Tuesday, October 2, 2012

လက်ပံတောင်းကို ကာကွယ်၊ လယ်သမားတွေကို ဝိုင်းရံ

လက်ပံတောင်းကို ကာကွယ်၊ လယ်သမားတွေကို ဝိုင်းရံ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လက်ပံတောင်းလှုပ်ရှားမှု ပြန်အားယူနေပါပြီ။ သူတို့တတွေ စိတ်ဓာတ်အညွန့်မကျိုးကြ။ သာမန် လယ်သမားတွေဖြစ်ပြီး ဒီလောက်ကြီးတဲ့ ဖိနှိပ်မှုတွေ ကြုံရတာတောင် နောက်မတွန့်ကြ။ ဒီလောက် လှည့်ကွက်တွေ သုံးပြီး အကောင်းဆုံး ရွှေပြည်အေးသမားတွေ ထုတ်သုံးတာတောင် မတွေဝေ မယိမ်းယိုင်ကြ။ လက်ပံတောင်းစိတ်ဓာတ်ဟာ လေးစားလောက်စရာ သူရဲကောင်းစိတ်ဓာတ်လို့ ဆိုရပါတော့မယ်။ လယ်သမားတွေဘက်က တာဝန်ကျေပါတယ်။ ကျန်တဲ့ ပြည်သူတွေ ဝိုင်းရံကြဖို့ လိုနေပါပြီ။

ဒီလိုအချိန်မျိုးမှာ ဦးသိန်းစိန်က နောက်ကွယ်မှာ နိုင်ငံရေးပယောဂတွေ ပါတယ်လို့ ထုတ်ပြောလိုက်တယ်။ ဆိုချင်တာကတော့ နိုင်ငံရေးသမားတွေက မြှောက်ပေးနေတယ်ပေါ့။ ဒီစကားကနေ ဆင့်ပွားလာမယ့် အန္တရာယ်တွေကို လယ်သမားတွေနဲ့ အမှန်တရားကို ချစ်မြတ်နိုးသူတွေ လက်ပံတောင်းကို ချစ်မြတ်နိုးသူတွေဘက်က ကြိုတင်သိမြင်ပြီး ကာကွယ်ထားကြဖို့ လိုပါလိမ့်မယ်။

ဦးသိန်းစိန်က နောက်ကွယ်မှာ နိုင်ငံရေးပယောဂ ပါနေတယ်လို့ ပြောတာဟာ အခြေခံလူတန်းစားဖြစ်တဲ့ လယ်သမားတွေက သူ့ကို ဆန့်ကျင်အံတုနေတာကို ဝန်မခံရဲလို့ နိုင်ငံတကာရှေ့မှောက်မှာ အရှက်ပြေ ပြောတဲ့ စကားပါ။

“၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မှာ ပြောသွားတဲ့ စကားဟာ အားတက်စရာကောင်းတယ်။ ဒီစကားတွေကို ကြိုဆိုပါတယ်။ ဒါဟာ မူလ မင်းကိုနိုင်ပဲလို့ မျှော်လင့်ချက်ထားမိပါတယ်။ ဒါပေမယ့် အပြောသက်သက်နဲ့တော့ ရာနှုန်းပြည့် ယုံကြည်လိုက်ဖို့ ခက်တယ်။ သူတို့ ၈၈ အဖွဲ့ဟာ ပထမတခါ ဖိနှိပ်သူဘက်က ရပ်တည်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိသွားခဲ့ပြီ။ အဲဒီအစဉ်အလာ၊ အဲဒီအမည်းစက်ကို အပြောသက်သက်လောက်နဲ့တော့ ဖျက်လို့မရဘူး။ အလုပ်နဲ့ သက်သေပြနိုင်မှသာ အမည်းစက်ကို ဆေးကြောနိုင်မှာဖြစ်တယ်။”

ဒါပေမယ့် ဒီစကားကို ကိုးကားပြီး လက်ပံတောင်းအရေးမှာ ကျေးရွာပြင်ပက နိုင်ငံရေးသမားတွေ ဝင်မပါဖို့ အစိုးရအလိုတော်ရိတွေက ပြောလာကြလိမ့်မယ်။ အဲသလို ပြောခဲ့ရင် ပြည်သူတွေ နားမယောင်ကြဖို့ အရေးကြီးပါတယ်။ ခေါင်းဆောင်တွေလည်း နားမယောင်ကြဖို့ အရေးကြီးပါတယ်။

