Wednesday, December 12, 2012

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၄)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၄)

ဒီဇင်ဘာ (၁၁)

“မစောင့်နိုင်ကြတော့ဘူးလား” :)

လမ်းပြမြေပုံ ၇ ချက်ကို အဆင့်တိုင်းမှာ တိုက်ဖျက်မယ်လို့ ကြွေးကြော်ခဲ့ပြီး ဘယ်အဆင့်ကိုမှ တိုက်ဖျက်နိုင်ခြင်းမရှိခဲ့တဲ့ ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ‘ဂီးဆောင်ဂျောင်း’ ဆိုတဲ့ ပုဂ္ဂိုလ်တွေတော့ တဖွဲ့ပြီးတဖွဲ့ တယောက်ပြီးတယောက် ဆိုသလို ပေါ်ပေါ်ထင်ထင်တနည်း တိတ်တိတ်ကလေးတဖုံ ပြည်တွင်းကို သုတ်ခြေတင်နေကြလေရဲ့။ ဆက်လက်ထွက်ခွာမယ့် အဖွဲ့တွေကလည်း အထုပ်အပိုး တပြင်ပြင်နဲ့လို့ ကြားရလေရဲ့။

ရှေ့မျက်နှာ နောက်ထားပြီး ပြည်တွင်းကို သွားရတဲ့ အကြောင်းအရင်းကတော့ သံဃာတွေကို ပူပူနွေးနွေး မီးလောင်ဗုံးနဲ့ ထုထားတဲ့ အရပ်သားအစိုးရအယောင်ဆောင် ကြံ့ဖွံ့စစ်အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှု အခြေအနေတွေကို လေ့လာဖို့အတွက် ဖြစ်ပါသတဲ့။

အင်း ... အဲဒီသတင်းတွေ ဖတ်ပြီး မဆလသမ္မတဟောင်း ဒေါက်တာမောင်မောင်ရဲ့ နာမည်ကျော် စကားတခွန်းကို နားထဲ ကြားယောင်မိသလိုလို ...။

“မစောင့်နိုင်ကြတော့ဘူးလား” :)

http://moemaka.com/?p=30057

ဒီဇင်ဘာ (၁၀)

“ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ဝေဖန်ပါဆိုလို့ ...”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂတို့ရဲ့ တွန်းတွန်းတိုက်တိုက် ချဉ်းကပ် ဖိအားပေးခံရမှု ဒါမှမဟုတ် spoonful feeding ကို ခံယူခဲ့မှုကြောင့်ပဲလားတော့မသိ၊ ဒီမိုကရေစီ စစ်စစ်မှန်မှန် ရရှိအောင် အကောင်အထည်ဖော်ခွင့်ရမှာ မဟုတ်တဲ့ (ခွေးမြီးကောက် ကျည်တောက်စွပ် ကြံ့ဖွံ့စစ်အုပ်စုကို အကြီးအကျယ် နိုင်ငံရေးအမြတ်ထွက်စေခဲ့တဲ့) ၂၀၀၈ အခြေခံဥပဒေ ဆိုသဟာကြီးကို ဗြုန်းစားကြီး လေးစားလိုက်နာခဲ့ရတဲ့ မဟာအမှားတခု ရှိနေတဲ့အပေါ် လက်ပံတောင်းသပိတ်စခန်း ဖြိုခွဲခံရတဲ့ကိစ္စမှာ ကြံ့စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ မဟာအပြစ်ကိုပါ မဆီမဆိုင် ၀င်ကာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးရေးကိစ္စတွေကို ချဉ်းကပ်နေမယ်ဆိုရင် အမှားပေါ် အမှားထပ်ဆင့်ခြင်းသာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဘာဖြစ်လို့ အဲသလို ပြောရလဲဆိုတော့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီအနေအထားမျိုးဆီ ရှေးရှုချင်နေတဲ့ စကားတွေကို ဒေါ်အောင်ဆန်းစုကြည် ပြောတာ ကြားလိုက်ရလို့ပါ။

(ကြားချင် နားဆင်သာကြည့်ကြပေရော့ ...)

https://www.youtube.com/watch?feature=player_embedded&v=JAKHBVitEIw

“ရင်လေးစရာ ...”

