Tuesday, January 15, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၄)

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၄)
အောင်ထူး (ရှေ့နေ)
(အချိန်နည်းပါးမှုကြောင့် မူရင်းသတ်ပုံနှင့် စာစီစာရိုက်အတိုင်း တင်ဆက်ထားခြင်းဖြစ်ပါသည်။)

ကချင်ပြည်နယ် စစ်ပွဲသတင်း ထိပ်တန်းကို ရောက်လာသည့်အချိန်တွင် စိတ်ဝင်စားစရာကောင်းသည့် ကချင် သမိုင်းဆောင်းပါးတစောင်ကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်မှာ ကိုဝိုင်ဝိုင်ကေ အမည်ရှိ မြန်မာတဦးဖြစ်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဖြစ်ပုံရသည်။ မြန်မာနှင့် ကချင်အကြား တွင် လူမျိုးရေးမုန်းတည်းမှုများ မပေါ်ပေါက်စေရန် ဦးတည်ကြောင်း ဖေါ်ပြထားသဖြင့် တန်ဘိုးထားမိသည်။ စာရေးသူကဲ့သို့ မြန်မာများက ကချင်များအပေါ် လူမျိုးရေးအရ မုန်းတည်းမှုရှိစေရန် စစ်အာဏာရှင်များက ဆက်သွယ်ရေးနည်းပညာအမျိုးမျိုးသုံး၍ လှုံ့ဆော်နေသည့်အချိန်၌ ကိုဝိုင်ဝိုင်ကေ၏ ဆောင်းပါးလေးကို ဖတ်လိုက်ရသည်မှာ ရင်ထဲအေးသွားမိသည်။ ၄င်း၏ ဆောင်းပါးထဲမှ စာပုဒ်သုံးပုဒ်ကို ကိုးကားလိုပါသည်။ အောက်ပါ ပထမ နှစ်ပုဒ်မှာ ကချင်သမိုင်းနှင့် ဆိုင်ပါသည်။

“ကချင်လူမျိုးတို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက်တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့စတင်၍ ကျုးကျော်လာစဉ်ကတည်းက အလွန်တရာ မုန်းတီးခဲ့ပြီး ဗမာနှင့် အခြားတိုင်းရင်းသားများနည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံတွန်းလှန်ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏ စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက်ကို ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံခိုင်းခြင်းများကို လုံးဝမကြိုက်ပါ။”

“၁၉၄၂- ခု၊ မေလ (၅) ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ်စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ ချီတက်စဉ် ကမ်းပါးစောက်နက်သော လမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဂျပန်စစ်သားများ ချောက်ထဲသို့ ကားကို လီဗာတင်မောင်း၍ အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို (ဂျပန်ပျံကွေ့) ဟု သမိုင်းဝင်တစ်နေရာအဖြစ် ဂျပန်ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင် သွားရောက်ကြည့်ရှုကြသည်မှာ ကချင်တို့၏ ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။”

``ဒေါ်အောင်ဆန်းစုကြည်သည် အလယ်မှာနေမည်ဟူသော သူမ၏ ရပ်တည်မှုကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံလူထုများနှင့် အခွင့်အရေးဆုံးရှူံးနေကြသော တိုင်းရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။ ယင်းရပ်တည်ချက်အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲလျက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စများအား စွမ်းစွမ်းတမံ ဆောင်ရွက်လိမ့်မည်၊ ကချင်ပြည်နယ်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်ပါသည်။´´

ငြိမ်းချမ်းသည့် ပြည်ထောင်စုကို တည်ဆောက်လိုပါလျှင် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကို တန်ဘိုးထားရပါမည်။ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို ထိုးစစ်ဆင်နေခြင်းများနှင့် စပ်လျှဉ်း၍ “ ကေအိုင်အေက မိုင်းခွဲတာတွေ၊ ရိက္ခာပို့ရာမှာ ဟန့်တားနှောက်ယှက်မှုတွေ လုပ်တဲ့အတွက် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရခြင်းဖြစ်ကြောင်း၊” အစိုးရက ဇန်န၀ါရီလ (၄) ရက်နေ့၌ ထုတ်ပြန်သွားခဲ့သည်။ ၄င်းအရ မိုင်းခွဲသူ ကေအိုင်အေသည် လူဆိုးဖြစ်ပြီး ကာချုပ်မင်းအောင်လှိုင်၏ စစ်တပ်မှာ လူဆိုးကိုနှိမ်သည့် သူရဲကောင်းအဖြစ် ဖန်တည်းထားသည်။ သို့ရာတွင် မည်သူသည် လူဆိုးဖြစ်ပါသနည်း။ အထက်ပါ သမိုင်းကို အခြေခံ၍ ပြောင်းပြန်လှန်စဉ်းစားဘို့ လိုပါမည်။

၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လက်အောက်သို့ မကျရောက်မီ သမိုင်းအဆက်ဆက် ကချင်လူမျိုးများ လွတ်လပ်စွာနေခဲ့၊ ကိုယ့်မြေကိုယ့်ရေကို ကိုယ့်ဖာသာ စီမံခန့်ခွဲ အသုံးချခဲ့ပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် အချိန်တွင်မှ ကချင်ပြည်နယ်သည် ပြည်ထောင်စုအဖွဲ့ဝင် အဖြစ်ပါဝင်လာခဲ့သည်။ ကချင်တို့သည် အင်္ဂလိပ်ကိုရော ဂျပန်ကိုပါ သတ္တိပြောင်စွာ ခုခံတိုက်ခိုက်ရင်း ၄င်းတို့၏မြေကို ၄င်းတို့ဖာသာ စီမံခန့်ခွဲပိုင်ခွင့်၊ အသုံးချပိုင်ခွင့်တို့အား အသက်ပေး ကာကွယ်ခဲ့ကြသည်။ ကချင်တို့၏မြေသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများပိုင်သည့် မြေမဟုတ်ပါ။ ကချင်ပြည်နယ်လူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားနှင့် သွားရောက်တပ်စွဲလျှင် စွဲသည့် တပ်သည် ကျူးကျော်သူဖြစ်သည်။ လူဆိုးဖြစ်သည်။ ယင်းကို ရှင်းအောင် စဉ်းစားရန်လိုပါမည်။

အမှန်တရားကို ရှာဖွေရာတွင် အင်အားနှင့် ကြည့်၍မရ။ မကြည့်သင့်။ သမတ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့် တပ်မှာ လူဦးရေများသည့် မြန်မာလူမျိုးများအား စစ်သားစုဆောင်းနိုင်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အသုံးချပြီး တပ်အတွက် လိုအပ်သည့် လက်နက်ပစ္စည်းအသုံးအဆောင်များ တပ်ဆင်နိုင်ခြင်းတို့ကြောင့် စစ်အင်အား ကြီးမားသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သည် အဆများစွာ အင်အားနည်းပါးသည်မှာ မငြင်းနိုင်။ ကိန်းဂဏန်းအရ ဤသို့ တွေ့ရပါမည်။

သို့ရာတွင် အင်အားကြီးမားသူက ပြုမူတိုင်း အမှန်တရားအဖြစ် မှတ်ယူ၍မရပါ။ တချိန်တည်း၌ အင်အားနည်းသူက ပြုမူတိုင်းတော့လည်း အမှန်တရား မဖြစ်နိုင်ပါ။ သမိုင်းကြောင်း၊ ဥပဒေနှင့် ကချင်လူထုဆန္ဒအပေါ် အခြေခံ သုံးသပ်လျှင် အမှန်တရားသည် မိမိတို့မြေ၊ ရေနှင့်လူထုကို ကာကွယ်တိုက်ပွဲဝင်သည့် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဘက်တွင်ရှိသည်။ ကေအိုင်အေ၏ ခုခံစစ်သည် တရားသောစစ် ဖြစ်သည်။

ကချင်ပြည်နယ်လူထုပိုင် မြေယာများကို ကြိုက်သလို စိုးမိုးချယ်လှယ်ခွင့်ရရန် စစ်အစိုးရက တပ်ရင်းပေါင်း ရှစ်ဆယ်ကျော်၊ စစ်သည်အင်အား ငါးသောင်းခန့်မျှအထိ စေလွှတ်ချထားခဲ့ပြီးပြီ။ ထပ်မံ ပို့လွှတ်ရန် တပ်များစုဆောင်းနေသည့် သတင်းများလည်း အဆက်မပြတ် ထွက်ပေါ်လျှက်ရှိသည်။ အဓိက အသုံးပြုသည့် လမ်းကြောင်းမှာ မန္တလေး၊ မြစ်ကြီးနားသွား ရထားလမ်းဖြစ်သည်။

စစ်အစိုးရသည် လူထုသုံးနေသည့် ဆက်သွယ်ရေးလမ်းကြောင်းကို အဘယ်ကြောင့် စစ်ရေးရည်မှန်းချက်အတွက် သုံးသနည်း။ စစ်သားများအား အရပ်ဝတ်လဲစေပြီး ရထားပေါ်တင်၊ လက်နက်များကိုမူ လူနှင့်ခွဲထားကာ အခြားတွဲများတွင် ဖုံးဝှက်တင်၊ မြစ်ကြီးနားရောက်မှ လူနှင့် လက်နက်ပြန်တပ်ဆင်၊ ကေအိုင်အေကို တိုက်ရန် စစ်မြေပြင်ကိုလွှတ် စသည့် နည်းနာများအား မရိုးသားစွာ အဘယ်ကြောင့် သုံးနေသနည်း။ လူသားဒိုင်း[i] ကာ၍ တပ်အရွှေ့အပြောင်း လုပ်နေခြင်းမှာ ဦးသိန်းစိန် အစိုးရတွင် တာဝန်မရှိဘူးလား။ ယင်းကို တားဆီးရန်အတွက် ကေအိုင်အေက ရထားလမ်းများကို မိုင်းခွဲဖျက်ဆီးသည့်အခါတွင်မှ လူဆိုးအဖြစ် အဘယ်ကြောင့် အထက်စီးမှ စွပ်စွဲနေသနည်း။ ဦးသိန်းစိန်အစိုးရ က ပြောသည်။ ၄င်းတို့၏ တပ်များအတွက် ရိက္ခာပို့ရာမှာ ဟန့်တားနှောက်ယှက်သောကြောင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရပါသတဲ့။ ကေအိုင်အေတပ်တွေ နေပြည်တော်အနီး ပျဉ်းမနားတ၀ိုက်တွင် လာတပ်စွဲနေမည်ဆိုလျှင် အဆိုပါတပ်များအတွက် ရိက္ခာပို့ခြင်းအား ဦးသိန်းစိန်အစိုးရက လွတ်လပ်စွာ ခွင့်ပြုမည်လား။

စစ်အစိုးရ၏ စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသော ရထားလမ်းများအား မိုင်းမခွဲစေခြင်လျှင်၊ တပ်များအတွက် ရိက္ခာပို့ရာမှာ အနှောက်အယှက်မဖြစ်စေခြင်လျှင် ကချင်ပြည်နယ်အတွင်း သွားရောက်တပ်စွဲထားသော စစ်အစိုးရ၏ တပ်များအားလုံး ပြန်ဆုတ်ခွါလာကြရန် အမိန့်ပေးလိုက်ရုံပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး ချက်ခြင်း ရရှိသွားပါမည်။ သူ့ပြည်နယ်ကို သူ့ဖာသာ ကာကွယ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသိအမှတ်ပြုထားသော ကချင်တပ်များက တာဝန်ယူကြပါလိမ့်မည်။ အထက်ပါ သမိုင်းဆောင်းပါးတွင် ပါရှိသည့် စာပုဒ်ကို လေ့လာပါ။

“မန်ခိန်း (Man Hkaring) ကျေးရွာတွင် ပြုလုပ်သော ကချင်ဒေသ လူထုအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ်နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့်သက်ဆိုင်သော ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကိုမူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) က တိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဘာသာရေး၌လည်း လွတ်လပ်စွာ ကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူအခွင့်အရေးရမည်ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာမကောင်းဘူးလို့ ထင်ရင် လက်တွေ့ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင်ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင် ကြည်ညိုလေးစားသွားကြပါသည်။ ” ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစားသူများသည် ၄င်း၏မူအပေါ်  အခြေခံပြီး ကချင်ပြည်တွင်းစစ်ပြသနာ၊ ပြည်ထောင်စုတခုလုံး ငြိမ်းချမ်းရေးပြသနာများအား ချဉ်းကပ်ကိုင်တွယ်ရန် လိုပါမည်။

