Monday, December 31, 2012

အသွင်ကူးပြောင်းရေး အတွေးစများ - အပိုင်း (၂)

အသွင်ကူးပြောင်းရေး အတွေးစများ - အပိင်း (၂)
မိုးအေး

အသွင်ကူးပြောင်းရေး အကြိုကာလတွေကို လေ့လာမယ်ဆိုရင် ယေဘုယျအားဖြင့် အခင်းအကျင်း ၂ မျိုး တွေ့နိုင်ပါတယ်။ လူထုလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တော်လှန်ရေးတွေနဲ့ အာဏာရှင်တွေကို ဖြုတ်ချနိုင်ခဲ့ပြီး ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေးအခင်းအကျင်းနဲ့ အုပ်စိုးသူ အာဏာရှင်တွေကိုယ်တိုင်က အကြောင်းတရားမျိုးစုံအရ နိုင်ငံရေးတင်းကျပ်တာတွေ ဖြေလျှော့ပေးလာတဲ့ ကူးပြောင်းရေးအခြေအနေတွေ ဖြစ်ပါတယ်။ ဒုတိယအခင်းအကျင်းဖြစ်တဲ့ တင်းကျပ်မှုတွေ ဖြေလျှော့ပေးလာတဲ့ အခြေအနေမှာ အာဏာရှင်အုပ်စိုးသူက ရှိနေဆဲဆိုတာ တွေ့ရပါမယ်။ ဒီနေရာမှာ အာဏာရှင်ဆိုတာဟာ စစ်ဗိုလ်ချုပ်တွေ၊ ဘုရင်စော်ဘွားမျိုးနွယ်တွေ ဖြစ်နိုင်သလို အရပ်သားထဲကလည်း ဖြစ်နိုင်ပါတယ်။ စစ်တပ်အာဏာသိမ်းမှ၊ နန်းတွင်းအာဏာသိမ်းပွဲရှိမှ မဟုတ်ဘဲ ရွေးကောက်ပွဲတွေကနေလည်း အာဏာရှင်ဆိုတာ ပေါ်လာတတ်ပါတယ်။ အာဏာလက်လွတ်ဆုံးရှုံးမှာကို စိုးရိမ်ခြင်း၊ လုပ်ပိုင်ခွင့် အပြည့်အ၀ရလိုခြင်းနဲ့ အရာရာကို အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်တဲ့ နေနရာမှာပဲ ရှိနေချင်တာတွေဟာ အာဏာရှင်စိတ်ဓာတ် အစပျိုးဖြစ်ပြီး အာဏာတည်မြဲဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလာခြင်းဟာ အာဏာရှင်စနစ် အမြစ်တွယ်ဖို့ ဖြစ်လာတယ်လို့ အကြမ်းဖျဉ်း သုံးသပ်ကြပါတယ်။ ဘယ်လိုအာဏာရှင်ပဲဖြစ်ဖြစ် သူ တဦးတယောက်တည်းနဲ့ ဖန်ဆင်းအုပ်ချူပ်လို့ မရပါဘူး။ ကူညီကျားကန်ပေးကြမယ့် မဟာမိတ်တွေ အကူအညီနဲ့ပဲ အုပ်ချူပ်လို့ ရနိုင်ပါတယ်။

“မဟာမိတ်တွေထဲမှာ အာဏာရှင်တွေ ယုံကြည်စိတ်ချစွာ အားကိုးသူတွေကတော့ ခေတ်ပျက်သူဌေးတွေပါပဲ။ ဘာလို့လဲဆိုရင် မဟာမိတ်အားလုံးကို ခွင့်ပြုပေးထားတဲ့ စီးပွားရေးလုပ်ငန်းဆောင်တာ မှန်သမျှကို အဓိက တာဝန်ယူ လည်ပတ်ပေးသူတွေဖြစ်သလို အာဏာကို တိုက်ရိုက်ခြိမ်းခြောက်နိုင်စွမ်းမရှိသူတွေလို့ အာဏာရှင်တွေက ယူဆလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အသွင်ကူးပြောင်းရေးအကြိုကာလ တနည်းအားဖြင့် တင်းကျပ်တာတွေ ဖြေလျှော့ပေးရပြီ ဆိုတဲ့အချိန်တွေမှာ အာဏာရှင်နဲ့ ခေတ်ပျက်သူဌေးတွေ ဆက်ဆံရေးဟာ ပြောင်းလဲလာတတ်ပါတယ်။”

