Wednesday, December 19, 2012

ဖေ့စ်ဘွတ်ခ်စာ တိုနံ့နံ့ (၅)

(ကျနော်၏ Lun Swe ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးဖြစ်ခဲ့သည့် စာစုတိုလေးများကို စုစည်းတင်ဆက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုရာတွင် ရက်စွဲနှင့် အကြောင်းအရာ တိုက်ဆိုင်ဖတ်ရှုပါက ပို၍ ဇာတ်ရည်လည်မည်ဟု အကြံပြုလိုပါသည်။)

ဒီဇင်ဘာ (၁၉)

“ဆရာမန်းရှာ ပြောတဲ့ သတိထားစရာ ၀ဲရောဂါ”

ဆရာမန်းရှာ (KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း) ရှိတုန်းက ဆုံခဲတဲ့ ဆရာ့ဆီ ရောက်တုန်းရောက်ခိုက် ဆရာ့ဆီက ရှားရှားပါးပါး မှတ်ချက်တခု ကြားရဖူးတယ်။

“ကျနော်တို့တော်လှန်ရေးလည်း အဲန်ဂျီအိုဝဲစွဲနေပြီဗျာ” တဲ့။

အခုအချိန်မှာ “ဆရာရေ … အခု ဆရာ စိုးရိမ်တဲ့ ၀ဲရောဂါ ပြည်တွင်းထဲကို ရောက်သွားပြီ” လို့ ဆရာ့ကို ပြောပြရင်တော့ ဆရာ ဘယ်လိုမှတ်ချက်များ ထပ်ပေးဦးမယ်မသိ။

(အဲဒီနေ့က ဆရာနဲ့ အဲန်ဂျီအိုတွေအကြောင်း၊ resettlement program တွေအကြောင်း စကားစပ်မိရင်း ဆရာက အဲန်ဂျီအိုတွေဆီက အကူအညီရတာ ရှိသလို တော်လှန်ရေးအင်အားစုတွေအတွင်း အကျိုးခံစားခွင့်တွေနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲတာ၊ အကျင့်ပျက်ခြစားတာတွေ အကြီးအကျယ် ကြုံရကြောင်း၊ resettlement program ကြောင့်လည်း တော်လှန်ရေးအင်အားစုတွေ ပြိုကွဲတာ ကြုံရကြောင်း အကောင်းအဆိုး ယှဉ်တွဲသုံးသပ်ပြရင်း ဆရာ့ဆီက အမှတ်မထင် ကြားခဲ့ရတဲ့ စကားလေးပါ။)

ဓာတ်ပုံကို http://parsethan.wordpress.com/ မှ ယူပါသည်။

“စစ်ခွေးနှိမ်နင်းရေး လုပ်ဆောင်ကြဖို့လို ...”

အာဏာလက်မလွှတ်ချင်တဲ့ ကြံ့ဖွံ့စစ်ခေါင်းဆောင်တွေ (အာဏာရှင်တွေ) မွေးထားတဲ့ စစ်ခွေးတွေ (ရဲသတင်းပေး၊ စွမ်းအားရှင်၊ နယ်ထိန်း၊ လုပ်ပိုင်ခွင့်ထက် ပိုဖိနှိပ်ရက်စက်တတ်တဲ့ လုံခြုံရေးဝန်ထမ်းတွေ) အင်အားဟာ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ ပြည်သူလူထုအင်အားနဲ့ နှိုင်းစာရင် ၁,၀၀၀ မှာ ၁၀ ယောက်နှုန်းလောက်ပဲ ရှိမှာပါ။

အဲဒါကြောင့် ကိုယ်ခံပညာတတ်ကျွမ်းတဲ့၊ ရဲရဲရင့်ရင့်နဲ့ ပြည်သူ့အကျိုးကို သယ်ပိုးလိုတဲ့ လူငယ်တွေအနေနဲ့ စစ်ခွေးနှိမ်နင်းရေး လက်ရွေးစင်အဖွဲ့မျိုးတွေ (ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ဖက်ဆစ်တော်လှန်ရေးလုပ်ဖို့ မျိုးချစ်လူမိုက်တွေ ဖိတ်ခေါ်သလိုပေါ့) ရပ်ကွက် မြို့ရွာတိုင်းမှာ စနစ်တကျ သိုသိုသိပ်သိပ် ဖွဲ့စည်းပြီး (ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို နေ့ခင်းကြောင်တောင် လိုက်လိုက်ဆွဲနေတဲ့) ပိုပြီးအတင့်ရဲလာတဲ့ စစ်ခွေးတွေကို ပိပိရိရိ သင်ခန်းစာပေးဖို့ အချိန်တန်ပါပြီ။