လိမ်ဆင်ကို လိမ်ဆင်မှန်း အမှန်တကယ် မသိလို့လား၊ ဒါမှမဟုတ် အလိမ်ခံရတာကပဲ (၀ဲကုတ်ရတာကို ဖီးလ်တွေ့နေတတ်သူတွေလို) ခပ်ကောင်းကောင်းဖြစ်နေကြလို့လား ဒါမှမဟုတ် လိမ်ဆင်ကို ဂိန်ဆင်လို့ မထင်ဘဲ ဘပြောင်တို့ ဒီမိုကရေစီကို ရီးရဲလ်လီး ဦးတည်မယ်လို့ ထင်နေလို့လားတော့မသိ။ ရွှေပြည်အေးဆရာလိုလို၊ စိတ်ကျဝေဒနာသည်လေသံနဲ့ သတိပေးပြောကြားသလိုလို၊ ပညာရှင်ဆန်ဆန် ပြောနေသလိုလို၊ အဖြေမပါတဲ့ ဝေဒနာသည် ညည်းချင်းလိုလို၊ ‘အစ်မ အစ်မ’ လို့ အင်ဒါရိုက်လီး မ, နေသလို လေသံတွေနဲ့ လှစ်ဟနေကြတဲ့ ဆောင်းပါးရှင်တွေ တနေ့တခြား များများလာပါလားဟရို့။

ဒီဇင်ဘာ (၉)

“ဆရာကြည်မင်းရဲ့ status ကို ဖတ်ပြီး ‘ပွဲကြိုက်ခင်’ သီချင်းအလိုက်နဲ့ ညည်းရမလိုပါပဲ။”

“အရပ်ထဲက ပြောလှပါပြီ ... ဗြောင်တောင်းကြီးကြောင့် ခက်လှချည်ရဲ့ ... အရှက်ရပေါ့ရှင်ရယ် ပြောပေမယ်လို့ ဘယ်အခါ မလျှော့တယ် ... (အော်) … အာဏာဆိုတာရယ် .... အသေသာ ဆော်နိုင်ရင် ... အမြဲတမ်းပဲ မြဲလိမ့်မယ် မထင်နဲ့ကွယ်” :)

http://www.youtube.com/watch?v=ECr95VULkVg"

‘ဆရာကြည်မင်းရဲ့ status”

အရပ်ထဲမှာတော့ ရှဲဒိုးသမ္မတ ဗြောင်တောင်း က ပိုပြီး အာဏာရှိနေတယ် ဆိုတာမျိုး ပြောနေကြတယ်။ ကြေညာချက် ပြန်ရုပ်သိမ်းရတာ၊ ကော်မရှင် နှစ်ခါပြန်ဖွဲ့ပြီး မီးလောင်ဗုံးကိစ္စကို ဖြုတ်လိုက်တာကြည့်ရင် ရုပ်သေး ‘ဘပြောင်’ ထက် ရှဲဒိုး ‘ဗြောင်တောင်း’ က ပို အာဏာရှိတာ သိသာသတဲ့။

“သွေးရိုးသားရိုးလား၊ မေ့အကြိုက်မေ့သဘောလား”

ရွေးကောက်ပွဲ စည်းရုံးရေးကာလမဟုတ်ပါဘဲ လက်ပံတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှုအတွက် သံဃာတွေနဲ့ ပြည်သူတွေရဲ့ ထိုင်သပိတ်တွေ၊ စီးတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်မှုတွေ အမြို့မြို့ အနယ်နယ်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာချိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်ဟောပြောရေးခရီးစဉ်တွေ ဖြစ်ပေါ်လာချိန် ထူးထူးခြားခြား တိုက်ဆိုင်နေတာဟာ သွေးရိုးသားရိုးလား၊ မေ့အကြိုက်မေ့သဘောလား ဆိုတာ စဉ်းစားစရာဖြစ်ရပါတယ် (ဗိုလ်ထီးရဲ့ သီချင်းလို ‘မောင်အရင်လိုမဟုတ်တော့ဘူး’ ဆိုတော့ စဉ်းစားစရာတွေ ဖြစ်လာတော့တာပေါ့)။"

“အာဏာလိုချင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားအပေါ် …”

အာဏာလိုချင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်ရင် လူထုအင်အားနဲ့အတူ ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြင်ဆင်နိုင်အောင် အရင်ကြိုးစားရမှာဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ ပြည်သူ့ဆန္ဒထုတ်ဖော်နေကြတဲ့ နေရာအသီးသီးက ရဟန်းရှင်လူပြည်သူတွေကို လူထုခေါင်းဆောင်တယောက်အနေနဲ့ သွားရောက်အားပေးစေလိုပါတယ် ဒေါ်အောင်ဆန်းစုကြည်။ ပြီးရင် အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် စနစ်ကျတဲ့ လူထုတိုက်ပွဲကို ဦးဆောင်မှုကို ပေးစေလိုပါတယ်။

