Wednesday, January 2, 2013

ဒေါက်တာစိုင်းခမ်းလိတ် (သို့မဟုတ်) ကျနော့်အသက်သခင် ကျေးဇူးရှင်တဦး

ဒေါက်တာစိုင်းခမ်းလိတ် (သို့မဟုတ်) ကျနော့်အသက်သခင် ကျေးဇူးရှင်တဦး
ဒေါက်တာလွဏ်းဆွေ

ကျနော့်ဘ၀ရဲ့ အသက်သခင် ကျေးဇူးရှင်တွေထဲမှာ နာမည်ကျော် တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ် ပါတယ်ဆိုရင် ကျနော်နဲ့ အခိုက်အတန့်လေးသာ ရေစက်ဆုံခဲ့ဖူးတဲ့ ဆရာ အံ့သြမှင်သက်မိနေမယ် ထင်တယ်။

ဆရာနဲ့ ရေစက်ဆုံခဲ့ပုံက ဒီလိုပါ။ ၁၉၈၈ မတ်လထဲ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ဆုံးပြီး သုံးလေးရက်လောက် အကြာမှာလို့ ထင်ပါတယ်။ အာဏာရှင် ဦးနေ၀င်းအစိုးရရဲ့ လုံခြုံရေးတွေ ပစ်ခတ်မှုကြောင့် ကိုဖုန်းမော် ဆုံးသွားတယ်ဆိုတဲ့ သတင်းကို ကိုမင်းလွင် (စာရေးဆရာ နရီမင်း) က ကျောင်းကို သယ်လာတော့ ကျနော်တို့ ဆေးတက္ကသိုလ် (၂) မှာလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းပွဲနဲ့ စီတန်းလမ်းလျှောက်ပွဲကို ကျင်းပဖြစ်တယ်။ ကျနော်တို့ ဒုတိယနှစ်ဆေးကျောင်းသားတွေ စုပြီး ခန္ဓာဗေဒခွဲစိတ်ခန်းနဲ့ ကပ်လျက် အနားယူအပန်းဖြေခန်းမမှာ ပြုလုပ်တာဖြစ်တယ်။ ပြီးတော့ ကျောင်းဝင်းထဲကနေ အဆောင်အထိ စီးတန်းလမ်းလျှောက်ပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ် လုပ်ဆောင်မှုကို ရပ်နားလိုက်တယ်။ စီတန်းလမ်းလျှောက်ရာမှာ ကျနော်တို့ နေတဲ့ အမျိုးသားဆောင် အဆောင်မှူးက နောက်ကနေ တောက်လျှောက် လိုက်ပါစောင့်ရှောက်ခဲ့တယ်။

ညကျတော့ အတန်းကြီးက အစ်ကိုတွေက အဆောင်မှာ ထပ်လုပ်ချင်တယ်လို့ လာညှိတာနဲ့ စားဖိုဆောင်မှာ ထပ်လုပ်မလို့ ပြင်ဆင်တုန်းမှာ အဆောင်မှူး ရောက်လာပြီး နေ့လည်က လုပ်ခဲ့ပြီးတာနဲ့ ကျေနပ်ဖို့ လာတားတာနဲ့ အခမ်းအနား အထမမြောက်ခဲ့ဘူး။ ဒါပေမယ့် နောက်နေ့တွေမှာ ကျောင်းမတက်ကြဘဲ အဆောင်မှာပဲ နေပြီး ဆန္ဒပြနေကြတယ်။ အဆောင်နေ ကျောင်းသားတွေ ကျောင်းမတက်ကြတဲ့ သတင်းကို အဆောင်မှူးဆီ သတင်းရောက်တော့ အဆောင်မှူးက အားလုံးကို အဆောင်ဘုရားခန်းထဲ ခေါ်ပြီး ကျောင်းပြန်တက်ဖို့ ဖျောင်းဖျပြောဆိုတယ်။ အဲဒါနဲ့ နောက်ရက်မှာ ကျောင်းပြန်တက်ကြတယ်။ အဆောင်မှူးက စည်းကမ်းကြီးပြီး ကျောင်းသားတွေ ကြောက်ရသူမို့ ပြန်တက်ကြတာလည်း ပါမယ်။ ဖြစ်ချင်တော့ ကျောင်းရောက်တာနဲ့ (ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာလား၊ အာရ်အိုင်တီမှာလား အသေအချာမမှတ်မိတော့) ဦးနေ၀င်းအစိုးရက ဆန္ဒပြတဲ့ ကျောင်းသားတွေကို ဖမ်းဆီးထိန်းသိမ်းနေပြီဆိုတဲ့ သတင်းကြားပြီး ကျောင်းဆက်မတက်ကြတော့ဘဲ အဆောင်ပြန်ခဲ့ကြတယ်။