အဲဒီစစ်ခွေးတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပိုပြီး သောင်းကျန်း ပိုပြီး လက်ရဲဇက်ရဲ ရှိလာကြမှာပါ။ သူတို့ကို နှိမ်နင်းဖို့ နည်းနာတွေကတော့ ကိုယ့်အစုနဲ့ကိုယ် လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသလို သင်ခန်းစာပေးနည်းတွေ ရေးဆွဲလေ့ကျင့်ဖို့ လိုပါမယ်။

ဒီလိုသင်ခန်းစာပေးခြင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေအပေါ် တရားလက်လွတ်ပြုမူနေသူတွေ (အာဏာသုံးပြီး အကြမ်းဖက်နေသူတွေ) ကို တရားနည်းလမ်းနဲ့အညီ ယဉ်ယဉ်ကျေးကျေး ပြုမူဆောင်ရွက်လာစေအောင် ဆုံးမသွန်သင်ပေးရာလည်း ကျပါမယ်။

“လူထုကတော့ မကြောက်တတ် ...”

ဒီဒေါ်အောင်ဆန်းစုကြည်စကားကို အစပြန်ဖော်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်လိုခြင်းမဟုတ်ကြောင်း ဦးစွာပလ္လင်ခံပါရစေ။ အဆဲခံရမှာ ကြောက်လို့ ပလ္လင်ခံခြင်းမျိုးမဟုတ်ပါ။ ပြောချင်တာတခြား ဆဲတာတခြား ဖြစ်နေမှာစိုးလို့ပါ။

နောက်ဆုံးအကြိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက မေးမြန်းတဲ့အခါမှာ “လူထု သိပ်ကြောက်နေတယ်။ ဖြေးဖြေးချင်း လုပ်ရမယ်” ဆိုပြီး တရက်မှာ ပြောသွားတာကို အမှတ်ရနေမိတယ်။

ဒါပေမယ့် လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲ၊ ပြည်တွင်းငြိမ်းချမ်းရေး စီတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲ၊ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲ၊ လက်ပံတောင်တောင်အရေးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲတွေ၊ အလုပ်သမားအရေး လယ်သမားအရေး တောင်းဆိုဆန္ဒဖော်ထုတ်ပွဲတွေ တလျှောက်လုံးပေါ်ပေါက်ခဲ့တာကိုကို ကြည့်ရင် လူထုအနေနဲ့ မကြောက်ဘူးဆိုတာကို သက်သေပြခဲ့ပြီးဖြစ်တယ်လို့ အခိုင်အမာယူဆလို့ ရပါတယ်။

အခုလည်း မီးလောင်ဗုံးနဲ့ သပိတ်စခန်းတွေကို ဖြိုခွဲခဲ့တာတောင် ပူပူနွေးနွေးပဲရှိသေး၊ သပိတ်စခန်းအသစ် ပြန်ဖွင့်ပြီး ဒေသခံတွေ တိုက်ပွဲပြန်ဝင်နေကြပြန်ပါပြီ။ လူထုဟာ မကြောက်တတ်ဘူး ဆိုတာတော့ ပိုလို့တောင် သေချာနေပါပြီ။

လူထုမကြောက်တဲ့အကြောင်း ပြောရခြင်းက တခြားကြောင့်မဟုတ်ပါဘူး။ ဟိုတလောက ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားတခွန်းနဲ့ ဆက်စပ်နေလို့ပါပဲ။ “၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ လူထုအင်အား အများကြီး လိုပါတယ်” လို့ ဆရာမောင်ဝံသရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာပါ။

အဲသလို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် လူထုအင်အား အများကြီးလိုတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲကြီးကို ဦးဆောင်ဆင်နွှဲချင်တယ်ဆိုရင်လည်း လူထုက ကြောက်ပြီး မလိုက်ပါမှာကို စိုးရိမ်ပူပန်စရာလိုမယ်မထင်ပါကြောင်း လူထုခေါင်းဆောင် အခြေအနေမှန်ကို စေ့ငုနိုင်ဖို့ အစီရင်ခံ တင်ပြလိုက်ရပါတယ်။

“တအုပ်ပြီးတအုပ် သွားရည်တမြားမြား အမြီးတနှန့်နှန့် ...”