အလိုတော်ရိ ကြားလူတွေက ပြောကြပါလိမ့်မယ်။ မင်းတို့ နိုင်ငံရေးသမားတွေ ဝင်ပါရင် အစိုးရက နိုင်ငံရေးပယောဂ ပါတယ်လို့ ထင်လိမ့်မယ်။ အဲသလို နိုင်ငံရေးပယောဂ ပါတယ်လို့ သူတို့က ထင်ရင် အဲဒါကို အကြောင်းပြပြီး နှိမ်နင်းဖြိုခွဲလိမ့်မယ်။ သူတို့ဘက်က အဲသလို အကြောင်းပြချက် ရှာမရအောင် မင်းတို့ ဝင်မပါဘဲ ရှောင်နေကြ။ လယ်သမားအရေးကို လယ်သမားတွေပဲ လုပ်ပါစေလို့ ပြောကြလိမ့်မယ်။

ဒါဟာ ခေါင်းဆောင်နဲ့လူထုကို သွေးခွဲတဲ့ နည်းပါ။ ကိုယ့်လူ သူ့ဘက်သား လုပ်တဲ့ လုပ်ရပ်ပါ။ ကိုယ့်ကို စေတနာထားသလိုလိုနဲ့ ဖိနှိပ်သူအကြိုက် ခွင်ထဲဝင်အောင် သွင်းတဲ့ အပြောမျိုးပါ။ ဒီလိုအပြောမျိုးဟာ လူထုလှုပ်ရှားမှုကို အားနည်းအောင်လုပ်တဲ့ အပြောမျိုးသာ ဖြစ်တဲ့အတွက် ဒီလိုအပြောမျိုးကို ခေါင်းဆောင်တွေရော၊ လူထုကပါ နားမယောင်ကြဖို့ အရေးကြီးပါတယ်။

လက်ပံတောင်းအရေးမှာ အဓိကလူထုဟာ လက်ပံတောင်း ဒေသခံရွာသားတွေ ဖြစ်ပါတယ်။ ဒါမှန်ပါတယ်။ ဒါပေမယ့် လက်ပံတောင်း ပတ်ဝန်းကျင် ရွာသားတွေသက်သက်နဲ့သာ ဆိုင်တဲ့ အရေးအခင်းသေးသေးလေးမျှသာ မဟုတ်ပါဘူး။ တနိုင်ငံလုံး ပြည်သူလူထုနဲ့ဆိုင်တဲ့ အရေးအခင်းကြီးပါ။ အဲဒီဒေသမှာရှိတဲ့ တောင် ၃၃ လုံးကို ထိန်းသိမ်းကာကွယ်ရေးဟာ တနိုင်ငံလုံး ပြည်သူတွေရဲ့ အရေးပါ။ နိုင်ငံရေးသမားရော၊ ကျောင်းသားရော၊ စာပေ အနုပညာရှင်တွေ၊ တတ်သိပညာရှင်တွေပါ အားလုံးဝိုင်းဝန်းကြရမှာပါ။ လက်ပံတောင်းရွာသားတွေရဲ့ အားသက်သက်နဲ့ ဦးပိုင်လို၊ ကြံ့ဖွံ့လို အင်အားကြီးတဲ့ ဖိနှိပ်သူတွေကို ရင်ဆိုင်ဖို့ မလွယ်ပါဘူး။ ဦးပိုင်၊ ဝမ်ပေါင်နဲ့ ကြံ့ဖွတ်တို့ဟာ ပညာသားပါပါ၊ ပရိယာယ်ကြွယ်ဝစွာနဲ့ နည်းမျိုးစုံသုံးပြီး ဖြိုခွဲဖို့ ကြိုးစားမှာပါ။ ကြိုးလည်း ကြိုးစားနေပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ ကြားက ဝင်ပြီး ဖြန်ဖြေလာလောက်အောင်အထိ ကြံ့ဖွတ်ဘက်က စည်းရုံးနိုင်တယ်ဆိုတာ နည်းနည်းနောနော ပရိယာယ် မဟုတ်ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေရဲ့ ခေါင်းဆောင်မှု၊ ဝိုင်းရံမှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေဟာ အစိုးရနဲ့ အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးသူတွေ ဖြစ်တဲ့အတွက် နည်းနာပိုင်းမှာ အကူအညီ အများကြီး ပေးနိုင်ကြပါလိမ့်မယ်။ အဲသလို နိုင်ငံရေးသမားတွေရဲ့ အကူအညီနဲ့ အင်အားပိုကောင်းပြီး စည်းစနစ်တကျ ပိုဖြစ်လာတာကို ဦးသိန်းစိန်က ကြောက်လို့ ပယောဂတွေ ပါတယ် စွပ်စွဲနေတာပါ။ ဖယ်ထုတ်ဖို့ ခွဲထုတ်ဖို့ ကြိုးစားနေတာပါ။ လယ်သမားတွေ အထီးကျန်ဖြစ်အောင် လုပ်နေတာပါ။

