Friday, December 21, 2012

လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော ...

လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော ...
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လက်ရှိ ဗမာနိုင်ငံမှာ လူတယောက်ကိုသာ နိုင်ငံ့ခေါင်းဆောင်အဖြစ် မဲပေးယှဉ်ပြိုင် ရွေးချယ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှ ယှဉ်နိုင်မယ်မထင်ဘူး။ လူထုရဲ့မဲ အများဆုံး ရနိုင်တဲ့သူကို လူထုခေါင်းဆောင်လို့ သတ်မှတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။

ဒါပေမယ့် ခုတလောမှာ လူထုခေါင်းဆောင်အဖြစ် အများပြည်သူ သတ်မှတ်ယုံကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဘက်မှာ မရပ်တည်ဘဲ၊ လူထုကို နှိပ်စက်သူတွေဘက်က ကာကွယ်ရပ်တည်လာတာကို ရင်မချိစရာ တွေ့မြင်လာရတယ်။

နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဘက်ကို ကြည့်ရမယ်လို့ ဆိုလားဆိုရဲ့။ ပြည်သူတွေဘက်က သဘောထားကြီးရမယ်လို့ ပြောလားပြောရဲ့။ မီးလောင်တိုက်သွင်းတဲ့ စစ်ဗိုလ်လူထွက်တွေကိုတော့ တချက်မှ အပြစ်တင် ပြောဆိုဝေဖန်တာမျိုး မတွေ့ရဘူး။

စစ်ဗိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရမယ်ဆိုတဲ့ အလျှော့ပေး အညံ့ခံ စေ့စပ်ရေး စာအုပ်ထဲက သဘောတရားကို ဘုရားဟောလောက် သဘောထားပြီး ကိုးကွယ်နေပြီလားလို့ ထင်မှတ်ရတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ယုံကြည်မှုတည်ဆောက်၊ ရင်းနှီးမြှူပ်နှံမှုတွေ ဝင်လာအောင် လုပ်ရမယ်ဆိုတဲ့ သူ့စာအုပ်ထဲက သဘောတရားတွေကို တရားသေလုပ်နေသလား ထင်ရတယ်။

“ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်နေတဲ့ အဲဒီအချိန်ဟာ အစိုးရက သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းထားပြီး ဖြိုခွဲဖို့ အသင့်ပြင်နေတဲ့အချိန်၊ ဖြိုခွဲမယ်လို့ ကြေညာထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန္ဒပြသူတွေကို ဟန့်မယ့်အစား ပါးကွက်သားတွေကို ဟန့်ခဲ့ဖို့ကောင်းတယ်။ အစိုးရကို သတိပေး တားမြစ်ခဲ့ဖို့ကောင်းတယ်။ ပြည်သူတွေအပေါ် ကျရောက်မယ့် အန္တရာယ်ကို အကာအကွယ်ပေးဖို့ ကောင်းတယ်။ အကာအကွယ်ပေးဖို့ကိုလည်း လူအများအပြားက ဝိုင်းဝန်းတောင်းပန်ခဲ့ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ အခုတော့ အကာအကွယ်မပေးရုံသာမက ဆန္ဒပြသူတွေကို ဟန့်လိုက်တဲ့ သူ့စကားဟာ အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားတယ်။ ဖြိုခွဲရိုက်နှက်ချင်တဲ့ အစိုးရအတွက် အခွင့်သာသွားခဲ့တယ်။”

စစ်ဗိုလ်ချုပ်တွေနဲ့တော့ အမှန်ပဲ ယုံကြည်မှုတွေ တိုးတက်လာပါရဲ့။ အတိုက်အခံအချင်းချင်းကြားထဲမှာတော့ အယုံကြည်မဲ့သူ မဲ့လာတယ်။ ပြည်သူတွေမှာလည်း အကာအကွယ် မဲ့လာတယ်။ ဒီမိုကရေစီသမား တွေထဲမှာ ညီညွတ်ရေးပြိုကွဲလာတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာတောင်မှ ညီညွတ်ရေး ပျက်ပြားလာတဲ့ လက္ခဏာတွေ မြင်တွေ့လာရတယ်။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲကျင့်သုံးလာတဲ့ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး မူဝါဒသစ်ရဲ့ အကျိုးဆက်တွေပါပဲ။

တန်ဆောင်မုန်းလပြည့် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းကို ခရီးထွက်ဖို့ ကြေညာတယ်။ ဒါပေမယ့် သပိတ်မှောက်သူတွေကို ဆန္ဒပြတဲ့နည်းနဲ့ချည်း ပြဿနာဖြေရှင်းလို့ မရဘူးလို့ အပြစ်တင်တယ်။ ဆွေးနွေးညှိနှိုင်းရမယ်လို့ ဟန့်တယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆန္ဒပြသူတွေဘက်က မဆွေးနွေးတာမဟုတ်၊ ဆွေးနွေးခွင့်မရတာဖြစ်တယ်။ ဒါကို သူလည်း သိတယ်။ သိရက်နဲ့ ဒီစကားမျိုးပြောထွက်ခဲ့၊ ပြောရက်ခဲ့တယ်။

အောင်မင်း လာဆွေးနွေးတာကို ဆန္ဒပြသူတွေဘက်က လက်ခံစကားပြောခဲ့တာကို ကြည့်ပါ။ လက်ပံတောင်း ပြည်သူတွေဘက်က ဆွေးနွေးရေးတံခါး အမြဲတမ်း ဖွင့်ထားတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်ဘက်က မဆွေးနွေးလို့ ဆွေးနွေးညှိနှိုင်းမှု မဖြစ်သလဲဆိုတာ ထင်ရှားပါတယ်။ ဆွေးနွေးတဲ့ ဘာသာစကားကို နားမလည်တာဟာ စစ်အာဏာရှင်တွေသာ ဖြစ်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အသိဆုံး။ သူကိုယ်တိုင် ဆွေးနွေးချင်လှချည်ရဲ့ အတန်တန် ပြောနေပါရက်နဲ့ ဒီနေ့အထိ သူ့ကို လူရာသွင်းပြီး တူတူတန်တန် ဘာမှ မဆွေးနွေးသေးတာကို သူအသိဆုံးပဲမဟုတ်လား။ သူ့ဘက်ကသာ သမ္မတကြီးက တော်ပါတယ်၊ ရိုးပါတယ် ပြောနေရရှာတာ ဟိုက သူ့ကို ဘာများ အရေးလုပ်ဆွေးနွေးလို့လဲ။ ခုတော့ စစ်အာဏာရှင်တွေဘက်က ဒီလို တဖက်သတ် ခေါင်းမာတာကို မျက်ကွယ်ပြုပြီး မြန်မာလူမျိုး မှာ ဆွေးနွေးညှိနှိုင်းတဲ့ ယဉ်ကျေးမှုမရှိဘူးဆိုပြီး အောင်နိုင်ဦးအတွေးအခေါ် သံယောင်လိုက်ရင်း လူမျိုးနဲ့ချီ ထိပါးတဲ့ စကားမျိုးတောင် ပြောလိုက်ပါသေးတယ်။

တကယ်တော့ ပြည်သူတွေဘက်က သူတို့ဆွေးနွေးချင်တာကို ဆွေးနွေးခွင့်မရလို့၊ ညှိနှိုင်းချင်တာကို ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြရတာသာဖြစ်တယ်။ သပိတ်မမှောက်၊ ဆန္ဒမပြရင်၊ ဘယ်ဦးပိုင်ကမှ ဂရုမစိုက်၊ ဘယ်အစိုးရကမှ အရေးမလုပ်လို့ ဆန္ဒပြကြရတာပါ။ ကုန်ကုန်ပြောရရင် ဆန္ဒမပြရင် ဒီမိုကရေစီခေါင်းဆောင်ဆိုသူများကတောင်မှ အရေးလုပ် ငဲ့စောင်းမကြည့်ကြလို့ အခုလို ဆန္ဒပြကြရတာပါ။ ဒီပြဿနာတွေ ဖြစ်နေတာကြာလှပြီ။ တောင်းဆိုနေတာ၊ ကန့်ကွက်နေတာလည်း ကြာလှပြီ။ စောစောပိုင်းတုန်းက ဘာမှ အရေးမလုပ်ဘဲ သပိတ်စခန်းဖွင့်တော့မှ ဆန္ဒပြရုံနဲ့ ပြဿနာတိုင်း မပြေလည်နိုင်ဘူး၊ ဆွေးနွေးညှိနှိုင်းဖို့ လိုတယ်လို့ ပြောတာဟာ တော်တော်မတရားတဲ့ စကားပါ။

ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်နေတဲ့ အဲဒီအချိန်ဟာ အစိုးရက သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းထားပြီး ဖြိုခွဲဖို့ အသင့်ပြင်နေတဲ့အချိန်၊ ဖြိုခွဲမယ်လို့ ကြေညာထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန္ဒပြသူတွေကို ဟန့်မယ့်အစား ပါးကွက်သားတွေကို ဟန့်ခဲ့ဖို့ကောင်းတယ်။ အစိုးရကို သတိပေး တားမြစ်ခဲ့ဖို့ကောင်းတယ်။ ပြည်သူတွေအပေါ် ကျရောက်မယ့် အန္တရာယ်ကို အကာအကွယ်ပေးဖို့ ကောင်းတယ်။ အကာအကွယ်ပေးဖို့ကိုလည်း လူအများအပြားက ဝိုင်းဝန်းတောင်းပန်ခဲ့ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ အခုတော့ အကာအကွယ်မပေးရုံသာမက ဆန္ဒပြသူတွေကို ဟန့်လိုက်တဲ့ သူ့စကားဟာ အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားတယ်။ ဖြိုခွဲရိုက်နှက်ချင်တဲ့ အစိုးရအတွက် အခွင့်သာသွားခဲ့တယ်။