အဲဒီသတင်းကို အဆောင်မှူး ကြားပြန်တော့ အဆောင်နေ ကျောင်းသားတွေ အတန်းလိုက် လက်မှတ်ထိုးပြီး သူ့ဆီကို တောင်းပန်လွှာ ရေးတင်ဖို့ အတန်းအသီးသီးက အဆောင်အီးစီတွေကို ခေါ်ပြောတယ်။ သူ ကျောင်းပြန်တက်ကြဖို့ သေချာပြောထားရက်နဲ့ မတက်ကြလို့ တောင်းပန်ခိုင်းတဲ့သဘောဖြစ်တယ်။။ အတန်းအားလုံး လက်မှတ်ထိုးပြီး တင်ကြပေမယ့် ကျနော်တို့ ဒုတိယနှစ်ကျောင်းသားတွေထဲက ကျနော်ရယ်၊ မုဒုံက သူငယ်ချင်းတဦးရယ်၊ လှည်းကူးက သူငယ်ချင်းတဦးရယ် လက်မှတ်မထိုးဘဲ နေကြတယ်။ စိတ်ထဲမှာ ကျောင်းသားတွေ သေဆုံး/အဖမ်းခံရတဲ့သတင်းတွေကို ကြားပြီး တင်းနေတာရယ်၊ အဆောင်မှူးက သက်သက်မဲ့ အနိုင်ကျင့်တယ်လို့ ခံစားရတဲ့အတွက်ကြောင့်ရယ် လက်မှတ်မထိုးဘဲနေကြခြင်းဖြစ်တယ်။ အတန်းသားတွေ လက်မှတ်ထိုးထားကြတဲ့ စာရွက်ရဲ့အောက်ဆုံးမှာ ကျောင်းသားသုံးဦး လက်မှတ်မထိုးကြောင်း မှတ်ချက်ရေးပြီး တင်ခိုင်းလိုက်တယ်။

အဆောင်မှူး ကျနော်တို့ သုံးယောက်ကို ခေါ်တွေ့တယ်။ မင်းတို့သုံးယောက်က ဘာလို့ လက်မှတ်မထိုးတာလဲလို့ မေးတယ်။ ကျနော်တို့က ကျောင်းသွားပြီး ကျောင်းမှာ ကြားရတဲ့ သတင်းတခုကြောင့် မတက်ဖြစ်ဘဲ ပြန်လာခြင်းဖြစ်တယ်လို့ ချေပပြောဆိုတယ်။ အရင်ဆို ကျောင်းသားတွေကို ဆုံးမရင် လက်ပါတတ်တဲ့ အဆောင်မှူးက ကျနော်တို့ သုံးယောက် ဒေါသထွက်နေကြမှန်း ရိပ်မိလို့လားတော့မသိ၊ အေးပေါ့ကွာ မင်းတို့ မှန်တယ်ထင်ရင် လုပ်ထားကြပေါ့ဆိုပြီး ကျနော်တို့ကို ပြန်ခွင့်ပြုလိုက်တယ်။ ကျနော်တို့ သုံးယောက် ပြန်လာပြီး အခန်းမှာ တညလုံးနီးပါး နိုင်ငံရေးအကြောင်း ဟိုအကြောင်း ဒီအကြောင်း ဆက်ပြောဖြစ်ကြတယ်။ သိပ်မအိပ်လိုက်ရဘူး ဆိုပါတော့။

တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်နဲ့ ဒေါက်တာ နွဲ့နွဲ့တင် ဇနီးမောင်နှံ (Dr.Sai Kham Leik ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

နောက်နေ့ ခန္ဓာဗေဒစာသင်ခန်းမထဲလည်း ရောက်ရော အိပ်ရေးပျက်တာရယ်၊ ဗိုက်ထဲ အစာမရှိတာရယ်ကြောင့် ကျနော် ပန်ကာအောက်မှာ ထိုင်ရင်း ချွေးစေးချွေးပေါက်တွေ ထွက်လာတယ်။ ဆက်ထိုင်နေရင်း ခေါင်းတအားမူးလာတာနဲ့ အဆောင်ပြန်နားချင်တဲ့အကြောင်း နံဘေးမှာ ထိုင်နေတဲ့ မုဒုံက သူငယ်ချင်းကို အကူအညီတောင်းလိုက်တယ်။ သူ ကျနော့်ကို တွဲပြီး ပထမထပ်မှာရှိတဲ့ စာသင်ခန်းထဲကနေ အပြင်ကိုအထွက် ဂငယ်ကွေ့လှေကားကတဆင့် အောက်ထပ်ကို ဆင်းမယ်အလုပ်မှာ ကျနော် သတိလစ်သွားတယ်။ သတိရပြန်ရတော့ ကျနော့်ကို ခုံတန်းလျားတခုပေါ်မှာ ပက်လက်အနေအထားနဲ့ ယပ်ခတ်ပေးနေကြတာ တွေ့ရတယ်။ တယောက်က ကျနော့်ကို သကြားဖျော်ရည် လာတိုက်တယ်။ ဘာဖြစ်သွားပါလိမ့်လို့ ကျနော် စဉ်းစားခန်းဝင်နေတုန်း သူငယ်ချင်းက …