တရားဝင်အစိုးရ ဟူသည်မှာ အဘယ်နည်း။ သူပုန် ဟူသည်မှာ အဘယ်နည်း။

ဦးသိန်းစိန်၏ တပ်များက အစိုးရတပ်ဖြစ်၍ တရားဝင်သည်။ ကေအိုင်အေက သူပုန်ဖြစ်၍ တရားမ၀င်။ အစိုးရတပ်က သူပုန်ကို ချေမှုန်းခြင်းမှာ တရားသည် မှန်ကန်သည်ဟု ပြောကြသူများကိုလည်း တွေ့ရသည်။ ယင်းအကြောင်းပြချက်အား လက်ခံသင့် မသင့် ရှုဒေါင့်နှစ်ခုမှ စဉ်းစားရန် လိုပါသည်။ စာရေးသူကဲ့သို့ မြန်မာလူမျိုးများနှင့် ဖွဲ့စည်းထားသည့် မြန်မာပြည်နယ်၏ ရှုဒေါင့်နှင့် မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ၏ ရှုဒေါင့် ဟူ၍ဖြစ်သည်။

ပထမဆုံးအနေနှင့် အစိုးရ၏ တရားဝင်မှုကို ဆန်းစစ်ရပါမည်။ အစိုးရကိုယ်တိုင်က တရားဝင်မှသာ ယင်းကိုနာခံပေးနေသော တပ်မှာ တရားဝင်ပါမည်။ ဦးသိန်းစိန်အစိုးရမှာ တရားဝင်အစိုးရ မဟုတ်ပါ။ အကြောင်းနှစ်ချက်ကြောင့် ဖြစ်သည်။ ပထမအချက်မှာ နာဂစ် မုန်တိုင်းပြင်းထန်စွာ ကျရောက်နေစဉ်အတွင်း အတင်းအကြပ် အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေခံ၍ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများအတွင်း ကြိုတင်မဲများ အသုံးပြု၊ မဲကလိန်ကျပြီး အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် အများစုအပေါ် အခြေခံ ဖွဲ့စည်းထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ကြိုတင်မဲများဖြင့် အနိုင်ယူခဲ့ခြင်းကို ရွေးကောက်ပွဲကော်မရှင်ကပင် ၀န်ခံခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရမှာ တရားဝင်အစိုးရ မဟုတ်ပါ။

ဒုတိယအနေနှင့် တရားဝင်အစိုးရ အနေနှင့် စဉ်းစားကြည့်ပါမည်။ လူထုက ဒီမိုကရေစီနည်းကျ စစ်စစ်မှန်မှန် ရွေးချယ်တင်မြှောက်သဖြင့် တရားဝင်အစိုးရ ပေါ်လာပြီ ဆိုကြပါစို့။ လူများစု၏ မဲဆန္ဒအရေအတွက်ကိုသာ အခြေခံစဉ်းစားလျှင် ယင်းတရားဝင်အစိုးရသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများ နေထိုင်ရာ မြန်မာပြည်နယ်တွင်သာ အာဏာလွှမ်းမိုးမှု ရှိပါမည်။ မြန်မာပြည်နယ်အတွင်း၌ ယင်းတရားဝင် အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်သည့် အဖွဲ့အား သူပုန်ဟု ပြောနိုင်ပါမည်။ မြန်မာလူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များကို မလွှမ်းခြုံပါ။

တတိယအနေနှင့် ပြည်ထောင်စုအဖွဲ့ဝင် အခြားပြည်နယ်များ အားလုံးကိုပါ လွှမ်းခြုံအာဏာသက်ရောက်စေမည့် ပြည်ထောင်စုအစိုးရကို မည်သို့စဉ်းစားမည်နည်း။ နှစ်ချက် လိုပါသည်။ တစ်ချက်မှာ ပင်လုံစာချုပ်ပါ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဖေါ်ဆောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရှိရပါမည်။ ယင်းအပေါ် အခြေပြု၍ ကျင်းပသော ရွေးကောက်ပွဲနှင့်အညီ ရွေးချယ်တင်မြှောက်ဖွဲ့စည်းထားသည့် အစိုးရ ဖြစ်ရပါမည်။ သို့မှသာ ပြည်ထောင်စုတခုလုံးကို လွှမ်းခြုံအာဏာသက်ရောက်မည့် တရားဝင်အစိုးရ ရနိုင်ပါမည်။ နောက်တချက်မှာ ပြည်ထောင်စုတပ်မတော်ကို ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များမှ ပြည်နယ်ကာကွယ်ရေးတပ်များပါ ပါဝင်ဖွဲ့စည်းထားဘို့လိုပါမည်။ သို့မှသာ တရားဝင် ပြည်ထောင်စုတပ်မတော် တည်ရှိလာပါမည်။

ယင်းအခြေအနေများနောက်ခံတွင် ပေါ်ပေါက်ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်ကို ဆန့်ကျင်တိုက်ပွဲဝင်သည့် တပ်မှာ သူပုန်တပ် ဖြစ်မည်။ သို့မဟုတ်ဘဲ လူများစု မြန်မာလူမျိုးများကို အဓိကထားစုစည်း၊ တပ်ထိပ်ပိုင်း ခေါင်းဆောင်နေရာမှန်သမျှ မြန်မာလူမျိုးတွေသာ ရာထူးရယူ၊ စစ်အာဏာရှင်အခြေခံဖြင့် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက်သာ တပ်ကိုအသုံးချ၊ ယင်းသို့သော တပ်မှာ အစိုးရတပ်ဖြစ်၍ တရားဝင်ပြီး ယင်းတပ်ကို ခုခံနေသည့် ကေအိုင်အေမှာ သူပုန်ဖြစ်သဖြင့် တရားမ၀င် ဟူသော အကြောင်းပြချက်ကို စာရေးသူက လုံးဝလက်မခံပါ။

တိုင်းရင်းသားပြည်နယ်များဘက်မှ ကြည့်လျှင် လက်ရှိမြန်မာ့တပ်မတော်သည် နယ်ချဲ့ အခြေခံဖြင့် တည်ထောင်ခဲ့သည့် အင်္ဂလိပ်တပ်နှင့် ခြားနားမှုမရှိ။ ပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားပြည်နယ်များရှိ သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး အတင်းအကြပ် ၀င်ရောက် အနိုင်ကျင့် တိုက်ခိုက်မှု မှန်သမျှသည် ပင်လုံစာချုပ်နှင့် ဆန့်ကျင်သည်။ နယ်ချဲ့လုပ်ရပ်ပင်ဖြစ်သည်။

ယင်းသို့သော နယ်ချဲ့လုပ်ရပ်ကို လက်ခံမည်၊ တရားဝင် အသိအမှတ်ပြုမည်ဆိုလျှင် မြန်မာလူမျိုးများ အဘယ်ကြောင့် အင်္ဂလိပ်နယ်ချဲ့ကို ခုခံခဲ့၊ အင်္ဂလိပ်တပ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သနည်း။ အင်္ဂလိပ်တပ်ကို တရားဝင်တပ်အဖြစ် လက်ခံ၊ သူ့နောက်မှာ ရပ်တည်၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတပ်မတော်သည် သူပုန်တပ် ဖြစ်နေသဖြင့် ၄င်းတပ်ကို ဆန့်ကျင်။ ဤသို့ ရပ်တည်ခဲ့ရမည်သာ ဖြစ်သည်။ ပြန်လည်သုံးသပ်ကြပါကုန်။

ကေအိုင်အို၊ ကေအိုင်အေသည် ပြည်ထောင်စုမှ ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သလား။

ဦးသိန်းစိန်အစိုးရနှင့် ကာချုပ် မင်းအောင်လှိုင်သည် အဘယ်ကြောင့် တပ်အင်အားမြောက်များစွာ ကချင်ပြည်နယ်သို့ စေလွှတ်၊ အဆမတန် ပြင်းထန်သည့် လက်နက်ကြီးများ၊ တိုက်လေယဉ်များပါ သုံး၍ အမြစ်ပြုတ် ချေမှုန်းစစ်ဆင်နွှဲနေသနည်း။ တရားဝင် အကြောင်းပြချက်[ii] သည် အဘယ်နည်း။ မိမိတပ်မှ ရဲဘော်များ ဒဏ်ရာရသွားသည့်အခါ ပစ်သတ်ပြီး ထားခဲ့ရန်ပင် အမိန့်ပေးကြောင်း ခမရ (၃၈၂) က ဒုတပ်ကြပ် အောင်မင်းထိုက်က ထွက်ဆိုခဲ့သည်။ [iii] မိမိ၏ ရဲဘော်များ၏ အသက်ကိုပင် ဖက်ကလေးလို သဘောထားလျှက် ဤမျှရက်စက်သည့် စစ်ပွဲကို အဘယ်ကြောင့် သဲကြီးမဲကြီး ဆင်နွှဲနေသနည်း။ အစိုးရအနေဖြင့် ကိုယ့်ရဲဘော်များအပေါ်ကိုပါ ပြစ်မှုကျူးလွန်ပြီး ဆင်နွှဲသည့် စစ်ပွဲမျိုး ပြည်တွင်းစစ်သမိုင်းတွင် တကြိမ်တခါ မျှ မကြားခဲ့ဘူးပါ။

ကေအိုင်အေ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အို တွဲဘက် အထွေ ထွေအတွင်းရေးမှုး ဦးလနန်တို့က ကေအိုင်အို၊ ကေအိုင်အေသည် ခွဲထွက်ရေးအတွက် တိုက်နေခြင်းမဟုတ်၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်၇န်၊ အတိအကျအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းနေကြကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးကြပြီ။ ကေအိုင်အေနှင့် အတူတွဲ၍ ခုခံစစ်ဆင်နွှဲနေသော အေဘီအက်စ်ဒီအက်ဖ်သည်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်သာ တိုက်ပွဲဝင်နေကြောင်း သိကြပြီးဖြစ်သည်။ မိမိတိုက်နေသော စစ်ကို လူထုထောက်ခံမှုရရန်အတွက် အစိုးရက ကေအိုင်အို၊ ကေအိုင်အေတို့သည် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေကြသလိုလို ၀ါဒဖြန့်ချီမှုမျိုး မလုပ်သင့်ပါ။

ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင် လုပ်ရန်မှာ မည်သူ့တာဝန်နည်း။

ပေါင်းစည်းခြင်း ဆိုသည်မှာ မေတ္တာတရားကို အခြေခံလျှက် တဦးကိုတဦး နားလည်မှုရှိစွာ၊ ချစ်ခင်ရင်းနှီးစွာ၊ ကြည်သာစွာ လက်တွဲနိုင်ကြမှသာ အနှစ်သာရနှင့် ပြည့်စုံသည်။ လင်မယားပင် ဖြစ်စေဦး၊ အတင်းအကြပ် ဓါးမိုး၍ ပေါင်းဖက်ခိုင်းလျှင် ခေတ္တမျှသာ ခံပါမည်။ ကွဲကြပြဲကြမှာ ဖြစ်သည်။

လူများစု မြန်မာလူမျိုးတွေက အနိုင်ကျင့်မည် စိုးရိမ်သဖြင့် တိုင်းရင်းသားခေါင်းဆောင်များက ခွဲထွက်ခွင့်ကို တောင်းခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော်တွင် အသေးစိပ် ဆွေးနွေးရန် တင်ပြခဲ့သည်။ [iv] ထို့နောက် ငါးနှစ်စီမံကိန်းနှစ်ရပ် ဆယ်နှစ်တာကို ရည်ညွှန်းလျှက် ဆယ်နှစ်ကြာပြီးနောက် ခွဲထွက်လိုက ခွဲထွက်ခွင့်ပေးရန် ဟူသောအချက်ကို ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဌာန်းပေးရန် သဘောတူခဲ့ကြသည်။ [v] “ ဆယ်နှစ်ကြာအောင် ပေါင်းပြီးမှ သူတို့တတွေ ဆက်ပေါင်းခြင်အောင် မလုပ်နိုင်လျှင် ကျုပ်တို့ဗမာတွေ ညံ့လို့ပေါ့” ဟု ဗိုလ်ချုပ်အောင်ဆန်းက မှတ်ချက်ပြုခဲ့ သေးသည်။ [vi] ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းက ဗမာဟု သုံးခဲ့ခြင်းမှာ စာရေးသူကဲ့သို့ မြန်မာလူမျိုးတွေကို ရည်ညွှန်းသည်ဟု နားလည်သည်။