ပူပူနွေးနွေး သံဃာတွေကို မီးလောင်ဗုံးနဲ့ ထုပြီး ယုတ်မာရက်စက်ထားတဲ့ ဂယက်တွေတောင် မငြိမ်သက်သေးတဲ့အချိန်မှာ လွတ်မြောက်နယ်မြေက ‘ဂီးဇောင်ဂျောင်း’ ဆိုတဲ့ လူတန်းစားတွေ သိုးရေခြုံထားတဲ့ ၀ံပုလွေကြံ့ဖွံ့တွေရဲ့ ဖိတ်ခေါ်မှုဆီ အဘယ်မျှော်လင့်ချက်နဲ့ တအုပ်ပြီးတအုပ် သွားရည်တမြားမြား အမြီးတနှန့်နှန့် ထွက်ခွာနေကြတာပါလိမ့် ????

ဒီဇင်ဘာ (၁၈)

“ရယ်ရမလို ငိုရမလို”

ဒီကနေ့အချိန်ကာလမှာ မြန်မာပြည်သူတွေ ရယ်ရမလို ငိုရမလို အဖြစ်မျိုး တိုးနေရပုံက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” လို့ ပြည်သူတွေကို မိန့်မှာခဲ့ဖူးတဲ့ ခေါင်းဆောင်ကိုယ်တိုင်က ပြည်သူတွေ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်တဲ့အနေနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှာကို စိုးရိမ်နေတာပဲ။

ငယ်ငယ်က ကြားဖူးတဲ့ “ရယ်ရမလို ငိုရမလို ဘာဆိုဘာမှန်းမသိနိုင် ၁၆ နှစ်သမီး ရည်းစားထားတော့ ဇီးပြားလေး ငုံထားရသလိုလို” ဆိုတဲ့ သီချင်းစာသားလေးကိုတောင် ဘာမဆိုင် ညာမဆိုင် သတိရနေမိသေးတော့ ... ...။

“လျှပ်တစ်ပြက်မှတ်ချက်”

ဒီကနေ့ ပြောပြောနေကြတဲ့ ‘အပြောင်းအလဲ’ ဆိုတာနဲ့ ပတ်သက်ပြီး တတိယနိုင်ငံမှာ နေထိုင်တဲ့ မိတ်ဆွေတယောက် တလောလေးက ဖုန်းထဲကနေ လှမ်းပြီး မှတ်ချက်ပေးတာကို အမှတ်ရမိတယ်။

“သူတို့အပြောင်းအလဲကြီးကလည်းနော် နှစ်ဘက်ခေါင်းဆောင်တွေအတွက်ပဲ အကျိုးရှိသလိုဖြစ်နေပြီး ပြည်သူတွေကတော့ အရင်ကထက်တောင် ပိုပြီး ဒုက္ခရောက်နေကြသလိုပဲ” တဲ့။

အဲဒီမှတ်ချက်အပေါ် နှစ်ဘက်ခေါင်းဆောင်တွေ ဘယ်လိုများ ပြန်ရှင်းပြလေမလဲ နားထောင်ချင်စမ်းပါဘိ။

ဒီဇင်ဘာ (၁၆)

“မယ်ဘော်နှစ်မျိုး”

အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် ဆတ်ဆတ်ထိမခံတဲ့ မယ်ဘော် နှစ်မျိုးနှစ်စား ရှိတယ်လို့ ထင်ပါတယ်။ တမျိုးက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံး ထောက်ခံခဲ့၊ ထမ်းပိုးခဲ့၊ ချစ်ခဲ့၊ လေးစားကြည်ညိုခဲ့တဲ့ မယ်ဘော်စစ်စစ်တွေဖြစ်ပြီး တမျိုးကတော့ အခု ဒေါ်အောင်ဆန်းစုကြည် ကြံ့ဖွတ်စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေတွေတာဟာ သူတို့ဖွတ်တွေအတွက် အကျိုးအမြတ်တွေ ဖြစ်ထွန်းနေတယ်လို့ ယုံကြည်ဒူးနှန့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသယောင်ယောင်၊ ဒီမိုကရေစီဘက်တော်သားယောင်ယောင် ဝေဖန်သမျှတွေကို လိုက်ရေး လိုက်ချေပနေတဲ့ မယ်ဘော်အတုအယောင် ကြံဖွတ်အနွယ်ဝင်တွေပဲ ဖြစ်ပါတယ်။

