Tuesday, January 29, 2013

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ တောင်ငူ ရောက်ပြီ

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ တောင်ငူ ရောက်ပြီ
မေစစ်ပိုင် (ဧရာဝတီ) ၊ January 29, 2013

ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အဖွဲ့သည် ယနေ့ နေ့လယ် ၂ နာရီတွင် တောင်ငူမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ကို တောင်ငူမြို့ပေါ်ရှိ အာဏာပိုင်များက ဖမ်းဆီးမည်ဟု အသံများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်အထိ တားမြစ်ဖမ်းဆီးခြင်းများ မရှိသေးကြောင်း ယင်းအဖွဲ့တွင် ပါဝင်လမ်းလျှောက်သည့် ဆရာတော် ဦးရက္ခဝံသက ဆိုသည်။

“အာဏာပိုင်တွေက လာပြီး တားဆီးခြင်းမရှိသေးဘူး ဆိုပေမယ့် မြို့အဝင်တည်းက အထူးရဲတပ်ဖွဲ့တွေက လိုက်နေတယ်။ တားဆီးတာရှိလည်း ဖြေရှင်းပြီးတော့ ဆက်သွားမှာပဲ” ဟု ဆရာတော်က ဧရာဝတီသို့ မိန့်သည်။

၎င်းအဖွဲ့အနေဖြင့် တားဆီးမှုများရှိသည့် တိုင်အောင် လိုင်ဇာမြို့သို့ ရောက်သည်အထိ လမ်းလျှောက်မည်ဖြစ်ပြီး တနေ့လျှင် မိုင်၂၀ အထိ ရောက်အောင် လျှောက်မည်ဟု သိရသည်။ လက်ရှိအဖွဲ့အတွင်း သံဃာတော် ၅ ပါးနှင့် လမ်းလျှောက်သူ ၃၀ ဦး ပါရှိသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ သီရိဥသျှောင်ဘုန်းကြီးကျောင်းတွင် တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့အတွက် သီချင်းဆိုကာ အလှူငွေကောက်ခံရန် တောင်ငူမြို့သို့ ယမန်နေ့က ရောက်ရှိခဲ့သည့် “ပန်းရဲ့လမ်း” လူမှုကွန်ရက်အဖွဲ့ဝင်တဦးက “ကျနော်တို့ လမ်းလျှောက်အဖွဲ့အတွက် သီချင်းဆိုပြီး အလှူငွေ သွားရှာဖို့ ရောက်သွားတာပါ။ မြို့အုပ်ချုပ်ရေးမှူးကတော့ သီချင်းဆိုတာ ခွင့်ပြုချက်မယူလို့ဆိုပြီး ခေါ်စာပို့တယ်၊ ခံဝန်လက်မှတ်တော့ ထိုးလိုက်ရတယ်” ဟု ပြောသည်။

ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလမ်းလျှောက်သူများကို အလှူငွေများ လှူနိုင်ရန်အတွက် တောင်ငူမြို့ပေါ်၊ မြို့သစ်နှင့် အုတ်တွင်းမြို့တို့တွင် သီချင်းများဆိုကာ ရန်ပုံငွေများရှာဖွေခဲ့ကြောင်း၊ တောင်ငူမြို့ အုပ်ချုပ်ရေးမှူးက သီချင်းဆိုရန် ကြိုတင်ခွင့်ပြုချက် ယူရမည်ဟုဆိုကာ ခေါ်စာနှစ်ကြိမ် ပို့ခဲ့ပြီး လာမည့် ၃၁ ရက်နေ့မှသာ မြို့ပေါ်တွင် သီချင်းဆိုခွင့်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက်မည့် ငြိမ်းချမ်းရေးအဖွဲ့ကို တောင်ငူမြို့အရောက်တွင် ဖမ်းဆီးမည်ဟု မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမိန့်စာထုတ် ကြေညာသည် ဆိုသည့်သတင်းနှင့် ပတ်သက်၍ အတည်ပြုချက် ရယူရန် ဧရာဝတီက တောင်ငူခရိုင် ရဲစခန်းမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါရုံးမှ တာဝန်ရှိသူတဦးက အထက်အဖွဲ့အစည်း၏ ညွှန်ကြားချက်မရှိသဖြင့် ဖြေကြားပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည်ပြောဆိုသည်။

တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကလည်း ဧရာဝတီက ဆက်သွယ်သည့် တယ်လီဖုန်းကို လက်ခံဖြေကြားခြင်းမရှိပေ။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် ရန်ကုန်မြို့မှ ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ပြီး ၉ ရက်မြောက်နေ့တွင် တောင်ငူမြို့အထိ ရောက်နေပြီဖြစ်ပြီး ထိုမှတဆင့် မည်သည့်မြို့သို့ ခရီးဆက်ရမည်ကို စဉ်းစားဆဲဖြစ်ကြောင်း အဖွဲ့ဝင် ဆရာတော် ဦးရက္ခဝံသက ပြောသည်။

3 comments:

မောင်ပြောချင် said...