ဒီဇင်ဘာ (၈)

“သဘောပေါက်”

စစ်ပြေးဒုက္ခသည်တွေကို ကူညီချင်တာတောင်မှ ခွင့်မပြုနိုင်ဘူးဆိုတော့ ဦးသိန်းစိန်အစိုးရကို သဘောပေါက်တော့ပေါ့ ယူအန် (UN) ရေ ...။

“မိခင်ရော ကလေးပါ ဆုံးပါးရမယ့်ကိန်းဆိုက်နေပြီလား”

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့အဖြစ်က အားစိုက်ပြီး ညှစ်လိုက်ရင် ထွက်လာတော့မယ့် ဒီမိုကရေစီသန္ဓေသားကို ဦးဆောင်မွေးဖွားပေးတဲ့သူက နာမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ပြောင်းပြီး ခွဲစိတ်ခန်းထဲ သွင်းလိုက်ကာမှ ကိရိယာတန်ဆာပလာ မစုံလင်၊ ဆေးဝါးမစုံလင်၊ ပိုးသတ်မထားတဲ့ ခွဲစိတ်ခန်းထဲမှာ မိခင်ရော ကလေးပါ ဆုံးပါးရမယ့်ကိန်း ဆိုက်နေပြီလား ... ဘယ်လို ဖောက်ထွက်လုပ်ဆောင်ကြမလဲ ဆိုတာကို ခေါင်းဆောင်တွေ လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ရမယ့်အချိန် ရောက်နေပြီလို့ ထင်တယ်။

ဒါပေမယ့် အခုအချိန် ၀ိုင်းညှစ်ရင် မီဦးမယ် ထင်တာပဲ။ ခေါင်းဆောင်မှုအပိုင်းက ကန့်လန့်ခံနေတဲ့ ပုဂ္ဂိုလ်တွေ ၂၀၁၅ ကို ဟိုဟာကြီး ဟိုအကောင်မျှော်ဆိုသလို စစ်အုပ်စု ပေးထားတဲ့အနံ့ လိုက်ရှူမနေကြဘဲ တောင်းဆိုသင့်၊ တိုက်သင့်တဲ့ တိုက်ပွဲမှန်သမျှကို (မြစ်ဆုံတိုက်ပွဲလို) ပြည်သူရှေ့က ပြန်ရပ်ပြီး မားမားမတ်မတ် ဦးဆောင်မှုပေးဦးမယ် ဆိုရင်ပေါ့။ မဟုတ်ရင်တော့ ...။

ဒီဇင်ဘာ (၇)

“ကြားညှပ်ပြီး ပြားချပ်သွားမှာစိုး ...”

ကြားနေတယ်ဆိုတာ နေလို့ကောင်းတဲ့ အခြေအနေတွေ ရှိသလို နေလို့မကောင်းတဲ့ အခြေအနေတွေလည်း ရှိတယ်။ ကြားနေလို့ မကောင်းတဲ့ အခြေအနေတွေ အရမ်းကို သိသာထင်ရှားနေတဲ့ ပဋိပက္ခမျိုးတွေမှာ ကြားနေဖို့ ကြိုးစားလုပ်ဆောင်နေမယ်ဆိုရင် အင်အားစုနှစ်ခုရဲ့ကြားမှာ ကြားညှပ်ပြီး ပြားချပ်သွားတတ်တာကိုလည်း သတိပြုမိဖို့ လိုပါတယ်။

အထူးသဖြင့် တဖက်သတ် ဖိနှိပ်ရက်စက် လက်ဝါးကြီးအုပ်တဲ့ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အကျိုးစီးပွားနဲ့ ဖိနှိပ်ရက်စက် လက်ဝါးကြီးအုပ်မှုကို ခံရတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကြားမှာ ကြားနေဖို့ ကြိုးစားရင်ပေါ့ ...။

“သေချာတာကတော့ …”

သေချာတာကတော့ အဖြေမှန်ကို တင်ပြမယ်ဆိုရင် ဦးသန်းရွှေနဲ့ ကာလုံအဖွဲ့က မကြိုက်မှာတော့ အမှန်ပဲ။ လက်ပံတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဘယ်လမ်းကို လျှောက်မလဲဆိုတာပဲ ပြည်သူက စောင့်ကြည့်နေမှာပါ။

ဒီဇင်ဘာ (၆)

“လေပန်းတာပဲ အဖတ်တင် မဖြစ်ဖို့လို ...”