ယခုကြုံတွေ့နေရသည့် ပြည်ထောင်စုပြသနာမှာ မြန်မာတွေ ညံ့၍ဟု မယူဆပါ။ လူမျိုးပြသနာမဟုတ်၊ စနစ်ပြသနာဖြစ်သည်။ စစ်အာဏာရှင်စနစ်ကြောင့်သာ ဤပြသနာပေါ် နေခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းသည့်အချိန်တွင် ဗိုလ်ချုပ်နေ၀င်းက တိုင်းရင်းသားများ ဖက်ဒရယ်တောင်းသည်ကို ခွဲထွက်ရေးဟု အကြောင်းပြကာ ဖိနှိပ်ခဲ့သည်။ နှစ်ပေါင်းငါးဆယ်ကြာပြီး ယခုအချိန်ရောက်မှ ဖက်ဒရယ်ဟူသည်မှာ ပြည်ထောင်စုတည်ဆောက်ရေးစနစ်ဖြစ်ပြီး တိုင်းရင်းသားများရထိုက်သော အခွင့်အရေးဖြစ်ကြောင်း စစ်ခေါင်းဆောင်များ ကိုယ်တိုင် လက်ခံလာခဲ့ရသည်။ [vii] တိုင်းရင်းသားများသည် နှစ်ပေါင်းငါးဆယ်ကြာမျှ ဒုက္ခများ ခံစားခဲ့ကြရပါပြီ။

စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်တွင် မြန်မာမဟုတ်သည့် တိုင်းရင်းသားတွေသာမက မြန်မာတွေပါ ခံစားခဲ့ကြရသည်။ သံဃာတော်များအား မီးလောင်ဗုံးနှင့် ဖြိုခွင်းခဲ့သည့် နောက်ဆုံးသာဓကကို ကြည့်ပါ။ သံဃာတော်အများစုကြီးမှာ မြန်မာလူမျိုးများဖြစ်သည်။

တိုင်းရင်းသားများ ပြည်ထောင်စုမှ ခွဲမထွက်ခြင်အောင်လုပ်ရန်မှာ စစ်အစိုးရအဆက်ဆက်တွင် တာဝန်ရှိခဲ့သည်။ ကေအိုင်အိုကို ဆင်နွှဲနေသည့် ထိုးစစ်ကို ကြည့်လျှင် အစိုးရက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လိုလားသည် ဟူသည်မှာ မည်သူမျှ ယုံနိုင်စရာမရှိ။ ကချင်များကို နာကျည်းအောင် လုပ်နေခြင်းဖြစ်သည်။ ကေအိုင်အိုက ပင်လုံစာချုပ်အရ ဖက်ဒရယ်ပြည်ထောင်စုဘောင်အတွင်းတွင် တိုင်းရင်းသားများ ရရှိရမည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အသိအမှတ်ပြုဘို့ ပြောနေသည်။ အစိုးရက မသိကျိုးကျွန်ပြု၊ အဆမတန် အင်အားသုံး၊ စစ်ရေးအရ ဖိအားပေးကာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုသာ လက်မှတ်ထိုးခိုင်းနေသည်။ ကချင်လူမျိုးများ၏ မြို့တော်သဘွယ်ဖြစ်လာနေသော လိုင်ဇာကိုသာ အတင်းအကြပ် တက်သိမ်းမည်ဆိုလျှင် နာကျည်းမှုသည် ခါးသီးသည့် အဆင့်သို့ပြောင်းသွားမည်။ ခုခံမှုသည် ပို၍ အရှိန်မြင့်လာနိုင်သည်။ ကချင်တို့၏ ခုခံစစ်သည် တောင်ပေါ်မှနေ၍ မြေပြန့်ဒေသများသို့ ရွေ့လျှောမလာဟု မည်သူမျှ မပြောနိုင်။

ကချင်ပြည်နယ်ကို ပြည်ထောင်စုကနေ ခွဲထွက်သွားစေရေးအတွက် ကြိုးပမ်းမှုများေ ပေါ်လာစေရန် ကေအိုင်အိုနှင့် ကချင်လူထုကို တွန်းအားပေးသည့် လုပ်ငန်းအား သမတ ဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ လုပ်နေကြသည့် သဘောဆောင်သည်။ နောင်ဖြစ်လာမည့် ပြသနာများအတွက် ၄င်းတို့တွင် အဓိက တာဝန်ရှိပါမည်။

ချစ်ခြင်းမေတ္တာအား ပျံ့ပွားစေခြင်းသည် အမုန်းတရားများ လျော့ပါးစေမည့် အကြောင်းရင်းဖြစ်ခြင်း။

ကိုဝိုင်ဝိုင်ကေ၏ သမိုင်းဆောင်းပါးမှ ကော်ပီကူးထားသော အောက်ပါ ဓါတ်ပုံကလေးကို ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်အမျိုးသမီးငယ်များ၏ ရှေ့တွင် ထိုင်လျှက် အားရပါးရ ရယ်မောလျှက်ရှိကြောင်း တွေ့ရပါမည်။ ပင်လုံစာချုပ်တွင် တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးကို အာမခံချက်ပေးခဲ့သော ဗိုလ်ချုပ်အား ကချင်များက ချစ်ခင်လေးစားကြသည်။ မေတ္တာတရား အပေါ်အခြေခံလျှက် ကချင်တွေက မိသားစုသဖွယ် ဗိုလ်ချုပ်ကို စကြ နောက်ပြောင်ကြသည်။ ဗိုလ်ချုပ်ကိုယ်တိုင်လည်း ကချင်တို့၏ မေတ္တာကိုခံယူလျှက် ရယ်မောမိသွား၊ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့သည် ဤဓါတ်ပုံကလေးမှ မေတ္တာတရားမျိုးကို မခံစားခြင်ကြပေဘူးလားဟူ၍ စဉ်းစားမိသည်။

အဘယ်ကြောင့် ဗိုလ်ချုပ် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောနေသည်ကို ကိုဝိုင်ဝိုင်ကေက အောက်ပါအတိုင်း ရေးထားသည်။

“ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး (၆) ဦး၏ အလယ်တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သားတစ်ယောက်က “ ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသော ဗိုလ်ချုပ်သည်ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောသည်။”

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကွာလိုက်သည့် ဖြစ်ခြင်း။ လက်ရှိ ဗိုလ်ချုပ်ဟောင်း၊ သစ်များသည် ကချင်တိုင်းရင်းသားများအပေါ် ရက်စက်လှချေတကား။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ဖြူစင်သည့် မေတ္တာဖြင့် ပြုံးရွှင်ရယ်မောခဲ့ကြသော ကချင်အမျိုးသမီးတို့မှ မွေးဖွားလိုက်သည့် မြေးငယ်ကချင်သမီးပျိုများသည် ယနေ့ စစ်ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်စွဲ ကာ သူတို့မြေကို သူတို့ခုခံကာကွယ်ရသည့်ဘ၀သို့ ရောက်လျှက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့သည့် ကတိ စကားများ၊ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တို့အား မည်သူမျှ လေးစားလိုက်နာခြင်းမရှိကြတော့။

ဗိုလ်ချုပ်အောင်ဆန်း စာချုပ်ချုပ် အာမခံခဲ့သည့် တိုင်းရင်းသားအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ၄င်း၏ သမီးအရင်း ဖြစ်ရုံသာမက ယနေ့ နိုင်ငံရေးဇာတ်ခုံတွင် ထိပ်ဆုံးပိုင်းမှာနေရာယူထားသော ဒေါ် အောင်ဆန်းစုကြည်အပေါ် ကချင်လူထုက တစုံတရာအားကိုးလိုကြသည်။ သို့ရာတွင် သူမသည် ယနေ့အချိန်အထိ ခပ်ပေါ့ပေါ့ ပင် သဘောထားလျှက်ရှိသည်။ ရင်ကွဲဘွယ်ကောင်းပါဘိ။ အဘယ်ကြောင့် ဤသို့ဆိုသနည်း။

ဇန်န၀ါရီလ (၃) ရက်နေ့တွင် ကချင်အရေးနှင့် စပ်လျှဉ်း၍ အာရ်အက်ဖေက အင်တာဗျူးသောအခါ ဒေါ်အောင်ဆန်းစု ကြည်က “ ဘယ်လိုဆွေးနွေးနေသလဲ ဆိုတာ အသေးစိပ်မသိ၊ ၀င်ရောက်ပါဝင်ဆွေးနွေးခြင်တဲ့ ဆန္ဒရှိလို့ပြောထားတာ တနှစ်တောင် မကတော့ပါ။ အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းတာမရှိ။”

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်နေရာတွင် တာဝန်ယူနေသူ ဖြစ်သည်။ မြန်မာ နိုင်ငံသားများအား တာဝန်သိတတ်သူများဖြစ်စေဘို့ မကြာမကြာ သွန်သင်ဆုံးမလေ့ ရှိသူလည်းဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာနှင့် စပ်လျှဉ်း၍ သူမတွင် တာဝန်ရှိသည်ဟု စာရေးသူ ယူဆသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေ စိုးမိုးရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများဆောင်ရွက်ပါမည်ဟူ၍ လူထုထံမှ မဲများရယူခဲ့ရုံသာမက လက်ရှိလည်း ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူနေ၍ ဖြစ်သည်။

ယခုဆိုလျှင် စစ်ေ၇းအရှိန်မှာ အထွဋ်အထိပ် ရောက်နေပါပြီ။ လက်နက်ကြီးမျိုးစုံနှင့် တိုက်လေယာဉ်များပါ သုံးပြီး မီးကုန်ယမ်းကုန် တိုက်နေပါပြီ။ ကချင်ပြည်နယ်အတွင်း သိန်းတချို့ ပမာဏရှိသည့် လူထုများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိခိုက်ခံစားနေကြရသည်။ ဤမျှ အရေးကြီးလှသော ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကြီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်မည့် ပိုင်းဖြတ်ချက်[viii] နှင့် နိုင်ငံရေးဆန္ဒ[ix] ကို ယခုအချိန်အထိ မပြသေးဟု စာရေးသူ ခံစားမိသည်။ အဘယ်ကြောင့် ဤသို့ ဆိုသနည်း။

ဘယ်လိုဆွေးနွေးနေသလဲ ဆိုသည်ကို မသိသဖြင့် ပါဝင်ဆောင်ရွက်ရန် ကြိုပမ်းခြင်းမရှိဟု သူမပြောသည်မှာ သဘာဝမကျပါ။ မသိလျှင် သိအောင်လုပ်ရန် တာဝန်ရှိပါသည်။ သူမလို ပုဂ္ဂိုလ်မျိုးအနေဖြင့် သိလိုစိတ်တကယ်ရှိလျှင် မသိနိုင်စရာ အကြောင်း မရှိပါ။ သို့ရာတွင် သိအောင်လုပ်ရာ၌ အမှန်တကယ် အခက်အခဲရှိနေသည် ဆိုပါမူ စာရေးသူ ကူညီနိုင်ပါသည်။ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်တောင်း၍ သက်ဆိုင်သော စာရွက်စာတမ်းများ၊ ဗွီဒီယိုမှတ်တမ်းများကို သူမ လက်ဝယ်ရရှိအောင် စီစဉ်ပေးနိုင်ပါသည်။

အစိုးရဘက်က ဖိတ်ခေါ်ကမ်းလှမ်းခြင်း မရှိသဖြင့် ၀င်ရောက်ပါဝင်ခြင်း မရှိဟူသည်မှာ ပို၍ပင် မဖြစ်သင့်ပါ။ ဥပဒေစိုးမိုးရေးကို အဓိကဖျက်ဆီးနေသူမှာ ဦးသိန်းစိန်အစိုးရဖြစ်သည်။ လူထုကြီးက အားကိုးလိုသော လူထုခေါင်းဆောင်သည် ဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မည်မျှပင် ကြီးမားသည့် ပြသနာများ တက်နေစေဦး အစိုးရမခိုင်းသမျှ ဘာမျှမလုပ်ဟုဆိုလျှင် လူထုသည် ဥပဒေစိုးမိုးရေးအား မည်သည့်အခါတွင်မျှ လက်တွေ့ခံစားနိုင်တော့မည်မဟုတ်။ သူမသည် စစ်အစိုးရ နှင့် စစ်ခေါင်း ဆောင်များ ငြိုငြင်မည်ကို မခံလိုသဖြင့် မခိုင်လုံသော အကြောင်းများကို ပြပြီး တမင်ရှောင်၊ လူထုနစ်နာမှုများအား မျက်ကွယ်ပြုနေသည် ဟု စာရေးသူ သံသယဖြစ်မိသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအပါအ၀င် ဥပဒေစိုးမိုးရေးဆိုင်ရာ ပြသနာများအား ၀င်ရောက်ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းမည်ဆိုလျှင်လည်း ရပ်တည်ချက်မှာ အရေးကြီးလာသည်။ အစိုးရနှင့် လူထုအကြား မည်သူ့အမုန်းကိုမျှ မခံရအောင် အလယ်မှာနေ၍ ဖျန်ဖြေပေးသွားမည် [x] ဟူသည့် သူမ၏ ရပ်တည်မှုမှာ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ဖြစ်မည်ဟု မယူဆပါ။ ဗုဒ္ဓဘာသာတွင် ဒေ၀ဒတ်နှင့် မြတ်စွာဘုရားအကြားတွင် စေ့စပ်၍မရပါ။ ပြစ်မှုကျူးလွန်သူဒေ၀ဒတ်အား သဘာဝ တရားက မြေမြို၍ ပြစ်ဒဏ် စီရင်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားသူကြီးမဟုတ်၊ ကုလသမဂ္ဂအရာရှိလည်း မဟုတ်သဖြင့် အလယ်မှာနေသည် ဆိုခြင်းမှာ အဓိပ္ပါယ်မရှိလှပါ။ သူမသည် မြန်မာနိုင်ငံ၌ ဥပဒေစိုးမိုးရေး လက်တွေ့ရှိလာစေရန် ဦးဆောင်ဖေါ်ဆောင် နေသူဟူ၍သာ စာရေးသူ နားလည်သည်။

ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်မည်ဆိုလျှင် မျှတသော တရားခွင် [xi] အယူအဆကို ကျင့်သုံးရန် လိုပါသည်။ မုဒိန်းမှုတခုတွင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူမှာ စစ်ဗိုလ်ကြီးတဦးဖြစ်ပြီး ကျူးလွန်ခံရသူမှာ ဆင်းရဲနွမ်းပါးသည့် တိုင်းရင်းသူအမျိုးသမီးကလေး ဆိုကြပါစို့။ ၄င်းတို့နှစ်ဦးလုံးတွင် အခွင့်အရေးတန်းတူရှိသည်။ တရားရုံးတွင် တူညီစွာ အမှုရင်ဆိုင်နိုင်သည်။ သို့ရာတွင် အာဏာရှိ၊ လက်နက်ရှိ၊ ငွေကြေးရှိ၊ အင်အားရှိသည့် စစ်ဗိုလ်ကြီးနှင့် ယှဉ်ပြိုင်လျှက် အမှုရင်ဆိုင်နိုင်ရန် ညီမျှခြေရှိလာစေရေးအတွက် တိုင်းရင်းသူမလေးအား ဖြည့်ဆည်းပေးဘို့လိုသည်။

ရှက်လွန်းသဖြင့် ရဲစခန်းသွားပြီး အမှုမဖွင့်ရဲလျှင် လူမှုရေးအသင်းအဖွဲ့များ ကူညီလိုက်ပါပေးရန်၊ ဆေးဝါးကုသခွင့် လုံလောက်စွာရရှိရန်နှင့် အမှုရင်ဆိုင်နေစဉ်အတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ကူညီပေးဘို့လိုသည်။ တရားရုံး သွားရန် ခရီးစားရိပ် မရှိလျှင် ရှာပေးဘို့လိုသည်။ မြန်မာစကား ကောင်းစွာ မပြောတတ်လျှင် စကားပြန်စီစဉ်ပေးရမည်။ သူမ၏ မှုခင်းအတွက် တရားလိုအစိုးရ ရှေ့နေ၏ လိုက်ပါဆောင်ရွက်မှုကို မကြေနပ်နိုင်သည့် ခိုင်လုံသောအကြောင်းများ တွေ့ရလျှင် အရည်အချင်းနှင့် ပြည့်စုံသော ပြင်ပရှေ့နေတဦးထံမှ ဥပဒေအကူအညီရရှိစေရန် စီစဉ်ပေးသင့်သည်။ နိမ့်သည့် ဘက်ကို ဖြည့်ဆည်းပေးခြင်းသည် မျှတသောတရားခွင်ကိုအားဖြစ်စေပြီး ဥပဒေစိုးမိုးရေးအတွက် ပံ့ပိုးသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက လွန်မင်းစွာ အင်အားကြီးလျှက် ရှိသည်။ အဖိနှိပ်ခံလူထုနှင့် တိုင်းရင်းသားများမှာ အဆမတန် အင်အားနည်းလျှက်ရှိသည်။ အလယ်မှာ နေပြီး နှစ်ဘက်အကြားညှိပေးမည်၊ ဖျန်ဖြေပေးမည်ဟုသာ ဆိုလျှင် လက်တွေ့တွင် အားကြီးသူသာ အကျိုးဖြစ်ထွန်းမည်။ ဥပဒေစိုးမိုးေ၇းကို အမှန်တကယ်မြတ်နိုးလျှင် အနည်းဆုံးအနေနှင့် အားနည်းသည့်ဘက်တွင် ညီမျှခြေရှိလာစေရန် ဖြည့်ပေးရပါမည်။ နိုင်ငံသားတိုင်းမှာပင် တာဝန်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလယ်မှာနေမည်ဟူသော သူမ၏ ရပ်တည်မှုကို စွန့်လွှတ်ပြီး အမှန်တရား၊ တရားမျှတမှု၊ အဖိနှိပ်ခံလူထုများနှင့် အခွင့်အရေးဆုံးရှုံးနေကြသော တိုင်းရင်းသားများဘက်တွင် ပြန်လည်ရပ်တည်သင့်ပါပြီ။ ယင်းရပ်တည်ချက်အပေါ်တွင် အခြေခံ၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်းချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲလျှက် ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စများအား စွမ်းစွမ်းတမန် ဆောင်ရွက်လိမ့်မည်၊ ကချင်ပြည်နယ်လူထု ရသင့်သည့် နိုင်ငံရေးအခွင့်အရေးများ လက်တွေ့ခံစားနိုင်ရေးအတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်ပေးလိမ့်မည်ဟု မြှော်လင့်နေဆဲဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ရိုးသားသော ကချင်လူမျိုးတို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပေါ် ထားရှိခဲ့သည့် မေတ္တာမှာမူ မည်သည့်အခါတွင်မျှ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ဟု ယူဆပါသည်။

အပိုင်း (၅) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး(ရှေ့နေ)
ဇန်န၀ါရီလ ၇ ရက် ၂၀၁၃ ခုနှစ်

ရည်ညွှန်းချက်များ

[i] Human shield

[ii] Legitimate reason

[iii] http://www.facebook.com/photo.php?v=585185771498014

[iv] တိုင်းရင်းသား လူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ (မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစု ရေး အဖွဲ့က စိစစ်၍ ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့က ပြုစုသည်။ ) စာမျက်နှာ ၅၁၅

[v] ၄င်း။ စာမျက်နှာ ၅၁၆

[vi] ၄င်း။

[vii][vii] ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ ၂ ရက်၊ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်အမတ်များဖြစ်သော ဒေါ်နန်းဝါနု နှင့် ဦးတီခွန်မြတ် တို့အား ဖက်ဒရယ် ဥပဒေ တရပ်ရေးဆွဲရန် တာဝန်ပေးခြင်း။

[viii] Commitment

[ix] Political will

[x] Mediation

[xi] Fair Trial

45 comments:

ှဲKaung said...

အောင်ထူးရေ..
အော်တာမမောသေးဘူးလား။ ကိုယ်တိုင်လုပ်ဖို့ ရော စိတ်ကူးမရှိဘူးလား

Unknown said...

thank you alot Dr.Lum swe.very perious letter.God Bless to those who has right eyes,right hands and who post the real history.

haymar said...

Ulay U Aung Htoo, Can you tell both
Military Government & Military Ka Chin to stop the war and to use the money for people?

If so, we will be very proud of you.

Now you are talkie

Rose Lover said...

သြော်.. လက်စသတ်တော့ ဒီ Website လည်း ပြည်ထောင်စုကခွဲထွက်ချင်တဲ့ အကြံ့သမား Website ပဲ.. အန်တီစုကို လူမိုက်ငှားချင်တဲ့ကောင်.. သူလိုပညာတတ်က အကောင်းအဆိုးသိတယ်..နင်တို့သာမသိတာ..
နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲရှိရမယ် ဆိုတာ ထောက်ခံတယ်..

aristhteinwin said...

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကွာလိုက်သည့် ဖြစ်ခြင်း။ လက်ရှိ ဗိုလ်ချုပ်ဟောင်း၊ သစ်များသည် ကချင်တိုင်းရင်းသားများအပေါ် ရက်စက်လှချေတကား။
အဲဒီစကား မှားတယ်ဗျ- လက်ရှိ ဗိုလ်ချုပ်ဟောင်း-သစ်များသည် ကချင်တိုင်းရင်းသားများပေါ်သာ ရက်စက်တာ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံးကို ရက်စက်တာပါ ဘယ်သူ့ ကိုမှ ချမ်းသာ မပေးပါဘူး-မြန်မာတွေတောင် အဆစ်ပါသေးတယ်။

Unknown said...

If current Burmese(here only one race; Burma) leaders could not honor previous Burmese leaders's promise/s, who would trust the current Burmese leaders?

blinlin said...

Hi all
I'm so glad,thank you somuch atorney
Mr.Aung Too,you are very good speech,when
we can stand our country,are you able to
some goverment leader.

MangLin

Missouri
USA

LITTLE BURMA GROCERY said...

(အချိန်နည်းပါးမှုကြောင့် မူရင်းသတ်ပုံနှင့် စာစီစာရိုက်အတိုင်း တင်ဆက်ထားခြင်းဖြစ်ပါသည်။)တဲ့
သြော် အောင်ထူး ဖြေးဖြေးရေး ဖြေးဖြေးပြော မေားမယ်

thang said...

very insightful aricle.may God bless you with more wisdom,strength and intellect to stand for the weak.

LITTLE BURMA GROCERY said...

တကယ်တော့ KIAကို အဓိကကြိုးကိုင်နေတာက KIA ခရိုနီတွေရယ် အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေရယ် ကျဉ်းမြောင်းတဲ့ လူမျိုးရေးအစွဲကြီးသူတွေရယ် ဖြစ်ပါတယ်။ မယုံရင် စာရင်းကောက်ကြည့်လိုက်ပါ အဲဒီလူတွေနဲ့ ဆွေမျိုးတွေ ဟာ တခြားလူမျိုးတွေ လက်လှမ်းမမှီနိုင်တဲ့ အခွင့်ထူးတွေကို မြန်မာပြည်ထဲက ရန်ကုန် မနတလေး မြစ်ကြီးနား လိုင်ဇာ တို့မှာ ရရှိခံစားနေကြ တာပါ တကယ့်နယ်မြေခံ ကချင်နဲ့ တခြားလူမျိုးစုငယ်လေးတွေက ဘာစာမှလည်းမတတ် ကယ်မယ့်သူလည်းမရှိ KIA ပြောသမျှနာခံယုံက လွဲလို့ဘာမှမတတ်နိုင်ကြပါဘူး နိုင်ငံတကာ NGO ကလည်း KIA/ KIO နဲ့ ခရိုနီတွေံ ဘာသာရေးခေါင်းဆောင်တွေကို လူသားချင်းစာမှုကို အကြောင်ဲးပြပြီး အကြီးအကျယ် ထောက်ပံ့နေကြတယ်။ တကယ့်ကချင်ပြည်တွေကိုတော့ သနားတယ်။

Pa Kyaing said...