“ဝေဖန်တော့လည်း မယ်ဘော်တွေက စိတ်ဆိုးကြတယ်”

ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်တယ်တဲ့။ အာဏာယူချင်တယ်တဲ့။ ဟုတ်ကဲ့ လုပ်သင့်ပါတယ်။ ယူလည်းယူသင့်ပါတယ်။ အားလည်းကိုးပါးတယ်။ အားလည်းပေးပါတယ်။ ဒါပေမယ့် သမ္မတလုပ်ချင်ရင်၊ အာဏာယူချင်ရင် ၂၀၀၈ ကိုလည်း ပြင်နိုင်အောင် ကြိုးစားဖို့ လိုတယ်လေ။ အဲဒါကို ပြင်ဖို့ကျတော့ ဘယ်လို တိုက်ပွဲဝင်မလဲ၊ လူထု ဘယ်လို ပူးပေါင်းပါဝင်ဆောင်ရွက်ရမလဲဆိုတဲ့ လမ်းညွှန်မှုမျိုး တခွန်းတပါဒမှ ပြောတာမကြားရဘူး။ ဝေဖန်တော့လည်း မယ်ဘော်များက စိတ်ဆိုးကြတယ်။ မခက်ပေဘူးလားဗျာ။

“ရရင်ရ မရရင် ‘ကွ’ ”

တချို့က ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်နဲ့ စေ့စပ်ရေးလုပ်ပြီး လွတ်လပ်ရေး ကြိုးပမ်းခဲ့တာကို မဆီမဆိုင် ဆွဲစေ့ပြီး အခုအနေထားကို ကာဗာလုပ်ချင်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတုန်းက “ရရင်ရ မရရင်ချ” နိုင်တဲ့ အင်အားရှိပြီး အခုခေါင်းရှောင်တွေမှာက ရရင်ရ မရရင် “ကွ” မယ့် အနေအထားပဲရှိတာကိုတော့ ထည့်မပြောကြဘူး။

“ပြန်မလာဖြစ်သေးခြင်း အကြောင်းအရင်း”

ကြံ့ဖွံ့အစိုးရက ပြန်လာဖို့ ဖိတ်ခေါ်ပေမယ့် ပြည်တွင်းကို ပြန်မလာဖြစ်သေးခြင်းကတော့ အုပ်စိုးသူဘက်က ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံးအပေါ် သဘောထားမှန်ကန်မှုရှိတာကို မတွေ့ရသေးတာ၊ လူကြီးလူကောင်းကတိမျိုးထားရှိမှု မတွေ့ရသေးတာ၊ ပြည်ပရောက်အချင်းချင်းကို ခွဲခြားဆက်ဆံပြီး ပြည်ဝင်ခွင့်ပေးတာ၊ ပြည်တွင်းအင်အားစုတွေနဲ့ ပြည်ပအင်အားစုတွေကြား သွေးခွဲတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာ၊ နိုင်ငံရေးလုပ်ဆောင်ခွင့်နဲ့ပတ်သက်ပြီး အုပ်စိုးသူဘက်တော်သား နိုင်ငံရေးအင်အားစုတွေနည်းတူ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ခွင့် မရသေးတာတွေက အဓိကအကြောင်းအရင်းတွေပေါ့။