တရက်ကို မိုင်၂၀ ရောက်အောင်သွားမယ်လို့ဆုံးဖြတ်ထားတာ ကျုပ်ဖြငိ့ ခင်ဗျားတို့ စ စလျှောက်တဲ့နေ့က မိုင် ၅၀ ကျော်ကို ရောက်သွားနိုင်တာ စဉ်းစားလို့ကိုမရဘူး။ တစ်ခါတစ်လေ အိပ်မက်အကြီးကြီးတွေက ကိုယ့်ကိုကိုယ်ပြန်ဒုက္ခ ပေးတယ်။ ခုလမ်းလျှောက်နေတဲ့အဖွဲ့တွေ အိပ်ရာကနိုးပြီးထမယ်လို့ကြံတိုင်း အိပ်မက်ကြီးကြီးရဲ့ဒဏ်ကိုခံရပြီပေါ့။ တကယ်လမ်းလျှောက်နိုင်ပါစေ။မည်သည့်ကားဆိုက်ကယ်ပေါ်သို့မည်သည့်အကြောင်းပြ ချက်နှင့်မှ ပါမသွားစေနဲ့။အကယ်၍ပါသွားပါက လမ်းလျှောက်ခြင်းသည်ထိုနေရာတွင်ပြီးဆုံးသည်ဟုယူဆရပေမည်။ ပြန်လျှောက်ချင်လျှင် မလျှောက်နိုင်ခဲ့သည့်နေရာမှပြန်စရပါမည်။ဤကား အဓိဌာန်စစ်စစ်နှင့်လျှောက်ခြင်းမည်၏။ ထိုသို့မဟုတ်ပါကအပျော်လျှောက်ခြင်းသာမည်၏။တော်ရုံတန်ရုံသတ္တိ စိတ်ဓာတ် ခံနိင်ရည်နဲ့တော့အကဲစမ်းမလျှောက်ပါနဲ့။ ကားစီးလိုက်လမ်းလျှောက်လိုက်ဆိုရင်တော့ အပျော်လုပ်တဲ့အပျော်ခရီးသာသာပါ။ ဖြစ်နိုင်ချေရှိတဲ့အိပ်မက်များကို ကိုယ့်စွမ်းကိုယ့်စစစ်စစ်ဖြင့်ဖော်ထုတ်နိုင်တဲ့လူငယ်များဖြစ်ကြပါစေ။

မောင်ပြောချင် said...

ကျုပ် ဒီကိစ္စ ကိုပြောချင်နေတာဘယ်ခေါင်းစဉ်အောက်ကပြောရမလဲလို့ဒီသတင်းကို ဒီblog က လည်းမတင်တော့ ဒီတော့လမ်းလျှောက်ကြသူများအောက်မှာပဲ ခရီးထွက်သူများအကြောင်းပြောတော့မယ်။ ဒေါ်စုက ခရီးသွားလို့ရောက်တဲ့နေရာမှာ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးအဓိကပြင်ချင်တာက သမ္မတဖြစ်ရမယ့်သူရဲ့ကန့်သတ်ချက် ဒါကိုပဲခဏခဏပြောနေတာ ကျုပ်ကလုံးဝသဘောမတူဘူး။ဘယ်နှယ့် နိုင်ငံခေါင်းဆောင်လုပ်မယ့်လူတစ်ယောက်က ကိုယ့်သားသမီးတွေကို တခြားနိုင်ငံသားဖြစ်လျှင်ဘာအခွင့်အရေးပဲရရ မယူသင့်ဘဲကိုယ့်နိုင်ငံသားအဖြစ်ထာဝစဉ်ရပ်တည်ပြီးမြန်မာနိင်ငံသားအဖြစ်ကိုမစွန့်လွှတ်ရတဲ့သတ္တိ မျိုးရှိအောင် ဆုံးမသွန်သင်သြဇာတည်နိုင်ရမှာပေါ့။ (ဦးသန့်က သူ့သားအခွင့်အရေးတွေအတွက် အမေရိကန်နိင်ငံသားခံချင်လို့ပြောလာတဲ့အခါဦးသန့်ဆုံးမခဲ့ပုံ )။အိမ်ထောင်ဘက်ဆိုရင်တော့အထူးတလည်ပြောစရာ တောင်မလိုတော့ဘူး။ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး ကိုယ်လွန်သွားရင်ကိုယ့်တိုင်းပြည် ဒုက္ခရောက် ကျန်ခဲ့မှာကိုစဉ်းစားပေးဖို့လိုပါတယ်။ကျုပ်ပြည်သူတစ်ယောက်အနေနဲ့ ဒီအချက်ကိုပြင်ဖို့သဘောမတူပါဘူး။တိုင်းပြည်ကိုကိုယ်တွင်သာမက သားသမီးမြေးမြစ် များချစ်တတ်အောင်သွန်သင်နိုင်ကြပါစေ။

Unknown said...

appreciate to those who have such a kind heart and participate as they can for PEACE.WANNA JOIN WITH U. GO AHEAD...U ALL EVERY FOOT STEPT IS IN BURMESE HISTORY. who can delete it.. tq to u alll..