အပြောကတော့ ရွှေမန်းပဲ။ နောက်မှ လေပန်းတာပဲ အဖတ်တင် ဆိုသလို ဖြစ်ဖြစ်သွားတာ ၂၄ နှစ်ကျော်ခဲ့ပြီလေ။ အခုအချိန်ကတော့ လေပန်းတာဆို သေစမ်းပါလို့ စောဒကတက်မယ့် ခေတ်ဖြစ်နေပြီ။ ပြည်သူတွေခမျာ ခံရပေါင်းများလို့ စကားလုံးလှလှလေးတွေနဲ့ ဘယ်သူတွေ ဘယ်လို ရွှီးရွှီး ဘယ်လို နှစ်သိမ့် နှစ်သိမ့် မယုံကြတော့ဘူးလေ။

ဒီဇင်ဘာ (၅)

“ဘယ်သူမပြု မိမိမှု”

အီဂျစ် ဒီမိုကရေစီတော်လှန်ရေးကို မြန်မြန်အဆုံးသတ် အောင်ပွဲခံနိုင်အောင် ဦးဆောင်မှုပေးနိုင်သူရယ်လို့ ချီးမွမ်းလို့မှ မကြာသေး၊ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူတွေ အလိုမတူဘဲ ချဲ့ထွင်ဖို့ ကြိုးစားတာကြောင့် သမ္မတထိုင်ခုံမှာ ဖင်ပူအောင်မထိုင်ရသေးတဲ့ မိုဟာမက်မော်စီတယောက် လောလောဆယ်မှာ အီဂျစ်ပြည်သူတွေရဲ့ လက်ညှိုငေါက်ငေါက်ထိုး စိန်ခေါ်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရလေပြီ။

“တရုတ်ပြည်သူတွေတော့ ဂွမ်းကုန်တော့မှာပဲ ချန်ဂွမ်ချန်းရယ် ...”

တရုတ် မျက်မမြင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချန်ဂွမ်ချန်းက တရုတ်သမ္မတအဖြစ် အရွေးခံထားရတဲ့ ဇီကျင်ပင်းအနေနဲ့ မြန်မာအစိုးရရဲ့ ပြောင်းလဲမှုပုံစံကို အတုယူ လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တယ် ဆိုတဲ့သတင်း ဖတ်ရ ကြားရတော့ ပြုံးချင်ချင် ဖြစ်မိသလို တရုတ်ပြည်သူတွေတော့ ငါးပါးမှောက်ကုန်တော့မှာပဲလို့လည်း စိတ်ပူသွားမိတယ်။ သြော် ... သူလဲလေ မျက်စိမမြင်ပေသမို့ လေသံကြား တရားနာမိပြီး မင်းသားခေါင်း ပြောင်းစွပ်ထားတဲ့ စစ်ဘီးလူတွေကို တော်လေစွ တော်လေစွလို့ အထင်မှားနေပုံရတယ်ဆိုပြီး ဂရုဏာသက်နေမိတယ်။

“ပုစဉ်းရင်ကွဲအော်သံတွေ ဆွံ့အတိတ်ဆိတ်သွား”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းတွေ အကြမ်းဖက် ဖြိုခွဲခံလိုက်ရတဲ့ သတင်းက “သမ္မတကြီးကို ယုံတယ်” “သမ္မတကြီးကို ထောက်ခံတယ်” ဆိုတဲ့ ပုစဉ်းရင်ကွဲအော်သံတွေကို ဆွံ့အတိတ်ဆိတ်သွားစေတယ်။

အဲသလို ရုပ်သေးသမ္မတ ဦးသိန်းစိန်ကို ဘုမသိဘမသိ ထောက်ခံနေကြတဲ့ ဆူညံသံတွေ ပျောက်ကွယ်သွားဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးကတော့ တော်တော်ကြီးမားလေတယ်။

“ခံရဲတဲ့ကိစ္စ ...”

“နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေ့ရဲ့ လက်သုံးစကား အဆိုလေးကို ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး။ ခံရဲတာက သတ္တိတဲ့။ ဒါကို တလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ရာ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့အကျိုးဆက်တွေကို ခံရဲရမယ်လို့ ဆိုလိုတာပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆောင်းပါးထဲမှာ ပြောထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့ အကျိုးဆက်တွေက ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးချခံတာမျိုး ဖြစ်မလာဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက်သာ အသုံးချ ‘ခံ’ ရဲတာမျိုး (မရည်ရွယ်သော်ရှိ) ဖြစ်သွားမှာကို ပြည်သူတွေက အထူးတလည် စိုးရိမ်ပြီး ဘုရားတနေကြပါတယ်။ အထူးသဖြင့် အခု လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်မှာ ပါဝင်တဲ့ကိစ္စပေါ့ ... (ရင်တမမပါပဲ)။

ဒီဇင်ဘာ (၄)

“ရူးချင်ယောင်ဆောင်မနေနဲ့ ဦးသိန်းစိန်”

ပြည်သူတွေအနေနဲ့ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ဆီက ဘာရလဒ်တွေ ထွက်လာမလဲဆိုတာကို စောင့်နေစရာ မလိုပါ ... သမ္မတဆိုတဲ့ ကြံ့ဖွတ်အစိုးရအဖွဲ့ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဦးသိန်းစိန် အမြန်ဆုံး ထွက်ရှင်းပြီး သံဃာတွေ၊ ဒေသခံတွေ ကျေနပ်တဲ့အထိ ၀န်ချတောင်းပန်ရမှာပါ။ လိုအပ်တဲ့ အကူအညီတွေ ပေးရမှာပါ။ ရူးချင်ယောင်ဆောင်မနေသင့်ပါ ဦးသိန်းစိန် ...။

“၀ါးတားတား စကားတခွန်း ခေတ်စားလာ”

ဒီမိုအတိုက်အခံတွေကြားထဲမှာ တနေ့တခြား “ဥာဏ်အမြော်အမြင်ကြီးကြီးထားကာ ဖြေရှင်းရမည်” ဆိုတဲ့ ၀ါးတားတား စကားတခွန်း ခေတ်စားလာတာ နားထောင်လို့ကောင်းပေမယ့် တက်နေခဲ့၊ တက်နေဆဲ ပြဿနာတွေ၊ တိုက်ပွဲတွေကတော့ ဘာတခုမှ ဟုတ်တိပတ်တိ ပြေလည်တာ မတွေ့ရသေးတာ ဦးဆောင်ဖြေရှင်းနေတဲ့သူတွေ ဥာဏ်အမြော်အမြင် မရှိကြလို့လား၊ ဥာဏ်အမြော်အမြင် ရှိရှိ ဖြေရှင်းခွင့်မရတာလား စဉ်းစားစရာ ...။ ရှေ့လျှောက်ရော ဒီလိုပဲ ဆက်သွားကြမလား ဆိုတာလည်း စဉ်းစားစရာ ...။

ကြံ့ဖွတ်စစ်အုပ်စုဘက်ကတော့ ဥာဏ်ကို အားမကိုးဘဲ လက်နက်ကို အားကိုးပြီး ဖြေရှင်းနေဆဲပဲလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ သူတို့အာဏာကို မထိပါးမယ့် သမ္မတကြီးကို ထောက်ခံဆန္ဒပြပွဲမျိုးကို လူဘယ်လောက်များများ၊ ဘယ်နှစ်ရက်ပဲ ဆန္ဒထုတ်ဖော်ဖော် မသိချင်ယောင်ဆောင်နေပေမယ့် သူတို့အာဏာကို ထိပါးမယ့် လူထုဆန္ဒဖော်ထုတ်ပွဲ မှန်သမျှကိုတော့ (ပြည်တွင်းငြိမ်းချမ်းရေး စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ၊ မိုးထိမိုးမိ ဆန္ဒထုတ်ဖော်ပွဲနဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်ပွဲတွေကိုတော့) ဘီလူးဆိုင်းတီးပြီး ရက်ရက်စက်စက် ဖြေရှင်းနေတာပဲ တွေ့ရတုန်းမို့ပါ။

“ပြီးပြီးပျောက်ပျောက် နေလို့မရ”

ကျနော်တို့နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲကလိန်ကကျစ်ကျမှုကြီး ပြီးကတည်းက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ မဲလိမ်မှုကြီးကို ကမ္ဘာသိ ထုတ်ဖော်မယ်၊ ကန့်ကွက်ရှုတ်ချမှုတွေ လုပ်မယ်ဆိုတဲ့ အသံတွေ ဆူညံနေခဲ့တယ်။ အဲသလို ဆူညံပွက်လောရိုက်နေစဉ်မှာပဲ ...