နောက်အရေးကြီးတဲ့တချက်ကတော့ ဘလော့ဂါ (မီဒီယာသမား) တယောက်အနေနဲ့ အခုအချိန် ပြည်ပမှာက ပြည်တွင်းမှာထက် ပိုလုပ်နိုင်သေးတယ်လို့ ယူဆလို့ပါ။ ပြည်ပမှာထက် ပြည်တွင်းမှာ ပိုလုပ်နိုင်ပြီလို့ ယုံကြည်ယူဆတဲ့အချိန်ကျရင် ပြန်လာဖို့ စဉ်းစားဖြစ်မှာပါ။ အဖမ်းခံရမှာ ကြောက်လို့လည်း မဟုတ်ပါ။ သိုးရေခြုံထားတဲ့ ၀ံပုလွေတွေရဲ့ ထောင်ခြောက်မိပြီး အလုပ်မလုပ်နိုင်ဘဲ ထောင်ထဲ သွားထိုင်နေရမှာကို မလိုလားလို့ပါ။ အဲလိုပြောတာ ထောင်အကျခံပြီး ပေးဆပ်ခဲ့သူတွေ၊ ပေးဆပ်နေသူတွေကို စော်ကားခြင်းမဟုတ်ရပါ (ဗိုလ်ချုပ်အောင်ဆန်း တွေးသလိုမျိုး လွတ်အောင်ရှောင် တတ်နိုင်သလောက်လုပ် ဆိုတဲ့ တွေးခြင်းမျိုးသာဖြစ်ပါတယ်ဗျာ)။

“မာမီးယားဂိုဏ်းတွေနဲ့ သွားပတ်သက်မိသူလိုမျိုး ...”

ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုတ်စရာ မလိုတာမဟုတ်ဘူး။ ၂၀၀၈ ကို လေးစားလိုက်နာမိခဲ့တဲ့ မဟာအမှားကြီးကို ကျူးလွန်ပြီးနောက်ပိုင်း နောက်ဆုတ်လို့ကို မဖြစ်တော့လို့ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အမှားတွေကိုပါ ဆက်ပြီး ကာဖို့၊ ဖာထေးဖို့ ကြိုးစားနေရင်း ဆက်မှားနိုင်တဲ့ ထောင်ချောက်တွေထဲ ၀ဲလည်နေရတာလို့ မြင်ပါတယ်။ မာဖီးယားဂိုဏ်းတွေနဲ့ သွားပတ်သက်မိသူ ပြန်ထွက်ရ ခက်သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ကြုံနေရပြီလို့ ထင်ပါတယ်။ ပြည်သူဘက်က ပြတ်ပြတ်သားသား ပြန်ရပ်ရင်တော့ အချိန်မီဦးမယ်လို့ ထင်ပါသေးတယ်။

ဒီဇင်ဘာ (၁၅)

“ရွှေပြည်အေးတရားယောင်ယောင် ပညာရှိစကားယောင်ယောင် အာမချောင်ကြပါနဲ့။ ကြားလို့ကောင်းပေမယ့် ဗိုက်ဟောင်းလောင်းနဲ့လူတွေက ခံနိုင်ကြမှာမဟုတ်”

မတရားမှု ဖိနှိပ်လက်ဝါးကြီးအုပ်ထားမှုတွေ ရှိနေသရွေ့ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်တဲ့သူတွေ ရှိနေဦးမှာပဲ။ မတရားမှုတွေကို ငုံ့ခံနိုင်တဲ့၊ မသိချင်ယောင်ဆောင် မျက်နှာလွှဲနေနိုင်တဲ့၊ စားစရာရှိ နေစရာရှိနေသေးလို့ ပူပင်စရာမလိုတဲ့ လူတန်းစားတချို့ ရှိနိုင်ပေမယ့် လယ်သိမ်းခံ၊ မြေသိမ်းခံရ၊ အခွင့်အရေးတွေ အဆုံးအရှုံးခံနေရပြီး စားစရာမရှိလို့ ဗိုက်မှောက်နေရတဲ့သူတွေကတော့ ဘယ်လိုပုဂ္ဂိုလ်တွေက လမ်းပေါ်မထွက်နဲ့ပြောပြော ထွက်နေကြဦးမှာပဲ။ မထွက်စေချင်ရင် မထွက်ကြနဲ့လို့ ပြောတဲ့သူတွေ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်ပါလို့ပဲ အကြံပြုဖို့ရှိတယ်။ ကိုယ်လည်း မဖြည့်ဆည်းပေးနိုင်ဘဲနဲ့တော့ လမ်းမပေါ်မထွက်ကြပါနဲ့၊ အခုအချိန်မှာကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်ကြပါနဲ့လို့ ရွှေပြည်အေးတရားယောင်ယောင် ပညာရှိစကားယောင်ယောင် အာမချောင်ကြပါနဲ့။ ကြားလို့ကောင်းပေမယ့် ဗိုက်ဟောင်းလောင်းနဲ့လူတွေက ခံနိုင်ကြမှာမဟုတ်ဘူး။

“အေးရာအေးကြောင်း ...”