အာဏာရှင်ရဲ့ မဟာမိတ်

အာဏာရှင်ရဲ့ မဟာမိတ်တွေ ဆိုတာကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ ၀န်ထမ်းတွေ၊ အနုပညာသည်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ ... စတဲ့ အလွှာအသီးသီးကနေ သူ့အပေါ် သစ္စာခံမယ့်သူတွေကို ဆိုလိုပါတယ်။ ဒါပေမယ့် မဟာမိတ်တွေအနေနဲ့ တစုံတရာ အကျိုးအမြတ်မရှိဘဲနဲ့တော့ အာဏာရှင်ကို သစ္စာခံလေ့မရှိပါဘူး။ မဟာမိတ်တွေ သစ္စာခံလာဖို့အတွက် အာဏာရှင်ဘက်ကလည်း ပြန်ဖြည့်ဆည်းပေးရတာ၊ သွေးဆောင်ဖြားယောင်းရတာတွေ လုပ်ရပါတယ်။ ပြည်သူတွေ ပျော်ရွှင်နေဖို့ထက် မဟာမိတ်တွေ ပျော်ရွှင်ကျေနပ်နေဖို့က အာဏာရှင်အတွက် ပိုအရေးကြီးပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေတာထက် မဟာမိတ်တွေ ချမ်းသာပြည့်ဝနေဖို့က ပိုအရေးကြီးပါတယ်။ ဒီနေရာမှာ တခုရှိတာက မဟာမိတ်တွေ များနေမယ်ဆိုရင် ဝေစုခွဲရတာတွေ များပြီး မဟာမိတ်တွေ ခံစားရမယ့် အကျိုးအမြတ်တွေ နည်းသွားနိုင်ပါတယ်။ မဟာမိတ်တွေ စိတ်ကျေနပ်လောက်မယ့် ဝေစုခွဲပေးနိုင်ရေး စိတ်တိုင်းကျမယ့် အကျိုးအမြတ် ခံစားနိုင်ရေးဟာ အာဏာရှင်အတွက် အရေးကြီးပါတယ်။ မဟာမိတ်တွေ ခံစားရတဲ့ အကျိုးအမြတ် များလေလေ သူ့အပေါ်ကို သစ္စာခံလေဆိုတာ အာဏာရှင်တိုင်းက နားလည်ပါတယ်။ အဲဒီအတွက်လည်း အာဏာရှင်တွေဟာ မဟာမိတ်ကို ကျစ်ကျစ်လစ်လစ်နဲ့ နည်းနိုင်သမျှနည်းအောင် ရွေးချယ်ထားလေ့ရှိပါတယ်။