ကချင်လူမျိုးတွေဟာ ကျွန်တော်လေးစားအားကျရတဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ ၀တ်စားဆင်ယင်မှု သူတို့ ရဲ့ ဇွဲသတ္တိနှင့် ခိုင်မာတဲ့ စိတ်ဓာတ်ကို မချီးမွမ်းဘဲမနေနိုင်ပါဘူး။
ဆောင်းပါးရှင်ဟာ ကချင်လူမျိုးတွေထက် ဒေါ်စုကိုပိုပြီး အာရုံစိုက်ပုံရပါတယ်။ ကျွန်တော်ဆောင်းပါးတွေကိုဖက်ကြည့်တော့ ဒေါ်စု ဆိုတဲ့နေရာကိုရောက်တာနဲ့  စာလုံးဟာပိုကြီးသွားပြိး ထင်ထင်ရှားရှားရေးသားထားတာတွေ့ ရပါတယ်။ ပုံမှန်ရေးနေကြ စာလုံးပြောင်းလဲသွားတာက ထင်ရှားတဲ့သက်သေပါ။ တိုက်ခိုက်ရေးသားချင်တဲ့ ဆန္နတွေရှိနေတာလည်း အထင်အရှားပါ။
ဒေါ်စုနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ အတွေ့ အကြုံလေးတစ်ခုကို တင်ပြပေးချင်ပါတယ်။ ၂၀၀၃ ခုနှစ် ၀န်းကျင် ဒီပဲယင်းအရေးအခင်း မဖြစ်ခင်မှာပါ မွန်ပြည်နယ်ဘက်ကို စည်းရုံးရေးခရီး ဒေါ်စုသွားခဲ့ပါတယ်။ ကျွန်တော်တို့ မြို့မှာတစ်ညတာ ရပ်နားတည်းခိုပါတယ်။ ည၁၀ နာရီလောက်မှာ မြို့ နယ် NLD CECအဖွဲ့ ဝင်တွေနဲ့ အစည်းအဝေးလုပ်ပါတယ်။ အဖွဲ့ ဝင်တွေအနေနဲ့  လိုအပ်ချပ်တွေတင်ပြဖို့ တောင်းဆိုတဲ့အချိန်မှာ အဖွဲ့ ဝင်တစ်ယောက်က တောင်ပိုင်းဒေသက မွန်လူမျိုးတွေဟာ လူမျိုးရေးစိတ် ပြင်းထန်တဲ့အကြောင်း ကျွန်တော်တို့ သွားတဲ့အခါ ခွဲခြားဆက်ဆံမှူတွေရှိတယ်။ မလိုမုန်းတီးမူတွေနဲ့ တုန့်ပြန်တယ်။ ကျွန်တော်တို့ ရဲ့လုပ်ဆာင်မှူ စေတနာတွေကိုအသိအမှတ်မပြုဘူး၊ ပူးပေါင်းဆောင်ရွက်ရတာ အရမ်းခက်ခဲတဲ့ အကြောင်းတင်ပြပါတယ်။ အဲ့ဒီမှာဒေါ်စုက ကျွန်တော်တို့ ကိုပြန်လည် ရှင်းပြရာမှာ လူမျိုးတစ်မျိုးဟာ ကိုယ့်လူမျိုးကို ချစ်တယ်ဆိုရင် ဒါကျွန်မတို့ လေးစားရမှာ၊ အင်မတန် ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ ရဲ့ မျိုးချစ်စိတ်တွေဟာ အခုချိန်မှာ အစွန်းရောက်နေမယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ကျွန်မတို့ ရဲ့ သမိုင်းကိုလည်းပြန်ကြည့်ဦးလေ တကယ်တော့ကျွန်မတို့ ရဲ့ သမိုင်းကိုက မကောင်းခဲ့တာပါ။ မိဘအမွေဆိုတာ သားသမီးတွေရစမြဲပါဘဲ။ ကောင်းမွေကို ခံစားရသလို ဆိုးမွေကိုလည်း ခံယူရမှာပါဘဲ၊ဆိုးမွေဆိုပြီးကျွန်မတို့ ငြင်းပယ်လိုမှမရဘဲ။ ကျွန်မတို့ လက်ထက်မှာ နောင်လာနောက်သားတွေအတွက် ဆိုးမွေတွေမပေးနိုင်အောင် ကျွန်မတို့ ကျိုးစားကြရမယ်။ အဲ့ဒီတော့ သူတို့ ကိုသီးခံပါ အနိုင်ပေးပါ၊ သူတို့ ကျွန်မတို့ အပေါ် အနိုင်ယူချင်စိတ်များနေလိမ့်မယ် ကျွန်မတို့ က အရှုံးပေးလိုက်ရပေမဲ့ နှောင်တစ်ချိန်ကျရင် သူတို့ရဲ့ အစွန်းရောက်နေတဲ့ မျိုးချစ်စိတ်ဓာတ်ဟာ တည်ငြိမ်လာလိမ့်မယ်။ အဲ့ဒီခါ ကြရင် အပြန်အလှန်နားလည်မှူတွေနဲ့  ပူးပေါင်းဆောင်ရွက်သွားလို့ ရနိုင်ပါတယ်။ သူ့ ဘ၀မှာ မေတ္တာကသာ သူ့ ကိုလုံခြုံမှူ ပေးခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ကိုလည်း မေတ္တာအရင်းခံစိတ်ထားဖို့ ၊ အဖွဲဝင်တွေ အချင်းချင်း သစ္စာရှိဖို့  မှာကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ် အနည်းငယ်ကဆိုရင် ဒေါ်စုကို အစိုးရသတင်းစာတွေကနေ ပုတ်ခတ်ရေးသားခဲ့ကြပါတယ်။ " ဒေါ်အောင်ဆန်းစုကြည် ဘာလည်း၊ ဘယ်လည်း " အခန်းဆက်ဆောင်းပါးတွေ ရေးသားပုတ်ခတ်ခဲ့ကြပါတယ်။ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မကြားဝံ့ မနာသာရေးသားခဲ့ကြတာပါ။ ဒေါ်စုမှာ အပြစ်မရှိပါဘူး။ ပြောရက်လေခြင်း၊ ရိုင်းစိုင်းလေခြင်းလို့ ရင်ထဲက နာကျည်ကြေကွဲစွာခံစားခဲ့ရပါတယ်။ ပြန်လည်ရေးသားချေပ ခွင့်လည်းမရခဲ့ပါဘူး။ ရင်ထဲကနေ ကိုယ်တိုင် စပ်စီထားတဲ့ သင်္ကြန်သံချပ်ကလေးကိုဘဲ ရွတ်ဆိုနေမိတယ်။

"မြန်မာပြည်က သတင်းစာတွေ...........
ရေးသားချက်တွေ အမှန်အကန်ပါဘဲ ။
ပုဂ္ဂိုလ်ရေးနှင့် အတင်းအဖျင်း............
မြန်မာအလင်းက အပီအပြင်ဆော်သလေ
အစိုးရထုတ်တဲ့ ဒီသတင်းစာ......
ဖေါ်လန်ဖားတွေ ကလောင်စွမ်းထက်ကြ။
အယုတ်တ အနတ ရေးချက်တွေ.......
ငစိမ်းသည် ပါးစပ်တောင်အဲ့လောက်မစွာဘူး။
နိုင်ငံကျော်တဲ့ မြန်မာ့အလင်း မြန်မာ့အမှောင်လို့ သာ
ပြောင်းလိုက်ပေတော့ 2"
နိုင်ငံရေး အခင်းအကျင်းတွေပြောင်းတော့ သတင်းစာတွေကနေတိုက်ခိုက်မှူတွေမရှိကြတော့ပါဘူး။
ဒေါ်စု အတွက်ကျွန်တော်စိတ်ချမ်းသာ ယုံသာရှိသေး............

ှဲKaung said...

Pa Kyaing
ဘာမှ မစွမ်းနိုင် ဘာမလုပ်နိုင်တဲ့ သူတွေအတွက် အပြောတတ်ပဲရှိတာပါ။
ဒေါ်စုက သူတို့ စာ ဖတ်မယ်ထင်လား။ ဝေးသေး။ ရေးနေတဲ့ကောင်တွေလည်း သိသားပဲ။ လူအာရုံ စိုက်အောင် ဆရာကြီး စတိုင်လုပ်နေတာ။

Sai Aung Maine said...

ကိုယ်အောင်ထူး စာဖတ်ပရိတ်သတ်ပါကျွန်တော်က အစ်ရေးခဲ.တဲ.စာမှန်သမျှလဲ အကုန်ဖတ်ဖြစ်ပါတယ် ဖြစ်နိုင်ရင် PDF file ကိုလဲလုပ်ပေးပါခ ကျွန်တော်သိမ်းထားချင်လို.ပါ။အစ်ကိုယ်လိုနိုင်ငံရေးသမား ရှားတယ်။သူတို.ထင်ထားတဲ.အတိုင်းဗမာအစိုးရပာာ ကောင်းတဲ.ကောင်မပာုတ်ဘူး တကယ်ကောင်းတယ် တကယ်တရားမျှသတယ်ဆိုရင် ပြည်တွင်းစစ်ဖြစ်လာမှမပာုတ်ပါ။အစ်ကိုယ်.ကိုလေးစားပါတယ် ပြည်တွင်းစစ်ပာာ တိုင်းရင်းသားကစတာမပာုတ်ပါ တကယ်စာပေ စာဖတ် နည်းတဲ.လူပဲ သူတို.အတွက် တိုင်းရင်းသားလက်နက်ကိုင်ပာာ တောင်းကျန်းသမားလို. သူတို.အပြစ်တင်တာ စာဖတ်ပေဖတ်တဲ.လူများများရှိတဲ.လူတော. ဘယ်သူမှန်မှာလဲ ဘယ်သူမှားမှာလဲဆိုတာကို သူတို. လေ.လာစရာတောင်မလိုဘူး ချက်ချင်းသိတယ် အခု ပြည်တွင်းစစ်ပာာ ကချင်မမှားဘူး ဗမာမှားတယ်ဆိုတာ ကိုကျွန်တော် လုံးလုံး ၀န်ခံတယ် ကချင်အရင်ထိုးစစ်တာမပာုတ်ဘူး ဗမာအရင်ထိုးစစ်တာပါ။ကချင်က ကိုယ်.ကိုယ်ကို ကာကွယ်ယုံနဲ.ပဲ အခုလက်ရှိနေနေတာ ဦးသိန်းစိန်ပြောတဲ. စကားနဲ. အပြင်ဖက်မှာဖြစ်နေတဲ. ပြသာနာနဲ.ဆိုရင် ဆန်.ကျင်ဖက်ဖြစ်နေတာ ဗမာအစိုးရသည်မြန်မာပြည်ကို ဗမာပြည် တစ်ဦးသီး အုပ်ချုပ် အာဏာရချင်လို. တိုင်းရင်းသား လက်နက်ကိုင်အဖွဲ.ကို တစ်ဖွဲ.ပြီးတစ်ဖွဲ.တိုက်နေတာ အခုလက်ရှိ စာဖတ်ပရိသတ်သမားလဲဘာမသိဘူးမသိ ရှမ်းနဲ. ဗမာစစ်ဖြစ်တုန်းကလဲ ရှမ်းကပဲ မကောင်းတာတွေလုပ်တာ ကရင်နဲ.ဖြစ်ရင် ကရင်သူပုန်ပေါ. သူတို. ခင်းတဲ.လမ်းအတိုင်း တိုင်းရင်းသားကို လျှောက်ခိုင်းတာ အဲလိုနဲ. စစ်ဖြစ်လာတာပဲ။ဗမာ အစိုးရပာာ လုံးလုံးကို မှားတယ် ကချင်စစ်မြေနှာပြင်မှာ သူတို.အဲလိုမလုပ်တင်.ဘူး။ဒို.တာဝန်အရေးသုံးပါးပာာ တိုင်းရင်းသား ခွဲတာမပာုတ်ပါ အစိုးရတာ မခွဲခွဲအောင်လုပ်တာပါ။ တꨯးပꨤင်ꨀုမ်လွတ်ꨳလꨰဝ်း

WHY? WHY? WHY? said...

