Wednesday, January 23, 2013

မတရားအသင်းနဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ AHRC တောင်းဆို

မတရားအသင်းနဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ AHRC တောင်းဆို
RFA - 2013-01-22

မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ်က အပြစ်မရှိတဲ့ ကျေးရွာသူကျေးရွာသားတွေကို စိစစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ AHRC လို့ ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်းလိုက်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေအတွင်း မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးထားတဲ့အမှု ၃၆ မှုနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံစာ ထုတ်ပြန်တာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။

“နှစ်ဘက်စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားထဲမှာ ရွာသားတွေကို မတရားအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်တယ်ဆိုပြီး ပုဒ်မတွေတပ်ပြီးတော့ ဖမ်းဆီးနှိပ်စက်တာတွေ ရှိတယ်။ အရေးယူထားတာတွေ ရှိတယ်။ အဲဒီ့လူတွေကို တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲနဲ့ အကျဉ်းထောင်တွေအတွင်းမှာ ယမန်လည်း မယူဘဲနဲ့ ယခုထက်တိုင် ချုပ်နှောင်ထားတယ်။ တချို့ရုံးတင်ပြီးတော့ စစ်ဆေးတဲ့အမှုတွေမှာလည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ အပြစ်ပေးဖို့ ဆောင်ရွက်နေတာကိုလည်း ကျနော်တို့ ကြားသိရတယ်”

တိုက်ပွဲတွေဖြစ်ပွားတဲ့ဒေသတွေမှာ ရွာသားတွေဟာ အစိုးရတပ်လာရင် ဆက်ဆံရပြီး KIO/KIA တို့ဘက်က ဝင်လာရင်လည်း ဆက်ဆံကြရတယ်လို့ ဆိုပါတယ်။ AHRC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ မဟုတ်မမှန်ဘဲ ဖောက်ခွဲမှုနဲ့ စွပ်စွဲခံရသူ၊ ကေအိုင်အေအရာရှိလို့ စွပ်စွဲခံရသူ၊ ကေအိုင်အေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲခံရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ထွက်ဆိုချက်တွေကိုလည်း ပူးတွဲတင်ပြထားပါတယ်။

2 comments:

aristhteinwin said...

ွှအဲဒီအမှူကို တရားဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌထံတင်ပြလေ။ ဘယ်အတိုင်းအတာထိ လုပ်ပေးနိုင်သလဲဆိုတာ စစ်ဆေးရတာပေါ့-

မောင်ပြောချင် said...

ဥက္ကဌ က မအားဘူးနိုင်ငံခြားသွားရဦးမယ်။အာရုံလာမနှောက်နဲ့။ လွတ်လွတ်ခြင်းတော့ပြောတာပဲ ကျမကလည်းပြည်သူတွေကိုချစ်ပါတယ် တဲ့။
ချစ်တော့ချစ်တယ်အလိုမလိုက်ဘူး။
ပြည်သူတွေသဘောပေါက်ကြ ကိုယ့်အလုပ်ကိုကိုယ်လုပ်ကြ ကိုယ့်အန္တာရာယ်ကိုယ်ကြည့်ရှောင်။
ခေါက်ထားလိုက်ဆုံးမစကားတွေ နားထောင်ဖို့အတွက်ပျင်း အပြောနဲ့နပမ်းလုံးကြတဲ့ မဲဆွယ်စကားတွေပျင်း ပျင်းလွန်းလို့အပျင်းပြေ အဆိုတင်သွင်းဖို့ပျင်း၊နေဖို့ပျင်း ရွှေဖို့ပျင်း ငါ့မှာcomment ရေးရမှာကိုပျင်း ငပျင်း။
အဲဆောရီး မောင်မောင်ဇော်လတ်နဲ့ရောသွားပြီ။