မဟာမိတ်ကို ဘာနဲ့ ပံ့ပိုးပေးမလဲ

အာဏာရှင်အနေနဲ့ သူ့ပိုင်ဆိုင်မူတွေထဲကနေ မဟာမိတ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အာဏာရှင်တွေ ရွေးချယ်တဲ့ နည်းလမ်းကတော့ နိုင်ငံတော်ပိုင် လုပ်ငန်းတွေ၊ သယံဇာတတွေကို မဟာမိတ်တွေ စိတ်ကြိုက်လုပ်ပို်င်ခွင့်ပေးတာမျိုး၊ အဂတိလိုက်စားမှုတွေကို မဟာမိတ်တွေ စိတ်ချမ်းသာသလောက် လွတ်လွတ်လပ်လပ် ကျူးလွန်ခွင့်ပေးထားတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ထဲမှာ အကျိုးအမြတ်ရနိုင်မယ့် စက်ရုံတိုင်း၊ လုပ်ငန်းတိုင်း၊ နေရာတိုင်းဟာ ကိုယ့်မဟာမိတ်တွေအတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့ မူကိုပဲ အာဏာရှင်တွေက ကျင့်သုံးလေ့ရှိပါတယ်။ မဟာမိတ်တွေရဲ့ စိတ်ချမ်းသာမူကို ဖြည့်ဆည်းမပေးနိုင်ချိန်ဟာ အာဏာလက်လွတ်ဆုံးရှုံးရမယ့် အချိန်ဆိုတာကိုလည်း အာဏာရှင်တွေက ကောင်းကောင်း သဘောပေါက်ကြပါတယ်။ အဲဒီအတွက် နိုင်ငံတော်နဲ့ နိုင်ငံသားတွေထက် သူ့မဟာမိတ်တွေရဲ့ အကျိုးစီးပွားကိုပဲ အာဏာရှင်တွေက ဦးစားပေးပါတယ်။

မဟာမိတ်ရဲ့ ဇာတ်လိုက် ခေတ်ပျက်သူဌေး

ပိတ်ဆို့ခံထားရတဲ့ လူ့အဖွဲ့အစည်းမှာ စီးပွားရေးလုပ်ပိုင်ခွင့် ဘယ်လောက်ပဲပေးပေး ရင်းနှီးမြှုပ်နှံခွင့် ဘယ်လောက်ပဲပေးပေး လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်သူတွေဟာ စစ်ဗိုလ်ချုပ်တွေ၊ ရဲအရာရှိတွေ၊ အရပ်ဘက်ဝန်ထမ်းတွေ မဟုတ်ပါဘူး။ စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေပဲဖြစ်ပါတယ်။ ဒီအခြေအနေဟာ ခရိုနီလို့ပဲ အင်္ဂလိပ်လို အသုံးနဲ့ခေါ်ခေါ်၊ အာဏာပိုင်နဲ့ပေါင်းပြီး ချမ်းသာလာသူလို့ပဲ မြန်မာလိုပြန်ပြန်၊ ဒီကနေ့ လူအများ သုံးနှုန်းနေတဲ့ ခေတ်ပျက်သူဌေးတွေရဲ့ ဇာတ်လမ်းအစပဲဖြစ်ပါတယ်။

