြယုံပေါ့။
တရားဥပဒေအပြည့်အဝစိုးမိုးမှ လုံခြုံမှုရှိမှ ပြန်လာချင်တယ်ပြန်လာရဲတဲ့လူတွေ အတွက်ကတော့ ဒီလိုအခြေအနေ ဒီလိုအနေအထားထဲမှာပြည်တွင်းမှာလှုပ်ရှားရုန်းကန်နေတဲ့နိုင်ငံသားတွေကလည်း ခင်ဗျားတို့လိုပဲတရားဥပဒေစိုးမိုးရေး၊ဘဝလုံလုံခြုံခြုံရှိမှုကိုမြတ်နိုးတတ်တဲ့လူသားတွေပဲဆိုတာကိုခင်ဗျားတို့လက်ခံနိုင်မယ်ဆိုရင် ပြည်တွင်းကိုပြန်မလာချင်သေးတဲ့အကြောင်းပြချက်ထဲမှာဒီအချက်တော့လျော့တန်ကောင်းပါရဲ့။
ပြန်ဖြောင့်လို့မရတော့တဲ့သမိုင်းအကွေးကိုလည်းဖြောင့်ဖို့မ
ကြိုးစားဘဲကွေးလက်စနဲ့သမိုင်းတစ်ပတ်ပြန်လည်နိုင်သည်အထိ ဝိုင်းကွေးလိုက်ကြတာပေါ့။

Unknown said...

Very true,correct,and wise article of Dr. Lun Swe. I am 100% appreciate your writing,which is directly shows and hits to the current event of Burma. Nothing has change,only the Land, houses,apartments prices sky high,but,the majority of civilian are worse,and poor then before.The Generals, Cronies,and their relatives,associates are getting Democracy,and become more and more richer,many killings and murdered cases still unknown,hidden,"So,What?" to believe.The smart Military Regime can even cheated E.U., U.S.A.,Japan,,because nearly all of the sanction,and Aid,were released and given back. The Junta's Families,can visit around the World,now,as they have expected to become,has now effected for them.But,our properties still taken by forced and we are still getting very poor.

Unknown said...

ဒေါက်တာလွဏ်းဆွေ ပြောနေတာတွေ ဟုတ်.. ဟုတ်..လာသလို ခံစားရတယ်။ ဒါပေမယ့် မဟုတ်ချင်ဘူးဗျာ။ မဟုတ်ဖို့လည်း အမြဲဆုတောင်းတယ်။ ဒေါက်တာက မစ္စတာနိုးအောလ်မှ မဟုတ်ဘဲ..ဘဲ..လေ...။

Unknown said...

ခရိုနီနဲ့ ပတ်သက်ပြီး ဒေါက်တာလွဏ်းဆွေရဲ့ အမြင်သဘောထားတွေကိုတော့ ရာနှုန်းပြည့် သဘောတူတယ်ဗျာ..။

xx said...

လွှတ်တော်အတွင်းရှိ ဝန်ကြီးများ အလုပ် တကယ်လုပ်ကြပါ၏လောဟု မေးခွန်း မေးရပါလိမ့်မည်။
အရင်လို လာချင်တဲ့ အချိန်လာ၊ ပြန်ချင်တဲ့ အချိန်ပြန်လို့လုပ်ရမည့်ခေတ်မဟုတ်တော့ပါ။မြန်မာပြည်ရှိ ဝန်ကြီးများအားလုံး တကယ်အလုပ်လုပ်ကြဖို့ အမှန်ပင်လိုအပ်နေသည် ဟုပြောချင်ပါသည်။

haymar said...

“ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာပြည်သူ/သားများ တက်ညီလက်ညီ ဖြိုဖျက်ပစ်ရဦးမည့် အန္တရာယ် (၇) သွယ်”

(၁) ဖွဲ့စည်းပုံ

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

(၂) အဖွဲ့အစည်း

- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)

(၃) ဖိနှိပ်ရေးယန္တရား

- သတင်းပေးများ
- စွမ်းအားရှင်များ
- စစ်ကြောရေးစခန်းများ

(၄) မီဒီယာ

- မြန်မာ့အလင်း (သတင်းစာ)
- ကြေးမုံ (သတင်းစာ)
- The New Light of Myanmar (သတင်းစာ)
- မြန်မာ့ရုပ်မြင်သံကြား (ရုပ်သံ)
- မြ၀တီရုပ်မြင်သံကြား (ရုပ်သံ)

(၅) ကုမ္ပဏီ

- မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်)
- မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)

(၆) လူပုဂ္ဂိုလ်

- ခေတ်ပျက်သူဌေးများ (ခရိုနီများ)

(၇) အမှုကိစ္စ

- အကျင့်ပျက်ခြစားမှု

Uncle Chan's အမလ said...


ကောင်းတယ် ကိုဆွေကြီး ...ကိုဆွေရေးတဲ့ ပိုစ့်တိုင်း သေသေချာချာ ဖတ်သလို အသေအချာကိုထောက်ခံပါတယ် ဗျာ။