အစိုးရအနေနဲ့ အစပိုင်းမှာ လက်ပံတောင်းသံဃာတွေကို ဖြိုခွဲနှိမ်နင်းဖို့ကို တော်တော်လက်တွန့်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာလောက် လက်ရဲ၊ ဇက်ရဲ မရှိလှဘူး။ ဒါကလည်း အကြောင်းရှိတယ်။ ၂၀၀၇ ခုနှစ်တုန်းက စစ်အာဏာရှင်တွေဟာ တကိုယ်တော် ပြောင်ပြောင်တင်းတင်း မိုက်နေတဲ့အချိန်။ ဘယ်သူကမှလည်း သူတို့ကို ဘာမှ ပေးကမ်းစွန့်ကြဲ ထောက်ပံ့တာမျိုး မလုပ်တဲ့အချိန်။ လူရာမသွင်းတဲ့အချိန်။ အခုအချိန်ကျတော့ တမျိုး။ ခုချိန်က သူတို့မင်းသားခေါင်း ဆောင်းထားတဲ့အချိန်။ ရင်းနှီးမြှုပ်နှံမှုတွေကို သူတို့ကိုယ်ကျိုးစီးပွားအတွက် မျှော်လင့်တောင့်တနေတဲ့ အချိန်။ (နိုင်ငံအတွက်လို့ ပြောပေမယ့် တကယ်တမ်းကတော့ သူတို့နဲ့ သူတို့ ဆွေမျိုးသားချင်း ခရိုနီတွေအတွက်ပါ။ ၉၀ ကျော်နှစ်တွေတုန်းက ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ကြည့်ပါ။) ဒီလို သူတို့အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စီမံကိန်းချ ဆောင်ရွက်နေတဲ့အချိန်ဆိုတော့ မင်းသားခေါင်း ကျွတ်သွားမှာ စိုးရိမ်တယ်။ ရေရှည်စီမံကိန်းရေးဆွဲထားတာတွေ ပျက်မှာ စိုးရိမ်တယ်။ ဒါ့ကြောင့် ဖြိုသင့် မဖြိုသင့် ချိန်ဆနေတယ်။ သူတို့ ဖြိုလိုက်ရင် အမေရိကန် အမျက်ထွက်မလား၊ ဥရောပ စိတ်ပျက်မလား ဆိုတာ တွက်ချက်နေတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန္ဒပြသူတွေကို အပြစ်တင်စကား ဆိုလိုက်တာဟာ အစိုးရအတွက် အားတက်စရာ ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြစ်တင်လာရတဲ့အထိ ဆန္ဒပြသူတွေဘက်က လွန်ကဲနေလို့သာ သူတို့ ဖြိုခွင်းလိုက်ပါတယ်လို့ ဆင်ခြေပေးရင် အမေရိကန်လည်း ဘာမှမပြောတော့ဘဲ နှုတ်ပိတ်နေလိမ့်မယ်လို့ ယူဆပြီး လက်ပံတောင်းအရေးအခင်းကို မီးလောင်ဗုံးအသုံးပြုတဲ့အထိ အလွန်အကျွံ ဖြိုခွဲနှိမ်နင်းလိုက်တာပါ။

အမေရိကန်ကလည်း သူတို့ထင်တဲ့အတိုင်း ဒီပွဲမှာ နှာစေးတယ်။ စစ်ပွဲမှာတောင် အသုံးပြုခွင့်မရှိတဲ့ မီးလောင်ဗုံးလို လက်နက်မျိုး အသုံးပြုပြီး အငြင်းပွားစရာ တစက်မှမရှိလောက်အောင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို ချေမှုန်းခဲ့ပေမယ့် အမေရိကန်ဆီက ဘာသံမှ မထွက်။ ဆိတ်ဆိတ်နေခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူတွေကို အာခံချင်တဲ့သူတွေ ခံရတာနည်းသေးတယ်လို့ မှတ်ယူနေသလား ထင်ရတယ်။

လက်ပံတောင်းအရေးမှာ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာဟာ ဒေါ်အောင်ဆန်းစုကြည် တာဝန်မကင်းဘူးလို့ ဆိုချင်တယ်။ သူကိုယ်တိုင် မီးလောင်တိုက်သွင်းတာ မဟုတ်ပေမယ့် သူ တားရင် သံဃာတွေ သက်သာရာရနိုင်တဲ့ အခြေအနေမှာ အစိုးရဘက် သူ ပင်းခဲ့လို့သာ အတင့်ရဲပြီး ဖြိုခွဲခံခဲ့ရတာ။ ပြည်သူဘက်ကနေ ဒေါ်အောင်ဆန်းစုကြည် ပြတ်ပြတ်သားသား မားမားမတ်မတ် မရပ်ခဲ့လို့သာ သံဃာတွေအခုလို မတရား မီးလောင်တိုက်သွင်းခံရတာလို့ဆိုရင် မမှားဘူး။ ဒေသခံတွေဘက်က ကြည့်ရင် အလွန် စိတ်ထိခိုက် ဝမ်းနည်းစရာကောင်းပါတယ်။

သူဒီလို ပြတ်ပြတ်သားသား မကာကွယ်လို့ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာကို သူ ကိုယ်ချင်းစာရင်၊ နှလုံးသားပျော့ပျောင်းရင် နောင်တရဖို့သင့်တယ်။ ဒါပေမယ့် သူ နောင်တမရဘူး။ ကြံ့ဖွတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဝိုင်းရံထားတဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တယ်။ လက်ခံရုံသာမက အစိုးရဘက်က ဖေးတဲ့ မတဲ့ အလုပ်တွေ ဆက်လုပ်လာပြန်တယ်။

တကယ်တော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ တခြားအချက်တွေကို စုံစမ်းစစ်ဆေးဖို့ လိုချင်လိုမယ်။ လက်ပံတောင်းမှာ သံဃာတွေကို မီးလောင်တိုက်တဲ့ အရေးမှာတော့ ဦးသိန်းစိန်မှာ သေချာပေါက် အပြစ်ရှိတယ်ဆိုတာ ဘာမှ စုံစမ်းနေစရာမလိုဘဲ သေသေချာချာ သိမြင်နိုင်တဲ့ အချက်ပဲ။ တကယ်လို့ အမိန့်ပေးတဲ့သူဟာ ပြည်ထဲရေးဝန်ကြီးဆိုရင်၊ အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်တယ်။ အမိန့်ပေးသူဟာ ကာကွယ်ရေးဦးစီးချုပ်ဆိုရင် အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ကာကွယ် ရေးဦးစီးချုပ် ဖြစ်တယ်။ တကယ်လို့ အမိန့်ပေးသူဟာ ခရိုင်မြို့နယ်မှူးဆိုရင်လည်း အဓိကအပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ခရိုင်မြို့နယ်မှူးပဲ။ ဦးသိန်းစိန်ဟာ သမ္မတ၊ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံး ရထားသူပဲ။ ဘယ်သူပဲ လုပ်လုပ် သူ့အမိန့်မပါဘဲ လုပ်လို့မရဘူး။ ဒီတော့ သူသာ တာဝန်အရှိဆုံးလူ ဖြစ်တယ်။ တကယ်လို့ သူ့အမိန့်မပါဘဲ တစုံတယောက်က သမ္မတကို ကျော်လွန်ပြီးလုပ်ခဲ့ရင်လည်း အဲဒီလူကို ဖော်ထုတ်အရေးယူဖို့ သမ္မတမှာ တာဝန်ရှိတယ်။ ပြည်သူကို အသိပေးဖို့ တာဝန်ရှိတယ်။ သူ့ကို ကျော်လွန်ပြီး ဖောက်ဖောက်ပြန်ပြန်လုပ်သူ ရှိပါတယ်လို့ ထုတ်ဖော်ပြောပြပြီး အရေးမယူနိုင်သေးသမျှမှာ အဓိကတာဝန်ရှိသူဟာ ဦးသိန်းစိန်သာဖြစ်တယ်။

ဒါတွေဟာ ရိုးရိုးလေးတွေပဲ။ ဘာမှ ထပ်စဉ်းစားနေစရာမလိုအောင် သေချာနေတဲ့ အချက်ပဲ။ ဒီလောက် သေချာနေတဲ့ အချက်တွေကို မျက်ဝါးထင်ထင် မြင်နေရရက်နဲ့ မစုံစမ်းရသေးခင်မှာ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ ပြောမရဘူးလို့ ဆိုနေတာဟာ ဘာသဘောလဲ။ ပြည်သူကို လက်တလုံးခြား လိမ်ညာနေတာလား။ စာအုပ်ထဲမှာ ပြောထားတဲ့အတိုင်း စစ်ဗိုလ်ကြီးတွေနဲ့ ယုံကြည်မှုတည်ဆောက်ထားတာကို ပျက်ပြားသွားမှာကို စိုးရိမ်နေတာလား။ ဒေါ်အောင်ဆန်းစုကြည် ဘာကို စိုးရိမ်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာကို ကြောက်နေသလဲ။

ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြောရမယ်ဆိုရင် စုံစမ်းရေးကော်မရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာ့ကြောင့် ဒီလောက်တောင် မပြောဝံ့မဆိုဝံ့ ဖြစ်နေသလဲဆိုတာ ပြည်သူတွေမှာ မေးခွင့်ရှိတယ်။

အခုဆိုရင် လက်ပံတောင်းအရေးဟာ မှားပါတယ်လို့ အစိုးရကိုယ်တိုင် ဘုန်းကြီးတွေကို ဝန်ချတောင်းပန် ဝန်ခံခဲ့ပြီးပြီ။ ဒါပေမယ့် ဘာ့ကြောင့် မှားသလဲ။ ဘယ်လို အမှားလုပ်ခဲ့သလဲ။ ဘယ်သူ အမိန့်ပေးသလဲ။ ဒီအချက်တွေ ပျောက်နေတယ်။ အပြစ်ရှိသူကို အရေးလည်းမယူ၊ ဖော်လည်း မဖော်ထုတ်ခဲ့ဘူး။ ဖုံးဖိထားတယ်။

ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်က စုံစမ်းလိုက်ရင် ဘယ်သူ အမိန့်ပေးတယ်ဆိုတဲ့အချက် ပေါ်ထွက်လာမယ်လို့ မျှော်လင့်နေကြတယ်။ အမိန့်ပေးတဲ့သူကို အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ တရားမျှတမှုကို ရလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ မှေးမှိန်သွားစေတဲ့ အချက်ကတော့ လက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး ကော်မရှင်က ထုတ်ပြန်တဲ့ ပထမဆုံး ကြေညာချက်မှာ မီးခိုးဗုံးလို့ သုံးနှုန်းလိုက်တဲ့အချက်ပဲ။

ဒီဗုံးဟာ ဘာဗုံးလဲဆိုတာ သိပ်အရေးကြီးနေတဲ့အချိန်မှာ ကော်မရှင်ရဲ့ ဒီထုတ်ပြန်ချက်ဟာ အများပြည်သူအတွက် စိတ်ပျက်စရာဖြစ်တယ်။ မီးလောင်ဗုံး၊ မီးခိုးဗုံး ဒီအသုံးအနှုန်းနှစ်ခုကြားက ကွာခြားချက်ဟာ သိပ်အရေးပါနေတဲ့အချိန်မှာ ဘာမှ ရှင်းလင်းချက်မပါဘဲ မီးခိုးဗုံး လုပ်သွားတာဟာ စိတ်ပျက်စရာဖြစ်တယ်။

ဒီဇင်ဘာလ ၁၂ ရက်မှာ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး လူထုတွေ ဆန္ဒပြတောင်းဆိုနေကြတဲ့ အချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မင်္ဂလာဆောင်မှာ ပန်းကြဲမပျက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိတ်တုန်းကလည်း ဘယ်တုန်းကမှ လူထုဆန္ဒပြပွဲတွေကို ထောက်ခံအားပေး ပါဝင်ခဲ့ဖူးတာမျိုးတော့ မရှိဘူး။ ရှေ့တန်းကလည်း မပါဖူးဘူး။ နောက်တန်းကလည်း မပါဖူးဘူး။ အလယ်အလတ်ကလည်း မပါဖူးဘူး။ ဒါပေမယ့် အရင်တုန်းကတော့ လူထုဆန္ဒပြပွဲကြီးတွေဖြစ်တိုင်းမှာ သူက အချုပ်ခံနေရာတာများတော့ သူသဘောကို သိပ်မသိခဲ့ရဘူး။ ခုတော့ သူ့သဘောထားကို ပိုပြီး ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရပြီလို့ ဆိုရလိမ့်မယ်။

တကယ်တော့ လူထုခေါင်းဆောင်တယောက်က လူထုကို မသိကျိုးကျွံပြု လျစ်လျူရှုနေတာကို မြင်ရတာဟာ သိပ်စိတ်ထိခိုက်စရာကောင်းတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက်လည်း မကောင်းတဲ့ အတိတ်နိမိတ်လို့ ဆိုရလိမ့်မယ်။ လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ တသားတည်း ရှိရတယ်။ လူထုရဲ့ ခံစားချက်ကို အသိအမှတ်ပြု လေးစားရတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေက မကျေမနပ် အမျက်ဒေါသထွက်ပြီး လမ်းပေါ်ထွက် ချီတက်နေချိန်မှာ အရေးမပါတဲ့ မင်္ဂလာဆောင်တခုမှာ ပြုံးရယ်ပျော်ရွှင်နေခဲ့တယ်။

တကယ်တော့ လူထုခေါင်းဆောင်ဆိုတာ လူထုဘက်က သေနင်္ဂဗျူဟာ မှားယွင်းပြီး လမ်းပေါ်ထွက် ချီတက်ခဲ့ရင်တောင် လူထုကို အကာအကွယ်ပေးကြတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ လူထုကို အာဏာရှင်တွေက သတ်ဖြတ်တော့မယ်ဆိုတာ သိထားရက်နဲ့တောင် လူထုနဲ့အတူ ချီတက် အသက်ပေးသွားဖူးသူ ခေါင်းဆောင်တွေ ကမ္ဘာ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ခေါင်းလည်းမဆောင်ဘူး။ နောက်မြီးလည်းမဆွဲဘူး။ လူထုဆန့်ကျင်ရေးကို အမူအယာနဲ့ လုပ်ပြခဲ့တယ်လို့သာ ယူဆဖွယ်ဖြစ်ခဲ့တယ်။

“ငတ်နေတဲ့ ပြည်သူတွေက တောင်းဆိုတာကို ဟန့်တယ်၊ ၂၀၁၅ ကြောင့်။ ကြံ့ဖွတ်အစိုးရ နှိပ်စက်တာတွေကို အကာအကွယ်ပေးတယ်၊ ၂၀၁၅ ကြောင့်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပြရတယ်၊ ၂၀၁၅ ကြောင့်။ ဒါပေမယ့် နောက်ဆုံး ၂၀၁၅ ရောက်တဲ့အခါ နောက်ထပ် သင်ခန်းစာတခု တိုးလာတာပဲ အဖတ်တင်တယ် ဆိုတာမျိုး နောင်တမရစေချင်ပါဘူး။ ၂၀၂၀ ကို ဆက်စောင့်တာပေါ့လေ။ ၂၀၂၅ ကို စောင့်ကြတာပေါ့လေ။ မသေမချင်း စောင့်ကြည့်ကြသေးတာပေါ့လေ ဆိုတဲ့ ဘဝမျိုးကိုလည်း မရောက်ကြစေချင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဒီလိုလုပ်သလဲ။ သူ ဘာကို ကြောက်နေသလဲ။ သူ ဘာကို မျှော်လင့်နေသလဲ။

သူ မျှော်လင့်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲပါ။ သူ ကြောက်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲ ပျက်သွားမယ့်အရေးပါ။

သူဟာ ၂၀၁၅ ကို ရည်မှန်းချက်ထားပြီး ကျန်တာအားလုံးကို အလျှော့ပေးနေတာ ဖြစ်ပါတယ်။ ၂၀၁၅ ပျက်မှာ ကြောက်လို့ ကျန်တဲ့ မတရားမှု ၊ ရက်စက်မှုတွေကို မပြောရဲ မဆိုရဲ ဖြစ်နေတာပါပဲ။ ဒါကိုပဲ ရေရှည်အကျိုးစီးပွားလို့ သူ တွက်ထားပုံရပါတယ်။ ဒါကိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ သူက အဓိပ္ပာယ်ဖွင့်နေပုံရတယ်။ အခု ကချင်ပြည်နယ်မှာ ထိုးစစ်တွေ အပြင်းအထန် ဆင်နွှဲနေတယ်။ ဒါကိုလည်း ထုံးစံအတိုင်း နှာစေးပြန်တယ်။ ၂၀၁၅ ကို မျှော်လင့်ချက်ထားပြီး အလျှော့ပေးနေပြန်တယ်။

၂၀၁၅ မှာ သူဘာကို မျှော်လင့်ထားသလဲ။ အိန္ဒိယရောက်တုန်းက ပြောခဲ့တဲ့ စကားထဲမှာ ၂၀၀၈ အခြေခံဥပဒေထဲက သမ္မတရွေးကောက်ပုံနဲ့ ပတ်သက်တဲ့ အချက်ကို ဝေဖန်သွားတာ တွေ့လိုက်ရတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီလောက် မတရားမှုတွေ တပုံတပင် ရှိပါလျက်နဲ့ သမ္မတရွေးကောက်ပုံကို ကွက်ဝေဖန်ပုံထောက်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်နေပြီလို့ ခန့်မှန်းမိပါတယ်။ နတ်မောက်မြို့မှာ လူထုကို စကားပြောတုန်းကလည်း ကျမတို့ အာဏာလိုချင်တယ်လို့ ပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ မှာ သန့်သန့်ရှင်းရှင်း လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့်ရရင် သူ့ပါတီ မဲအများဆုံး ရမယ်ဆိုတာ သိထားတယ်။ ဒါ့ကြောင့် ၂၀၁၅ ကို သူ အမျှော်ကြီး မျှော်နေတာပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ နားမလည်တဲ့အချက်က စစ်အာဏာရှင်တွေဟာ သူ့လက်ထဲကို ဘယ်တော့မှ အာဏာ အရောက်မခံဘူးဆိုတဲ့ အချက်ပဲ။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက အားနည်းချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့အတွက် ဗမာပြည် စစ်အာဏာရှင်တွေရဲ့ သဘောသဘာဝကို သဘောမပေါက်ဘူး။ ဗမာ့နိုင်ငံရေးကို အနောက်တိုင်း ပါလီမန်ဒီမိုကရေစီ အတွေးအခေါ်နဲ့ ချဉ်းကပ်တယ်။ ဗမာပြည် စစ်အာဏာရှင်တွေဟာ အာဏာကို မသေမချင်း ဖက်တွယ်သွားမယ်ဆိုတဲ့ သဘောသဘာဝကို စိုးစဉ်းမျှ မရိပ်မိဘူး။ အဲသလို သူမရိပ်မိတဲ့ ဒဏ်ကို ပြည်သူတွေက လက်တွေ့ခံရမယ့် အခြေအနေတွေ ဖြစ်လာတယ်။