အာဏာရှင်အတွက် လုံခြုံရေးအရ အဓိကအကျဆုံးမဟာမိတ်က လက်နက်ကိုင်တပ်တွေရဲ့ ထိပ်ပိုင်းဗိုလ်ချူပ်တွေဖြစ်ပြီး ရပ်တည်ရှင်သန်ရေးအတွက်က ခေတ်ပျက်သူဌေးတွေက အဓိက ဖြစ်ပါတယ်။ လက်နက်ကိုင် ဗိုလ်ချူပ်ကြီးတွေ အဆင့်မြင့် အရာရှိကြီးတွေအနေနဲ့ အာဏာရှင်ရဲ့ ခွင့်ပြုချက်နဲ့ ရရှိထားတဲ့ လုပ်ပိုင်ခွင့် လုပ်ငန်းတွေကို သူတို့အစွမ်းအစနဲ့ အောင်မြင်ဖြစ်ထွင်းအောင် လုပ်နိုင်စွမ်းမရှိပါဘူး။ ကြံရည်ဖန်ရည်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ဖက်စပ်လုပ်ရလေ့ရှိပါတယ်။ အလကား လုပ်ပိုင်ခွင့်ရထားတဲ့ လုပ်ငန်းမှန်သမျှကို ယုံကြည်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကို ပုံအပ်ထားလေ့ရှိပါတယ်။ ဖက်စပ်လုပ်ခွင့်ပြုထားတဲ့ အဆင့်မြင့်အရာရှိတွေ ကျေနပ်အောင် စီးပွားရေးလုပ်ငန်းရှင်ဘက်က ကြိုးစားပေးရသလို အပြန်အလှန်အနေနဲ့ အရာရှိတွေဘက်ကလည်း လုပ်ငန်းရှင်တွေ စိတ်ကြိုက် သူတို့ကိုယ်ပိုင်လုပ်ချင်တဲ့ လုပ်ငန်းမှန်သမျှ လုပ်ခွင့်ရအောင် ဖန်တီးပေးပါတယ်။ ဖက်စပ်လုပ်ကိုင်ခွင့်ရတဲ့ အခြေအနေကနေ ကိုယ်ပိုင်လုပ်ခွင့်ရလာတဲ့ လုပ်ငန်းရှင်တွေဟာ ပိုမိုချမ်းသာလာပြီး သာမန်စီးပွားရေး လုပ်ငန်းရှင်အဆင့်ကနေ ခေတ်ပျက်သူဌေးဆိုတဲ့ အဆင့်ကို ကူးပြောင်းလာပါတယ်။ စီးပွားရေးလုပ်ပိုင်ခွင့် ဖန်တီးပေးထားတဲ့ အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်တွေနီးပါး သြဇာအာဏာရှိလာပါတယ်။ တခါတရံမှာ စီးပွားရေးသာမက အုပ်ချုပ်ရေးရာကိစ္စတွေမှာပါ ပါဝင်အကြံပေးလာသူတွေ ဖြစ်လာတတ်ပါတယ်။ စီးပွားရေးအရရော နိုင်ငံရေးအရပါ သြဇာအာဏာရှိလာတဲ့ ခေတ်ပျက်သူဌေးတွေဟာ အာဏာရှင်ရဲ့ မဟာမိတ်တွေကြားမှာ အဓိက ဇာတ်လိုက်ဖြစ်လာပါတယ်။

“တင်းကျပ်တာတွေ ဖြေလျှော့ပေးတဲ့ ကာလမှာ နေရာအတန်အသင့် ပြန်ရလာတဲ့ နိုင်ငံရေးအတိုက်အခံတွေဟာ သူတို့အနာဂတ်အတွက် အကောင်းဆုံး မဟာမိတ်လို့ ခေတ်ပျက်သူဌေးတွေက ယူဆပါတယ်။ အဲဒီအတွက်လည်း အသွင်ကူးပြောင်းရေး အကြိုကာလဆိုတာဟာ အာဏာရှင်ရဲ့ မဟာမိတ်တွေ ဖရိုဖရဲဖြစ်ရတဲ့ကာလ တနည်းအားဖြင့် အာဏာရှင်ရဲ့ မဟာမိတ်ဟောင်းတွေ ခေတ်ပျက်သူဌေးတွေက နိုင်ငံရေးအတိုက်အခံတွေနဲ့ မဟာမိတ်ဖြစ်ဖို့ ကြိုးစားလာရတဲ့ ကာလလို့လည်း သုံးသပ်နိုင်ပါတယ်။”