ကျနော်တို့ရဲ အဖြစ်က ရုပ်သေးရုပ်တွေ (ဥပမာ - ဦးသိန်းစိန်တို့၊ ကာချုပ်မင်းအောင်လှိုင်တို့လို ပုဂ္ဂိုလ်တွေ) တရုပ်ပြီး တရုပ် ပြုတ်ကျသွားအောင် တိုက်နိုင်လို့လည်း ထူးမှာမဟုတ်။ ရုပ်သေးရုပ်တွေကို ကြိုးဆွဲပြီး လိုရာကကွက်တွေကို ကခိုင်းနေတဲ့ လက်ကြီးကို ဖြတ်တောက်နိုင်မှ ကိစ္စအေးမှာ ...။

“ယုန်ကောင် ငုံ၍ ယုန်ရုပ်ရေးပြသော်လည်း ...”

KIO/ KIA နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ချင်လို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်မယ်ဆိုတဲ့ ကြံ့ဖွံ့စစ်အစိုးရက ကြည်းတပ်နဲ့တင် အားမရတော့ဘဲ လေတပ်နဲ့ပါ ခြေမှုန်းတိုက်ခိုက်ရေးတွေ လုပ်နေတယ်ဆိုတော့ အင်း ... ဘယ်လိုယုံကြည်မှုတွေနဲ့ ဆွေးနွေးပွဲကို ဆက်ချင်တာလဲမသိ၊ ကြည့်ရတာ ဦးလေးသိန်းစိန်လည်း ကိုယ့်တပ်ကိုယ် နိုင်တော့ပုံမပေါ်ဘူး ထင်ပါရဲ့။

“အရူးကွက်နဲ့ ဆက်အနင်းမခံရဖို့ ...”

မြန်မာပြည်သူတွေအနေနဲ့ အာဏာပိုင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ အရူးကွက်နဲ့ နင်းတာကို ခံခဲ့ရတဲ့ အကြိမ်ပါင်း မရေမတွက်နိုင်လောက်အောင် များလှပါပြီ။ အခု လက်ပံတောင်းသပိတ်စခန်းတွေ အကြမ်းဖက် ဖြိုခွဲခံရတဲ့ကိစ္စမှာလည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ အဆင့်လောက်နဲ့ အရူးကွက်နင်းပြီး တောင်းပန်တာကို လက်ခံကျေနပ်လိုက်မယ်ဆိုရင် နောက်လည်း အရူးကွက်နဲ့ ဆက်အနင်းခံနေရဦးမှာ အသေအချာပါပဲ။ အားလုံး အလေးအနက် စဉ်းစားကြဖို့ လိုပါတယ်။

ဒီဇင်ဘာ (၁၄)

“စစ်ခွေးတွေကို လူထုပါဝါနဲ့ သင်ခန်းစာပေးဖို့ အချိန်ရောက်ပါပြီ”

ခွေးဆိုတဲ့ အမျိုးက ဆွဲတာကို ငြိမ်ခံနေရင် ထစ်ကနဲဆို လိုက်ဆွဲနေမှာပဲ။ မခံပဲ နှာနုကို ဖြတ်ရိုက်တဲ့သူဆိုရင် နောက်ကျရင် ဆွဲဖို့ နေနေသာသာ မြင်တာနဲ့ အမြီးကုတ်ပြီး အဝေးကနေ ရှောင်ထွက်သွားတတ်တာ သဘာဝပါ။ အဲဒီတော့ ထစ်ကနဲရှိ ၀င်ဝင်ဆွဲတတ်တဲ့ (အမိန့်အရဆိုတဲ့) ကြံ့ဖွံ့စစ်ခွေးတွေကိုလည်း လူထုအနေနဲ့ ငြိမ်မခံဘဲ နှာနုဖြတ်ရိုက်ချိန်တန်ပါပြီ။ လူထုပါဝါနဲ့ သင်ခန်းစာပေးဖို့ အချိန်ကျရောက်ပါပြီ။