- အဓမ္မ လယ်ယာမြေအသိမ်းခံ လယ်သမားတွေရဲ့ ဆန္ဒထုတ်ဖော်မှု/ လုပ်ခလစာ နစ်နာမှုတွေ ကြုံတွေနေရတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး တောင်းဆိုမှု တိုက်ပွဲတွေ ပေါ်လာတယ်။

- အဲဒီနောက် ကချင်စစ်ပွဲနဲ့ စစ်ပြေးဒုက္ခသည်တွေကိစ္စ ပေါ်လာတယ်။

- မြစ်ဆုံစီမံကိန်း ရပ်စဲရေးနဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်တောင်းဆိုပွဲတွေ ပေါ်ပေါက်ခဲ့တယ်။

- မိုးထိမိုးမိရွှေတွင်းတူးအလုပ်သမားတွေရဲ့ ဆန္ဒဖော်ထုတ် တောင်းဆိုပွဲပေါ်ပေါက်ခဲ့တယ်။

- ရခိုင်အကြမ်းဖက်မှု ပဋိပက္ခကြီး ပေါ်ပေါက်ခဲ့တယ်။

- ပြည်တွင်းငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲ ပေါ်ပေါက်ခဲ့တယ်။

- အခုနောက်ဆုံး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အထွေထွေသပိတ်စခန်း ဖြိုခွဲခံရမှုအတွက် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတယ်။

အဲသလို ပြဿနာတွေ၊ ဆန္ဒဖော်ထုတ် တောင်းဆိုပွဲတွေ ဆက်တိုက်ဆိုသလို ပေါ်လာတဲ့အပေါ်မှာ နောက်ပြဿနာက ရှေ့ပြဿနာကိုဖုံးလွှမ်းသွားတာမျိုး၊ နောက်ဆန္ဒထုတ်ဖော်ပွဲက ရှေ့ဆန္ဒထုတ်ဖော်ပွဲကို မေ့ပျောက်သွားစေတာမျိုးတွေ ဖြစ်နေတာ တွေ့ရတယ်။ ကျနော်တို့နိုင်ငံသားတွေကပဲ လာသမျှ ဘောလုံးနောက်ကို စုပြုံပြေးလိုက်ပြီး ကစားတတ်တဲ့ အလေ့အထုံ ရှိလို့လားတော့ မသိဘူး၊ ပြဿနာတခု ဆန္ဒဖော်ထုတ်ပွဲတခု အသစ်ပေါ်လာရင် ပြဿနာဟောင်းတွေ၊ တိုက်ပွဲဟောင်းတွေကို မေ့ချင်သလိုလို ဖြစ်ဖြစ်သွားတတ်ကြတယ်။

တကယ်တော့ ဖြစ်နေဆဲ ပြဿနာနဲ့ တိုက်ပွဲကိုရော၊ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ တိုက်ပွဲတွေကိုရော မေ့ထားလို့ မဖြစ်ပါဘူး။ အဲဒီပြဿနာတွေ တိုက်ပွဲတွေအားလုံးဟာ ကြံ့ဖွံ့စစ်အစိုးရရဲ့ မူမမှန်မှု၊ မရိုးသားမှုနဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် ပေါ်ပေါက်လာတာပဲဖြစ်တယ်။ အဲဒါကြောင့် အသစ်ပေါ် အဟောင်းမေ့ မဖြစ်ကြဘဲ ပြဿနာအားလုံး၊ တိုက်ပွဲအားလုံးကို ခေါင်းထဲမှာ ထည့်ထားပြီး ဖိနှိပ်ရက်စက်ဆဲ မူမမှန်တဲ့ ကြံ့ဖွတ်စစ်အစိုးကို လူထုအားနဲ့ ၀ိုင်းဝန်း ဖြိုချနိုင်ဖို့ နည်းလမ်းတွေကို အမြဲကြံဆနေရမယ်။ ပြီးပြီးပျောက်ပျောက် နေလို့မရဘူး။ နေလိုက်ရင် ဒီမိုကရေစီအရေခြုံ အာဏာရှင်စနစ်သစ်အောက်မှာ ထပ်မံလည်စင်းခံရဖို့ ရှိတယ်။

“မော်ဒန်ဒက်ဖနေရှင်းလေးများ အတိအကျ ဖွင့်ပေးမယ့်သူ ရှိရင်ဖြင့် ...”