ကိုအောင်ထူး ဘာတွေကြောင်နေသလဲ၊ မဟုတ်မှ လွဲရော၊ အေဘီ မြောက်ပိုင်း ဖြုတ်ထုတ်သတ်မှာ တာဝန်ယူကြေငြာချက်တွေ ထုတ်ခဲ့ရာက အခုအားလုံးပေါ်လာတော့ မလုံမခြုံဖြစ်ပြီး စိတ်ကူးတည့်ရာ ရှောက်ရေးပုံပေါက်နေတယ်။

“ကချင်တို့၏မြေသည် စာရေးသူကဲ့သို့ မြန်မာလူမျိုးများပိုင်သည့် မြေမဟုတ်ပါ။ ကချင်ပြည်နယ်လူထု၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ကချင်ပြည်နယ်အတွင်းသို့ စစ်အင်အားနှင့် သွားရောက်တပ်စွဲလျှင် စွဲသည့် တပ်သည် ကျူးကျော်သူဖြစ်သည်။ လူဆိုးဖြစ်သည်။ ယင်းကို ရှင်းအောင် စဉ်းစားရန်လိုပါမည်။”

မောင်အောင်ထူး၊ ပြည်ထောင်စုနယ်မြေကို ပြည်ထောင်စုတပ်က ဝင်ချင်ဝင်မယ်၊ ထွက်ချင်ထွက်မယ်၊ တပ်စခန်းချသင့်တဲ့နေရာ ချမယ်။ ဒါဟာ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာပိုင် အစိုးရရဲ့ တပ်ဖြစ်တယ်။ ကချင်ဟာ ပြည်နယ်တစ်ခုသာဖြစ်တယ်။ ကချင်တပ် ရှိစရာ လုံးဝမလိုဘူး။ ပြည်ထောင်စုစစ်တပ်ဆိုတာ ပြည်ထောင်စုသားအားလုံး ပါဝင်ခွင့်ရှိတဲ့တပ်ဖြစ်တယ်။ ကိုယ့်မြေ ကိုယ်ကြိုက်သလို လုပ်လို့ရတဲ့ ပြည်ထောင်စု ငါ့လူ တွေ့ဖူးသလား။ ဂျပန်ပဲ ခံတိုက်တိုက် အင်္ဂလိပ်ပဲခံတိုက်တိုက် အဲဒါက ပြည်ပကျူးကျော်မှုဖြစ်တယ်။ ပြည်ထောင်စုတပ်ဟာ ပြည်ပတပ်မဟုတ်ဘူး။

ကျနော် အခုပြောတာ သဘောတရားအရပြောတာ၊ ကျနော် အစိုးရကို ထောက်ခံနေတာမဟုတ်သလို ကချင်စစ်ပွဲကို အားပေးသူလဲမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ အစိုးရကို မုန်းတီးတိုင်း တောင်စဉ်ရေမရစကားတွေနဲ့ ကချင်သူပုန်တွေကို မြှောက်နေ၊ သူရဲကောင်း ဘိတ်သိတ်သွန်းနေရင် ဒီစစ်ပွဲဟာ ပိုပြီး ရက်စက်ကြမ်းကြုတ်လာလိမ့်မယ်။ အဲလို မြှောက်ပင့်ပေးမဲ့အစား ကချင်ဖက်က ဝင်တိုက်ရအောင် နော်ဝေကနေ ထွက်ခဲ့လေ။ အဲဒီမှာ ခေါင်းဖြတ်တဲ့နေရာမှာ အင်မတန် လက်ယဉ်တဲ့ လှဆိုင်းတို့ရှိတာပဲ၊ ကိုယ့်လူအတွက် နေရာတစ်ခုတော့ ရမှာပါ။

အပေါ်က ကိုးကားထားတဲ့စာပိုဒ်ရောက်တာနဲ့ ဆောင်းပါးဆက်မဖတ်တော့ဘူး။ ဒေါ်စု လုပ်နေတာ ကိုယ်တို့အများစုက ထောက်ခံတယ်။ ဒါပဲ။

Seng said...

Bloody True ...most people can not accept the truth , such a pity for them..
Totally support and agree with you U Aung Thoo , you represent ethnic voice , which most of Burmese leaders ignore to do, even some of the people who name themselves as Pro democracy and human rights defenders,

ညီညီမင်း said...

ဆောင်းပါးရှင်းးးးးးးးးရေးတာကိုကြည့်ရတာ အမေစုကိုမုန်းတီးပုတ်ခက်ရေးသားနေသလိုပဲဗျ။အကိုpa kyaingပြောသွားတာ သဘာဝကျတယ်။ဝေဖန်သလိုလိုနဲ့တစ်ဖက်သက်ပုတ်ခက်ရေးသားတာဟာ တော်တော်လေးကိုအောက်တန်းကျလွန်းပါတယ်ဗျာ။တစ်ခုတော့ပြောလိုက်မယ် ခင်ဗျားတို့ဘယ်လောက်ပဲ ပုတ်ခက်ရေးသားရေးသား ကျွန်တော်ကတော့ အမေစုရဲ့လုပ်ရက်တွေကို အပြည့်အဝယုံကြည်ထောက်ခံတယ်ဗျားးးးးးးဝက်တွေဘယ်လောက်ပဲငြူစူပါစေ“ဖိုးလမင်းရဲ့အလင်းရောင်”ကတော့ ပိုပြီးတောက်ပြောင်ထွန်းလင်းလာပါတယ်ဗျားးးးးးးးးးးးးဆောင်ပါးရှင်တော်တော်လေးသနားဖို့ကောင်းတာပဲ။ကလေးအထာနဲ့လူအများအာရုံစိုက် အထင်ကြီးအောင်မလုပ်ပါနဲ့စောက်ရူးပဲထင်တယ်။။။။။။။။။။။။။။

Anonymous said...

I just want to ask simple question to A May Suu People,(this is the only one among several contradictions)

Where is second Pin lone that she told she must do it because it is so important.It just disappread like that?

Unknown said...

WHYခင်ဗျားပြောတဲ့ပြည်ထောင်စုတပ်မှာကချင်ဗိုလ်ချူပ်ဘယ်နှစ်ဦးရှိပါသလဲထားပါတော့တခြားတိုင်းရင်းသားဗိုလ်ချုပ်ဘယ်နှစ်ယောက်ရှိလဲအတင်းစုဆောင်းထားတဲ့တိုင်းရင်းသားအောက်လက်ငယ်သားအနည်အကျဉ်းလောက်ရှိတာနဲ့ပြည်ထောင်စုတပ်ဖြစ်ရောလားတကယ်ပြည်ထောင်စုတပ်ဆိုရင်တိုင်းရင်းသားကျေးရွာတွေကိုပစ်မှတ်ထားပါ့မလားကချင်ကပြည်ထောင်စုမှာပါဝင်လာဖို့ဗိုလ်ချုပ်အောင်ဆန်းနဲ့ပင်လုံမှာစာချုပ်ပြီးမှပါဝင်ခြင်းပါကချင်မြေဟာနဂိုကတေ့ကဗမာပိုင်ဆိုရင်ပင်လုံစာချုပ်ရှိပါ့မလားအမေစုကိုပြောရခြင်းသည်ဌင်း၏အဖေရဲ့နိင်ငံရေးအမွေအရှိန်ကြောင့်နိင်ရေးဇာတ်ခုံပေါ်ရောက်လာသူမို့အဖေမပြီးဖြတ်နိင်ခဲ့တဲ့အလုပ်ကောင်းရာကောင်းကြောင်းဆက်လုပ်စေချင်တဲ့သဘောပါလုပ်နိင်သည်ရှိမလုပ်နိင်သည်ရှိသော်ကချင်လူမျိုးတွေအဖေဖြစ်တဲ့သူကိုယုံသလိုသမီးဖြစ်တဲ့သူကိုလည်းယုံချင်ပါတယ်အခုတော့ကချင်အားလုံးသေသွားရင်အေးရောသဘောဆောင်မနေဘူးလားဒါမှမဟုတ်ဘယ်ဗမာကိုမှမယုံရဘူးလို့မှတ်ယူရမလားနိုဘလ်ငြိမ်းချမ်းရေးဆုရအမေစုတစ်ယောက်မိမိအိမ်ထဲလူသတ်ပွဲးရှိနေပါရဲ့မျက်စိမိတ်နားပိတ်ပါးစပ်စိပြီးနေနိင်ခြင်းကိုအံသြမိပါသည်

မောင်ပြောချင် said...

ဒီလောက်တိုက်ကြရတဲ့စစ် အကြောင်းပြချက်ကိုယ်စီတွေနဲ့ တကယ်လို့သာ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာခဲ့ရင်တော့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းကိစ္စ တွေ ဆွေးနွေးပုံတွေကို ဖြစ်နိုင်တယ်ဆို တစ်ပြည်လုံး တိုက်ရိုက် ထုတ်လွှင့်ပြသနိုင်ရင်ကောင်းမယ်။အဲဒီခါမှဘယ်သူက ဘယ်လိုအသာစီးယူပြီးတစ်ကိုယ်ကောင်းဆန်ခြင် သလဲဆိုတာကိုသဲသဲကွဲကွဲသိရမယ်။ ခုလွှတ်တော်က video conferencing နဲ့ဆွေးနွေးချင်တယ်လို့ ကမ်းလှမ်းတယ်လို့ကြားတယ်။kia က ဘယ်လိုလဲ။ သေနတ်သံသာမတိတ်သေးတာ အရင်တုန်းကတစ်စွန်းတစ်စ ကြားလိုက်ရတဲ့ဒုတိယပင်လုံအသံကတိတ်သွားပြီနော်။အောင်ထူးတို့AB လူဟောင်းတွေလည်း မြောက်ပိုင်းကျောင်းသားအချင်းချင်းသတ်ဖြတ်မှုကို ဥပဒေစိုးမိုးရေး ဥပဒေရှုထောင့်ကသုံးသပ်ပြပါအုံး။မှတ်သားရတာပေါ့

မောင်ပြောချင် said...

media သမားတွေသတင်းယူသတင်းမေးရင် ရှေ့တန်းမှာရှိတဲ့kia တို့ AB ကလူတွေနဲ့ပဲမေးမြန်းမနေနဲ့အုံး။သတ္တိလေးဘာလေးမွေးပြီး အစိုးရစစ်တပ်ရှေ့တနိးစခန်းမှာရှိတဲ့ စစ်ဗိုလ်စစ်သားတွေကိုလည်းမေးမြန်းပေးကြပါအုံး။ရှေ့တန်းအခြေအနေနှစ်ဘက်လုံးသိရတာပေါ့။နို့မို့ရင် လနန်တို့ မင်းဌေးတို့ပြောတာပဲနားထောင်နေရတယ်။မင်းတို့ပြတဲ့ပုံပဲကြည့်နေရတယ်။လိုင်ဇာလိုလက်နက်ကြီးတို့လေတပ်ဒဏ်တို့ကြောက်ရတဲ့နေရာတောင်သွားပြီးဓါတ်ပုံသတင်း interview တွေလုပ်ရဲသေးတာပဲ။အစိုးရစစ်တပ်ဘက်ကလို ပိုပြီးလုံခြုံ စိတ်ချရတဲ့ဘက်ကို သွားပြီးမေးမြန်းစုံစမ်းဓာတ်ပုံရိုက်သင့်တာပေါ့နော်။ (အထူးသဖြင့် dvb က သတင်းထောက်တွေ )

Unknown said...

အောင် ထူးရေတနားစရာပါလာကွာ မင်ကိုအပြတ်ပြေားလိုက်မယ် စစ်တပ် လက်နက်ကိုင် ဆိုတာ တခုဘဲရှိရ မယ်နှစ်ခုရှိရင် နိုင် ငံပြက်မယ် တိုင်ပြည် မအေးချမ်း နိုင် ဘူးတာဆိုရင် ဒို့နိုင် ငံမတိုး တက်တော့ဘူး ဒါတွေမင်းတိ မှာပါ

Unknown said...

Little Burma Grocery, I know who you are. Your mother In-Law also Kachin. Be careful, the whole united State there have only one name. 260-241-7173 she is a Hakka Chin ladies.

Htun Htun Naing said...

Thanks you for your article. Someone has the gut to say what he thinks is right.
In democracy, we agree to disagree. I do believe your right to say what you thinks is right. Shame on these pseudo-democracy supporter.

ညီသန့်ရှင်း said...


မင်းတို့ကောင်တွေက သူများဘာရေးထားလဲ ဆိုတာတော့သေချာမဖတ်ကြည့် ဘူး တကောင်က မဟုတ်ဘူးဆို ကျန်တဲ့ ကောင်တွေပါမဟုတ်ဘူးပဲ။
စစ်တပ်ဘာတွေပဲဖြစ်နေပါစေ လူမျိုးရေးနဲ့ ပတ်သက်လာရင်တော့ ဗမာများဟာ စစ်တပ်ဘက်ကနေ အပြည့်အ၀ကို ရပ်တည်တယ် စစ်တပ်ကကောင်တွေ ကို့အိမ်ပေါ်တက် ပြီးမတရာလုပ်နေလဲ ကောင်းတယ် ဟုတ်တယ် ဒို့တပ်မတော်ကြီးဆိုပြီး အဟုတ်ပြောနေမှာပါပဲ။
တသက်လုံး ၀ါဒမှိုင်းအတိုက်ခံထားရပြီး ကို့အပေါ် မတရားမှုတွေ ဘယ်လောက်လုပ်ခဲလုပ်ခဲ နောက်ဆုံးတော့လဲ တပ်မတော်ကို အဖေခေါ်တာပါပဲ။ အဲဒီတော့ စစ်ကျွန် အဖြစ်တသက်လုံး နေပြီး နိုင်ငံတကာအလယ်မှာ မျက်နှာငယ်လေးနဲ့ အောက်တန်းကျစွာပဲ နေလိုက်ကျပါတော့ကွာ။ ဘာမှလဲထလုပ်မနေကျနဲ့ ဒီနိုင်ငံက စစ်သားအုပ်ချုပ်တာ အကောင်းဆုံးပါပဲ။

Unknown said...