သူက ကျမဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လို့ပဲ တွင်တွင်ပြောနေတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပါတယ်တောင် လုပ်လိုက်သေးတယ်။ တပ်မတော်ကို သူ့စိတ်ထဲက ချစ်နေတာကိုတော့ အပြစ်ပြောလို့ မရဘူးလို့တောင် ဆိုလိုက်ပါသေးတယ်။ အပြစ်မဲ့ ပြည်သူတွေကို စစ်အာဏာရှင်တွေ၊ သူတို့ရဲ့ လက်မရွံ့ ပါးကွက်သားတွေက သတ်ခဲ့ဖြတ်ခဲ့တာတွေကို သူ ချစ်နေတာတော့ မဟုတ်လောက်ဘူး။

တကယ်တော့ ဒီစကားတွေဟာ စစ်တပ်နဲ့ စစ်အာဏာရှင်တွေကို ဖားနေတာသာ ဖြစ်ဖို့ရှိတယ်။ သွယ်ဝိုက်စေ့စပ်နေတာပါ။ ခပ်ရိုင်းရိုင်း ပြောရရင် စစ်ဗိုလ်ချုပ်တွေကို မိန်းမနောက်ပိုးလုပ်နေတာပါ။ စစ်အာဏာရှင်တွေကို သူချော့ရင် ပျော့မယ်လို့ပဲ ထင်နေတာပါ။

စစ်အာဏာရှင်တွေဆီက အာဏာကို ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရသလို လွယ်လွယ်နဲ့ ရမယ်လို့ ထင်တာဟာ စိတ်ကူးယဉ်တာ၊ နိုင်ငံရေးအောက်သက်မကျေတာကို ပြပါတယ်။

စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။

စဉ်းစားကြည့်ပါ။ တခြားပါတီတခုခုက သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရင် ဘာတွေဖြစ်သွားမလဲ။ သူတို့ ဖုံးထားသမျှတွေ ပေါ်ကုန်မှာပဲ။ သူတို့လုပ်ထားတဲ့ နျူကလီးယားစီမံကိန်းဆိုတာတွေ လူသိကုန်မယ်။ ဦးပိုင်ကုမ္ပဏီ လုပ်ထားတာတွေ လူသိကုန်မယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လုပ်ထားတာတွေ လူသိကုန်မယ်။ တိုင်းရင်းသားတွေ အပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေ လူသိကုန်မယ်။ ၁၉၈၈ မှာ ကျူးလွန်ထားတာတွေ၊ ၂၀၀၇ မှာ ကျူးလွန်ထားတာတွေ လူသိကုန်မယ်။ နိုင်ငံပိုင် ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ သတ္တုတွေ၊ သစ်တောတွေ အားလုံး ခိုးဝှက်ထားတာတွေ လူသိကုန်မယ်။ ဒါမျိုးကို သူတို့ အဖြစ်မခံပါဘူး။ ဒီလိုအခြေအနေမျိုးသာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုရင် ဘီလူးခေါင်းပြန်ဖော်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဘဝပေးအခြေအနေပါ။ အကုသိုလ်နဲ့ အကြောင်းယှက် ပေါင်းဖက်ထားတဲ့ သူတို့ရဲ့ ဘဝပေး အခြေအနေတွေပါ။

ဒါတွေကို မေ့ထားပြီး စစ်အာဏာရှင်တွေဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှု လုပ်လာလိမ့်မယ်၊ နောင်တရလာလိမ့်မယ်၊ အမြင်မှန်ရလာလိမ့်မယ်လို့ တွေးတာဟာ စစ်အာဏာရှင်တွေရဲ့အကြောင်းကို ကောင်းကောင်း နားမလည်လို့ စိတ်ကူးယဉ်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ကောင်းရှိတာ မရှိတာ၊ ကြောက်တာ မကြောက်တာ စတဲ့ လူ့ရဲ့ စိတ်ခံစားချက်တွေအပေါ်မှာ တည်မှီပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မျှော်မှန်းချက်တွေပါ။

ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။

ငတ်နေတဲ့ ပြည်သူတွေက တောင်းဆိုတာကို ဟန့်တယ်၊ ၂၀၁၅ ကြောင့်။ ကြံ့ဖွတ်အစိုးရ နှိပ်စက်တာတွေကို အကာအကွယ်ပေးတယ်၊ ၂၀၁၅ ကြောင့်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပြရတယ်၊ ၂၀၁၅ ကြောင့်။ ဒါပေမယ့် နောက်ဆုံး ၂၀၁၅ ရောက်တဲ့အခါ နောက်ထပ် သင်ခန်းစာတခု တိုးလာတာပဲ အဖတ်တင်တယ် ဆိုတာမျိုး နောင်တမရစေချင်ပါဘူး။ ၂၀၂၀ ကို ဆက်စောင့်တာပေါ့လေ။ ၂၀၂၅ ကို စောင့်ကြတာပေါ့လေ။ မသေမချင်း စောင့်ကြည့်ကြသေးတာပေါ့လေ ဆိုတဲ့ ဘဝမျိုးကိုလည်း မရောက်ကြစေချင်ပါဘူး။

ခုဆိုရင် ပြည်သူတွေကို နှိပ်စက်ချင်စော်ကားချင်တဲ့သူမှန်သမျှဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းသဖွယ်ကာပြီး ပြည်သူကို ထိုးနှက်ချေမှုန်းနေပါပြီ။ (ကာတွန်းဟန်လေးရဲ့ ကာတွန်းဟာ အဲဒီသရုပ်ကို သိပ်ပေါ်လွင်စေပါတယ်။) ဦးသိန်းစိန်ကလည်း ဒီနည်းကို သုံးပါတယ်။ ဗဟုတွေကလည်း ဒီနည်းကိုပဲ သုံးပါတယ်။ တင်-စူး-ကျော် လက်ဝဲပျက်တွေကလည်း ဒီနည်းမျိုး သုံးလာတာကို ကျော်ဝင်းရဲ့ နောက်ဆုံး မဗေဒါ ဆောင်းပါးမှာ တွေ့ရပါတယ်။

ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ နဲ့ မျှားပြီး သွေးဆောင်ပြီး ကြိုက်သလို ခိုင်းစားနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာဟာလည်း အရေးပါတာ ဘာတခုမှလုပ်လို့မရ၊ ဟန်ဆောင်၊ ဟန်ပြပါပဲ။ လွှတ်တော်ထဲရောက်တော့မှ ဟိုဟာ မပြောရ၊ ဒီဟာ မပြောရ၊ ပိုပြီးတောင် ချောက်ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ချုပ်က လွတ်ပြီးနောက် လွှတ်တော်ချုပ်ကျသလို ဖြစ်သွားပါတယ်။ စိုးမိုးအေးချမ်းကော်မတီဆိုတာလည်း ဘာမှ လုပ်မရ၊ ကိုင်မရ။ အစိုးရရဲ့ အသုံးချစရာမျှသာပါပဲ။ အခုတခါ လက်ပံတောင်းအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တဲ့။ ဒီကော်မရှင်ဟာလည်း ခုထိ ကြည့်ရသမျှ အလားအလာ တယ်မကောင်းလှဘူးလို့သာ ဆိုရတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ့်လူသူ့ဘက်သားပုံစံနဲ့ ကြာကြာရပ်တည်လို့ မရတော့ပါဘူး။ လှေနံနှစ်ဘက်နင်း မမြဝင်း ဆက်လုပ်နေလို့ မရတော့ပါဘူး။ သမိုင်းနာပါတယ်။ ပြည်သူနာပါတယ်။

