Friday, February 1, 2013

မြန်မာနိုင်ငံ လွတ်လပ်စွာ ဆန္ဒပြခွင့်ဥပဒေ ရှေ့နောက်မညီ

မြန်မာနိုင်ငံ လွတ်လပ်စွာ ဆန္ဒပြခွင့်ဥပဒေ ရှေ့နောက်မညီ
မအေးအေးမာ (VOA) ၊ 31.01.2013

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကနေ ပြဌာန်းအတည်ပြုပေးထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်လို့ဆိုပြီးတော့ ဖမ်းဆီးမှု၊ တရားစွဲဆိုမှုတွေလည်း တိုးပွားလာနေတာကြောင့် အစိုးရသစ်က ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ တခုနဲ့တခု ဆန့်ကျင်ရာ ကျနေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလမ်းလျောက်မှု ဥပဒေကို ပြဌာန်းပြီးတဲ့နောက်မှာတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မူတွေ လုပ်လာတာကြောင့်ဆိုပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုမူတွေ များလာကြောင်း ဒီဥပဒေပြဌာန်းမှုဟာ တစ်ခုနဲ့တစ်ခု ဆန့််ကျင်နေတဲ့အကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ရှေနေ ကိုသိန်းသန်းဦးက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရင်တော့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၃၅၄ မှာ နိုင်ငံသားအခွင့်အရေးတွေ ပေးထားတာရှိတယ်လေ။ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်တို့၊ စုဝေးခွင့်တို့ ရှိတယ်လေ။ အဲ့တာတွေပေးကြောင်း နိုင်ငံတကာသိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတယ်။ နောက်တခါ ဒီဘက်က ခုနက ၂၀၁၁ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ပေါ့နော်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြမှု ဥပဒေနဲ့ ပြန်ကန့်သတ်ထားတာခင်ဗျ။ အဲ့တာကို ကျနော်တို့ ရှေ့နေများကွန်ရက်က အဲ့ဒီ့ကိစ္စကို တင်နေတာတွေရှိပါတယ်။ ဒီနေ့ဆိုလည်း ကိုမင်းကိုနိုင်တို့နဲ့ ကျနော်တို့ အဲ့ဒီ့ကိစ္စကို ဆွေးနွေးတယ်။ ဒီကိစ္စကို ဘယ်လိုတင်ကြမလဲပေါ့နော်။ ဘာဖြစ်လို့တုန်းဆိုတော့ ပုဒ်မ ၁၈ က တော်တော်ကို ဒုက္ခပေးနေပြီ။ ရုတ်တရက်ကြည့်လို့ရှိရင်တော့ စည်းကမ်းတကျ လုပ်ပိုင်ခွင့်ရအောင် ပြဌာန်းထားတယ်လို့ ထင်သယောင်ရှိပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဆန့်ကျင်နေရာကျတယ်။”

ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မူ ပုဒ်မ ၁၈၊ ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်က မနော်အုန်းလှ အပါအဝင် အမျိုးသမီး ၅ ဦးဟာ ရန်ကုန်တိုင်းမြို့နယ် ၁၀ မြို့နယ်က အာဏာပိုင်တွေရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရတာကြောင့် ရုံးတင်စစ်ဆေးခံနေရပါတယ်။ မနော်အုန်းလှ ပြောပြတာက ...

“အားလုံးပေါင်းရင်တော့ ကျမတို့ အမျိုးသမီးကွန်ရက်က ပုဒ်မ ၁၈ နဲ့ ၅၀၅ (ခ) နဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက် ၅ ယောက်ပါတယ်။ ၅ ယောက်မှာ ၂၃ မှု၊ ကျမတို့ အမျိုးသမီးကွန်ရက်ကလေ၊ အုပ်ချုပ်တဲ့ အုပ်ချုပ်သူတွေရဲ့အပေါ်မှာ ကျမတို့က စာမတင်လို့ပေါ့နော်။ စာမတင်တဲ့အတွက် အကြောင်းမကြားလို့ အရေးယူတယ်ဆိုတဲ့ ပုံစံပေါ့။ ကျမတို့ကတော့ ဒီနည်းဥပဒေအရလည်း ကျမတို့က တင်စရာမလိုဘူး။ သူက ကန့်သတ်ချက်ရှိတယ်။ လူဘယ်နှစ်ယောက်၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဒါတွေပါတယ်အခါကျတော့ ကန့်သတ်ဖို့နော်။ ကျမတို့က ကိုယ့်သဘောနဲ့ကိုယ် လာတယ်။ တစ်ယောက်စီ လာကြတယ်။ ကိုယ်ဆန္ဒနဲ့ကိုယ် ဒီရောက်မှ လုပ်ကြတဲ့အခါကျတော့ တင်လို့လည်း မရဘူး။ ကျမတို့ ဖြေရှင်းချက်ပေါ့လေ။ ကျမတို့လည်း ရဲစခန်းမှာ အဲ့သလို ဖြေရှင်းခဲ့ပါတယ်။ ကျမတို့က အစိုးရက ကျမတို့ရဲ့ ဒီမိုကရေစီကို ပိတ်ပင်တယ်လို့ မြင်ပါတယ်။”

မနော်အုန်းလှတို့ဟာ တဦးတည်းဆန္ဒသဘောအရ စီတန်းလမ်းလျှောက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်လို့ ခွင့်ပြုမိန့်တောင်းစရာမလိုဘူးလို့ ဆိုပါတယ် ဥပဒေကြောင်းအရ ပြောမယ်ဆိုရင်တော့ ပြဌာန်းထားတဲ့ ဥပဒေကိုက ပြဿနာဖြစ်နေတယ်လို့ ရှေ့နေ ကိုသိန်းသန်းဦးက ဆိုပါတယ်။