ခေတ်ပျက်သူဌေးနဲ့ အာဏာရှင်

အာဏာရှင်တိုင်းဟာ သူတို့ လုံခြုံရေးကိုပဲ အဓိက ဦးစားပေးလေ့ရှိပေမယ့် သူတို့အတွက် အဓိကကျတဲ့ လုံခြုံရေးမဟာမိတ်တွေ (လက်နက်ကိုင်တပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအကြီးအကဲများ) ကို ပုံသေထားလေ့မရှိပါဘူး။ အမြဲတမ်း နေရာပြောင်းရွှေ့ထားလေ့ရှိပါတယ်။ ဒါမှမဟုတ်လည်း ဖမ်းဆီး ထောင်ချ ဖယ်ရှားတာမျိုးတွေ လုပ်တတ်ပါတယ်။ လုံခြုံရေးအရ အဓိကကျတဲ့ မဟာမိတ်တွေဟာ သူ့ရဲ့အာဏာကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့သူ ဆိုတာကို အာဏာရှင်တွေက သဘောပေါက်ပါတယ်။ မဟာမိတ်တွေထဲမှာ အာဏာရှင်တွေ ယုံကြည်စိတ်ချစွာ အားကိုးသူတွေကတော့ ခေတ်ပျက်သူဌေးတွေပါပဲ။ ဘာလို့လဲဆိုရင် မဟာမိတ်အားလုံးကို ခွင့်ပြုပေးထားတဲ့ စီးပွားရေးလုပ်ငန်းဆောင်တာ မှန်သမျှကို အဓိက တာဝန်ယူ လည်ပတ်ပေးသူတွေဖြစ်သလို အာဏာကို တိုက်ရိုက်ခြိမ်းခြောက်နိုင်စွမ်းမရှိသူတွေလို့ အာဏာရှင်တွေက ယူဆလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အသွင်ကူးပြောင်းရေးအကြိုကာလ တနည်းအားဖြင့် တင်းကျပ်တာတွေ ဖြေလျှော့ပေးရပြီ ဆိုတဲ့အချိန်တွေမှာ အာဏာရှင်နဲ့ ခေတ်ပျက်သူဌေးတွေ ဆက်ဆံရေးဟာ ပြောင်းလဲလာတတ်ပါတယ်။

မဟာမိတ်အပြောင်းအလဲ

တင်းကျပ်တာတွေ ဖြေလျှော့ပေးရတဲ့ အချိန်မျိုးတွေမှာ အာဏာရှင်ရဲ့ မဟာမိတ်တွေကြားမှာလည်း ဖွဲ့စည်းပုံအပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ အကြောင်းအမျိုးမျိုးအရ တင်းကျပ်တာတွေကို ဖြေလျှော့ပေးရတော့မယ်ဆိုတဲ့ အချိန်မှာ အာဏာရှင် စတင် ဦးစားပေးတာကတော့ လုံခြုံရေးမဟာမိတ် အပြောင်းအလဲပဲဖြစ်ပါတယ်။ သူ့အတွက် အရေးကြီးဆုံးအရာဟာ လုံခြုံရေးဖြစ်တဲ့အတွက် လုံခြုံရေးမဟာမိတ်ကို စိတ်ကြိုက်ရွေးချယ်ပြောင်းလဲဖို့ ပြင်ဆင်ပါတယ်။ လုံခြုံရေးမဟာမိတ် ဆိုတဲ့နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတွေသာမက ဥပဒေအရ သူ့အပေါ် လုံခြုံစိတ်ချစွာ ကာကွယ်ပေးထားနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေးလည်း ပါဝင်ပါတယ်။ လုံခြုံရေးမဟာမိတ်ကို စိတ်ချယုံကြည်စွာ ပြုပြင်ပြောင်းလဲနိုပြီဆိုမှ တင်းကျပ်တာတွေ စတင်ဖြေလျှော့ပေးတတ်ပါတယ်။