လွတ်လပ်ရေးတိုက်ပွဲခေတ် ဗမာ့နိုင်ငံရေးလောကမှာ တော်တော်များများ တွေ့ရတတ်တဲ့ အမှားတမျိုး ရှိတယ်။ အဲဒီအမှားကတော့ လက်တွေ့ မျက်စိရှေ့မှာ မြင်တွေ့နေရတာထက် စာအုပ်ထဲက ပြောထားတာကို ပိုယုံကြည်တတ်တဲ့ အမှား၊ သီအိုရီကို ပိုယုံကြည်တတ်တဲ့ အမှားပဲ။ လူထုကိုယ်တိုင် ကြုံတွ့ခံစားနေရတာတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေပါရက်ကယ်နဲ့ မြင်နေတွေ့နေတာကို မြင်တဲ့တွေ့တဲ့အတိုင်း မသုံးသပ်နိုင်ဘဲ လူကို စာအုပ်ကြီးနဲ့ တိုက်ကြည့်ပြီး စာအုပ်ကြီးနဲ့ မကိုက်ရင် လူတွေကပဲ မှားနေသလိုလို ထင်တတ်တဲ့အကျင့် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အလားတူပဲ၊ ဗမာ့နိုင်ငံရေးကို သီအိုရီနဲ့ တိုက်ကြည့်နေပါတယ်။ လူတွေ မချိမဆန့် ခံစားနေရတာကို မြင်နေပါရက်ကယ်နဲ့ လက်တွေ့အမြင်နဲ့ မသုံးသပ်ဘဲ သူချမှတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သင့်မြတ်ပြေလည်မှ ဒီမိုကရေစီရမယ်ဆိုတဲ့ စာအုပ်ကြီးနဲ့ တိုက်ကြည့် သုံးသပ်နေပါတယ်။ သူ မျှော်လင့်ထားတဲ့ ၂၀၁၅ အတွေးအခေါ်နဲ့ သုံးသပ်နေပါတယ်။

သမိုင်းမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ရှိပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပါ။ ဆရာကြီးကတော့ သူဖြတ်သန်းတဲ့ သမိုင်းတလျှောက်မှာ လက်တွေ့နိုင်ငံရေးကို စာအုပ်နဲ့ တိုက်မကြည့်တတ်ဘူး။ အတွေးအခေါ်တွေကို တရားသေ မဆုပ်ကိုင်ဘူး။ လက်တွေ့ကို လက်တွေ့မြင်တဲ့ အတိုင်းသာ ဝေဖန်တိုင်းထွာလေ့ရှိတယ်။ ပြည်သူ့အကျိုးစီးပွားနဲ့သာ တိုက်ကြည့်လေ့ရှိတယ်။ ဒါဟာ ဆရာကြီးရဲ့ ထူးခြားချက်ပဲ။ ဒီထူးခြားချက်ကြောင့် ဆရာကြီးရဲ့ နိုင်ငံရေးသက်တမ်း၊ စာပေသက်တမ်းတလျှောက်မှာ ပြည်သူ့အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမှားမျိုး တခုမှမရှိခဲ့ဘူး။ ဆရာကြီးဟာ နိုင်ငံရေးသမားကောင်း၊ သတင်းသမားကောင်း၊ စာရေးဆရာကောင်းတယောက် ဖြစ်ခဲ့တယ်။

ဒီနေ့ခေတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားကြီးငယ်ဟာ နိုင်ငံရေးကို သီအိုရီနဲ့ချည်း တိုက်တိုက်ကြည့်မနေဘဲ လက်တွေ့ပြည်သူတွေ ခံစားနေရတာတွေကို ကြည့်ပြီး သုံးသပ်ဆောင်ရွက်သင့်ပါတယ်။ သံဃာတွေ မီးလောင်နေတာ တွေ့ပါရက်နဲ့ ၂၀၁၅ ကို မက်ပြီး မပြောရဲ မဆိုရဲရင် ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားညီညွတ်ရေးဟာ ဝေးသထက်ဝေးလိမ့်မယ်လို့သာ ထင်မြင်မိပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဒီဇင်ဘာ ၂၁၊ ၂၀၁၂

40 comments:

Unknown said...

Please dont accept this sort of narrowed minded article that will damge our national figure, DASSK.

This guy does not seem to have decent EQ.

Little Myanmar

* said...

မီးခိုးဗုံးဆိုတာ နေ့ခင်း မြင်ကွင်းတွေကို ကွယ်သွားစေချင်တဲ့ အခါမျိုးမှာ သုံးတာ မဟုတ်ဘူးလား။ ညခင်းကြီး တစ်ဦးနဲ့ တစ်ဦး မမြင်နိုင်တဲ့ အချိန်မှာ မီးခိုးဗုံး သုံးတယ်လို့ ထုတ်ပြန်တဲ့ ကော်မရှင်ကို .." ဘော" ပဲလို့ ပြောချင်တယ်

Ko Than Lwin said...

Very bad conclusion. You must practice as small soft tree during a strom. You don't know this policy.

ko_wunna said...

The same old extremist communist ideology, half-truth and twisted facts.

Unknown said...

သွေးသစ်မလောင်းနိုင်တော့မဲ့ အတိတ်တွေကို
ကျောင်းအပြင်က
သင်္ခန်းစာတွေထဲ အရောက်ပို့ လိုက်ကြတော့....
ဒီလိုမှမဟုတ်ရင်....
ရွှေရောင်ပစ္စုပ္ပန်တွေကို သစ္စာဖောက်ပြီး
အနှိုင်းမဲ့ အနာဂါတ်တွေကို အဆိပ်ခပ်ရာ ကျလိမ့်မယ်...
အနာဂါတ်ရဲ့ အနာဂါတ်လေးတွေကို
အသက်ရှူမကြပ်စေချင်ဘူးဆိုရင်တော့...

Unknown said...

ကိုဇော်ဝင်းရဲ့သုံးသပ်ချက်တွေဟာ ပြည်သူတွေစဉ်းစားဆင်ခြင်သင့်တဲ့အချက်အလက်တွေဖြစ်ပါတယ်။ အစိုးရက ဒေါ်စုကို အီမ်အကျယ်ချုပ်ကလွှတ်ပေးပြီး၊ လွှတ်တော်ထဲမှာ အကျယ်ချုပ်ချလိုက်တာဘဲ။ ဒေါ်စုလေသံနဲနဲပြောင်းသွားသလားလို့။ ရိုးသားဖြူစင်တဲ့ ဒေါ်စုကို ကေါက်ကျစ်တဲ့စစ်ဗိုလ်တွေက အသာလေးလှည့်စားလို့ရတယ်။ စစ်ဗိုလ်တွေကအာဏာလွှဲပေးမယ်လို့ပြောတာကိုယုံရင် ယုံတဲ့သူရဲ့အပြစ်ဘဲ။

Moemin said...

လူဆိုတာ ကိုယ်သမိုင်းကိုယ်ရေးကြတာဗျ
ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာလွဏ်းဆွေ ဒီဆောင်းပါးရေးသူ ကိုဇော်ဝင်း ကျွန်တော်အပါအ၀င် လူတိုင်း ကိုယ်သမိုင်းကိုယ်ရေးနေကြတာဗျ ကိုယ်မှန်တယ်ထင်တာရေး ကြပေါ့ဗျာ အချိန်ကအဆုံးအ
ဖြတ်ပေးသွားပါ လိမ့်မယ် တခုတော့ရှိတယ် လွန်ပြီးမှ
မှားခဲ့ပါတယ် ပြောလို့တော့မရဘူးဗျ၊၊

မင်္ဂလာဒိုး အနုပညာ အင်အားစု said...

Very bad conclusion; ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။

BD said...

နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေကိုကျနော်တော့အံ့သြောရောဘဲဗျာ
အဲ့ဒီနိုင်ငံတွေမှာ ဘယ်လိုဆန္ဒပြကြတယ်ဆိုတာမမြင်ဘူးကြဘူးလားမသိဘူး
အပြန်အလှန်လေးစားမူရှိမှ မိမိရဲ့လုပ်ရပ်ဟာအကျိုးသက်ရောက်မူရှိပါမယ်။
ခုချက်ခြင်းရပ်၊ ခုချက်ခြင်းဆင်း တောင်းဆိုတဲ့အတိုင်းမလုပ်လို့ကတော့ ဒီနေရာက
ဘယ်တော့မှမထတော့ဘူး၊ သပိတ်ဘယ်တော့မှမလှန်တော့ဘူး ဆိုလို့ကတော့
ဘယ်တော့မှအမှန်ကိုမရနိုင်ပါ။ သူများနိုင်ငံတွေမှာဘယ်လိုသပိတ်မှောက်တယ်
ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် ဘယ်လိုချီတက်ကြတယ်ဆိုတာလေ့လာသင့်တယ်
အထူးသဖြင့် နော်ဝေ၊ ဆွိဒင်၊ ဒိန်းမတ် အင်္ဂလန် အမေရိကန် သြစီ စတဲ့ဒီမိုကရေစီဘိုးအေနိုင်
ငံတွေမှာ သူတို့ပြည်သူတွေဘယ်လိုဆန္ဒပြတယ်ဆိုတာ အလကားမနေဘဲအတုယူသင့်တယ်။
ကိုယ့်ဘက်ကဘယ်လောက်မှန်နေပါစေ လုပ်နည်းလုပ်ဟန်လွဲနေရင် အမှန်နဲ့ဝေးပြီး ပိုမိုခက်ခဲ
လာပါလိမ့်မယ်။ အခုလဲ မူလထက်ပိုပြီးခက်ခဲသွားပါပြီ ဒါတောင်မှအမှားအမှန်ကိုမမြင်ကြသေးဘဲ
စွတ်ပြီးမီးထိုးနေကြတာအံ့သြကုန်နိုင်ဘွယ်ဘဲ။ ကျနော်မြင်တာတော့ ပြည်သူတွေသပိတ်မှောက်
ဆန္ဒပြနေရင်ဝမ်းသာတတ်တာ နိုင်ငံခြားရောက်ကျေးဇူးရှင်များသာဖြစ်တယ်ဆိုတာဘဲ
1988 ကထက်အသက်တွေပိုကြီးလာကြပြီဖြစ်သလို အသိဥာဏ်တွေလဲတိုးလာသင့်ပြီ

KO NAING said...