ဒီဇင်ဘာ (၁၃)

“လက်ပံတောင်းမှတ်ကျောက်”

ဂန္ဒီကြီးကတော့ ပြောဖူးတယ်။ ခေါင်းဆောင်ဆိုတာ လူအုပ်နောက်က လိုက်ပြီး ဖုန်ရှူတဲ့သူမဟုတ်ဘူးတဲ့။ လူထုရဲ့ရှေ့က မားမားမတ်မတ် ဦးဆောင်သူသာဖြစ်တယ်တဲ့။ အခုဆိုရင် ဒီမိုခေါင်းဆောင်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဖုန်ရှူတဲ့သူလား ဦးဆောင်တဲ့သူလား (ခေါင်းရှောင်လား၊ ခေါင်းဆောင်လား) ဆိုတာကို လက်ပံတောင်းတိုက်ပွဲတွေက မှတ်ကျောက်တင်နေပါပြီ။

“ကျေးဇူးတရားကို သိတတ်မြင်တတ်မယ်ဆိုရင် ...”

တကယ်ဆိုရင် ဒီမိုကရေစီခေါင်းဆောင်တွေအနေနဲ့ ကိုယ်ဂုဏ်ပြုခံထားရတဲ့ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုလွှာတွေဆိုတာ ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ အသက်ပေါင်းများစွာ သွေး ချွေးပေါင်းများစွာ၊ ဘ၀ပေါင်းများစွာနဲ့ သွန်းထုထားတဲ့ အရာတွေဖြစ်တယ်ဆိုတဲ့ ကျေးဇူးတရားကို သိတတ်မြင်တတ်မယ်ဆိုရင် အရေးကြုံတဲ့အခါ မခံမရပ်နိုင်တော့လို့ လမ်းပေါ်ထွက်လာရတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို ရှောင်ဖယ်ရှောင်ဖယ် မလုပ်သင့်တာ အမှန်ပါ။

“၀မ်းနည်းဖို့ ကောင်းတာက ...”

ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေက ဂုဏ်ပြုခံစရာရှိရင်တော့ သန်း ၆၀ သော ပြည်သူလူထုကို ကယ်တင်ခဲ့တဲ့ မျက်နှာထားမျိုးတွေနဲ့ စင်ပေါ်မှာ မိန့်မိန့်ကြီး ဂုဏ်ပြုခံ၊ ပြုံးပြုံးကြီး မိန့်ခွန်းတွေ ခြွေတတ်ကြပြီး လူထုက မခံမရပ်နိုင်တော့လို့ လမ်းပေါ်ထွက်ပြီး တောင်းဆို ဆန္ဒဖော်ထုတ်ကြတဲ့အခါမျိုးမှာတော့ အဲဒီခေါင်းဆောင်ဆိုသူတွေဟာ လူထုဆီကို အလိုက်တသိ ရောက်လာဖို့ဝေးစွ၊ ကိုယ်နဲ့မဆိုင်သလို မသိချင်ယောင်ဆောင် ဘယ်ချောင်ပြေးကပ်နေကြမှန်းမသိတာ ၀မ်းနည်းဖို့ တော်တော်ကောင်းပါတယ်။

ဒီဇင်ဘာ (၁၂)

“ကြားဖြတ်အစိုးရတရပ်ကို အမြန်ဆုံး ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းပေးသင့်ပါပြီ”

တကယ်ဆို ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ကချင်ပြည်တွင်းစစ်၊ ရခိုင်ပဋိပက္ခ၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ အခုနောက်ဆုံး လက်ပံတောင်းအရေး စတဲ့ ပြဿနာအ၀၀ကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့အပြင် ပြဿနာတွေကိုသာ ပိုမိုတိုးပွားနေစေတဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ဖွံ့အစိုးရ ချက်ချင်း နှုတ်ထွက်ပေးသင့်ပြီး ပြည်သူလူထု ယုံကြည်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားများ ... စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကြားဖြတ်အစိုးရတရပ်ကို အမြန်ဆုံး ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းပေးသင့်ပါပြီ။