အသွင်ကူးပြောင်းရေးနဲ့ မဟာမိတ်ဖရိုဖရဲဖြစ်မှု

တင်းကျပ်တာတွေ ဖြေလျှော့ပြီ ဆိုတာနဲ့ အာဏာရှင်အတွက် မဟာမိတ်တွေ များလာတတ်ပါတယ်။ နိုင်ငံရေးမှာ အတိုက်အခံတွေကို နေရာပြန်ပေးရသလို စီးပွားရေးမှာလည်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို ၀င်ရောက်ပြိုင်ဆိုင်ခွင့်ပြုရပါတယ်။ နိုင်ငံရေး၊ စီးပွားရေးအရ နေရာအသစ်ဝင်ယူလာသူအားလုံးကို သူ့ရဲ့ မဟာမိတ်တွေအဖြစ်ပဲ အာဏာရှင်က သဘောထားလေ့ရှိပါတယ်။ မဟာမိတ်တွေ စိတ်ချမ်းသာအောင် စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးမှ သူ့နေရာ သူ့သြဇာ တည်မြဲမယ်ဆိုတာ နားလည်တဲ့ အာဏာရှင်ဟာ မဟာမိတ်အသစ်တွေကိုလည်း စိတ်ကျေနပ်မူရှိအောင် ဖန်တီးပေးရပါတယ်။ သူ့အာဏာကို တိုက်ရိုက်မခြိမ်းခြောက်နိုင်မယ့် နည်းလမ်းနဲ့ နိုင်ငံရေးအတိုက်အခံတွေ ကျေနပ်အောင် ဖြည့်ဆည်းပေးပါတယ်။ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်တွေ ဆန္ဒထုတ်ဖော်ခွင့်တွေ ပေးပါတယ်။ လုပ်ငန်းရှင်အသစ်တွေအတွက်လည်း လုပ်ပိုင်ခွင့်အသစ်တွေ ဖန်တီးပေးပါတယ်။

အာဏာရှင်ရဲ့ မဟာမိတ်တွေ များလာတာနဲ့အမျှ ဝေစုခွဲရတာတွေ များလာပြီး မဟာမိတ်တွေကြားမှာ စိတ်ဝမ်းကွဲတာတွေ မရေမရာ ဖြစ်လာတာတွေ ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာချိန်မှာ စိတ်မသက်မသာ အဖြစ်ရဆုံးသူတွေကတော့ တချိန်က အာဏာရှင် ဦးစားပေးခံခဲ့ရတဲ့ ခေတ်ပျက်သူဌေးတွေပဲ ဖြစ်ပါတယ်။ အာဏာရှင်ရဲ့ လုံခြုံရေးမဟာမိတ် အပြောင်းအလဲမှာ ခေတ်ပျက်သူဌေးတွေနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေလည်း တာဝန်တွေက နေဖယ်ရှားခံရတာ ဒါမှမဟုတ် အရေးမပါတဲ့ နေရာတွေကို ပြောင်းရွှေ့ခံရတတ်ပါတယ်။ ခေတ်ပျက်သူဌေးတွေကိုယ်တိုင်လည်း အာဏာရှင်ရဲ့ မဟာမိတ်အနေနဲ့ ဆက်ရှိနေနိုင်ပေမယ့် အရင်ကလို ဦးစားပေး မဟာမိတ်အဆင့်မှာ မရှိတော့ပါဘူး။ အဲဒီအခြေအနေမှာ ခေတ်ပျက်သူဌေးတွေအနေနဲ့ အနာဂတ်အတွက် မသေမချာ မလုံမခြုံဖြစ်မှုတွေ ပေါ်ပေါက်စေပါတယ်။ အာဏာရှင်လိုမျိုး လုံခြုံရေးမဟာမိတ် (လက်နက်ကိုင်အဖွဲ့အစည်း) ဖွဲ့စည်းပိုင်ခွင့်အာဏာမရှိတဲ့ ခေတ်ပျက်သူဌေးတွေဟာ အနာဂတ် အာမခံချက်ရရှိဖို့ မဟာမိတ်အသစ်ကို ရှာဖွေဖွဲ့စည်းရပါတယ်။ တင်းကျပ်တာတွေ ဖြေလျှော့ပေးတဲ့ ကာလမှာ နေရာအတန်အသင့် ပြန်ရလာတဲ့ နိုင်ငံရေးအတိုက်အခံတွေဟာ သူတို့အနာဂတ်အတွက် အကောင်းဆုံး မဟာမိတ်လို့ ခေတ်ပျက်သူဌေးတွေက ယူဆပါတယ်။ အဲဒီအတွက်လည်း အသွင်ကူးပြောင်းရေး အကြိုကာလဆိုတာဟာ အာဏာရှင်ရဲ့ မဟာမိတ်တွေ ဖရိုဖရဲဖြစ်ရတဲ့ကာလ တနည်းအားဖြင့် အာဏာရှင်ရဲ့ မဟာမိတ်ဟောင်းတွေ ခေတ်ပျက်သူဌေးတွေက နိုင်ငံရေးအတိုက်အခံတွေနဲ့ မဟာမိတ်ဖြစ်ဖို့ ကြိုးစားလာရတဲ့ ကာလလို့လည်း သုံးသပ်နိုင်ပါတယ်။

မိုးအေး
(သစ္စာသတင်းဂျာနယ်မှ ...)