“ခင်ဗျား ကံကောင်းတယ်။ ဆရာစိုင်းခမ်းလိတ်သာ မကယ်ရင် သေဖွယ်ရှိတယ်။ ကျနော် လက်မောင်းကို ကိုင်ထားလျက်နဲ့ ခင်ဗျားက အပေါ်ဆုံးလှေကားထစ်ကနေ အရုပ်ကြိုးပြတ် ပြုတ်ကျသွားတယ်။ တော်သေးတယ်။ အောက်ကနေ တက်လာတဲ့ ဆရာစိုင်းခမ်းလိတ်က အမြန်ဖမ်းပွေ့လိုက်ပေလို့” ဆိုပြီး ပြောရင်း ရယ်နေတယ်။ ကျနော် ဘေးဘီကို ကြည့်လိုက်တော့ ဆရာစိုင်းခမ်းလိတ်ကို မတွေ့ရတော့။ ကျနော်လည်း သက်ပြင်းချရင်း “ဟုတ်ပါရဲ့ ဆရာစိုင်းခမ်းလိတ် ဖမ်းမပွေ့ထားဘဲ ဂငယ်ကွေ့လှေကားကနေ ဒလိမ့်ကောက်ကွေး ပြုတ်ကျလို့ကတော့ နံရံနဲ့ ခေါင်းနဲ့ဆောင့်ပြီး ပွဲချင်းပြီးမလားပဲ” လို့ တွေးပြီး ပြုံးနေမိတော့တယ်။

အဲဒီတုန်းက ဆရာစိုင်းခမ်းလိတ်က ခန္ဓာဗေဒဘာသာရပ်နဲ့ ဘွဲ့လွန်ယူဖို့ ကြိုးပမ်းနေချိန်လို့ ကျနော် အကြမ်းဖျင်း သိထားတယ်။ ကျောင်းမှာ ဆရာ့ကို မကြာမကြာ တွေ့နေရတယ်။ ဆရာက မန္တလေးဆေးတက္ကသိုလ်ကနေ ကျောင်းပြီးပေမယ့် ဘွဲ့လွန်ကို ဆေးတက္ကသိုလ် (၂) မှာ လာတက်ဖြစ်တာလားတော့ ကျနော် ဂဃနဏ မသိ။ ဒါပေမယ့် ဆရာနဲ့ ကျနော် ထိုသို့ မိနစ်ပိုင်းကလေးမျှ ရေစက်ဆုံခဲ့ပြီး ဆရာ့ကျေးဇူး ကျနော့်အပေါ် ရှိခဲ့ဖူးတာကို အမှတ်ရနေမိပါ၏။

ဆရာစိုင်းခမ်းလိတ် ဇနီးမောင်နှံကို ပရိသတ် မှတ်မှတ်ရရရှိစေတဲ့ သီချင်းနှစ်ပုဒ် (နားဆင်လိုပါက)

- သိပ်သိပ်ချစ်ရတယ် နွဲ့တင်ရယ် click
- နွဲ့တင်အတွက် သီချင်းတစ်ပုဒ် click

(ဆရာစိုင်းခမ်းလိတ်ကို တေးရေးဆရာ၊ ဆရာဝန်အဖြစ် ကျနော် လေးစားတန်ဖိုးထားခဲ့ရသလို တချိန်တခါက ကျနော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်ခဲ့ဖူးသူတဦး အနေနဲ့လည်း အမှတ်ရမိလို့ ဒီစာစုလေးကို ရေးသားဂါရ၀ပြုခြင်းဖြစ်ပါတယ်။)

ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၁၅ နာရီ
ဇန်န၀ါရီ ၂ ရက် ၂၀၁၃။

1 comment:

Unknown said...

ကျေးဇူးတရားကို တုံ့ပြန်မှုမမျှော်လင့်ဘဲ ပြုတတ်သူနဲ့
ကျေးဇူးတရားကို သိတတ်တုံ့ပြန် ပြုတတ်သူရဲ့အကြောင်း ဖတ်ရတာ...
မင်္ဂလာရှိလွန်းလှပါတယ်..
ကြည်နူး၊ ၀မ်းသာရပါတယ်..
ပူလောင်တဲ့စာတွေရဲ့အကြားမှာ ဒီလိုမျိုးစာမျိုး ဖတ်လိုက်ရတာ စိတ်အကြည်ဓာတ်ရတယ်ဗျာ..။