ဘာကြောင့် ဒါတွေကို ဒီလို စိုးရိမ်ပြီး ကြိုတင်သတိပေးနေသလဲဆိုတော့ ရှေ့မှာ ဒါမျိုး ဥပမာ ပူပူနွေးနွေး ရှိထားပြီးမို့ပါ။ ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးသန့်က ကိုဟန်ဝင်းအောင်ကို မင်းဒီရွာမှာ ဆက်မနေနဲ့၊ မင်းရွာမှာ ရှိနေရင် သူတို့က ရွာထဲကို ဇွတ်ဝင်ဖမ်းလိမ့်မယ်။ မင်းကြောင့် ရွာသားတွေ ဒုက္ခရောက်လိမ့်မယ်လို့ ပြောပြီး နှင်ထုတ်ခဲ့တဲ့ ဥပမာရှိခဲ့လို့ပါ။ ကိုမျိုးသန့်ရဲ့ ဒီစကားဟာ ခေါင်းဆောင်နဲ့ လူထုကို သွေးခွဲတဲ့စကား ဖြစ်ပါတယ်။ လူထုကို စေတနာထားသလိုလိုနဲ့ အမှန်စင်စစ်မှာတော့ လူထုကို ခေါင်းဆောင်သူ မဲ့ပြီး အားနည်းပျော့ညံ့သွားအောင် လုပ်တဲ့စကား ဖြစ်ပါတယ်။

ဒီစကားမျိုးဟာ ခေါင်းဆောင်တွေကို သိပ်စိတ်ထိခိုက်စေတဲ့ စကားမျိုးပါ။ ဒီစကားကြောင့် ကိုဟန်ဝင်းအောင် ပြန်ဆုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ နောက်ကွယ်မှာ ထောင်ချောက်ကိုပါ တခါတည်း ဆင်ထားပြီးသားဖြစ်ပါတယ်။ တကယ်လို့ ကိုဟန်ဝင်းအောင် ပြန်မဆုတ်ခဲ့လို့ ပြဿနာတက်ခဲ့ရင် ဟန်ဝင်းအောင် မင့်ကြောင့်လို့ လက်ညှိုးထိုးဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ဆိုတာ အဝေဖန်ခံနိုင်ရပါမယ်။ ဘယ်သူတွေ ဘယ်လိုပင် ဝေဖန်စေကာမူ ကိုယ့်ပြည်သူ၊ ကိုယ့်လူထုရှေ့မှာ မား မားမတ်မတ် ဆက်လက်ရပ်တည်ရဲဖို့ လိုပါတယ်။