ဒီလို နိုင်ငံခြားမှာ ကာယဥာဏနဲ့ အလုပ်မလုပ်ဘဲ အချောင်
ခို ရေသာခို ညစ်ပက်တဲ့ ဒေါ်လာကို အမှီပြုပြီး တိုင်းပြည်
ကို ယူဂိုစလားဗီးရား လိုပြိုကွဲအောင် လုပ်နေတာ
အင်မတန် သေးသိမ်တဲ့ ဝေဖန်ရေး အတွေးအခေါ် တွေဘဲ

LITTLE BURMA GROCERY said...

တပ်မတော်ကိုလည်း ထောက်မခံဘူး KIA လည်း အထင်းမကြီးဘူး လက်နက်ကိုင်တိုက်ပြီး အဖြေရှာနေသူတွေ ထောက်ခံနေသူတွေအားလုံးကလည်း
စောက်ရူးတွေ။ပြန်ပြောမယ် စဉ်းစား တဖတ်ဖက်ကို ကိုကထောက်ခံလိုက်သလား စောက်ရူးဖြစ်သွားပြီလား ထပ်စဉ်းစားးးးးးးး စစ်သွေးကြွတွေရဲ့မှိုင်းထဲမှာမိနေတဲ့ သူများလားးး

အားလုံးကိုချေမှူန်းမယ် said...

အပြောလျှော့ပါ

၂၀၁၅ မြန်မြန်ရောက်ပါစေ

သမ္မတကြီးဘေးနဲ့ ဒေါ်စုဘေးနားမှာကပ်နေတဲ့သူတွေ သတိထားပါ

သာကူးတွေပါ ခေါင်းဆောင်တွေ ကရှေ့မှာ လိပ်ခေါင်းထွက်မတတ်ပြောဟော

နေ သူတို့က စာအုပ်မှတ်သလိုနဲ့ စားထားတာတွေ သွားကြားထိုးကြည့်နေ

တာ။ ပြည်ထောင်စုဝန်ကြီးတွေ တရားဝင်ပိုင်ဆိုင်မှုကြေညာသင့်ပြီ


အကျင့်ပျက်တိုက်ဖျက်ရေးကော်မတီကိုယ်တိုင် သန့်ရှင်းကြောင်းစပါ

ဝန်ထမ်းငယ်လေးတွေစားတာတွေကိုပြသနာမရှာခင်

စစ်ဆေးမဲ့ လူကြီး မိသားစုသန့်ရှင်းဖို့လိုပါတယ်။

လူကြီးက မျိုးရိုးဗီဇ မှန်လား


ဖြိုးသီဟ said...

ကဲစာရေးဆရာရေ မှတ်ချက်တွေကတော့မြင်တဲ့တွေ့တဲ့အတိုင်းပဲ။ကချင်မြေကိုကချင်ပြန်မပေးချင်တဲ့သူကများမယ်ထင်တယ်ခမျ။ကျွန်တော်ရွာကအဖြစ်အပျက်လေးတွေပြောပြရအုံးမယ်။တောင်သူလယ်သမားတွေဆိုတော့အဆင်မပြေရင်မြေတွေယာတွေကိုပေါင်နံစားရတာပေါ့တနှစ်လည်းမရွေးနိုင်နောက်နှစ်လဲမရွေးနိုင် ဟိုက်ေနှစ်တွေလည်းပြန်မရွေးနိုင်တော့ကြာလာတော့လည်းအပေါင်ခံယူထားတဲ့သူကသူလည်လို့ဘဲထင်နေတော့တာ။သားသမီးတွေကြီးလာလို့ပြန်ရွေးမယ်လည်းလုပ်ရောဘယ်တုန်းကဘယ်လိုဘာညာဆိုပြီးအရွေးမခံချင်ကြတော့ဘူးဗျို့။ခုလည်းပြည်သူအများစုကခင်များတို့လို့သမိုင်းကြောင်းကိုထဲထဲဝင်သိတဲ့လူကအနည်းသား ။ကြာလာတော့ကိုယ့်ပစ်စည်းလို့ပဲထင်နေကြတာ။အကိုတို့ကအမေစုကိုပဲမဲနေကျတာအမေစုမှာလည်းဒိကိစ္စတွေကိုလာပ်ပေးနိုင်ဖို့တတ်စွမ်းသလား။ဒါတော့ကျုပ်မသိဘူးတတ်စွမ်းတယ်လုပ်ပေးနိုင်တယ်ဆိုရင်တောင်သမိုင်းကိုနားမလည်တဲ့ပြည်သူအများလက်ခံနိုင်ပါ့မလား။ဒီကိစ္စတွေမှာနုတ်ဆိတ်နေတာဟာလာမယ့်ရွေးကောက်ပွဲနဲ့တိုက်ရိုက်ပတ်သက်နိုင်တယ်လို့ထင်တယ် ။သူအစိုးရဖြစ်တဲ့အခါကျမှသာပိုပြီးတော့တွန်းအားပေးသင့်တယ်လို့ထင်တယ်။အခုချိန်မှာဦးသိန်းစိန်ကိုပဲတွန်းအားပေးတာပိုနီးစပ်ပါတယ်။ကျုပ်သဘောအရကတော့ခင်များရေးထားတာတွေလက်ခံပါတယ်ဒါပေမဲ့လက်မခံနိုင်သေးတဲ့လူတွေလည်းရှိနေသေးတော့အမေစုကိုပြစ်တင်မစောကြပါနဲ့ဦး

ညီသန့်ရှင်း said...

ယူဂိုစလားဗီးယားလို မပြိုကွဲချင်ရင်တော့ စစ်အာဏာရှင် စစ်တပ်ရဲ့ ၀ါဒဖြန့်မှုအောက်က ရုန်းထွက်နိုင်ရမယ်။ တကယ်တမ်း ဗောစနစ် မူဆလင်တွေ ဆာဗ့် အော်သိုဒေါ့စ် ခရစ်ရှန်တွေအောက်က ခွဲထွက်သွားတာ အဓိက ဆာဗ့် စစ်တပ်က ဆာဗ့်် ပြည်သူတွေအပေါ် ကွန်ျြမူနစ်အာဏာရှင်စနစ်နဲ့ ဆက်လက်ချုပ်ကိုင်ထားလိုတော့ မူဆလင် နဲ့ ဆာဗ့်ခရစ်ယာန်ပြသနာကို စစ်တပ်ကပဲဖန်တီးယူရင်း စခဲ့တဲ့ ဆာဗ့်ခေါင်းဆောင်တွေ ဖန်တီးတဲ့ ပြသနာအစပဲ။ မူဆလင်တွေ ဆာဗ့်ရွာတွေထဲကိုဝင် ရွာသူလေးတွေကို မုဒိမ်းကျင့် မီးရှို့သတ်တယ် အဲဒီဇာပနတွေကို အခု စစ်ရာဇာဝတ်ကောင်တွေဖြစ်တဲ့ ရက်ကိုမလားဒစ်တို့ ကိုဒိုဗမ်ကရားဒစ်တို့ကိုတိုင်တက်ရောက်ခဲ့တယ် လူမျိုးရေးမိန့်ခွန်းတွေပြောခဲ့တယ်။ပထမ ဆာဗ့်မူဆလင်တွေ ယူဂိုစလားဗီးယား ပြည်ထောင်စုထဲက ခွဲထွက်ဖို့ ဘာဆိုဘာမှ ပြသနာ မဖန်တီးကျသေးပါဘူး။ စစ်တပ်က မတရား လူမျိုးရေးပြသနာတွေဖန်တီးပြီး စစ်ခင်းတော့ စစ်တပ်က ပြည်သူရှေ့ အလိုလိုရောက်လာပြီး စစ်အာဏာ သက်ဆိုးပြန်ရှည်လာတယ်။ပြည်သူတွေက မူဆလင်တွေကို အမျိုးဖြုတ်ချင်လာတယ် ဒါနဲ့ စစ်တပ်နောက်ကို ပြည်သူတွေ ပါလာပြီး ဗောစနစ်တွေ ခွဲထွက်ချင်တယ် ဘာရယ်နဲ့ ပြည်သူတွေ စစ်တပ်နောက်ပါလာတဲ့အချိန် ပြည်တွင်းစစ်ကိုဖန်တီးတယ် လူမျိုးရေးပြည်တွင်းစစ်ကို ဖန်တီးပြီး ဆာ့ဗ်မူဆလင်တွေကို စစ်ခင်းတယ် (ဒီပုံဆံက ရခိုင်ပုံစံနဲ့တော့ မတူဘူးဆိုတာ အရင်ပြောပြရစေ)။ စစ်ရေး အသာစီးမရတော့ နိုင်ငံကြီးပြိုကွဲသွားတယ် နေတိုးက ဗုံးချဲတော့ စစ်ရာဇ၀တ်သား စစ်ခေါင်းဆောင်တွေ ခွေးပြေ ၀က်ပြေးပြေးရတယ် ပြည်သူတွေ ကတော့ အလကားအစုလိုက်အပြုံလိုက်သေကျရတာပေါ့ ။ ရှုင်းရှုင်းလေးပါျြမန်မာပြည်သူတွေ စစ်တပ်ရဲ့ မဟုတ်မမှန်လုပ်ဇာတ်တွေအပေါ် သာယာနေအုံးမယ်ဆိုရင်တော့ ယူဂိုစလားဗီးယားလို့ ဖြစ်ကောင်းဖြစ်သွားနိုင်တာပါပဲ။ အခုလဲ ခရစ်ရှန်တွေ ဘာသာရေးအရ ခွဲထွက်ချင်တယ် ဘာရယ်နဲ့ ၀ါဒဖြန့်တယ် တကယ်တမ်းက တိုင်းရင်းသားအရေး တိုင်းရင်းသား အခွင့်အရေး လူအခွင့်အရေးတန်းတူရရေး က အဓိက အခုလက်ရှိဖြစ်နေတဲ့ သော့ချက်ပဲ။ ဒီဟာနဲ့ပဲ စစ်တပ်က ထပ်ပြီး အာဏာတည်တံသွားမှာကိုတော့ ပြည်သူအများသတိတော့ထားကျစေချင်တယ်။ နိုင်ငံကိုတော့ လုံးဝ အပြိုကွဲမခံကျပါနဲ့။

Unknown said...

ခလုပ်ထိမှအမိတလို့ရမလားအောင်ထူးရဲ့
အရင်ကတည်းက အမိတခဲ့ကြပါလား
မင်းတို့ကောင်တွေက သမ္မတလည်းအကောင်း
မပြော အမေစုလည်းအကောင်းမပြော
ဘသုံးလုံးအုပ်စုတွေဘဲ။

myonaing said...

ကိုအောင်ထူးရေ လက်တွေ့ငရဲ ဆိုတာကြည့်ထားနော်။
အမေ့ကိုတချိန်က မှိုချိုးမျှစ်ချိုးပြောခဲ့တဲ့လူတွေ ဘာဖြစ်ကုန်ပြီလဲ။ကိုလွဏ်းဆွေတောင် လေဖြတ်ပြီးသေမလိုဖြစ်သွားတာ ခင်ဗျားနမူနာယူထားနော်။

Moemin said...

ကေအိုင်အေ က ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးကို ကိုယ်စားပြုတယ်လို့ ပြောလို့ရတဲ့အဖွဲ့အစည်းလား၊၊
ဘာပဲပြောပြော စစ်ပွဲတွေအမြန်ဆုံးရပ်သင့်တယ် ဆိုတာ
တော့လူမပြောနဲ့ခွေးတောင်သိတယ်၊၊

Panyacekka said...

ဒီလိုပြောတမ်းဆိုရင် ဗမာအစိုးရကကော ကချင်တွေကို ကိုယ်စားပြုတယ်လို့ပြောလို့ရလား၊ ကချင်တေါကို ကချင်ဖြစ်တဲ့ ကေအိုင်အေတောင်ကိုယ်စားမပြုဘူးဆိုရင် မင်းတို့ဗမာတွေကို ကိုယ်စားပြုတယ်လို့ပြောခင်ျတယ်ပေါ့- မဟာဝါဒကျဆဲုံးရမည်။ြ

Unknown said...

အောင်ထူးရေသူများနိုင်ငံမှာတောင်းစားမနေနဲ့
မြန်မာပြည်ပြန်လာခဲ့ ထမင်းမငတ်ဘူး
ဘုန်းကြီးကျောင်းမှာနေလို့ရတယ်။

Unknown said...