“ပြဌာန်းထားတဲ့ ဥပဒေကိုက ပြဿနာဖြစ်တယ်။ ဥပမာ အမေရိကန်မှာဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စု ပထမပြင်ဆင်ချက်မှာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေပြဌာန်းထားပြီးတော့ မကန့်သတ်ရဘူးလို့ ဗြောင်ပြောထားတယ်။ တိတိကျကျ ပြောထားတယ်။ အခုက ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၅၄ မှာ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့၊ လွတ်လပ်စွာဟောပြောခွင့်၊ ထုတ်ဖော်ခွင့်တို့ ဒါတွေ ပေးထားတယ်ဗျာ။ ဒီ၂၀၁၁ “ငြိမ်း စု စီ” ဥပဒေပေါ်လာတဲ့ အခါကျတော့ ပုဒ်မ (၄) အရ လျော့လိုက်ပြီးတော့ ပုဒ်မ ၅ အရ မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခွင့်ပေးထားတယ်ဗျာ။ ဒါ တကယ်တမ်းကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၈၁ အရ ပြဌာန်းထားတာ နိုင်ငံသားများရဲ့ အခွင့်အရေးကို နံပတ်တစ်က ကျူးကျော်စစ်ဖြစ်နေတဲ့အချိန်၊ နံပတ်နှစ်က ပြည်တွင်းစစ် အရှိန်မြှင့်နေတဲ့အချိန်၊ တတိယအချက်က အရေးပေါ်အခြေအနေ ကြေညာထားတဲ့အချိန်က လွဲပြီးတော့ မရုပ်သိမ်းရဘူးဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခုနက ၂၀၁၁ ဥပဒေနဲ့ ငြိနေတယ်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပင်မဥပဒေဖြစ်တဲ့အတွက် အဲ့ဒီ့အခွင့်အရေးကို နိုင်ငံသားတွေက ကျင့်သုံးခွင့်ရှိပါတယ်။ ကျနော်တို့ ယူဆတာက။ အဲ့တော့ ဥပဒေ အာနိသင်အရ ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၈ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပျက်တယ်လို့ ကျနော်တို့ ယူဆရမှာပါ။ ဒါ ဥပဒေပြဿနာပါ။"

လွတ်လပ်စွာ စီတန်းလှည့်လည်မှုဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ တကိုယ်တော်ဆန္ဒပြမူတွေနဲ့ ခွင့်ပြုမိန့်မတောင်းဘဲ မိမိတဦးချင်းသဘောနဲ့ ဆန္ဒပြတယ်ဆိုပြီး အစုအဝေးနဲ့ ဆန္ဒပြမူတွေလည်း ဖြစ်လာခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီဆန္ဒပြမှုတွေကို ဦးဆောင်သူလို့ ယူဆရသူတွေကို လိုက်လံဖမ်းဆီးပြီး ပုဒ်မ ၁၈ နဲ့ အရေးယူတာာတွေကို လုပ်ခဲ့တာကြောင့် အခုဆိုရင် ပုဒ်မ၁၈ နဲ့ တရားစွဲဆိုခံရမှုတွေ အများအပြား ဖြစ်လာတယ်လို့ ရှေ့နေများကွန်ရက်က ပြောဆိုပါတယ်။

3 comments:

kyawthusukyi said...

အချိန်မရွေး လူထုဆန္ဒထုတ်ဖော်နိုင်သော ပြည်သူလူထု
ဆန္ဒပြနိုင်သော နေရာတစ်ခု ကွင်းပြင်တစ်ခု သတ်မှတ် ၍
ဆန္ဒပြနိုင်စေသော်

မောင်ပြောချင် said...

ပြည်သူတွေရဲ့ ရင်ပြင် ပြည်သူ့ရင်ပြင် မင်းတို့အတွက်မှားတဲ့ငါတို့တွေရဲ့ အ မှန်တရားကြွေးကြော်ဖို့အတွက် နေပူထဲကစောင့်နေတာ ဘယ်လောက်ထိဆက်စောင့်ရဦးမှာလဲ။သြော်ပြောမယ့်သာပြောရတယ် ။ စောင့်တယ်ဆိုတာကလည်း ရေသာခိုရာကျပါတယ်။ လုပ်ယူဖို့ကလည်းမဝံ့မရဲ ။အင်းခက်ပါဘိ။
ီဒီလို နေပူထဲကစောင့်နေရင်းနဲ့ စောင့်သူအချင်းချင်းလည်း သဘောထားတွေကွဲ ကုန်ပြီ မြေနီကုန်းက ပြည်သူ့ရင်ပြင်ရေ။

Unknown said...

ကျွန်တော်နားလည်တာကတော့ ဒီမိုကရေစီဆိုတာ အခွင့်အရေးနဲ့တာဝန်ပါပဲ
တစ်ဘက်က အခွင့်အရေးပေးထားသလို တစ်ဘက်က လိုက်နာရမယ့်တာဝန်တွေရှိတယ်
ဟန်ချက်ညီညီလိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ပြသနာတွေပြေလည်မယ်လို့ယုံကြည်ပါတယ်၊ မီဒီယာတွေကလည်း ၀ိုင်းဝန်းကူညီစေလိုပါတယ်