တကယ်တော့ ကိုဟန်ဝင်းအောင် ဆုတ်မပေးခဲ့လို့ စစ်တပ်နဲ့ ရဲက ရွာကို ဝင်စီးခဲ့ရင် စစ်တပ်နဲ့ ရဲရဲ့ အပြစ်သာဖြစ်တယ်။ ဦးပိုင်နဲ့ ကြံ့ဖွတ်ရဲ့အပြစ်သာ ဖြစ်တယ်။ စစ်နဲ့ ရဲကို အပြစ်မတင်ဘဲ ကိုဟန်ဝင်းအောင်ကို အပြစ်တင်တာဟာ စစ်နဲ့ ရဲဘက်ကို ဖေးမပြီး ခေါင်းဆောင်နဲ့ လူထုကို သွေးခွဲတာသက်သက်သာ ဖြစ်တယ်။ တကယ်တော့ ရွာသားတွေနဲ့ ခေါင်းဆောင်တွေဟာ အပြန်အလှန် အကာအကွယ်ပေးနေကြတာ ဖြစ်တယ်။ ရွာသားတွေ မတရား အလုပ်ခံရတာကို မခံရအောင်၊ လွတ်မြောက်အောင် ခေါင်းဆောင်တွေက အကာအကွယ်ပေးတယ်။ ခေါင်းဆောင်ကို ဖဲ့ပြီး၊ ကွက်ပြီး နှိမ်နင်းဖြိုခွဲလို့မရအောင် လူထုက သူတို့ ခေါင်းဆောင်ကို အကာအကွယ်ပေးတယ်။ ဒါဟာ လူထုရဲ့ နိုင်ငံရေးရင့်ကျက်မှုကို ပြတာပဲဖြစ်တယ်။ ခေါင်းဆောင်ကို ထိန်းသိမ်းရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ရှိတာဟာ လူထုရဲ့ နိုးကြားမှု နိုင်ငံရေးအသိရှိမှုကို ပြတာဖြစ်တယ်။ ဒီသွေးစည်းညီညွတ်မှုဟာ ဖိနှိပ်သူကို တုန်လှုပ်စေတဲ့ သွေးစည်းညီညွတ်မှုမျိုးဖြစ်တယ်။ ဖိနှိပ်သူဟာ စစ်တပ်က လာတဲ့သူတွေဖြစ်တယ်။ စစ်ဗျူဟာကို ကျွမ်းကျင် နားလည်ကြတယ်။ ခေါင်းနဲ့ကိုယ်ကို ခွဲထုတ်နိုင်ရင် ခေါင်းက အကာအကွယ်မဲ့ပြီး ကိုယ်ကချိနဲ့ အားနည်းသွားမယ်ဆိုတာကို ကောင်းကောင်း နားလည်ပြီးသားဖြစ်တယ်။ ဒါ့ကြောင့် နည်းမျိုးစုံသုံးပြီး ခွဲထုတ်နေတာဖြစ်တယ်။

တကယ်တော့ လူထုဟာ ခေါင်းငုံ့ပြီး လုပ်သမျှခံမယ်၊ ပြဿနာထပ်အတက်မခံဘူးဆိုရင် အစကတည်းက ကိုယ့်အိမ်မှာ အေးအေးနေလိုက်ရင် ပြီးတာပဲ။ လူထုက ဒီလိုတိုက်ပွဲဝင်နေတယ်ဆိုတာဟာ ကိုယ့်အခွင့်အရေးကို ထိုက်ထိုက်တန်တန် လိုချင်လို့ တိုက်ပွဲဝင်နေတာ။ မတရားလုပ်တာကို ခေါင်းငုံ့မခံချင်လို့ တောင်းဆိုနေတာ။ ဒါကို အိမ်ပြန်ပြီး အေးအေးဆေးဆေးနေကြပါ။ ခင်ဗျားတို့ အိမ်ပြန်ပြီး အေးအေးဆေးဆေးနေရင် အစိုးရက မဖမ်းအောင် ကျနော်တို့ အကူအညီပေးပါမယ် ဆိုတာဟာ လူထုကို စော်ကားတာဖြစ်ပါတယ်။ လူထုကို ခေါင်းငုံ့ခံလိုက်ကြပါလို့ ပြောတာဖြစ်တယ်။ လာမယ့်ဘေး ပြေးတွေ့ဖို့ ဆုံးဖြတ်ထားတဲ့ လူထုကို ရန်မလိုမှ ရန်ပြိုမယ်လို့ ပြောပြီး ရွှေပြည်အေးတရားဟောနေတာသာ ဖြစ်တယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မှာ ပြောသွားတဲ့ စကားဟာ အားတက်စရာကောင်းတယ်။ ဒီစကားတွေကို ကြိုဆိုပါတယ်။ ဒါဟာ မူလ မင်းကိုနိုင်ပဲလို့ မျှော်လင့်ချက်ထားမိပါတယ်။ ဒါပေမယ့် အပြောသက်သက်နဲ့တော့ ရာနှုန်းပြည့် ယုံကြည်လိုက်ဖို့ ခက်တယ်။ သူတို့ ၈၈ အဖွဲ့ဟာ ပထမတခါ ဖိနှိပ်သူဘက်က ရပ်တည်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိသွားခဲ့ပြီ။ အဲဒီအစဉ်အလာ၊ အဲဒီအမည်းစက်ကို အပြောသက်သက်လောက်နဲ့တော့ ဖျက်လို့မရဘူး။ အလုပ်နဲ့ သက်သေပြနိုင်မှသာ အမည်းစက်ကို ဆေးကြောနိုင်မှာဖြစ်တယ်။ ၈၈ ထဲမှာ လူထုဘက်က ရပ်ချင်တဲ့သူတွေရှိသလို ခရိုနီတွေဘက်က ရပ်ချင်တဲ့သူတွေလည်း ရှိနေတယ်လို့ ကြားနေကြရတဲ့အတွက် ၈၈ မျိုးဆက်ရဲ့ လုပ်နည်းလုပ်ဟန်ကို သတိထားကြဖို့ လိုပါမယ်။ ဂရုတစိုက် ဝေဖန်ပိုင်းခြားဖို့ လိုပါမယ်။