အာဏာရှင်စနစ်အောက်နေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းလာတဲ့ နိုင်ငံတွေထဲမှာ အများစုက လူထုတိုက်ပွဲနဲ့ အောင်ပွဲခံလာတဲ့ နိုင်ငံတွေ များပါတယ်။ မြန်မာနိုင်ငံမှာကျမှ လူထုတိုက်ပွဲ လိုအပ်လို့ ထောင်ကျတန်းကျခံ၊ အသက်နဲ့ရင်းပြီး ဆင်နွှဲနေတဲ့သူတွေကို ကျေးဇူးတင်ရကောင်းမှန်း မသိတဲ့အပြင် အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန်လှည့်အောင် လုပ်နေသူတွေလို့ ဖင်လှန်ပြနေ (အမြင်စောင်းနေ) တဲ့ လူတန်းစားပျက်တွေ ရှိနေတယ်ဆိုပဲ။ ထိုသူတွေကို ဘာလို့ လူတန်းစားပျက်လို့ ခေါ်ဝေါ်သုံးနှုန်းနေကြတာပါလိမ့် ??

အခုလို အာဏာရှင်ကိုယ်နှိုက်က အခြေအနေမဟန်တော့လို့ သို့တည်းမဟုတ် သူတို့လိုချင်တဲ့ ဒီမိုကရေစီအရေခြုံ အာဏာရှင်စနစ်သီဆီ လှည့်ဖြားခေါ်ဆောင်ချင်လို့ မစို့မပို့ ဖွင့်ပေးထားတဲ့ ပွင်းလင်းမှုလေးအောက်မှာ အရင်ကထက် ကိုယ့်တကိုယ်စာဘ၀ ပိုအဆင်ပြေလာတဲ့ လက်ငင်းအနေအထားလေး ပြန်‘ပျက်’ယွင်းသွားမှာ စိုးရိမ်ကြောင့်ကြနေသူတွေကို လူတန်းစားပျက်တွေလို့ ခေါ်လေသလား၊

ဒါမှမဟုတ် ဘယ်သူတွေ ဘယ်လိုပဲ ဒုက္ခရောက်နေရောက်နေ ငါနဲ့ ငါ့မိသားစုလေး အဆင်ပြေနေရင် ပြီးတာပဲဆိုတဲ့ စိတ်ဓာတ်ရေးရာ ‘ပျက်’ယွင်းနေတဲ့သူတွေကို လူတန်းစားပျက်တွေလို့ ခေါ်လေသလား၊

ဒါမှမဟုတ် အာဏာရှင်တွေရဲ့ လှည့်ဖျားမှုတွေကို မမြင်နိုင်လောက်အောင် အမြင်အာရုံတွေ၊ စဉ်းစားဥာဏ်တွေ၊ ဆင်ခြင်တုံတရားတွေ ‘ပျက်’ယွင်းနေသူတွေကို လူတန်းစားပျက်လို့ ခေါ်လေသလား ... မော်ဒန်ဒက်ဖနေရှင်းလေးများ အတိအကျ ဖွင့်ပေးမယ့်သူရှိရင်ဖြင့် ကြားချင်ပါဘိတောင်း …။ :)

“နံရံပါးပါးလေးပါ ...”

အာဏာမစွန့်ချင်ဘဲ နည်းမျိုးစုံနဲ့ ညစ်နေတဲ့ အာဏာရှင်အတွက် သူတို့အထင် ရွှေစံအိမ် (တကယ်တော့ ရွှေလှောင်အိမ်) ထဲက ဘ၀နဲ့ လမ်းပေါ်မှာ ခွေးသေ၀က်သေ သေရတဲ့ ဘ၀ဆိုတာ တကယ်တော့ နံရံပါးပါးလေးပဲ ခြားတာပါ။ လူထုအားနဲ့ တွန်းအဖြိုမခံရခင် အခိုက်အတန့်မှာတော့ ရွှေစံအိမ်ထဲမှာ ဟန်ကြီးတခွဲသားနဲ့ ဘယ်သူ့မှ လူမထင်တဲ့ အနေအထားပေါ့။ ပြိုလဲပြိုရော ကဒါဖီရဲ့ဖြစ်အင်ကိုသာ ကြည့်ကြပေတော့ ...။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

10 comments:

myo chit said...

နိုင်ငံပျက်မှလွဏ်းဆွေဆိုတဲ့လဒကြီးကအောင်သေအောင်
သားစားမယ်ပေါ့။

ှဲKaung said...

မြန်မာပြည်ကသူတွေ ဆက်လုပ်ကြကွာ။ ငါတော့ မြောက်ပေးပြီးပြီ။ နည်းးနည်းးထပ်ချပြီးး ပြန်အိပ်လိုက်ဦးမယ်။ ပြီးမှ ကော်မန့် တွေ ပြန်လာဖတ်မယ်။
လွဏ်းဆွေ

Unknown said...