မင်းတို့ အမေစုကို သိန်းစိန် နဖါးထိုးထားပြီကွ
ဒေါ်စုလည်း ဒီပုတ်ထည်းက ဒီပဲပါပဲ တိုင်းရင်းသား
အားလုံး KIA လို မျိုးချစ်စိတ်မွေးကြဖို့ အချိန်တန်ပြီ
ပြီးရင် အကုန်လုံးဝိုင်းချ

Unknown said...

ကိုအောင်ထူးရေ ခင်ဗျား မိသားစု ခင်ဗျား အဖွဲ့အစည်း
ကိုတောင် နိုင်အောင် မထိန်းနိုင်ဘဲ သူများကိုလိုက်ဝေဖန်
နေတာ မရှက်ဘူးလားဗျာ။
ခင်ဗျား ကိုယ်တိုင်ရော တိုင်းပြည် အတွက် ဘယ်လောက် လုပ်ပြီးပြီလဲ။Statement ထုတ်ရုံနှင့်
တာဝန်ကျေပြီလား။စဉ်းစားပါ။
အန်တီစု စကားတစ်ခွန်းကြောင့် ခင်ဗျားအဖွဲ့အစည်း
NED က Dollar တွေ ရခဲ့တာ မေ့ပြီလား။
DVB အရှုပ်တော်ပုံမှာရော ခင်ဗျား ဘာကြောင့်ငြိမ်နေလဲ
ဆက်မပြောချင်တော့ဘူးဗျာ။ သူများကို ဝေဖန်သလို
မိမိကိုယ်ကို လည်းဝေဖန်ကြည့်ပါ ကိုအောင်ထူး..

kyawthusukyi said...

ကျေးဇူးတင်တယ်

kyawthusukyi said...

အင်း ... မြန်မာနိုင်ငံရဲ့ခေါင်းဆောင်လုပ်ချင်လိုက်တာ
ဒါပေမယ့် ဘာမှမသိဘူး

very truth said...



အမေစုသမတဖြစ်တော့ ကျနော်တို့လစာ များများရမှာပေါ့နော် ဒါဆိုလဲ အမြန်တာ ဖြစ်အောင်လုပ်ခိုင်းကျပါတော့ဗျာ။ ကျနော်တို့ ထမင်းစားရဖို့လောက် ပြည်သူစီက တောင်းစားတာကျတော့ လာဘ်စားတယ် အဂတိလိုက်စားတယ်တဲ့ အပေါ်က အဘတွေ ဘီလီယံနဲ့ချီ မီလီယံနဲ့ချီပြီး မျိုတာကျတော့ ဘာခေါ်လဲဟင်း အနော်တော့ မပြောတတ်ပါဘူး။ အခုလဲ အဲဒီအဘတွေကပဲ လာဘ်စားတဲ့ ၀န်ထမ်းတွေကို ရှာဖွေဖော်ထုတ်ပြီး ထောင်ချအုံးမယ်တဲ့ အရပ်ကတို့ရေး အီ..ဟီ..ဟီ ကြားလို့မှကောင်းကျရဲ့လား။ အခုဒီမိုကရေစီ ခေတ်ရောက်လာမှပဲ အဘတို့ကတော့ ပိုလို့စိုပြေလာသလို ကျွန်တော်တို့ မိသားစုခမျာ အရင်က ထမင်းဖိုးလောက်ရတာလေးလဲ မရတော့ဘူး လစာကလဲ မလောက်ဆိုတော့ တောင်းစားဖို့ တိုင်ပင်နေရပြီဗျ။ အမေစုကယ်ပါ ဒေါ်စုကယ်ပါ အီ..ဟီဟီ အမေစုတတ်လာမှ တောင်းစားခွင့်တောင်မရှိတော့ရင်တော့ ......

Unknown said...

ပြည်ပမှာ ဘာအကြောင်းနဲ့ မဆို မျိုးချစ်စိတ်ဓါတ်
ကင်းမဲ့စွာ တပါး နိုင်ငံသား ခံယူပြီး ပေါင်မုန့်ကိုက်
ဝေဖန်ရေး တွေလုပ်တာထက် ပြည်တွင်းမှာ ငပိရည်
စားပြီး ကိုယ်နိုင်သလောက် အကျိုးပြုလုပ်ငန်းတွေ
လုပ်ရင်း ဒီမိုကရေစီကို မှန်မှန် ချီတက်ကြတာ ကောင်းပါတယ် ရရှားမှာ ယဲ့ဆင် ရဲ့ လမ်းကြောင်းလို
မြန်မြန်ဆန်ဆန် သွေဖယ်သွားတာမျိုး မဖြစ်အောင်
သတိပြုရမယ်

ma har said...

scorpion ဆိုတဲ့သူခင်ဗျာ မြောက်ပိုင်းမှာ အသတ်ခံ သွားရတာ ဘယ်ပုံဘယ်နည်းနဲ့ သေသွားကြရလဲလို့ လေ့လာကြည့်ပါဦး။ ထွက်ပြေးလိတ်မြောက်လို့ မသေ ပဲကျန်ရှိသူတွေကို တခါလောက်မေးကြည့်ပါဦး ။ ကိုယ်တိုင် ခံစားခဲ့ရလို့ ဒီအကြောင်းတွေးမိတိုင်း အသဲဆပ်ဆပ်ခါ နာလို့နာတယ်ပြောတာကို စစ်ခွေးလို့ /စောက်ပေါ လို့ဘာကြောင့်ပြောတာလဲ ဘယ်သူက စစ်ခွေးလဲ /စောက်ပေါလဲ အဖြေကိုကြည့်လိုက်ပါ အားတော့နာပါရဲ့

UShinGyi said...



ABSDF က ကျောင်းသားစစ်သည်ဆိုတဲ့လူတွေ ဘာကောင်လဲ ကျုပ်သိတယ် က ကနေ အ ထိသိပါတယ်။
၉၂ ခုနှစ် ပါဂျောင်မှာ ကိုထွန်းအောင်ကျော်တို့ကို အခု NB ခေါင်းဆောင်ဆိုသူတွေ ဘယ်လိုရက်စက်စွာသတ်ဖြတ်ခဲ့သလဲ သိပါတယ် ။ ဒါပေမဲ့ ခင်ဗျာတို့ ရေးထားတဲ့ ကွန်မန်းတွေဖတ်ရတာ တော်တော်ကိုပေါ့နေတယ် တဖက်စောင်းနင်းများဖြစ်နေသလားလို့ပါ။ အခု KIA က ဘာသဘောနဲ့ ခုခံနေရတာလဲဆိုတာ ကျုပ်အကျယ်တ၀ံ့မပြောတော့ပါဘူး။ ABSDF ကျောင်းသား လူသတ်မှုမှာ KIA က အခု အသတ်မသေပဲကျန်ရစ်တဲ့ကျောင်းသားအချို့ကို ကယ်ခဲ့သလို ကျောင်းသားအချင်းချင်း သတ်ဖြတ်တာတွေမလုပ်ကျဖို့ NB က လူသတ်သမားတွေကို KIA က အတန်တန်လာပြီးသတိပေးတဲ့ကြားကဖြစ်သွားတယ်ဆိုတာကော သိတလားဗျ။ ခင်ဗျာတို့က ပြည်သူဆိုရင် စစ်တိုက်တဲ့အကြောင်း တဦးကိုတဦး အမျိုးဖြုတ်စစ်ဆင်နွဲတဲ့ အကြောင်းတွေ သိပ်မပြောကျရင်ကောင်းမယ် ပြည်သူထဲက ပြည်သူအစစ်ဆိုရင် ပြောပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေးမှာကော အစစ အရာရာမှာ အမဲစက်တွေကြီးပဲ အခု ကချင်နဲ့ပတ်သက်ပြီးတော့လဲ သမိုင်းမှာ အစွန်းအထင်းတွေ လူမျိုးနဲ့ နိုင်ငံကို အရောင်တွေ ထပ်မဆိုးချင်ကျပါနဲ့ ။ KIA ဘာကြီးပြောနေပါစေ ငြိမ်းချမ်းတဲ့နည်းတွေ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဆွေးနွေးကြည့်ပါလာ တိုင်းရင်းသားတွေရဲ့ စကားကို အများကြီးမဟုတ်တောင် နဲနဲလောက်နားထောင်ပေးကြည့်ပါလား ။ ကချင်ပြည်နယ်ဟာ ပြည်နယ်တခုပဲ ခင်ဗျာတို့ပြောနေသလို ကချင်နိုင်ငံဆိုတာလဲဖြစ်လာမှာမဟုတ်ဘူး ကချင်လူမျိုးရေးဝါဒဆိုတဲ့လေသံတွေလဲကြားရမှာမဟုတ်ဘူး ကချင်ဟာ မြန်မာနိုင်ငံထဲက ညီအကိုတိုင်းရင်းသားပဲ ဒီထပ်မပိုဘူး။ အခုကွန်မန်းတွေအားလုံးက အချင်းချင်း သတ်ဖြတ်ခိုင်းပြီး နိုင်ငံကို ချောက်ထဲရောက်အောင် လုပ်နေတဲ့ အပြုအမူအပြောအဆိုတွေပဲဆိုတာ နားလည်ကျဖို့တော့ကောင်းတာပေါ့။ စစ်တပ်ကို အားပေးအားမြောက်လုပ်နေတဲ့ကော်မန်းရေးသူတွေ အားလုံးလဲပြောပါရစေ မြန်မာနိုင်ငံရဲ့ ပျက်စီးရာပျက်စီးကြောင်းဟာ ခင်ဗျာတို့နဲ့မပတ်သက်ဘူးလို့မထင်ပါနဲ့ ဒီအကျိုးဆက်ကို ခင်ဗျာတို့တိုက်ရိုက် မခံစားကျရရင်တောင် ခင်ဗျာတို့ သားစဉ်မြေးဆက် ခံစားကျရမယ်ဆိုတာ နားလည်ထားပါ။

ဖြိုးဖြိုး said...

အောင်ထူးးးးးးးးးးးးးးစောက်ရူးးးးးးးးးးးးရှေ့နေလုပ်တဲ့လစာလေးနဲ့ထမင်းမဝလို့ ပြည်ပကဒေါ်လာလေးများရမလားဆိုပြီး လိုက်ဟောင်မနေပါနဲ့။နိုင်ငံ့အပေါ်မှာအပြည့်အဝလုပ်ပိုင်ခွင့်အာဏာရထားတဲ့ နင့်ပထွေးဦးသိန်းစိန်ကိုနင်ကိုယ်တိုင်သွားပြောပါ့လား။စစ်ပွဲတွေရပ်ပါဆိုပြီး ပြောနေတဲ့ ဦးသိန်းစိန်တောင် တား ပြောလို့မရတဲ့ကိစ္စ လွှတ်တော်အမတ်တစ်ယောက်အခြေအနေမျိုးနဲ့ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစဉ်းစားစားလေးရေးသားပါ။အလုပ်တစ်ခုလုပ်တယ်ဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ရတာမဟုတ်ဘူးကွ လုပ်ပိုင်ခွင့်အခြေအနေဆိုတာရှိသေးတယ်။ ။ဝေဖန်သလိုလိုအကြံပေးသလိုလိုနဲ့ အပြစ်ပုန်ချ ချောက်တွန်းမကောင်းကြံနေတာသိသာလွန်းပါတယ်။သူတစ်ပါးကို မကောင်းကြံဖို့လောက်ပဲနေ့တိုင်းအမြဲတွေးမနေပါနဲ့ ကိုယ့်ကိုယ်ကိုလည်း ငယ်ထိပ်သေနတ်မှန် “မသာ”ပေါ်နေဦးမယ် ဂရုစိုက်နေ။မင်းတိုဘယ်လောက်ပဲ ကောက်ကျစ်မကောင်းကြံနေပါစေ ငါကတော့ အန်တီစု လုပ်တာတွေလက်တွေကျတယ် ယုံကြည်တယ် အပြည့်အဝထောာက်ခံတယ်ကွာ။။။။။။။။။။။။။
ငါ့ပေးတဲ့ commentကိုဖျက်ဖျက်သွားတယ်ကွ မှန်တာပြောတော့ ရှက်လို့လားကွ နှမပေးချင်ရင်ဖျက်လေကွားးးးးးးးး

moemoe said...

အပြု သဘော မဆောင် ......အောက်တန်း ကျတဲ့သေးသိမ်တဲ့ ဝေဖန်ရေး အတွေးအခေါ် တွေဘဲ....ဝန်တို စိတ်...မနာလို စိတ် ...တွေ များ လိုက်တာ.....

KKK said...

She, Daw Aung San Suu Kyi is Burllywood actress. That's all she is doing now. Nothing more than a show lady. Where is the Letpadaung Taung report? Where is it? What else she is going to say? BS!!