လူထုလှုပ်ရှားမှုတခုမှာ ခေါင်းဆောင်တွေကလည်း သွေးခွဲဝေဖန်တာကို မတုန်လှုပ်ဘဲ အရေထူမယ်၊ ကြံ့ခိုင်မယ်ဆိုရင်၊ လူထုကလည်း သွေးခွဲသပ်လျှိုတာကို နားမယောင်ဘဲ ခေါင်းဆောင်ကို အကာအကွယ်ပေးထားမယ်ဆိုရင် ညီညွတ်ရေးဟာ သွေးစည်းခိုင်မာနေလိမ့်မယ်။ ဒီလိုသွေးစည်းခိုင်မာမှုမျိုးရှိမှ အောင်မြင်မှု ရနိုင်မှာဖြစ်တယ်။ နိုင်ငံရေးသမားရော၊ ကျောင်းသားရော၊ စာပေ အနုပညာရှင်တွေနဲ့ တတ်သိပညာရှင်တွေပါ ဝိုင်းရံ အားဖြည့်ကြဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
၂၊ အောက်တိုဘာ၊ ၂၀၁၂

6 comments:

တာဝန် said...

*thanks ZAW WIN you are RIGHT*

ညီသန့်ရှင်း said...


ဒီကိစ္စကို မြစ်ဆုံလောက်အရေးမကြီးဘူးလို့ ပြောတဲ့လူတွေဟာ ဘယ်မှာမှ အရာမရောက်ပဲ နိုင်ငံရေးကိုရေသာခိုလိုက်နေတဲ့လူတွေပဲဖြစ်ရမယ်။ ဟိုမှာကြည့်ကြပါ ကျုပ်တို့လူမျိုးတွေ မတရားခံနေရပါတယ် မတရားအနိုင်ကျင့်ခံနေရပါတယ်လို့ အတန်တန်ပြောနေတာတောင် ဒီမိုကရေစီချီတက်တဲ့လမ်းကြောင်းမှာ ကမောက်ကမတွေဖြစ်မှာဆိုးလို့ အကျယ်အကျယ်တွေ မဖြစ်ရအောင် ဖိဖိစီးစီးလေးလုပ်ကျပါလို့ ပြောတဲ့လူကရှိသေးတယ်။ ဒီမိုကရေစီပန်းတိုင်ဆိုတာ ခေါင်းဆောင်တွေ ခေါင်းချင်းဆိုင်ပြီး road map တွေဆွဲ တယောက်ကိုတယောက်နားလည်မှုတွေပေး ပြီးတည်ဆောက်တာနဲ့ မရဘူး။ တနိုင်ငံလုံးရှိပြည်သူတွေရဲ့ စိတ်ဓာတ်တွေ တသွေးတသံတမိန့် ရှိနေမှ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာကြီးကို ကောင်းကောင်းခံစားခွင့်ရမှာ။တချိန်ကရန်သူလိုဆက်ဆံခဲ့ကျရာက ဒီလောက် အပြောင်းအလဲလေးနဲ့ ယုံကြည်ပုံအပ်လွန်းနေတာဟာ ကို့ကိုကို အပိုင်တွက်လို့ ရှိသမျှအကုန်လုံးနဲ့ လောင်းကြေးထပ်လိုက်သလိုပဲ။ ရှုံးရင်တော့ ဘ၀ဆုံးမှာ အသေချာဆုံးပဲ။ မတရားမှုကြီးကို လက်ပိုက်ကြည့်ပြီး သီးခံပါအုံးလို့ ပြောလို့မရဘူးလေ။ ဒီလိုအခြေခံလူတန်းစားတွေရဲ့ အခွင့် အရေးတွေကို အရင် ပထမ ဖြေရှင်းပေးနိုင်မှ စစ်မှန်တဲ့ ပန်းတိုင်ကိုရောက်မှာပေါ့။ အခုတော့ မဟုတ်ဘူး ဒီကိစ္စငါသိတယ် ဒါတွေအားလုံး လွှတ်တော်ထဲမှာဖြေရှင်းမယ် ဟိုအချိန်မှဖြေရှင်းမယ် ဒီအချိန်မှဖြေရှင်းမယ်နဲ့ အလုပ်အကြီးအကိုင်ကြီးတွေလုပ်နေခါမှ ဒီအခြေမဲ့ လူတန်းစား ကိစ္စကအရေးမကြီးသေးဘူးလို့ မတွက်ကောင်းပါဘူး။ အိမ်တလုံးကိုတည်ဆောက် ရာမှာ အခြေခံအုတ်မြစ် ကောင်ဖို့လိုသလို တိုင်းပြည်တည်ဆောက်ရာမှာလဲ အခြေခံအုတ်မြစ်ကောင်းဖို့လိုတယ်။ အခြေခံကောင်းဖို့ဆိုတာဘာကိုပြောတာလဲ ..အဲဒီလို အခြေခံလူတန်းစားလို့ ပြောလို့ရတဲ့ မျက်နှာမွဲတွေ ဆင်းရဲသားတွေ နိုင်ငံတနိုင်ငံမှာရှိတဲ့ ဒီ အောက်ဆုံးက အခြေခံလူတန်းစားတွေရဲ့ အခွင့်အရေး ခံစားခွင့်တွေ ကို အရင်ဖြေရှင်းလို့ ကာကွယ်စောင့်ရှောက်မှုအရင်ပေးရမယ် ပေးနိုင်မှလဲ နောက်တလှမ်း ဆက်လှမ်းလို့ရမှာပေါ့။အခုဟာက အခြေခံအုတ်မြစ်မကောင်းလို့ မုန်တိုင်းဝင် လေပြင်းကျရင် ပြိုမှာဆိုးလို့ ခေါင်မိုးတက်ဖာနေသလိုပဲ။ မဆိုင်ဘူး တော်တော်ဟနေတယ်။ အခြေခံလူတန်းစားတွေရဲ့ ပြသနာတွေ အရင် ဖြေရှင်းနိုင်မှ တိုင်းပြည်ကောင်းကျိုးပြုတဲ့အခြေခံ စနစ်တခုတည်ဆောက်လို့ ရမှာပေါ့။အဲလိုမှမဟုတ်ပဲ ငါသွားတဲ့နောက် လိုက်ခဲ့ရမယ်ဆိုပြီး လူတွေကို တရွတ်တိုက်ဆွဲခေါ်သွားလို့မှမရတာ။ပြည်သူကို ဒါမျိုးလုပ်လို့မရဘူး။ သူတို့ကို အရင် မလုပ်ပေးလို့ ကြံ့ဖွံ့သူဌေးတွေရဲ့ ရပိုင်ခွင့် ပြသနာတွေကို အရင်လိုက်ဖြေရှင်းရမလား။ဒီမိုကရေစီလူ့ အခွင့်အရေးဆိုတာ ဒီလိုမျက်နှာမွဲတွေ အောက်ခြေလူတန်းစားတွေ ရဲ့ လိုအပ်ချက် အရှိန်အ၀ါကြောင့် ဖြစ်လာရတဲ့ စနစ်ကြီးပါ။ဒါကြောင့် ဒီလက်ပံတောင်း ကိစ္စဟာ အဲဒီ တောင်သူ တစုနဲ့ဆိုင်တဲ့ ပြသနာလား နိုင်ငံတော်အဆင့်ရှိတဲ့ ဖြစ်စဉ်ကြီးလားဆိုတာ ခင်များတို့ စဉ်းစားပေါ့။ ဒီလက်ပံတောင်း တာ လုံးဝရှုံးသွားကြည့် နောက်ဆက်ပြီး ရှုံးတယ် ...ရှုံးတယ်ဆိုတဲ့ အခွင့်အရေးကိုပဲ မြန်မာနိင်ငံသားများ ရင်ဝယ်ပိုက်လို့ ကို့ကိုကို နှစ်သိမ့်လို့နေလိုက်ပေတော့ပဲ။ ဒါလေးကိုတောင် နိုင်အောင်မတိုက်နိုင်မှတော့ ရှေ့ဆက် စစ်သားကြီးများရဲ့ မဟာဗျူဟာမြှောက် တဲ့ ကလိမ်ကကျစ်လုပ်ရက်တွေ ဒီထက်ကြီးမှားတဲ့ တတိုင်းတွေကို ပြည်သူများ ကျော်လွှားနိုင်မယ်မထင်နဲ့ ဗျို့ တရားနဲ့သာဖြေလို့ နေလိုက်ကျပေတော့။