Stupid article
ခင်ဗျားလိုဘဲကြုံတုံးလေး၈၈ကျောင်းသားဟောင်းဝင်လုပ်လိုက်တာ။
ကျနော်ကတော့၈၈တုံးကတကယ်ကျောင်းတက်ခဲ့တဲ့သူ။

very truth said...

ကျနော်က ဒေါ်စုကို အသွေးထဲ အသားထဲကနေ ထောက်ခံတဲ့ လူပါ။ အခုလဲထောက်ခံနေဆဲပါပဲ။
အမေစု ဘယ်လောက်ပဲ စေတနာကောင်းပြီး နိုင်ငံနဲ့လူမျိုးအပေါ်ဘယ်လောက်ပဲ ပေးဆပ်တယ် ပြောပြော အခုလုပ်ရက်တွေကတော့ တလွဲတွေဖြစ်နေတာကို ရိုးရိုးလေး တွေးကြည့်ရုံနဲ့ မြင်နိုင်တာပဲ။ နိုင်ငံရေး အကျိုးအမြတ်ထွက်အောင် သူမဘက်က စစ်သားတွေကို ဘယ်လောက်ပဲလိုက်ပြီး အရောတ၀င် အဆင်ပြေအောင်နေပါစေ ဟိုလဒတွေက နားလဲမယ်ထင်လို့လာ။ စစ်သားဆိုတဲ့ အမျိုးက ဘယ်တုံးက လူလိုသူလို ပြောဆိုဆက်ဆံလို့ ရဖူးလို့လဲ။ ကိုဇော်ဝင်းရဲ့ ဆောင်ပါးပါ ယူဆချက်တွေကိုလဲ ထည့်လို့ တွေးကြည့်ရမှာပဲ အဆိုးမြင်ဝါဒီသမားတယောက်လိုတော့ ၀ိုင်းလို့ အပြစ်မပြောသင့်ဘူး။ လွတ်လပ်စွာ ကွဲလွဲနိုင်တယ် ၊ ဆဲဖို့ကြီးရှေ့တန်းမတင်ကျပါနဲ့ မှားရင် မှားတယ်လို့ ပြောရဲတဲ့ သတ္တိလေးတွေ၇ှိဖို့ အချိန်တန်ပြီလို့ ထင်တယ်။

Maung Win said...

ဒီလို အပြူသဘော မဆောင်တဲ့ သူတွေကြောင့်
တိုင်းပြည် ချောက်ထဲ ကျခဲ့ ပြီးပြီ ။ သခင်စိုးလို
တိုင်းပြည်ကို ယမ်းမီး စနစ်တံ တပ်ခဲ့တဲ့ သူမျိုး မဖြစ်ဘို့
လိုတယ် ။ ဆရာလွမ်းဆွေကလည်း ဖွလိုက်ရမှ ကျေနပ်
ပုံရတယ် ။ ဒီအခြေအနေ တွေက လွယ်လွယ် ရခဲ့တာ
မဟုတ်ဘူး ။ နောက်ပြန် လှည့်မသွားဘို့ အရန်း သတိ
ထားရတဲ့ အခြေအနေပါ ။ တခုခု ဖြစ်ရင် နိုင်ငံခြား
ကလူတွေက ပိုပြီး အနေချောင် သွားကြတာချည်းဘဲ ။

မင်္ဂလာဒိုး အနုပညာ အင်အားစု said...

Very bad conclusion

Unknown said...

တိုင်းပြည်ပျက်မှ စားဝင်အိပ်ပျော် မည့် သူတွေဘဲ ။

htet oo said...

Thank you Dr.WE should do for the country the best we can.Some people believe something with blind.Without thinking with their mind and lean on Daw su too much.Also some people are afraid to loosing their kinds of chance.

Belive does not solve truth or fale of problem.

Aung kyi oo

ct said...

မရူးပါနဲ့ ဇော်ဝင်းရယ် ဒီသပိတ်ကို နင်တို့ အုပ်စုကလွဲရင် ဘယ်ခေါင်းဆောင်ကမှ လက်မခံပါဘူး ဒေါ်စုတစ်ယောက်ထဲ မဟုတ်ပါဘူး နွေဦးရောဂါသည် အုပ်စုဝင် ဇော်ဝင်းလေးရေ

kyaw joe said...

she is no have answer for our ethnic but have big talk for their party!!!
WE SEEING just talking old story..
never coming answer or result ...

ct said...

BD ရေ မင်းပြောတာ သိပ်မှန်တယ်ကွာ ဒါပေမဲ့ လွန်းဆွေတို့ အုပ်စုက ပြုတ်မနူး တွေကွ ကုမရတော့ဘူး

Soe Thura Tun said...

ဇော်ဝင်း တစ်ယောက် တစ်ခါတလေ အမှားတွေပြောတယ်။ တစ်ခါတလေ တော့လည်း တော်တော်မှန်တာတွေ ပြောတတ် ပါတယ်။ ဒီတစ်ခါတော့ သေသေချာချာ အပြစ်ရှာပြီး စွတ်စွဲပြောဆိုတာမျိုးတွေ လုပ်နေပါရော လား။ တစ်ခုခု personal ပါနေတာ သေချာနေပြီ။ သူငယ်ချင်း မင်းကိုယ်မင်း သေချာ ဆန်းစစ်ကြည့်အုံး။ လွန်သွားပြီလား မလွန်သေးဘူးလား ဆိုတာ။ အမေရိကန်ရေသောက် နေတာ တောင် ဒီမိုကရေစီ အမြင် မရဖြစ်ရတာ။ မင်း အတွေးမျိုးကို AB က ရဲဘော်တွေတောင် မတွေးဘူး။ ထပ်ပြောမယ်ကွာ ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ ကျည်ဆံကြားမှာ သွားနေတဲ့ (မင်းထင်သလို ပန်းခင်းလမ်း မဟုတ်တဲ့) ဒေါ်စု နဲ့ သူဘာပြောပြော (မင်းထင်သလို အပြစ်ပြောလဲ) မျက်ရည်နဲ့အားပေးတဲ့ ပြည်သူတွေကို အသာထားလိုက်ပါ။ ကိုယ့်ကိုယ်ကို အရင်သိပါ။

Shanghtin said...

Ya she is old who know? she can live another 5 year? Our country future are really still in dark..

Unknown said...

ဒေါ်အောင် ဆန်းစုကြည်ဟာလူထုခေါင်ဆောင် ဟုတ်ပါတယ်ဒါကြောင့် လဲအမှန်တရားကိုပြေားတာပေါ့ မီးခိုးဗုံးမီးခိုးဗုံးပေါ့

အောင်သူ-၈၈ said...

မီးခိုးဗုံး ဆိုတာ ခွေးတွေဘဲယုံမှာပေါ့ ။
သူ သမ္မတဖြစ်ချင်နေတာတော့ အသိသာကြီးပါ ။
ဒါကြောင့် ဘာပဲလုပ်ရလုပ်ရလေ ဖြစ်နေတာပါ ။
ဇော်ဝင်း မင်း မှန်တယ်။

Unknown said...

အော် ၈၈ တွေ တော်တော် ခော်စားနေတာဘဲ ။ ငါတို့
လဲ ၈၈ ဂျပန် မှာ ပါဝင် ခဲ့တဲ့ သူတွေပါ ။

ဖိုးလမင်း said...

မီးခိုးဗုံးကိစ္စကို လက်ခံတယ်။ ဒေါ်စုကို လမ်းကြောင်းမမှား ရအောင် ထိန်းပေးနေတယ်လို့လည်း အထိုက်အလျောက် လက်ခံတယ်။သို့သော် ဒေါ်စုကိုလည်းနားလည်ပေးသင့် တယ်။ သူပြောပြီးသား သူဟာ ဘုရားသခင်မဟုတ်ပါဘူး တဲ့ အခုလိုဝေဖန်တာကို သူလည်းလက်ခံမှာပဲ သူလည်းမှားနိုင်တာပဲ၊ဒါပေမယ့် သူ့ကိုမစော်ကားသင့်ဘူး သူ့စေတနာ သူ့အနစ်နာခံမှုတွေကိုမစော်ကားသင့်ဘူး နိုင်ငံ သား အချင်းချင်း ပြေလည်အောင် ညှိယူရမယ့်နည်းလမ်း၊ အချင်းချင်း နာလည်မှု ၊မေတ္တာထားမှု ယုံကြည်မှုတွေနဲ့ တည်ဆောက်မှရမယ်လို့ သူ့ဘ၀ပေးအသိအရ သူနားလည်ယုံကြည်လို့ ဒီအတိုင်း သူလုပ်နေတာပဲ၊မှားတယ်မှန်တယ်ဆိုတာ သမိုင်းက အဖြေပေးမှာပဲ၊နည်းလမ်းတစ်ခု ပန်းတိုင်မရောက်ခင်မှာ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းမှားခဲ့တာလည်း ရှိမှာပဲ ၊ မင်းတုန်းမင်းမှားခဲ့တာလည်း ရှိမှာပဲ၊ ဒါပေမယ့် အမှားနည်းပြီး အမှန်များတယ်ဆိုရင် ကျွန်တော်တို့ကြိုဆိုရမှာပဲ မြန်မာ့နိုင်ငံရေးနဲ့ အများဆုံးသက်ဆိုင်မှုရှိနေတဲ့ ပြည်တွင်းနေ ပြည်သူလူထုအများစုက ဒေါ်စုကိုယုံကြည်တယ်ဆိုတာတော့ ခင်ဗျားတို့မှတ်ထားပါ။ အဲဒီအားတစ်ခုတည်းနဲ့ပဲ အဖြေဆိုတာ ထွက်လာပါလိမ့်မယ်။

Unknown said...