မြန်မာ့တပ်မတော်အနေနဲ့လည်း ပြည်သူလူထု ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကြားဖြတ်အစိုးရရဲ့ အမိန့်ကို နာခံပြီး တိုင်းပြည်ရဲ့ ကာကွယ်ရေးကိစ္စအ၀၀ကို ဦးလည်မသုန် ထမ်းရွက်သင့်ပါပြီ။ ကြားဖြတ်အစိုးရတရပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲပြီး ရွေးကောက်ပွဲအသစ်ကို ပြန်လည်ကျင်းပပေးသင့်ပါတယ်။ အဲဒီလို ပြည်သူလူထု ရာနှုန်းပြည့် ရွေးချယ်တင်မြောက်တဲ့ အရပ်သားအစိုးရစစ်စစ်ရဲ့ အုပ်ချုပ်မှုအောက်မှာသာ ယနေ့ဖြစ်ပွားနေတဲ့ ပြဿနာအ၀၀ကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

6 comments:

Min Kyaw said...

အမေစုကို ချွင်းချက်မရှိ ယုံကြည်ပါတယ်။ ဒါပေမဲ့ အမေ အရင်လို မဟုတ်တော့ဘူး မဟုတ်တော့ပါဘူး ကွယ်။ လူမိုက်တွေနဲ့ပေါင်းပြီး လေသံနဲနဲပြောင်းနေသလားလို့။

myosanoo said...

ဒေါက်တာလွမ်းဆွေလောက်အတွေးမျိုးအမေစုမှာမရှိဘူးထင်ရင်ပြည်တွင်းပြန်ပြီးခေါင်းဆောင်လုပ်ပါလား
အားပေးနေကြတဲ့သူတွေရှိနေတယ်လေး
လူထုခေါင်းဆောင်ဒေါက်တာလွမ်းဆွေးကြီးရဲ့ဟား. ဟားးး. ဟးးးး. အူတောင်နာလာပြီဗျ
သိပ်မရေးနဲ့ဗျ. ကျွန်တော်မျိုးစန်းဦး. အူတက်သေရင်ခင်ဗျား. တရားခံနော်

ှဲKaung said...

ချာလှချည်လား ဒေါက်ချာကြီးရယ် လူထုက အရင်လို စက်သေနတ်နဲ့  မပစ်တာသေချာမှ ထွက်တာပါ။ ထင်ရှားတဲ့ ခေါင်းဆောင်တချို့ ကလွဲလို့  အရင် အနှစ်၂၀ ကျော်ကာလ ၈၈ ကနေ ၂၀၀၇ အတွင်း ဘယ်နှစ်ကြိမ် လှုပ်ရှားမှုတွေ လုပ်ခဲ့သလဲ။ ဒေါက်တာကြီး တောင်မှ ကြောက်လို့  အခုထိ မပြန်ရဲသေးတာမလား။ ကိုယ့်ကိုကိုယ် မညာလို့  မရဘူးနော်။

mimi said...

ဒေါ်စုကိုအရမ်းကိုအထင်ကြီးလေးစားတယ်။ဒါပေမဲ.အစိုးရနဲ.ပါတ်သတ်လို.သိတ်လျော.တွက်လွန်းတယ်လို.ထင်တယ်။လက်ပတောင်းမရေးပြောတာသိပ်မကြိုက်ဘူး။ဒီအစိုးရ(သို.)ဦးသိန်းစိန်မရိုးသားဘူးဆိုတာအထင်အရှားပါ။ကိုလွမ်းဆွေလိုတွေးလာမိတယ်။

Tun Aye Kyaw said...

အော် သူကိုဝေဖန်ရင် ကြံဖွံနဲ့ နှိုင်းတယ် ။ ဦးမန်းရှာ တို့နဲ့
လုပ်ဖေါ ကိုင်ဖက် သဘောမျိုး အသွင်ဆောင်ပြီး
ဝါရင့်ကြီး သဘောပေါ့ ။ လူကသာ ကြီးလာတာ စိတ်က
နုသေးတယ် ။

myo chit said...

ဦးလေးကြီးရဲ့အတွေးခေါ်တွေအရေးသားတွေအဆင့်အတန်းမရှိတာကျွန်တော်လို ၁၀ တန်းကျောင်းသားတောင်သိတယ်