moethee.blogspot.com said...

အခု ကိုဇော်ဝင်းရေးတဲ့ ကိစ္စနဲ့တော့မဆိုင်ပါဘူး သမ္မတဥိးသိန်းစိန်နဲ့ ဘီဘီစီ အင်တာဗျူးနားထောင်ပြီးတော့ သမ္မတအပေါ်အမြင်တွေပြောင်းသွားတယ်။ ဒီလူကြီးကြည့်ရတာ သူ့စိတ်သူ့သဘောနဲ့ စေတနာပါပါပြောင်းလဲမှု့တွေလုပ်နေတာမှဟုတ်ရဲ့လားလို့။ သူ့ကြည့်ရတာ တယောက်ယောက်ကနောက်ကခိုင်းနေတာလုပ်နေရသလိုပဲ။ ပြု
ပြင်ပြောင်းလဲရေးကိုတက်တက်ကြွကြွဦးဆောင်လုပ်နေသူတယောက်နဲ့မတူဘူး။ ကျနော်တို့တော့ အလိမ်ခံရပြီနဲ့ တူတယ်။

Win said...

မင်းတို့ ကွန်မြူနစ် ပုလင်းတူ ဗူးဆို့တွေရေး ပြီးတော့မင်းတို့ပဲ မန့်လိုက် ကောင်းပါတယ်...

Unknown said...

Ko Zaw Win ပြောတာဒီတကြီမ်မှန်ပါတယ်
၈၈,အဖွဲ့က ကဗျာတွေရွတ် စာတွေဖတ်ပြလိုက်
လုပ်နေတာ တိုင်းပြည်ကောင်းကျိုးလား
၈၈ အဖွဲ့ဝင်တွေစည်းပွားရေးကောင်းဘို့လုပ်နေတာပါ
မင်းကိုနိုင်၂၀၀၇ မတိုင်မီကhand phone 2လုံး
ကိုင်နိုင်တယ်သတိထားကြဘို့သတိပေးပါတယ်ဗျာ
အခုလည်uးs60,00,000.ကိစ္စ ရှင်းပါအုံး

ညီသန့်ရှင်း said...



ကွန်မြူနစ်စနစ်ဆိုတာ မအောင်မြင်တဲ့ စနစ်ကြီးတခုဖြစ်မှန်း အခုခေတ် နိုင်ငံရေးအတွေးအခေါ်ရှိတဲ့လူတိုင်းသိတယ်။ ဒီစနစ်ကြီးကို အခုခေတ်မှာ အချိန်ပေးတွေးခေါ်နေတဲ့ လူတွေ ရှိသေးတယ်ဆိုရင်တော့ ရူးနေကျလို့ပဲဖြစ်မှာပါ။ကွန်မြူနစ် နိုင်ငံကြီးတွေတောင် ဒီစနစ်ကြီးကို တခြားတိုးတက်တဲ့ စနစ်တွေနဲ့ တဖြည်းဖြည်း အစားထိုးအသုံးပြုလာကျတာ ကိုတွေ့မြင်နိုင်ပါတယ်။မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတဲ့ အချိန်ကာလမှာ ကွန်မြူနစ် အခန်းကဏ္ဍဟာ မပါသလောက်ပဲ။ ကွန်မြူနစ်လို့ စွပ်ဆွဲပြီး နိုင်ငံရေးချောက်တွန်းတဲ့ခေတ် ဆိုတာကုန်သွားပြီ ငါ့တူရဲ့။