်ဘာပဲဖြစ်ဖြစ်ဒီဆောင်းပါးကိုကြိုဆိုတယ် ဝေဖန်ရေးဆိုတာရှိကိုရှိမှဖြစ်မယ်၊ ဒေါ်စုဆိုရင် ဝေဖန်လေ့မရှိကြဘူး လူဆိုတာမှားတတ်တဲ့အမျိုးပဲ ဒီတော့ ဝေဖန်ရေးတော့လိုတယ် ဇော်ဝင်းဝေဖန်တာ ကိုလွဏ်းဆွေကရေးတာ အားလုံးမှန်တယ်လို့ မပြောနိုင်ပေမယ့် လေးလေးနက်နက်ဝေဖန်တယ်ဆိုတာကိုတော့ အသိအမှတ်ပြုလို့ရတယ်။ ဘာကိုဝေဖန်ဝေဖန် အကွက်စိဖို့လိုတယ် တစ်ကွက်မကျန်စဉ်းစားနိုင်ဖို့လိုတယ်။ ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ ခံစားမှုတစ်ခုတည်းနဲ့ပြောလို့မရဘူး။ လက်တွေ့နဲ့သီအိုရီဆိုတာ ဝေးမှဝေး သီအိုရီဆိုတာ နားထောင်လို့ကောင်းချင်ကောင်းမယ် လက်တွေ့ကိုကုစားလို့မရတဲ့သီအိုရီတွေ ကမ္ဘာကြီးမှာ တစ်ပုံတစ်ပင်ရှိတယ်။ လက်တွေ့မှာဘာဖြစ်နေလည်းဆိုတာတွေကို စာအုပ်တွေဆည်းပူး ယူသွားပြီးအဖြေရှာရင် တွေ့နိုင်မှာမဟုတ်ဘူး မြန်မာပြည်ရဲ့ဒေသတွေအကြောင်း ဒေါ်စုမသိတာ အများကြီးရှိတယ် ဥပမာ ရခိုင်ပြည်နယ်အကြောင်းသိပ်မသိဘူး။ မြန်မာပြည်မြောက်ပိုင်းအကြောင်းသိပ်မသိဘူး။ ဥပမာပြောရရင် မြန်မာပြည်မြောက်ပိုင်း၊ မိုးကောင်းမြို့မှာ အောင်နိုင်ရေးကော်မတီဖွဲ့တော့ မြန်မာပြည်မြောက်ပိုင်းမှာ ရှမ်းတွေမပါပါစေနဲ့ ကချင်တွေပဲဦးစားပေးပြီးထည့်ဆိုတော့ လာကူတဲ့ရှမ်းတွေပက်လက်လန်သွားတယ်။ မိုးကောင်းဆိုတာ အင်မတန်ကြီးကျယ်ခဲ့တဲ့ ရှမ်းနေပြည်တော်ကြီးမှန်းသူမသိဘူး။ မိုးကောင်းမြို့ဟာ ရှမ်းနာမည်ပဲဆိုတာ ရှမ်းတွေအများကြီးပဲနေတယ်ဆိုတာ သူမသိဘူး။ စာတတ်တာကောင်းတယ်ဆိုပေမယ့် စာအုပ်ထဲမှာပဲအမှန်တရားရှိတယ်လို့ထင်ပြီးတော့ စာအုပ်ကိုကြီးလှန်ကြည့်နေရင် လက်တွေ့နဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမယ်။ အဓိကကတော့ လက်တွေ့မှာဘာဖြစ်နေသလဲဆိုတာ မှန်မှန်ကန်ကန်ဝေဖန် သုံးသပ်ဆုံးဖြတ်ပြီး အနာဂတ်ကို ရေတို၊ ရေလတ်၊ ရေရှည်အတိုင်းအတာနဲ့ ရှုမြင်နိုင်မှ လက်တွေ့ကျတဲ့ခေါင်းဆောင်ဖြစ်နိုင်မယ်။ သခင်ကိုယ်တော်မှိုင်းအကြောင်းကိုတော့ လူတွေကကောင်းတာကြီးပဲပြောတယ် ရခိုင်နှင့်ရှမ်းကိုနှိပ်ကွပ်ရမယ်ဆိုတဲ့ လေးချိုးကြီးတစ်ပုဒ်ရေးဖူးကြောင်း သက်သေအထောက်အထားကို ရခိုင်လူမျိုးတွေ နှစ်ပေါင်းများစွာသိမ်းထားခဲ့တယ်။ ဘာပဲဖြစ်ဖြစ်လူတွေဆိုတော့ မှား၊ မှန်ဆိုတာရှိကြမှာ။ ကောင်းတာလည်းချီးကျူးပါ ဆိုးတာကိုလည်းဝေဖန်ပေးပါ။

Unknown said...

စိန်တွေအကုန်လုံး ဒီမှာ စုနေကြပါလား

santun said...

ဒေါ်စု ကို အစိုးရဘက်တော်သားအဖြစ် အတိအလင်းစွပ်စွဲတိုက်ခိုက်ထားတဲ့
ဆောင်းပါးဖြစ်တယ်။ ဆောင်းပါးပါအချက်အလက်တွေကောက်ချက်တွေမှားတာမှန်တာ
အပထားပြီး ဒေါ်စုကိုလူအကြည်ညိုပျက်အောင်ဦးတည်ရေးထားတာတွေ့ရတော့ ဒေါ်စု
ကိုလူအကြည်ညိုပျက်ရင် ဘယ်သူအကျိုးရှိမလဲ တွေးကြည့်ရအောင်။ ၂၀၁၅ ရွေးကောက်ပွဲမှာ
မှန်မှန်ကန်ကန်သာကျင်းပပေးရင် ကြံ့ဖွံ့ ကိုယှဉ်ပြိုင်အနိုင်ရနိုင်တာ ဒေါ်စုရဲ့ NLD ပဲရှိတယ်။ အစိုးရလဲသိတယ်။ စစ်တပ်လဲသိတယ်။ စစ်တပ်လူထွက်အစိုးရတပိုင်း ကြံ့ဖွံ့အစိုးရ ဟာတကယ်တော့ ဒီမိုကရေစီကျင့်စဉ်ဆိုတာ တသက်လုံးနားလည်ကျင့်သုံး ခဲ့တဲ့ လူတွေမဟုတ်ပဲ စစ်အာဏာရှင်အမူအကျင့်နဲ့ အရိုးစွဲနေသူတွေဆိုတာ အားလုံးသိကြတယ်။ သူတို့ လိုတရနေတဲ့ စစ်အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီစံနစ် ကိုမပြောင်းချင်ဘူး ဒေါ်စုရှိနေလို့သာ မပြောင်းချင်ပြောင်းချင်နဲ့ အနှေးဆုံးပြောင်းနေတာလိုကျနော်မြင်တယ်။ ယနေ့မြန်မာပြည်ပြောင်းလဲမှု့မှာ နိုင်ငံတကာဖိအားနဲ့ ပြည်သူတွေရဲ့အားတွေအတိုင်းအတာတခုထိပါတယ်ဆိုတာမငြင်းနိုင်ပါ၊ ဒီနေရာမှာ ဒေါ်စုဟာ နိုင်ငံတကာဖိအားရဲ့ ဗဟိုချက်လိုဖြစ်နေတယ်ဆိုတာလက်ခံရပါမယ်။ ဒါကြောင့်လဲ ဒေါ်စုနိုင်ငံရေးသေသွားအောင်နည်းမျိုးစုံသုံးလုပ်နေခဲ့ တာ ယနေ့ထိပါဘဲ။ (အခုချိန်မှာကြံ့ဖွံ့ပါတီကလဲ ဆိုက်ဝါးအဖွဲ့နဲ့ပေါင်း ပြီး ငွေကုန်ခံပြီး ဒေါ်စုသိက္ခာချရေးတဖက်လှည့်နဲ့ လုပ်နေချိန်ဖြစ်ပါတယ် )
ဒီကနေ့တိုင်းပြည်မှာ ဒေါ်စု မရှိတော့ဘူးဆိုကြပါစို့ ဦးသိန်းစိန်အစိုးရကို တုန့်ပြန် ထိမ်းကျောင်းဖို့ အတိုက်အခံ ဘယ်သူများရှိမလဲ မြန်မာပြည်မှာဒေါ်စုကိုကိုအစားထိုးနိုင်တဲ့
အတိုက်အခံဘယ်သူရှိလဲမေးချင်တယ်။
ဒေါ်စုကတသက်လုံး လူထုဖက်ကနေ လာတာ အသက် ၇၀ နားနီးမှ လူထုကိုသစ္စာဖေါက်မယ်တော့မထင်ဘူး။ အခုဆောင်းပါးပါအချက်တွေလောက်နဲ့ သစ္စာဖောက်တယ်ပြောဖို့ စောသေးတယ်။ အခုချိနှ်ုသစ္စာဖေါက်လဲ ဖောက်တဲ့ အကျိုး ကို သူခံစားရမှာပဲ။ ကျနော်တို့ အဓိကစိုးရိမ်ရမှာက ဒေါ်စုလူထုကိုသစ္စာဖေါက်တာမဖောက်တာထက် သူ မရှိတော့ရင် အစိုးရ ကလေးစားလောက်တဲ့ နိုင်ငံတကာကအသိမှတ်ပြုတဲ့ နိုင်ငံတကာကိုဝင်ဆန့်တဲ့ လူထုကိုဦးဆောင်နိုင်မဲ့ တစ်ဦးတယောက် သို့မဟုတ်အဖွဲ့အစည်း တခုခု ကျစ်ကျစ်လစ်လစ်ရှိနေဖို့လိုတယ်။ ဒီလိုအခြေအနေမျိုးမရှိသေးပဲနဲ့ အခုချိန်မှာဒေါ်စုကိုဝေဖန်ခြင်းဟာ ကြံ့ဖွံ့ ပါတီ အကျိုးစီးပွါးကိုဖေါ်ဆောင်နေတာနဲ့ တူတယ်လို့မြင်တယ်။

sayanyein said...