4 comments:

S.Maung Chain said...

yes,this article show the clear views of dictatorship and some of opposition parties in Burma.We peoples and including (88),(DASSK) should be study this articles.Anyhow I think they already know about that.

MMT said...

လွဏ်းဆွေဘလောဂ်မှာ ဆောင်းပါးမဖတ်တော့ဘူး။ အချိန်ကုန် အကျိုးမရှိလို့ ။ ကော်မန့် ပဲလိုက်ဖတ်တယ်။ ကော်မန့် တခုလိုက်ဖတ်ရင် ဘာရေး ထားတယ်ဆိုတာသိပြီ။ အတိုက်အခံ အသုံးမကျကြောင်း၊ ၈၈တွေ အသုံးမကျကြကြောင်း။ (Hidden agenda: အကြောင်းက လွဏ်းဆွေတို့ အဖွဲ့  ခွက်ပျောက်လို့ ညစ်နေကြောင်း..ဒါပဲ။)

ရန်ကုန်သား said...

ခေတ်တခုစနစ်တခုမှာအသုံးချခြင်းခံရဆုံးက နင်းပြားပြည်သူနဲ့

အောက်ခြေဝန်ထမ်းတွေပါပဲ သမိုင်းပြန် ကြည့်ပါ။

ဝန်ထမ်းတွေ လာပ်စားတယ်ဆိုတာ နိုင်ငံတော်အဆင့် လူကြီးတွေ

ရဲ့ သွားကြားထိုးတံကပ်နေတဲ့ အသားစလေးးလောက်တောင်မရှိပါ

ဘူး။တကယ်တမ်းပြောကြမယ်ဆိုရင် ပိုင်မှုတွေကြေငြာသင့်ပါတယ်

တကယ်စားတဲ့သူတွေ သတ္တိရှိရှိ အရေးယူပစ်ပါ။ဒါပေမယ် ဝန်ထမ်း

တွေကိုတော့ ထမင်းနပ်မှန်အောင် ကျွေးထားဖို့တော့လို လိမ့်မယ်။

၂၀၁၅ မှာသေချာချင်တယ်ဆိုရင် ဟစ်တလာလိုအာဏာတွေသုံး

တဲ့ ဦးသာအေး။ဦးဇော်မင်း။လိုဗြူရိုကရက်တွေ မရှိသင့်တော့ပါဘူး

ဘုန်းကြီးများ။ပြည်သူများ ဝန်ထမ်းများ အောက်ခြေပါတီဝင်များ

မထောက်ခံတော့ပါဘူး။ သမ္မတကြီး ကြိုတင်ရှင်းထားသင့်ပါတယ်

genius said...

ပြည်သူတွေက -- အလွန်အားကိုးကြပါတယ် ။
ဆင်းကဒ်ဈေးများတာလဲ ပြောပေးဘူး ၊
အင်တာနက်လိုင်းနှေးတာလည်း ပြောပေးဘူး ၊
ကုန်ဈေးနှုန်းကလည်းကြီးတုန်း ။
ဘုန်းကြီးတွေမီးရှို.တာလည်း -----------
ကချင်တွေကို ဗုံးကြဲတာလည်း ----------
ကျန်းမာရေး / ပညာရေးတွေလည်း ---------
--- အန်တီချု ရေ -- ကြောပေးပါအုန်း ဂျ ၊
အရုပ်ငြားနေရို.ရား ?