Tuesday, January 29, 2013

ဝ တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား

ဖနိဒါ၊ အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၈ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့်က ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဘက်တွေ့ဆုံမှုကို UWSA က ကြားဝင်ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်းဖြစ်သည်။

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့ နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထားပေးပို့ထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းအနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြားထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

“နှစ်ဘက်စလုံးက ယုံကြည်မှုနည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ချီ ရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဘက်တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့ဆီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲထားသည့် UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။

မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေးအတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်နေသည်။

9 comments:

genius said...

ဝမ်းသာပါတယ်၊ ပြေပြေလည်လည်လုပ်ကြပါ ၊
လက်နက်အားမကိုးကြပါနဲ. ၊ အကြိမ်ကြိမ် ညှိကြပါ ။

kyawthusukyi said...

ကြိုဆိုပါတယ် အားလုံးပြေလည်ကြပါစေ

မောင်ပြောချင် said...

လူ့အသက်တွေအများကြီးမဆုံးရှုံးသေးခင် အချိန်မီဆုံးဖြတ်ချက် ချနိုင်တဲ့ kia သတ္တိကို လေးစားတန်ဖိုးထားပါတယ်။ခုတွေ့ဆုံဆွေးနွေးရေးမှသည် အာဏာသည်စစ်တပ်၊လက်နက်ကိုင်အဖွဲ့အစည်းများထံတွင်မရှိတော့ဘဲ ပြည်ထောင်စုတိုင်းရင်းသားနိုင်ငံသားများထံ သို့ပြန်လည်ရောက်ရှိပြီး နိုင်ငံသားတိုင်းတန်းတူဥပဒေရှေ့မှောက်မှာ တူညီပြီး၊ ယဉ်ကျေးမှု၊ဓလေ့မျိုးစုံသော ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့

Ko Min said...

မောင်ပြောချင်....

ခင်ဗျားရဲ့အဆိုကိုလုံးဝ လက်ခံပါတယ်....
ဗမာရော..ကချင်ရော.ကရင်ရော.မွန်ရော...... အားလုံးက တိုင်းရင်သားတွေပါ... ဘယ်သူ့ကိုမှ အသက်မဆုံးရှုံးစေချင်ပါဘူး...ဒါကြောင့် ပြေပြေလည်လည်လုပ်ကြပါ၊ လက်ရှိ အစိုးရကိုလည်း ယုံကြည်စေချင်ပါတယ်.. ဘယ်သူလဲဆိုတာကိုမကြည့်ပါနဲ့..ဘာလုပ်နေလဲဆိုတာကိုဘဲကြည့်ပါ....

Unknown said...

အစိုးရကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ
နှစ်ဖက်စစ်တပ်တွေနဲ့ ဘာမှမဆိုင်တဲ့ ပြည်သူတွေသေ
ဆုံး ဒုက္ခရောက်နေတာကိုငဲ့ညှာပြီး ဆွေးနွေးပွဲအမြန်
ဆုံးပြုလုပ်ဖို့ တောင်းဆိုပါတယ်

မောင်ပြောချင် said...

နိုင်ငံတကာငြိမ်းချမ်းရေးဆုတွေ နိုဘယ်ငြိမ်းချမ်းရေးဆုတွေ ဘာဘာညာညာမလိုပါဘူး တကယ့်ငြိမ်းချမ်းရေးကိုလက်တွေ့အကောင်အထည်ဖော်ဖို့တော့ နာမည်ပျက်လောက်တဲ့အထိအပြောခံရနိုင်ပြီးဇွဲရှိရှိ စိတ်ထားမှန်မှန်နဲ့ ကြိုးစားဖို့ပဲလိုတာပါ။ကျရှုံးခြင်း နာမည်ပျက်ခြင်းများစွာအတွက်ဖခင် မပေါ်နိုင်ဘူး။ငြိမ်းချမ်းခြင်း၊အောင်မြင်ခြင်းတွေအတွက်အဖေအများကြီးပေါ်လာဦး မယ်။

kyawthusukyi said...

အားလုံးရဲ့ အကြံပြု ပြောဆိုချက်တွေကိုထောက်ခံပါတယ်
စိတ်ကောင်းရှိသောသူများ အကောင်းမြင်နိုင်သောသူ များ မျိားများပေါ်ပေါက်ပါစေ

Anonymous said...

ဘာမှ`ဝ`နယ်မှာလုပ်စရာမလိုဘူး..
လိုင်ဇာမှာဘဲလုပ် ..လာခဲ့မယ်..
အောင်မင်း

manangaw said...

လိုင်ဇာတော့ မလုပ်နဲ့လေကွာ ကျုပ်ကြောက်တယ်ဗျ မင်းအောင်လှိုင်