We are grown up in hero-worshipping culture.
DASSK sacrifices a lot.
She is honest, sincere, courageous.
But she is not God.
She is not perfect.
This article is thought provoking.
Many points in this article are "close to reality" in my concept of the situations.



Unknown said...

ဇော်ဝင်း ရော လွဏ်းဆွေ ရော မြန်မာပြည် ထဲလာပြီးပြောကြပါလား။ အဝေးကနေခွေးလိုဟောင်မနေကြပါနဲ.။

Unknown said...

လွဏ်းဆွေ ဆိုတဲ.အကောင် ဘာမှအစဉ်အလာမရှိဘူး။အဝေးကနေဟိုပြောဒီပြောလုပ်ပြီးပွဲဆူအောင်လုပ်တဲ.မဆလ မွေးစားသား။ အားလုံးသတိထားကြပါ။

Unknown said...

Your article likes an article from MyanmarExpress.net. In fact, DASSK knows about those extremely foxy Generals very well and she has been trying to find the ways out for all people in Burma. What you sayings about generals are absolutely right but your opinion on DASSK is totally wrong. Dr MS don't fall into the traps of those Generals by posting this kind of article which divides our people and actually supports those thuggish Generals. Those Generals who are indeed hypocrites will like your article and congratulate you.

Unknown said...

ဖိုးလမင်းလိုမျှမျှတတအားလုံးတွေးတတ်ကြဖို့လိုပါတယ်ဘယ်သူဘဲလုပ်လုပ်အချိန် အတိုင်းတာတခုတော့ပေးဖို့လိုပါမယ် အရာအားလုံး ကိုဘုရားသခင် လိုပြည့်စုံစေလို့ဖန်ဆင်းပေးလို့မရပါဘူးနားလည်ပေကြပါသူငယ်ချင်းတို့

Unknown said...

ပြောချင်ရာပြောကြပါစေ

masterkhan said...

တဖက်က သူ.ကိုဆွဲ ခေါ်မှ လူထုကို ချော့နိင်မယ်၊ တဖက်ကလည်း သူခေါင်းမာနေရင် ဒီလိုပဲ ဘေးထုတ်ကန်.သတ် ထားမယ်။ ဒါကြောင့် အနီးကပ် ပူးတိုက်လို.ရအောင် ကပ်တာဖြစ်တယ်။ အဝေးက ပစ်တဲ့ လှံထက် အနီးကပ် တိုက်တဲ့ ဓားက ပို ထိရောက်တယ်လေ။ တစ်ခါတစ်လေ လျှော့ပေးရတယ်၊တစ်ခါတစ်လေ တင်းရတယ်။ သူလည်း အင်းအားကြီးထဲမှာ ညှပ်နေလို. လျှော့ပေးရတာ များနေတာပါ။ ဒါကို တစ်ဖက်က လူထူ အကြည်ညိုပြက်အောင် နဲ. 2015 မှာ အင်အားချိနဲ.အောင် အခုကတည်းက တိုက်စစ် ဆင်နေတာ ဘက်စုံဘဲ လေ။ အန်တီ ရဲ. အဖွဲ.ထဲမှာတောင် သပ်ရှိုပြီး ခွဲထုတ်လိုက်တာကို မြင်တတ်ရင် သိမှာပါ။ ဒီအချိန် ဝေဖန်ရေး လည်း လုပ်ကြပါ။ တစ်ဖက်က နေပြီးလည်း ပြန် စဉ်းစားကြည်.ကြပါ။ ခေါင်းဆောင်ဆို တာ သူမရှိတော့တဲ့ အချိန်မှ သူလုပ်ပေးခဲ့တာတွေ ကို မြင်ကြတာပါ.

kokomg said...

sskw
ခလေးမွေးခိုင်းအုးံမှာလား?

Median Eye said...

သခင်ကိုယ်တော်မှိုင်းကအမှားမရှိခဲ့ဘူး-ဒါဆို-
ဗိုလ်ချုပ်အောင်ဆန်းကအမှားရှိခဲ့သလား။
ဂျပန်နဲ့ ပေါင်းလိုက်၊အင်္ဂလိပ်နဲ့ ပြန်ပေါင်းလိုက်လုပ်ခဲ့တယ်။
တကယ်စိုးရိမ်စရာက-အဲဒီလို-
ဂျပန်နဲ့ ပေါင်းလိုက်၊အင်္ဂလိပ်နဲ့ ပြန်ပေါင်းလိုက်လုပ်ပြီး
နောက်ဆုံး"လွတ်လပ်ရေး"ဆိုတဲ့အဖြေကိုအသက်စွန့် 
ပြီးထုတ်ပေးခဲ့တဲ့ဗိုလ်ချုပ်ရဲ့ လမ်းစဉ်ကိုညီညီညွတ်
ညွတ်မလိုက်နိုင်ခဲ့ပဲ-ပြည်ပကမကျူးကျော်လိုက်ရပဲ
လွတ်လပ်ရေးပြန်ဆုံးရှုံးသွားခဲ့တဲ့-မြန်မာပြည်သူတွေပဲ-

Naing said...

88 ကျောင်းသားဟောင်းကြီး
၈၈ တုန်းကဆို ကျွှန်တော်တောင်မမွေးသေးပါဘူး
ဒါပေမယ့်ဗျာ ခင်ဗျားရေးထားတဲ့ စာကိုဖတ်ရတာ အရမ်းကလေးဆန်ပြီး အဆိုးမြင်နဲ့ အကောင်းမြင်ဆိုပီး ရှိတဲ့အနက်က မကောင်းတာပဲမြင် မကောင်းတာပဲတွေးနေတတ်တဲ့ သူတစ်ယောက်လို့တော့ သုံးသပ်မိတာပဲ
ခင်ဗျားအသက်အရွယ်အရဆိုရင် လောကုတ္တာအရေးတွေလုပ်ပီး ဘ၀ကူးကောင်းအောင်နေသင့်တဲ့အချိန်တောင်ရောက်နေပါပီ
ရတောင့်ရခဲ လူ့ဘ၀ခနတာလေးမှာ ဒီလိုမကောင်းတာတွေလျှောက်ပြောစိတ်တို ဒေါသထွက် နေမယ့်အစား အရာရာကိုအကောင်းတိုင်းလေးမြင်ပီး ပျော်ပျော်ရွှင်ရွှင်လေးဖြတ်သန်းသွာတာ ပိုပြီး အကျိုးရှိပါတယ်
ပျော်ပျော်နေသေခဲတဲ့.....:)
နိုင်ငံအတွက် အကျိုးရှိတဲ့သူ ပြည်သူကို အကျိုးပြုချင်တဲ့သူ နိုင်ငံ့ သမိုင်းမှာ လူထုအကျိုးအတွက် လူတွေပါးစပ်ဖျားမှာတသသ ဖြစ်နေအောင် ခင်ဗျားသမိုင်းစာမျက်နှာမှာရေးချင်တယ်ဆိုရင်တော့ ဒီလိုအတွေး အရေး လုပ်ဆောင်မှုတွေနဲ့တော့ ရေပေါ်မှာအရုပ်ရေးသလိုပဲ ဖြစ်နေမှာပါပဲ ဆိုတာလေးတော့ အကြံပေးချင်သဗျာ.............:)

Unknown said...

အင်း ရေးပုံကတော့ သူရဲကောင်းမြော် ၀ါဒဘဲ သူများကိုချည်းအပြစ်တင်မနေနဲ့ တိုင်းပြည်ကောင်းရာကောင်းကြောင်းဆိုတာထက် ခေတ်ပျက်နေမှ အလုပ်ဖြစ်နေတဲ့ လူမျိုးထင်ပါတယ် ကျနော်သိတဲ့ ဇော်ဝင်း ခေါ် မင်းနိုင်လားမသိဘူး ဒီလူကနိုင်ငံရေးသမားမဟုတ်ဘူး ရရင်ဘနဖူးသိုက်တူးမဲ့ လူစားမျိုး အခြေနေပေးလာလို့ ပြည်တွင်းဝင်ပြီး တခုခုကြံချင်ပုံရတယ်

Unknown said...

That is very obvious.she daw su is really the mg sein side. we were really upset last time that we were admire to her. We see that she is mg sein people now. i hate to remember that she said she is living for all our generations who live in myanmar and she is ready to give her life to guide to be bright future.BUT NOW YOU SEE ma su is really mg sein sister. VERY UPSET.

thang said...

insightful and thought enhencing article