အခုလို ထောက်ပြဝေဖန်တဲ့လူတွေကို အပြစ်မမြင်မိပါဘူး။
အဘစီစဉ်သမျှ အားလုံးကောင်းပါသည်။ အဘ..ဘောတော်မြတ် အတိုင်းပါပဲ.. ဆိုတဲ့ တစ်လမ်းသွား စနစ်နဲ့ လူတွေကြောင့် တိုင်းပြည်ဖွတ်ဖြစ်ခဲ့ရတာပါ။
ထောက်ပြဝေဖန်ချက်ထဲမှာ အားလုံးမှန်ပါတယ်၊ အားလုံးမှားပါတယ် ဆိုတာ မရှိနိုင်ပါဘူး။ ဒီလိုမျိုးတွေရှိမှလည်း ဆင်ခြင်သင့်တာကို ဆင်ခြင်သုံးသပ်ပြီး လိုသလို ဥာဏ်နဲ့ယှဉ် ပြုပြင်ကြရမှာပါ။
ဘာပဲပြောပြော ဒေါက်တာလွဏ်းဆွေရဲ့ စာတစ်ချို့မှာ ခပ်ချဉ်ချဉ်ဖြစ်ပြီး ရေးတဲ့အခါ ဒေါသသင့်နေတတ်တာမျိုးတွေ ပါတတ်ပေမယ့် ကြိုဆိုပါတယ်။ လိုလည်း လိုအပ်ပါတယ်။

အောင်းသူ said...

မင်းအိပ်နေလို့မရဘူ မင်းလဲလုပ်ရမယ်မဟုပ်ရင်ငါတိုဘဲထောင်ထဲမဝင်ချင်ဘူးမင်လဲလိုက်ရမယ် အဖော်လဲရအောင်လို့ပြောတာ ရေဒီယိုကပြောတာတို့အကောင်တွေဘဲ ဟုပ်လဲဟုပ်ဘဲနဲ့ ဟွမ်း

Maung Win said...

သူလည်း ဆရာကြီး တစ်ပါး ပါဘဲ။

S.Maung Chain said...

I agree with Nga Ba.
I think DASSK get confuse and hesitate between publics and dictatorships.I hope she will walk on the right way by the peoles one day cause she speak to the peoples to follow with her in every mass meeting that why.

khine said...

ကိုလွမ်းဆွေထောက်ပြတာက လက်ရှိမြင်နေရတာကိုပိုပြီးထင်ဟပ်စေတယ် ။ ကျနော့အထင်ပြောရရင်တော့ ဒေါ်စုလည်း အမေရီကန်ဆီကဖိအားကြောင့်များ ဒီလိုလုပ်နေရပြီလားလို့ ။ အခု ဖုန်းကြီးတွေကို မီးလောက်ဗုံးနဲ့ပစ်တာတောင် အမေရီကန်က ဦးသိန်စိန်တို့အစိုးရကို ဘာမှမပြောဘူးလေ ။ ဒီနအဖ တဖြစ်လဲတွေ ငြိုငြင်ပြီးတရုပ်ီားနဲ့ ပိုကပ်လိုက်မှာကို ကြောက်နေပုံရတယ်

Moemin said...

ကဲ မနက်ဖန်ကစပြီး ကိုယ်နိုင်သလောက် လုပ်အား ငွေအား နဲ့ ၀န်းရံကြ ရ အောင်

အကြံဥာဏ်အား တို့ ဆောင်းပါးအားတို့ စကားလုံး အား
တို့တော့ အလိုမရှိပါ သိပ်များလွန်းနေပြီ

Anonymous said...

အမှန်က မီရထားဝန်ကြီးလာညှိနှိုင်းတာ ကို မျှော်နေတာ။ သူလည်း နိုင်ရေး သုတေသီထဲပါချင်နေတာ။ ခက်တာက သူ့ကို ပြည်သူတွေ က မသိတော့။နည်းနည်း ဖုစပြုနေပြီ။
အော်ရတာလဲမောပြီ ပုလင်းကုန်ပြီ လင့်ရတာလည်းမောပြီ ငါ့ကို အိမ်ပြန်ပို့ကြပါတော့။
ပုံ
လွန်ဆွဲ။

Unknown said...

ကိုလွဏ်းဆွေ အရက်တွေပြန်သောက်နေတာလားဗျာ။